ဆောင်းပါး

အန္တရာယ်ကြားက ရန်ကုန်

This article has been converted from Zawgyi One to Unicode

ကုန်ခဲ့တဲ့ရက် အနည်းငယ်က ရန်ကုန် ဘုရင့်နောင် လမ်းမကြီးပေါ်က ခုံးကျော်တံတား စီမံကိန်း လုပ်ငန်းခွင်ထဲမှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းနှစ်ယောက် ဘိလပ်မြေဖျော်စက်ထဲက ချိုးဖတ်တွေ ဝင်ခွာနေတာကို စက်မောင်းသူက မသိ လိုက်တဲ့အတွက်ကြောင့် အသက် မသေဆုံးသင့်ဘဲ သေဆုံးခဲ့ရတဲ့ အဖြစ်ကို ပြန်တွေးမိတိုင်း ချောက်ချားနေမိခဲ့တယ်လို့ မောင်အောင်က ဆိုပါတယ်။

ဘုရင့်နောင် ကုန်းကျော်တံတား စီမံကိန်းမှာ နေ့စား အလုပ်သမားအဖြစ် လှိုင်သာယာမြို့နယ်ကနေ လာရောက်လုပ်ကိုင်တဲ့ မောင်အောင်ဟာ လုပ်ငန်းခွင်တွင်း မတော်တဆမှုကြီး တခုကြောင့် အသက်ဆုံးပါးခဲ့ရတဲ့ အသက် ၁၇ နှစ်အရွယ် ခင်ဇော်နဲ့ ၁၉ နှစ် ဘိုဘိုဆိုတဲ့ သူမိတ်ဆွေတွေရဲ့ ဖြစ်ရပ်ကိုမြင်ယောင်ရင်း အလုပ်လုပ်နေတုန်း မတော်တဆဖြစ်မှာကို  စိုးရိမ် တတ်လာတယ်လို့ ပြောပါတယ်။

သူကိုယ်တိုင်လည်း ဆုံးပါးသွားတဲ့ သူ့လုပ်ဖော်ကိုင်ဖက် နှစ်ဦးလို မိသားစုဝမ်းရေးအတွက် တဘက်တလမ်းကနေ အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဖြည့်ဆည်းပေးနေရတာကြောင့် သူ့အသက်အန္တရာယ်ကို သူ စိုးရိမ်တတ်လာတာပါ။

လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိလာရင်ပဲ ဖြစ်ဖြစ်၊ အသက် ဆုံးရှုံးမှုနဲ့ ကြုံတွေ့လာရင်ပဲ ဖြစ်ဖြစ် ဒီလို ဖြစ်ရပ်တွေ အတွက် အလုပ်သမား လျော်ကြေးဥပဒေအရ နစ်နာသူ အလုပ်သမားတွေဘက်က တောင်းဆိုပိုင်ခွင့်ရှိတာကို ရန်ကုန်မြို့ပြရဲ့ ဘေးအန္တရာယ် လုံခြုံမှုအားနည်းလွန်းတဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေတဲ့ နေ့စား အလုပ်သမား အများစု မသိရှိကြပါဘူး။

အများပြည်သူအတွက် လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ် ကင်းရှင်းမှုအပိုင်း အားနည်းနေရုံသာ မကဘဲ လုပ်ငန်းခွင် မဟုတ်တဲ့ ရန်ကုန်မြို့ လမ်းမတွေပေါ်မှာ နေ့စဉ် အချိန်ပြည့် သွားလာနေကြရ သူတွေအတွက်လည်း သွားရေးလာရေး လုံခြုံ စိတ်ချရတဲ့ အနေအထားမှာ ရှိမနေခဲ့တာ ကာလ အတော် ကြာခဲ့ပြီဖြစ်ပါတယ်။

အထပ်မြင့် ကန်ထရိုက်တိုက်တွေ၊ ကုန်းကျော်တံတား စီမံကိန်းတွေ စတဲ့ မြို့ပြစီမံကိန်းတွေမှာ အလုပ်လုပ်နေသူတွေ အပြင် တနေ့ထက် တနေ့ စည်းကမ်းမဲ့ မောင်းနှင်နေတဲ့ ယာဉ်အမျိုးမျိုးနဲ့ ပိုမိုရှုပ်ထွေးလာတဲ့ ရန်ကုန်မြို့ လမ်းမတွေပေါ်မှာ နေ့စဉ် သွားလာနေရတဲ့ သူတွေကတော့ အချိန်များတွင် ဘေးအန္တရာယ် ကင်းရှင်းမှု၊ လုံခြုံမှုဆိုတာကို မခံစားရတော့ဘူးလို့ ညည်းညူနေကြပါပြီ။

“Safety First” ၊ “ဘေးအန္တရာယ် ကင်းရှင်းရေး ဦးစားပေး” ဆိုတဲ့ ဆောင်ပုဒ်တွေကိုတော့ ဆောက်လက်စ ကန်ထရိုက် တိုက်တွေ၊ ကွန်ဒိုတွေ၊ တခြား မြို့ပြစီမံကိန်း နေရာ အတော်များများမှာ တွေ့မြင်ကြရမှာပါ။

ဒါပေမယ့် မြို့ပြရဲ့ အန္တရာယ်ရှိ အကြီးစား စီမံကိန်းတွေအကြား အလုပ် လုပ်ကိုင် နေကြရသူတွေရဲ့ သွင်ပြင်အမူ အရာ တွေကတော့ သူတို့ရဲ့အနီးအနားက Safety First ဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့ မသက်ဆိုင်သလို ဖြစ်နေပါတယ်။

မကြာသေးတဲ့ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းကမှ ရန်ကုန်မြို့ရဲ့ ဆောက်လက်စ ကန်ထရိုက်တိုက်တခုရဲ့ ငြမ်းစင်ပေါ်ကနေ ပြုတ်ကျ သေဆုံးခဲ့ရတဲ့ နေ့စားအလုပ်သမား တဦးရဲ့ ဖြစ်ရပ်နဲ့ အခုလ ၄ ရက်နေ့ နံနက်ပိုင်းက ဘုရင့်နောင်ခုံးကျော် တံတား စီမံကိန်း လုပ်ငန်းခွင် ဘိလပ်မြေ ဖျော်စက်ထဲမှာ ဘိလပ်မြေ ချိုးတွေ ဝင်ခွာရင်း စက်ညပ် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်တွေက လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ် ကင်းရှင်းရေးကို ဦးစားပေးမှု ရှိခြင်း၊ မရှိခြင်းကို သက်သေပြနေပါတယ်။

“ဒီလိုအန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ လုပ်သားတွေကို နေ့စားပဲဖြစ်ဖြစ်၊ ကုမ္ပဏီပိုင် ဝန်ထမ်းပဲဖြစ်ဖြစ် သူ့နေရာနဲ့သူ အပ်စပ်သူတွေကိုသာ လုပ်ခွင့်ပြုသင့်တယ်။ လူငယ် အလုပ်သမားတွေကိုလည်း သူတို့နဲ့ အဆင်ပြေတဲ့ နေရာမှာပဲ လုပ်စေသင့်တယ်။ အသက်အရွယ်နဲ့ မမျှ လုပ်ရတဲ့ နေရာတွေ၊ မအပ်စပ်တာတွေကြောင့် အခုလို လုပ်ငန်းခွင်အတွင်းမှာ အသက်အန္တရာယ် တွေနဲ့ ရင်ဆိုင်လာရတာလို့ မြင်တယ်” လို့ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းမပေါ်က ဆောက်လက်စ ကန်ထရိုက် တိုက်တခုမှာ အလုပ်လုပ်နေတဲ့ အင်ဂျင်နီယာတဦးက ပြောတယ်။

အန္တရာယ်ရှိ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေကြသူတွေဟာ အခြေခံ လူတန်းစားတွေ အများဆုံး ဖြစ်နေတာကို တွေ့ရပါတယ်။ လုပ်ငန်းခွင် နေရာအလိုက် ကျွမ်းကျင်သူတွေထက် နေ့စဉ် ဝမ်းရေးအရ ဝင်ရောက် လုပ်ကိုင်နေကြရတာ ဖြစ်ပြီး့နေ့စား အလုပ်သမား အများစုရဲ့ အကာအကွယ်ဟာလည်း ချည်သား ဦးထုပ်နဲ့ ခပ်နွမ်းနွမ်း ပုဆိုးပဲ ဖြစ်ပါတယ်။

လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းမှု ရှိစေဖို့အတွက် စည်းမျဉ်းစည်းကမ်းနဲ့ နည်းဥပဒေတွေ ရှိနေပေမယ့်လည်း အဲဒီ အချက်တွေဟာ သူတို့နဲ့ မသက်ဆိုင်သလို လျစ်လျှူရှုထားတဲ့ အလုပ်သမားတွေ ရှိသလို၊ အလုပ်သမား ဘေးအန္တရာယ် ကင်းရှင်းမှုအတွက် တင်းကျပ်တဲ့ စည်းကမ်းချက်တွေ မထုတ်ပြန်ကြသေးတဲ့ နေရာအလိုက် အုပ်ချုပ်သူတွေလည်း ရှိနေကြပါတယ်။

“လုပ်ငန်းခွင်အတွင်း အန္တရာယ်မဖြစ်အောင် ဘယ်လိုအကာအကွယ်တွေ လုပ်ထားသင့်တယ် ဆိုတာတော့ သိပါတယ်။ အန္တရာယ်ကင်းဖို့ အကာအကွယ်တွေတော့ ရပါတယ်။ ဒါပေမယ့် သူတို့ပေးတဲ့ ပစ္စည်းတွေဟာ တကယ်တမ်း အန္တရာယ်နဲ့ တွေ့လာတဲ့ အခါ မလုံခြုံနိုင်ပါဘူး။ ဒါပေမယ့်လည်း ကျနော်တို့ ဒါတွေကို အာရုံ မစိုက်နိုင်ဘူး။ တနေ့ လုပ်စာရဖို့ပဲ သိတယ်။ အပေါင်းအသင်း တွေထဲမှာ လုပ်ငန်းခွင်အတွင်း မတော်တဆမှု တွေကြောင့် အသက်မသေသင့်ဘဲ သေခဲ့ရတဲ့သူတွေ ရှိတယ်” လို့ လှည်းတန်း ခုံးကျော်တံတား စီမံကိန်းမှာ နေ့စားလုပ်နေတဲ့ အသက် ၅၇ နှစ်အရွယ် အလုပ်သမား အမျိုးသားကြီး တဦးက ဆိုပါတယ်။

မြန်မာပြည်က ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ လုပ်နေတဲ့ နေ့စား အလုပ်သမားတွေ အတွက်  အကာအကွယ် ပစ္စည်းတွေက လုံးဝ မကောင်းတဲ့ အကြောင်း၊ နေပူဒဏ် ကာကွယ်ဖို့ပဲ အသုံးတည့်တဲ့ အကြောင်း အသက် ၂၅ နှစ် အရွယ် စင်ကာပူ နိုင်ငံမှာ ပညာသင်ကြားနေတဲ့ အသက် ၂၅ နှစ်အရွယ် မြန်မာကျောင်းသား တဦးက ပြောတယ်။

“နိုင်ငံတကာမှာဆို လုပ်ငန်းရှင် ပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင် အုပ်ချုပ်သူပဲဖြစ်ဖြစ် သူတို့ နိုင်ငံသား အချင်းချင်းရဲ့ အသက်ကို တန်ဖိုးထားကြတာ တွေ့ရတယ်” လို့လည်း သူက ဆက်ပြောပါတယ်။

ဦးထုပ်၊ လက်အိတ်နဲ့ လည်ရှည်ဖိနပ် စတဲ့ အကာအကွယ်ပစ္စည်းတွေကို အသုံးမပြုခြင်းနဲ့ ကျင့်သားရနေ ကြတဲ့ မြန်မာပြည်က နေ့စား ဆောက်လုပ်ရေး လုပ်သားတွေဟာ နေ့စဉ် ဝမ်းရေးအတွက်ကိုပဲ အားစိုက် ရှာဖွေနေကြရတဲ့ အတွက် လုပ်ငန်းခွင် အတွင်း မတော်တဆ ထိခိုက်ဒဏ်ရာ ရမှုနဲ့ သေဆုံးမှုဖြစ်ရပ်တွေ တစတစ တိုးတက်လာတယ်လို့ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းရဲ့ စီမံခန့်ခွဲမှုသင်တန်း နည်းပြ ဦးဇော်ထူးဦးက ဆိုပါတယ်။

“လုပ်ငန်းခွင်အတွင်း ဒဏ်ရာရ ထိခိုက်သေဆုံးမှုတွေ ဒီနောက်ပိုင်းမှာ ပိုပြီးများလာတာ တွေ့ရပါတယ်။ အဓိက ပြဿနာက စည်းမျဉ်းတွေကို သိတယ်။ လိုက်နာရမှာတွေကို သိတယ်။ သို့သော် ဒါကို အာရုံမစိုက်နိုင်ကြဘူး။ အဓိက သူတို့ရဲ့ နေ့စဉ်ဝင်ငွေ ရရှိမှုသာ ဖြစ်နေပါတယ်။ ဒီကိစ္စရပ်တိုင်းမှာ လုပ်ငန်းရှင်တွေသာ မကဘဲ ဆိုက်အတွင်းက အုပ်ချုပ်သူတွေမှာလဲ တာဝန်ရှိတယ်” လို့ သူက ရှင်းပြတယ်။

“စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေကြောင့် အသက်ဆုံးရှုံးသူ (…) ဦး ရှိပါပြီ” ဆိုသည့် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် သတိပေး ဆိုင်းဘုတ်တွေကိုလည်း ရန်ကုန်မြို့ နေရာတိုင်း လိုလိုမှာ တွေ့မြင်နေရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် မကြာခင် ရက်ပိုင်းကမှ ရန်ကုန် – အင်းစိန် လမ်းမပေါ်က သံလမ်း ကားမှတ်တိုင်အနီး မျဉ်းကျားကနေ စည်းကမ်းတကျ လမ်းဖြတ်ကူးခဲ့တဲ့ အသက် ၇၀ ဝန်းကျင် လူကြီးတဦးနဲ့ အသက် ၄၀ လောက် အရွယ် အမျိုးသမီး တဦး (သားအဖများဖြစ်သည်) တို့ကို ခရီးသည်တင် ယာဉ်တစီးက ဝင်ရောက်တိုက်မိခဲ့ပြီး အဲဒီ အသက်ကြီး အမျိုးသား  နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတဲ့ ဖြစ်ရပ်တခု ဖြစ်ခဲ့ပါသေးတယ်။ သမီးဖြစ်သူကတော့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုကို ခံနေရဆဲပါ။

“ခရီးသည်များ၏ အသက်သည် သင့်လက်ထဲတွင် ရှိသည်” ဆိုတဲ့ မြို့တွင်းပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေပေါ်က သတိပေး စာတန်းတွေကိုလည်း နေ့တိုင်းလိုလို ယာဉ်တွေပေါ်မှာ စီးနင်းလိုက်ပါနေတဲ့ ခရီးသည်တွေ မြင်တွေ့နေကျ ဖြစ်ပါတယ်။

အဲဒီ ဆောင်ပုဒ်ကတော့ မြင်တွေ့လိုက်တဲ့ ခရီးသွားတွေအတွက် လှောင်ရယ်စရာ ဖြစ်နေသလိုပါပဲ။

မြို့ပြရဲ့ ယာဉ်လိုင်းအားလုံးဟာ တစီးနဲ့ တစီး ခရီးသည်ရရှိရေးအတွက် ယာဉ်ပေါ်၊ ယာဉ်အောက်က ရှိလူ အများ လုံခြုံရေးထက် သူတို့ ဝင်ငွေရရှိရေးကိုသာ ဦးတည်နေကြတာ တွေ့ရပါတယ်။

“ယာဉ်တွေ စည်းကမ်းမဲ့မောင်းလို့ လမ်းသွားလမ်းလာတွေ အသက်ဆုံးရှုံးရတယ်။ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူ တွေကြောင့်လည်း ယာဉ်မတော်တဆ မှုတွေ ဖြစ်ရတယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် ယာဉ်တွေရဲ့ စည်းကမ်း မရှိမှုဟာ သိသာပါတယ်။ သူတို့ကို ရှောင်နေရတဲ့ ခရီးသွားတွေဟာ အမြဲ စိုးတထိတ်ထိပါပဲ။ ယာဉ်ထိန်းရဲတွေမှာ တာဝန်ရှိပါတယ်။ ဒါပေမယ့် အဘက်ဘက်က စည်းကမ်းလိုက်နာမှု အားနည်းတဲ့ ကျနော်တို့ဆီမှာ ပြုပြင်စရာတွေဟာ လူတိုင်းမှာ ရှိနေတယ်” လို့ ရန်ကုန်မြို့ ယာဉ်ထိန်းတပ်ဖွဲ့ရုံးက တာဝန်ရှိ အရာရှိ တဦးက ဆိုပါသည်။

လုပ်ငန်းခွင်တွေ၊ မြို့ပြစီမံကိန်းတွေမှာ လုပ်နေတဲ့ အလုပ်သမားတွေသာ မကဘဲ ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်မှာ သွားလာနေတဲ့၊ ခရီးသည်တင် ယာဉ်တွေစီးနေရတဲ့ ဝန်ထမ်းတွေ၊ ကျောင်းသား ကျောင်းသူတွေ၊ ဈေးသည် လက်လုပ် လက်စားတွေ စတဲ့ လူတန်းစား အားလုံးအတွက် လုံခြုံမှု လျော့နည်းနေတာကတော့ သေချာသလောက်ပဲလို့ မြို့ခံတဦးက ပြောပါတယ်။

မကြာသေးခင်ကလည်း ဟိုတယ်ကြီးတခုရဲ့ အနောက်ဘက်လမ်းပေါ် လျှောက်သွားနေတုန်း ခေါင်းပေါ်ကို ရေတွေ ဗွမ်းကနဲ ကျလာပြီး စိုရွှဲသွားလို့ မော့ကြည့်လိုက်တော့ ဟိုတယ် ပြူတင်းပေါက်တွေ သန့်ရှင်းရေး လုပ်နေတာကို တွေ့ရတယ်လို့ မြို့လယ် ကုမ္ပဏီတခုမှာ အလုပ်လုပ်နေသူ အမျိုးသမီးတဦးက ဆိုပါတယ်။

“ရေမို့လို့ပေါ့။ လေးတဲ့ ပစ္စည်းတခုခုဆို မတွေးရဲစရာပဲ။ မော့ကြည့်လိုက်တော့ အဲဒီ သန့်ရှင်းရေး ဝန်ထမ်းတက်ထိုင်နေတာ ဝါးငြမ်း ကျဉ်းကျဉ်းလေး ပေါ်မှာ။ ဘာအကာအရံမှ မရှိဘူး” လို့ သူက ရှင်းပြတယ်။

ရန်ကုန်လမ်းတွေပေါ်မှာ လမ်းလျှောက်နေတာပဲ ဖြစ်ဖြစ်၊ အလုပ်ခွင် ဝင်နေတာပဲဖြစ်ဖြစ်၊ ယာဉ်တွေပေါ်ကနေ လိုက်ပါ လာတာပဲ ဖြစ်ဖြစ် လူတိုင်းအတွက် အန္တရာယ်က လက်တကမ်းမှာလို့ ဆိုရမလိုပါ။

အမြဲလိုလို အန္တရာယ် ကင်းစေဖို့အတွက် စည်းကမ်းတကျ လူကူး မျဉ်းကျားကပဲ လမ်းဖြတ်ကူးလေ့ ရှိတဲ့ အကျင့်ရှိသူ မဆွေဇင်ဟာ ရန်ကုန် – အင်းစိန် လမ်းမပေါ်က သံလမ်းမှတ်တိုင် အနီးက ယာဉ်တိုက်မှု မြင်ကွင်းကို မထင်မှတ်ဘဲ မြင်တွေ့လိုက်ရပြီးတဲ့နောက် ရန်ကုန်လမ်းတွေပေါ်မှာ စည်းနဲ့ ကမ်းနဲ့ပဲ ဖြစ်ဖြစ်၊ စည်းမဲ့ကမ်းမဲ့ပဲ ဖြစ်ဖြစ် လမ်းလျှောက်ဖို့ မရဲတော့ဘူးလို့ ပြောလာပါတယ်။

အဲဒီယာဉ်တိုက်မှုကြောင့် ပွဲချင်းပြီးသေဆုံးခဲ့တဲ့ ဖခင်နဲ့ ဒဏ်ရာပြင်းထန်စွာ ရသွားတဲ့ သမီးဖြစ်သူတို့ရဲ့ အဖြစ်အပျက်ကို မဆွေဇင်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြီး ထိတ်လန့်တုန်လှုပ်ခဲ့ရတာ ဖြစ်ပါတယ်။

အလားတူပဲ နေ့စား အလုပ်သမား မောင်အောင်ဟာလည်း မိသားစုဝမ်းရေးကြောင့်သာ ဒီလုပ်ငန်းခွင် ဆက်ဝင်နေရပေမယ့် စိတ်လုံခြုံမှု မရှိတော့ဘူးလို့ ဆိုပါတယ်။

“ဒါပေမယ့် ကျနော်တို့မှာ ရွေးချယ်စရာ မရှိဘူး။ ရှိတဲ့ အကာအကွယ် ပစ္စည်းတွေနဲ့ပဲ သတိထားပြီး ဆက်လုပ်ရမှာပဲ” လို့ သူက ဆက်ပြောပါတယ်။     ။

Loading