ဆောင်းပါး

ကချင် စစ်မြေပြင် ခရီးတခေါက်

This article has been converted from Zawgyi One to Unicode


ရန်ကုန်ကနေ ရှမ်းပြည်နယ် လားရှိုးမြို့ မန်စီ အဝေးပြေးဝင်းကို ရောက်ခါနီးမှာ တရုတ် ဘာသာနဲ့ရေးထားတဲ့ ဆိုင်းဘုတ်တွေ အများကြီးကို တွေ့လာရတယ်။ မူဆယ်ကိုရောက်တော့လည်း မြန်မာဖုန်းသုံးတာ တော်တော်နည်းတာကို တွေ့ရတယ်။ ရှိသမျှလူတွေ အားလုံးလိုလို လက်ထဲမှာ တရုတ် ဖုန်းကို ကိုင်ထားကြတယ်။

မိန်းကလေးတွေလည်း ပါဝင်တဲ့ ကျနော်တို့ သတင်းသမားတွေရဲ့ ဇန်နဝါရီလလယ်က ခရီးစဉ်ပါ။ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ကနေ ကချင်ပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ မန်ဝိန်းကြီးမြို့ကို အရင်ဆုံး သွား။ အဲဒီကနေမှ တရုတ်နိုင်ငံဘက်ကိုဖြတ်၊ မိုင်ဂျာယန်မြို့ကိုဝင်၊ ပြီးမှ လိုင်ဇာမြို့ကို ဆက်သွား။ အဲဒီ အစီအစဉ်အတိုင်း ကချင် ဒေသ ရှေ့တန်း စစ်မျက်နှာရှိရာကို ခရီးထွက်တာပါ။

မူဆယ်မြို့ကနေ မန်ဝိန်းကြီးကိုသွားဖို့က နမ့်ခမ်းမြို့ထဲကို ဖြတ်သွားရပါတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကို ဖြတ်စီးတဲ့ ရွှေလီမြစ် ကို လည်း ဖြတ်သွားရတယ်။ အဲဒီနေရာကနေ နည်းနည်းကျော်လိုက်တာနဲ့ ကချင်ပြည်နယ်ထဲကို ရောက်ပြီ။

မန်ဝိန်းကြီးကိုရောက်တော့ စိန့်ဘုရားကျောင်းက ဒုက္ခသည်စခန်းကို အရင်ဆုံးသွားဖြစ်တယ်။ ဒုက္ခသည်စခန်းက၂ ခု ရှိတယ်။ အဲဒီ စခန်းတွေမှာ KIA နဲ့ အစိုးရ စစ်တပ်တို့ တိုက်ပွဲဖြစ်ခဲ့တဲ့ တနှစ်ကျော်ကာလ စစ်ဘေးကြောင့် ထွက်ပြေးလာသူတွေ နေထိုင်ကြပါတယ်။ ဒုက္ခသည် စုစုပေါင်း ထောင်ချီ ရှိပြီး ထောက်ပံ့ကူညီမှုတော့ အပြည့်အ၀ မရပါဘူး။ သူတို့အတွက် ဆန်၊ ဆီ စတဲ့ ရိက္ခာတွေသာ ထောက်ပံ့ပေးနိုင်ပါတယ်။

တချို့ဒုက္ခသည်တွေက အနီးတဝိုက်ရှိ လယ်၊ ကြံစိုက်ခင်း၊ တောင်ယာ စတဲ့အလုပ်တွေမှာ နေ့စားဝင်လုပ်ကြတယ်။ တချို့ကတော့ အဲဒီလို လုပ်ခွင့် မရကြဘူး။ အလုပ်လုပ်နိုင်တဲ့မိသားစုက တနေ့ကို ကျပ် ၃ ထောင်ကနေ ၅ ထောင်ကြား ဝင်ငွေရှိတယ်။ အလုပ် လုပ်ခွင့် မရတဲ့ မိသားစုကတော့ ဟင်းရွက်လေးခူး၊ ဟိုနား ဒီနားသွားရှာနဲ့ ရှင်သန်ရေးအတွက် ဖြေရှင်းကြရတယ်။

မန်ဝိန်းကြီးကနေ တရုတ်နိုင်ငံဘက်ကို ဝင်ဖို့ နိုင်ငံကူးလက်မှတ် လုပ်တဲ့အခါမှာ အခက်အခဲ ဖြစ်ကြရပါသေးတယ်။

မူဆယ်မြို့မှာလုပ်တဲ့ နိုင်ငံကူးလက်မှတ် အစိမ်းရောင်ကလည်း လိုင်ဇာအထိ သွားလို့မရ၊ နိုင်ငံကူး လက်မှတ် အနီရောင်ကိုလုပ်ဖို့ကလည်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်၊ မူဆယ်တဝိုက်က မှတ်ပုံတင်တွေမဟုတ်ရင် အဲဒီနိုင်ငံကူးလက်မှတ်ကို မလုပ်ပေးဘူး။

ကျနော်တို့ မန်ဝိန်းကြီးမှာ ရှိနေတဲ့အချိန် မန်ဝိန်းကြီး – ဗန်မော် ကားလမ်းမပေါ်က လဂါတ်ဒေါ့ရွာအနီးမှာ မန်ဝိန်းကြီးက ကလေး ၃ ဦး ဆိုင်ကယ်နဲ့သွားနေစဉ် မြေမြှုပ်မိုင်း ထိတဲ့သတင်း ရောက်လာတယ်။ နမ့်ခမ်းမြို့ဆေးရုံကို တင်လိုက်ရတဲ့ ဇမ်မိုင် ဆိုတဲ့ ကလေး တဦးဆီ ကျနော်တို့ လိုက်သွားတယ်။ အခင်းဖြစ်တဲ့ နေရာကနေ သူ ၁ ဦးပဲ ထပြေးလာနိုင်လို့ ဆေးရုံကို ရောက်ခဲ့ပြီး ၂ ဦးကတော့ ကျန်နေခဲ့တဲ့အကြောင်း မိုင်းထိ ခံခဲ့ရတဲ့ ဇမ်မိုင်က ပြောပြတယ်။

မန်ဝိန်းကြီးကိုပြန်ရောက်တဲ့အခါမှာ လိုင်ဇာကိုဝင်ဖို့က တရုတ်နိုင်ငံကို မူဆယ်ကနေ နိုင်ငံကူး လက်မှတ် အစိမ်းရောင်ကတ်နဲ့ အရင်ဝင်၊ လွယ်ကြယ်ဂိတ်ကနေ ပြန်ထွက်ပြီး အဲဒီမှာ နိုင်ငံကူးလက်မှတ်အနီရောင်ကို ပြန်လုပ်နိုင်တယ်လို့ သိရတယ်။ ဒါ့ကြောင့် နောက်တနေ့မှာ မူဆယ်ကိုပြန်ဆင်းပြီး ကြယ်ခေါင်ကနေ ရွှေလီကိုဖြတ်၊ လွယ်ဂျယ်မှာ နိုင်ငံကူးလက်မှတ်အနီကို လုပ်တော့ အဆင်ပြေသွားတယ်။

အဲဒီကနေ မိုင်ဂျာယန်ကို ရောက်တော့ မြို့လို့သာပြောတယ်၊ အားလုံးက တိတ်ဆိတ်ငြိမ်သက်နေပြီး ဒေသခံတွေဖွင့်တဲ့ အစား အသောက်ဆိုင်တချို့နဲ့ လောင်းကစားရုံ တချို့သာ ဖွင့်ထားပြီး အဆောက်အအုံတွေ တော်တော်များများက ပိတ်ထားတာကိုတွေ့လိုက်ရတယ်။ ရာသီဥတုကတော့ အေးစိမ့်စိမ့်ပါ။

မိုင်ဂျာယန် စည်ကားစဉ်က လောင်းကစားရုံအကြီးကြီးတွေ၊ တောကောင်သားအစုံကို လက်ညှိုးထိုးပြလိုက်တာနဲ့ တခါတည်း ချက် ပေးတဲ့ဆိုင်တွေ၊ ဘိန်းမည်းခန်းတွေ၊ လမ်းမတလျှောက် လိပ်စာကတ်ဝေနေတဲ့ ကောင်းမလေးတွေနဲ့ ပြည့်နှက်နေလို့ပေါ့။

မိုင်ဂျာယန်မြို့ရဲ့ အထင်ကရ ဟိုတယ်ဖြစ်တဲ့ မိုင်ဂျာယန်ဟိုတယ်မှာ တည်းတဲ့သူတွေက ဖျောက်ဆိပ်လိုဖြစ်နေတယ်။ လိုင်ဇာမြို့ကိုသွားဖို့က ကျနော်တို့ဘာသာ သွားလို့မရဘူး။ KIA ရဲ့ အစီအစဉ်နဲ့မှ သွားလို့ရတယ်။

ဒါနဲ့ မိုင်ဂျာယန် မြို့ပြင်က ပါကထောင် ဒုက္ခသည်စခန်းကို သွားတယ်။ အဲဒီမှာ ဒုက္ခသည်တွေကိုထားတဲ့ သွပ်မိုး၊ ဝါးခင်း၊ သုံးထပ် သား ကာထားတဲ့ အဆောင်ပေါင်းက တော်တော်များတယ်။ အဲဒီ ပါကထောင်ဒုက္ခသည်စခန်းက KIA တပ်မဟာ ၃ အခြေစိုက်တဲ့ ဒေသဖြစ်တဲ့အပြင် တပ်မဟာ ၃ ရဲ့ ဌာနချုပ်နဲ့လည်း ၂ ဖာလုံလောက်ပဲ ဝေးမယ်။

အဲဒီချိန်မှာ ဂျာမိုင်ပိုစ့် တောင်ကုန်းနဲ့ အနီးတဝိုက်က KIA ရှေ့တန်းစခန်းတွေမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတဲ့သတင်း ရောက် လာတယ်။ နေ့လယ် ၁၁ နာရီ လောက်ကတည်းက ဖြစ်နေတာ၊ ကျနော်တို့ရောက်တဲ့ ညနေပိုင်းအထိ အမြောက် ပစ်ခတ်သံ တွေ ကြားနေရတုန်းပါပဲ။ ဂျာမိုင်ပို့စ် က မိုင်ဂျာယန်ကနေ ကား ၂ နာရီလောက် သွားရတဲ့နေရာပါ။ တောင်ထိပ်ပေါ်တွေမှာတော့ မြူခိုးတွေလား၊ ယမ်းငွေ့တွေလား ဆိုတာ မကွဲပြားနိုင်တဲ့ မြင်ကွင်းကိုတွေ့ရပါတယ်။

အမြောက်သံတွေက ဒုက္ခသည်စခန်းကလူတွေကို ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်စေပါတယ်။ နန်းဝါခ(နန်းဝါချောင်း) ဘေးမှာတည်ရှိနေတဲ့ ဒီ ဒုက္ခသည်စခန်းဆီ တကယ်လို့များ စစ်ဘေးကူးလာခဲ့မယ်ဆိုရင် ဘယ်ကိုတိမ်းရှောင်မလဲ။ နန်းဝါချောင်းရဲ့ တဘက် က တရုတ် နိုင်ငံအပိုင် မြေ။

မြန်မာဘက်မှာ ပစ်ခတ်သံတွေကြားတိုင်း တရုတ်ရဲတွေက အဲဒီဘက်ချောင်းကမ်းဘေးမှာ လာစောင့်နေကြတယ်။ ဒုက္ခသည်တွေ တရုတ်မြေဘက် ထွက်ပြေးလာမှာကို မလိုလားဘူး။ တဘက်ချောင်းကမ်းကို အတက်မခံဘူး။ တကယ်လို့သာ ဒီနေရာ အထိ စစ်မီးကူးလာရင် ဘယ်ကိုထွက်ပြေးရမှန်းတောင် မသိတော့ဘူး လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဒေါ်ခွန်ဂျာက ပြောပြတယ်။
ဒုက္ခသည်တွေထဲမှာ ကျောင်းသားတွေလည်း ရှိနေပါတယ်။

မကြာခင်ရက်ပိုင်းတုန်းက လေကြောင်းကနေ အပစ်အခတ်တွေ လုပ်နေတဲ့ အချိန်၊ ဒုက္ခသည်တွေ ခိုလှုံဖို့ မြေကျင်းတွေ တူးကြ တယ်။ မြေကျင်း တကျင်းကို တူးနေရင်းက ထမင်းစားချိန် ရောက်လို့ တူးတဲ့လူကြီးတွေ ထမင်းသွားစားနေတုန်း ကလေး ၃ ယောက် ဝင်ဆော့တယ်။ အဲဒီအချိန်မှာ ကျင်းရှိတဲ့ နေရာကို ဗုံး တလုံးကျလို့ အဲဒီကလေး ၃ ယောက် သေဆုံးခဲ့ရတယ်။

တကယ့် စိတ်မကောင်းစရာပဲ။ တူးထားတဲ့မြေကျင်းက တောင်ကုန်းအောက်ခြေမှာ လှိုင်ခေါင်းတူးတာ။ လှိုင်ခေါင်းထဲမှာ ဘာကျားတန်းမှ ခံထားတာလည်း မရှိဘူး။ ကလေးတွေ ဖြစ်ဖြစ်ချင်း မိနစ် ၄၀ လောက်အကြာမှာ ကလေးတဦးကို ထိုင်လျက်အနေအထားနဲ့တွေ့ရပြီး အပြင်ကိုစထုတ်လိုက်နိုင်ပေမယ့် အသက်တော့ မကယ်နိုင်ခဲ့ကြဘူး။ ၃ ဦးလုံး အသက်ဆုံးသွားတယ်။

ဒါပေမယ့် အဲဒီ ကလေး ၃ ဦးက ပါကထောင် ဒုက္ခသည်စခန်းက လူအားလုံးကို အသက်နဲ့ရင်းပြီး ကယ်လိုက်တာလို့ ဒုက္ခသည်တွေကို ကူညီနေတဲ့ လူထုအလင်း(ဝမ်ပေါင်) အဖွဲ့က ဒေါ်မေရီသောင်က ပြောတယ်။ တကယ်လို့သာ လေယာဉ်နဲ့လာပစ်လို့ အဲဒီ မြေ ကျင်းထဲကို ဒုက္ခသည်တွေ အများကြီး ဝင်ပုန်းနေရင်တော့ အားလုံးသေဆုံးဖို့ရှိတဲ့ အခြေအနေပါ။

ပါကထောင်ဒုက္ခသည်စခန်းကနေ ပြန်ထွက်လာပြီး KIA တပ်မဟာ ၃ နဲ့ ၁ ဖာလုံလောက်တောင် မဝေးတော့တဲ့ နောက်ထပ် ဒုက္ခသည်စခန်းတခုကိုလည်း ရောက်ဖြစ်တယ်။ အဲဒီစခန်းမှာ နေကြတဲ့သူတွေက တရုတ်နိုင်ငံက နှင်ထုတ်လိုက်လို့ ပြန်ရောက်လာတဲ့ စစ်ဘေးသင့် ဒုက္ခသည်တွေပါ။ သူတို့နေရတဲ့ တဲလေးတွေက သွပ်မိုးဖြစ်တော့ ရာသီဥတုဒဏ်ကို တော်တော်လေး ခံကြရတယ်။
နောက်တနေ့ မနက်မှာ KIA ရှေ့တန်း တနေရာကို သွားရမယ့်အကြောင်း ပေါ်လာတယ်။ ကျနော်တို့ကို လာကြိုတာက တောတွင်း သွား တရုတ်နိုင်ငံထုတ် ဂျစ်ကား အစိမ်းရောင်။ မောင်းတဲ့သူက KIA တပ်သား။ သေနတ်ကို ကားထိုင်ခုံဘေးမှာ အသင့်ထောင် ထား ပါတယ်။

သူ့ကားနဲ့ ကျနော်တို့ တောလမ်းအတိုင်း သွားကြရင်း ဂျာမိုင်ပို့စ် တောင်ကုန်း ရောက်တော့ ကားကိုရပ်လိုက်ရတယ်။ ဂျာမိုင်ခတ် တောင်ကုန်းမှာ နေရာယူထားတဲ့ KIA တပ်က လေယာဉ်သတင်း ဝင်လာလို့။ ဗန်းမော်လေဆိပ်က လေယာဉ် ၁ စင်း တက်လာ တယ် တဲ့။ တောလမ်းအတိုင်း ကားနဲ့သွားနေရင် လေယာဉ်က မြင်နိုင်တဲ့အတွက် ကားကို သစ်ပင်အောက်မှာရပ်ထားပြီး ကျနော် တို့က KIA စခန်းထဲမှာ နေခဲ့တယ်။

အဲဒီစခန်းရဲ့ကီလိုမီတာ ၈၀၀ လောက်အကွာမှာ အစိုးရစစ်တပ်က နေရာယူထားပြီးသား။ အရမ်းနီးကပ်နေတဲ့နေရာမှာ။ အစိုးရက လဂျားယန်ဒေသကို ထိုးစစ်မဆင်တော့ဘူးလို့ ပြောနေတဲ့အချိန်မှာပဲ အမြောက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တဲ့အကြောင်း အဲဒီစခန်းမှာရှိတဲ့ KIA စစ်ဗိုလ် တူးနိုင်က ပြောပြတယ်။

မနေ့က ကျနော်တို့ မိုင်ဂျာယန်မှာ ကြားခဲ့ရတဲ့ လက်နက်ကြီးသံတွေက ဒီနေရာကို အစိုးရတပ်တွေက ပစ်နေတဲ့ လက်နက်ကြီးသံ တွေဆိုတာ အခုမှ သိရတယ်။ ဒီနေရာတဝိုက်မှာ စစ်တပ်နဲ့ KIA တပ်တွေ ရင်ဆိုင်တိုက်ပွဲတခုလည်း ဖြစ်ခဲ့သေးတယ်။ ဒီမနက် ၄ နာရီလောက်ကလဲ အမြောက်ကျည် ၆ လုံးလောက် ပစ်တယ်။ ဒီလို လက်နက်ကြီးတွေနဲ့ ပစ်နေတာ နေ့တိုင်းပဲ။ လွှတ်တော်က ဆွေးနွေးပြီးတဲ့အချိန်တိုင်း လက်နက်ကြီးတွေနဲ့ ပစ်နေကြပဲတဲ့။

ဇန်နဝါရီ ၁၉ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်ကနေ ညနေ ၄ နာရီအထိ ရောယုံတောင်ကနေ ဂျာမိုင်တောင်ဝန်းကျင်ကို ၈၁ မမ နဲ့ အချက်ပေါင်း ၁၇ ချက်ပစ်တာ အနီးနားက ရွာတချို့ကိုပါ ကျရောက်ခဲ့တယ်လို့ ဂျာမိုင်ခတ်က KIA တပ်မှာ တာဝန်ထမ်းခဲ့တာ ၉ နှစ် ကျော်ပြီဖြစ်တဲ့ ဗိုလ်အောင်ဘန်းက ပြောပြတယ်။

အခုနောက်ပိုင်းမှာ ပိုထူးခြားလာတာတဲ့။ အစိုးရဘက် ရည်မှန်းချက်က အထက်ပိုင်းက ထိုးစစ်ရပ်ဖို့ ညွှန်ကြားထားပေမယ့် KIA ဘက်ကို ထိန်းချုပ်နိုင်အောင် အဓိက နေရာတွေကို လိုက်သိမ်းပိုက်နေတဲ့ အနေအထားမှာရှိတယ်လို့လည်း သူက ဆက်ပြောပြ တယ်။ အဲဒီအတွက်လည်း သူတို့အားလုံးက အသင့်အနေအထားမှာ ပြင်ထားရတယ် လို့ ဆိုပါတယ်။

လေကြောင်းရန်ရှင်းလို့ ဂျာမိုင်ခတ်ကနေ ထွက်လာပြီး ကားနဲ့ ဆက်သွားလို့မရတော့တဲ့ တောစခန်းတစ်နေရာမှာ ကားကိုထားခဲ့ တယ်။ လမ်းလျှောက် ဆက်ထွက်လာရာမှာ ၁၅ မိနစ် လောက်လျှောက်လာတော့ တောင်ကုန်း တခုကို ရောက်လာတယ်။ မနေ့က စစ်တပ်နဲ့ KIA ရင်ဆိုင်တိုက်ကြတဲ့ တောင်ကုန်းလို့ KIA ဒု ဗိုလ် ဆူဝါးနောင်က ပြောပြတယ်။

KIA တပ်သား ခမ်းခေါင်ကလည်း မနေ့က ကင်းလှည့်ထွက်နေရင်း အစိုးရစစ်တပ်နဲ့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ခဲ့ရပုံကို ရှင်းပြတယ်။ ၂၀၁၁ ခုနှစ် တုန်းကဆိုရင် ဒီနေရာတွေဟာ တိုက်ပွဲအပြင်းထန်ဆုံး ဖြစ်ခဲ့တဲ့နေရာတွေတဲ့။

၂၀၁၁ ခု ဇွန်လကနေ ပြန်လည် ဖြစ်ပွားခဲ့တဲ့ အစိုးရတပ် နဲ့ KIA တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ပြည်သူ သောင်းနဲ့ ချီပြီး စစ်ဘေး ဒုက္ခသည်တွေ ဖြစ်ခဲ့ကြရပါတယ်။

KIA အထူး ကွန်မန်ဒို တပ်သား ခေါချမ်းက ရေဒီယိုကို အမြဲနားထောင်လို့ အစိုးရနဲ့ သတင်းမီဒီယာတွေရဲ့ ထုတ်လွှင့်မှုတွေကို သိရ တဲ့အကြောင်း ပြောဆိုလိုက်ပြီး လွန်ခဲ့တဲ့အစိုးရအဆက်ဆက် ကာလမှာ တိုင်းရင်းသားတွေအနေနဲ့ ဗိုလ်ချုပ် အောင်ဆန်း သေဆုံးပြီးကတည်းက ပြည်ထောင်စု စနစ် မရှိတော့သလို ခံစားရတယ်လို့လည်း ပြောပါတယ်။ သူက ၂၀၀၁ ခုနှစ်က မန္တလေး တက္ကသိုလ် ကနေ စိတ်ပညာနဲ့ ဘွဲ့ရထားတာပါ။

၂၀၁၀ ရွေးကောက်ပွဲပြီးတဲ့အချိန် အရပ်သားအစိုးရ တက်လာတုန်းက တိုင်းရင်းသားတွေအတွက် အကောင်ထည်ဖော်လာမှာပဲလို့ ယုံကြည်ခဲ့ပေမယ့် တကယ့်လက်တွေ့မှာ ဆန့်ကျင်ဘက်ဖြစ်ခဲ့တယ်လို့လည်း ခေါချမ်းက ဆိုတယ်။

ဒါပေမယ့် တိုက်ပွဲဖြစ်တဲ့ တချို့နေရာတွေမှာ အစိုးရစစ်တပ်ဘက်က အောက်ခြေတပ်သားတွေရဲ့ ထူးခြားတဲ့ သဘောထားတွေကိုတွေ့ခဲ့ရတဲ့အကြောင်း KIA အထူး ကွန်မန်ဒိုတပ်သား တဦးက ပြောဆိုပါတယ်။

“စစ်တပ် ဆုတ်သွားတဲ့နေရာတွေမှာ သူတို့က အမိန့်အရဘဲ လုပ်နေတာပါ။ ငြိမ်းချမ်းပြီဆိုရင် ကျနော်တို့ ညီအစ်ကိုတွေ အားလုံး အေးချမ်းတဲ့ တောင်ပေါ်မှာ ကချင်ရိုးရာအတိုင်း အတူတူ ထမင်းလက်ဆုံ စားချင်တယ်”ဆိုတဲ့ စာရေးခဲ့တဲ့အကြောင်း သူက ပြောပြ တာပါ။

နေမြင့်နေပြီဖြစ်တဲ့အတွက် KIA တပ်သားတွေကပဲ သူတို့နဲ့အတူ ကျနော်တို့ပါ နေ့လယ်စာ စားဖို့ သူတို့ကိုယ်တိုင် ချက်ပြုတ်တော့ တယ်။ ရှေ့တန်းစစ်မျက်နှာက ဟင်ချိုလေး တခွက်၊ ပဲပုတ်ကို ငရုပ်သီးခြောက်နဲ့ကြော်တဲ့ ဟင်းတခွက်နဲ့ ကျနော်တို့ရဲ့နေ့လယ်စာ က တော်တော့်ကို မြိန်ခဲ့ပါတယ်။

နောင်တချိန်များကြရင် ကျနော်တို့ ရန်ကုန်ကို လာလည်ပြီး ရန်ကုန်ရဲ့အရသာကို ခံစားချင်တဲ့အကြောင်းလည်း KIA တပ်သားတွေက ပြောပြကြပါတယ်။ အဲဒီလို အခြေအနေကိုလည်း တနေ့နေ့၊ တချိန်ချိန် ရောက်လာမှာပဲလို့ သူတို့စိတ်ထဲမှာ ယုံကြည်နေကြ တယ်။

ကျနော်တို့ အဲဒီကနေ ပြန်တော့ ညနေစောင်းနေပြီ။ လိုင်ဇာကို တရုတ်ဘက်ကနေ ဝင်ဖို့က ကင်မရာ၊ အသံဖမ်းစက်၊ ကွန်ပျူတာ တွေနဲ့ အတူ ဝင်မရတာကြောင့် ပါလာတဲ့ မိန်းကလေး သတင်းသမားတွေက တရုတ်ဘက်ကနေ ဝင်မယ်၊ ယောကျာ်လေးတွေက တောလမ်းအတိုင်း အထုပ်အပိုးတွေအားလုံးကို သယ်ပြီးဝင်ဖို့ စီစဉ်ရတယ်။ မိန်းကလေးတွေကို KIA ဘက်က တဦးက လာခေါ်တယ်။ ကျနော်တို့ ယောကျာ်လေးတွေကို ခေါ်ဖို့ ကားကို မိုင်ဂျာယန်ဟိုတယ် ကနေ စောင့်ရသေးတယ်။

မိန်းကလေးတွေ လိုင်ဇာ ရောက်တဲ့အထိ ကျနော်တို့ကို လာခေါ်မယ့်သူက ပေါ်မလာခဲ့ဘူး။ ကျနော်တို့သွားရမယ့် တောလမ်းမှာ တိုက်ပွဲတွေ ပြင်းထန် နေတဲ့အတွက် လာခေါ်လို့ မရသေးဘူးလို့ အကြောင်း ပြန်လာတယ်။ မိုင်ဂျာယန်မှာပဲ နောက်ထပ် ၂ ည အိပ်ခဲ့ပေမယ့် မထူးတဲ့အတွက် ကျနော်တို့ တရုတ်နိုင်ငံ ကြယ်ဂေါင်ကို ပြန်ပြီး မိန်းကလေးတွေကို စောင့်နေခဲ့ရတယ်။ မိန်းကလေး တွေကလည်း လိုင်ဇာကနေ ပြန်ထွက်ဖို့ အခက်အခဲ ဖြစ်နေတဲ့အကြောင်း၊ အဆင်ပြေတာနဲ့ ပြန်လာမယ့်အကြောင်းကို အဆက် အသွယ် ရပါတယ်။

ကြယ်ဂေါင်မှာနေတုန်း ရွှေလီကို တက္ကစီနဲ့ သွားကြသေးတယ်။ ဘယ် တက္ကစီပဲစီးစီး ပိုက်ဆံပိုမတောင်းဘူး။ တရုတ်ငွေ ယွမ် ၅ ကျပ် ပဲ။ ရွှေလီမြို့ ညဈေးတန်းကတော့ တကယ့်ကိုစည်ကားတယ်။ ရွှေလီရော၊ ကြယ်ဂေါင်မှာပါ ကျောက်စိမ်းအရောင်းဆိုင် အများအပြားကို တွေ့ရတယ်။ ဒီကျောက်စိမ်းတွေက ကျနော်တို့ မြန်မာနိုင်ငံကနေ တရားမဝင်ရော၊ တရားဝင်ပါ ရောက်လာတဲ့ ကျောက် စိမ်းတွေဆိုတာ သိရတော့ စိတ်မကောင်း ဖြစ်မိပါသေးတယ်။

ကြယ်ခေါင်မှာ ည ၁၁ နာရီကျော်တာတောင် တချို့ဆိုင်တွေ မပိတ်ဘူး။ ဆိုင်တချို့ရှေ့မှာ ကောင်မလေးတွေ ရပ်နေတာကို တွေ့ရ တယ်။ သူတို့ အနားက ဖြတ်သွားရင် မြန်မာစကားပီပီသသနဲ့ “ရာမလိုချင်လား” တဲ့။ ရာမဆိုတာ စိတ်ကြွဆေးပြားပါ။ မူးယစ်ဆေး တမျိုးပေါ့။ ရွှေလီရော၊ ကြယ်ဂေါင်မှာပါ ရောင်းဝယ်နေတာ တော်တော် များတယ်။ အဲဒီနေရာကနေ မြန်မာနိုင်ငံထဲ ကိုလည်း ဝင်နေတယ်လို့ သိရတယ်။

ကြယ်ဂေါင်မှာ ၂ ညအိပ်ပြီးနောက် မိန်းကလေးတွေလည်း လိုင်ဇာကနေ ပြန်ထွက်လာနိုင်လို့ ရန်ကုန်ကို ပြန်ခဲ့ကြတယ်။ လိုင်ဇာ ကို ရောက်နှင့်နေတဲ့ နိုင်ငံခြား သတင်းထောက်တွေတောင် ပြန်ထွက်ဖို့ တော်တော် ခက်နေတဲ့အကြောင်းကိုလည်း မိန်းကလေး တွေ က ပြောပြခဲ့ကြပါတယ်။

အခု ခရီးစဉ်မှာ KIA ကွန်မန်ဒိုတပ်သား ခေါချမ်းရဲ့“ကျနော်တို့လည်း အစိုးရကျောင်း တက်ခဲ့ဖူးတယ်။ ၄ တန်း လောက်ကတည်းက မြန်မာနိုင်ငံအလံအကြောင်း သင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သူတို့ပြောတဲ့စကားနဲ့ လက်တွေ့က ဘာတခုမှ ဖြစ်မလာဘူး။ တခြားစီပဲ။ အစိုးရကို ကျနော်တို့က လက်မခံတာ။ ဗမာ ကို လက်မခံတာ မဟုတ်ဘူး။ အစိုးရကို တိုက်နေတာ”ဆိုတဲ့ စကားရယ်…။

အစိုးရ စစ်သားတွေ ရေးခဲ့တယ် ဆိုတဲ့“ငြိမ်းချမ်းပြီဆိုရင် ကျနော်တို့ ညီအစ်ကိုတွေ အားလုံး အေးချမ်းတဲ့ တောင်ပေါ်မှာ ကချင် ရိုးရာ အတိုင်း အတူတူ ထမင်းလက်ဆုံ စားချင်တယ်”ဆိုတဲ့ စာသားလေးတွေက ကျနော့်ရင်ထဲ အမှတ်တရနဲ့ ရန်ကုန်အထိ ပါလာပါတော့တယ်။     ။

Loading