၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ဟာ ၁၅ ရက်နေ့မှာ နော်ဝေးနိုင်ငံဆီ လာပြီး ၂၀၀၁ ခုနှစ်ကတည်းက သူလက်ခံရရှိထားတဲ့ ကျောင်းသားငြိမ်းချမ်းရေး ဆုပေးပွဲကို တက် ရောက်ဖို့ရှိနေပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် ဇွန်လအတွင်း နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း စုကြည် နော်ဝေးနိုင်ငံကိုလာပြီးနောက် ဒုတိယရောက်လာတဲ့ မြန်မာနိုင်ငံရဲ့ ဒုတိယ အထင်ရှားဆုံး အတိုက်အခံခေါင်း ဆောင်တဦးရဲ့ ပထမဆုံး နော်ဝေးခရီးစဉ်လဲဖြစ်ပါတယ်။
ဒီခရီးစဉ်တွေဟာ လွန်ခဲ့တဲ့နှစ် ၂၀ အတွင်း၊ အတိအကျပြောရမယ်ဆိုရင် မနှစ်က ဒီအချိန်ထိ ဘယ်လိုမှ မျှော်လင့်မထားနိုင်တဲ့ အခြေအနေပါ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဥက္ကဌ အဖြစ်တာဝန်ယူနေတဲ့ မင်းကိုနိုင်ကို ၁၉၈၉ မှာ စစ်အစိုးရက စတင် ဖမ်းဆီးပြီး ထောင်ဒဏ်နှစ် ၂၀ ချ မှတ်ခဲ့ပါတယ်။ အဲဒီလိုထောင်နှစ်ရှည်ကျခံနေစဉ်အတွင်း ၂၀၀၁ ခုနှစ်မှာ နော်ဝေးကျောင်းသားတွေက သူကို ကျောင်းသားငြိမ်းချမ်းရေးဆုပေးခဲ့တာဖြစ်ပါတယ်။ ၂၀၀၅ နှစ်လယ်မှာ မင်းကိုနိုင်အပါဝင် ၈၈ မျိုးဆက်ကျောင်းသားတချို့ပြန်လွတ်လာပေမဲ့ အပြင်မှာသိပ်ကြာကြာမနေလိုက်ရဘဲ ၂၀၀၇ ရွေဝါရောင် တော်လှန်ရေးမစခင်လေးမှာ အားလုံး ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၆၅ နှစ်စီချမှတ်ခံလိုက်ရပြန်ပါတယ်။
ဒီလိုနဲ့ မနှစ်က ဇန်နာဝါရီလ ၁၃ ရက်နေ့မှာတော့ မင်းကိုနိုင်အပါဝင် နိုင်ငံရေးအကျဉ်းသား ၆၀၀ ကျော် သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။ အဲဒီနောက် ဧပြီလထဲမှာ ကြားဖြတ် ရွေးကောက်ပွဲလုပ်ပေးမယ်လို့ ဦးသိန်းစိုးအစိုးရက ကြေညာခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ရှေ့မတိုးနိုင် ဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေးအခြေနေဟာ ချက်ချင်းဆိုသလိုပြောင်းလဲသွားပြီး နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဲဒီကြားဖြတ်ရွေးကောက်ပွဲမှာ အားလုံး နီးပါး အနိုင်ရသွားပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရကာစ၊ ဦးသိန်းစိန်အစိုးရနဲ့ NLD ပါတီကြား နားလည်မှုရကာစ ဇွန်လမှာ တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေးနိုင်ဆီရောက်လာပြီး ၁၉၉၁ ကတည်းက သူလက်ခံရရှိထား တဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုအတွက် (ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဗယ်ဆုမတိုင်ခင် ရာဖတို Rafto ဆု ကိုလဲ ၁၉၉၀ ကရရှိခဲ့ပါတယ်) ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ ဟော…အခု ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်လဲ နော်ဝေးနိုင်ငံဆီရောက်လာပြီး ကျောင်းသားငြိမ်းချမ်းရေးဆု အတွက် ကျေး ဇူးတင်ကြောင်းပြောဖို့ပြင်နေပါပြီ။
ဆိုတော့ နော်ဝေးနိုင်ငံကပေးအပ်တဲ့ ဒီဆုတွေက မြန်မာ့ဒီမိုကရေစီတိုးတက်ဖြစ်ထွန်းရေးနဲ့ ဘယ်လို ဆက်စပ်နေသလဲ။ ဒီဆုတွေက မြန်မာနိုင်ငံ ဒီမိုကရေစီတိုက်ပွဲအတွက် ဘယ်လောက် အရေးကြီးနေသလဲ။
ဆက်ဆံရေး အပြောင်းအလဲ
အမှန်တိုင်းဝန်ခံရရင် ၁၉၉၁ မှာ ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ငြိမ်းချမ်းရေးဆုရတဲ့အချိန်ထိ နော်ဝေး နိုင်ငံအကြောင်းကို ကျနော်ဘာမှမသိပါ။ ကျောင်းသားဘဝတုန်းက စိတ်ကူးယဉ်ပြီး ပညာတော်သင် သွားချင်တဲ့နိုင်ငံတွေထဲမှာလဲ နော်ဝေးက မပါဝင်ခဲ့ပါ။ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ အမေရိကန် ဂျပန် တို့ပဲ ကျနော်တို့ခေတ်က လူသိများပြီး ကျောင်းမှာဖတ်ဖူူးတဲ့ စာအုပ်တွေအရလဲ အဲဒီနိုင်ငံကြီးတွေနဲ့ပဲ ကိုယ်က ရင်းနှီးသလိုလို ရှိနေခဲ့ပါတယ်။
ဒါပေမဲ့ အခု နှစ် ၂၀ ကျော်ကြာပြီးတဲ့အချိန်မှာတော့ စာအုပ်တွေထဲမှာ ရင်းနှီးဖူးတဲ့နိုင်ငံတွေဆီ မ ရောက်ဘဲ ဘယ်တုန်းကမှ မသိခဲ့တဲ့၊ စာအုပ်ထဲမှာတောင် မရင်းနှီးခဲ့ဖူးတဲ့ နော်ဝေးနိုင်ငံဆီ ကျနော် ရောက်နေတာ အခုဆိုရင် ဆယ်စုနှစ်တခုကျော်သွားခဲ့ပါပြီ။
အားလုံးသိတဲ့အတိုင်း DVB ဒီမိုကရက်တစ် မြန်မာ့အသံရေဒီယို မပေါ်ခင်အထိ နော်ဝေးမှာ မြန်မာနိုင်ငံသားဆိုလို့ ဆယ်ဂဏန်းတောင်မရှိပါဘူး။ မြန်မာကျောင်းသားတွေ၊ နိုင်ငံရေးတက်ကြွသူတွေလည်း တဦးမှ မရောက်သေးပါဘူး။
၁၉၉၁ မှာ ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ငြိမ်းချမ်းရေးဆုရပြီးချိန်မှာတော့ မြန်မာ့အရေးကို နော်ဝေးနိုင်ငံသားတွေ စတင် စိတ်ဝင်စားမှုတိုးလာတယ်လို့ပြောရမှာပါ။ နိုဗယ်ဆုပေးပွဲ အခမ်းအနားကိုတက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့မောင်ဝမ်းကွဲတော်သူ အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်းရဲ့သား အမျိုး သားညွန့်ပေါင်းအစိုးရ NCGUB ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းနဲ့ မြန်မာ့ဒီမိုကရေစီအရေးကို ကူညီချင်တဲ့ နော်ဝေးနိုင်ငံသားတွေ စတင်ထိတွေ့ ဆွေးနွေးမှုတွေ လုပ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီဆွေးနွေးမှုတွေကနေတဆင့် မြန်မာ့ဒီမိုကရေစီရေးအတွက် အသံလွှင့်ဌာနတခု ထောင် ပေးရင် ကောင်းမယ်ဆိုတဲ့အကြံ ထွက်လာပြီး DVB ဒီမိုကရက်တစ်မြန်မာ့အသံဆိုတဲ့ ရေဒီယို ၁၉၉၂ ဇူလိုင်လ ၁၉ ရက်နေ့မှာ စတင်ပေါ်ပေါက်လာပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ မြန်မာ့ဒီမိုက ရေစီအရေးလှုပ်ရှားမှုကို နော်ဝေးနိုင်ငံက ထဲထဲဝင်ဝင် ထောက်ခံခဲ့ပြီး အကူအညီတွေလည်း အများအပြားပေး အပ်ခဲ့ပါတယ်။
DVB နဲ့ NCGUB ကိုတရားဝင် အကူညီပေးခဲ့သလို ထိုင်း-မြန်မာနယ်စပ်တလျှောက်က မာနယ်ပလော အခြေစိုက် ဒီမိုကရေစီအရေး၊ လူမျိုးစု အခွင့်ရေးအတွက် တိုက်ပွဲဝင်နေတဲ့အဖွဲ့တွေ၊ ဒုက္ခသည်စခန်း တွေကိုလည်း အများအပြား ကူညီခဲ့ပါတယ်။ ဒီကြားထဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုဂ္ဂိုလ်အရ ရင်းနီး ပြီး ဒီမိုကရေစီအရေးကိုကူညီပေးနေတဲ့ နော်ဝေးနဲ့ စကင်ဒီနေဗီးယန်းနိုင်ငံဆိုင်ရာ မြန်မာကိုယ်စား လှယ် Leo Nichols လီယိုနီကိုးကို စစ်အစိုးရက ဖမ်းဆီးပြီး အကျဉ်းထောင်တွင်း စစ်ဆေးနေစဉ် သေဆုံးသွားတဲ့အတွက် နော်ဝေးနဲ့ စကင်ဒီနေဗီးယန်းနိုင်ငံတွေရဲ့ မြန်မာ့အရေးအပေါ် စိတ်ဝင်စားမှုကို ပို တိုးလာစေခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ မာနယ်ပလောအခြေစိုက် ဒီမိုကရေစီလှုပ်ရှားသူတွေ၊ လူမျိုးစုခေါင်းဆောင် တွေ၊ ကိုယ်စားလှယ်အဖွဲ့တွေဟာ နော်ဝေးနဲ့ စကင်ဒီနေဗီးယန်းနိုင်ငံတွေဆီ လေ့လာရေးခရီးတွေ ထွက်ခဲ့ကြပါတယ်။ တချိန်တည်းမှာဘဲ့ ထိုင်း-မြန်မာနယ်စပ်က မြန်မာကျောင်းသားတွေအပါဝင် နိုင်ငံရေး ဒုက္ခသည်၊ စစ်ပြေးဒုက္ခသည်တွေကိုလဲ ထောင်နဲ့ချီခေါ်ယူပြီး နော်ဝေးနိုင်ငံမှာ အခြေချနေထိုင်ခွင့်ပေးခဲ့ ပါတယ်။
နှစ် ၂၀ လုံးလုံး အတိုက်အခံဖက်မှာ ဒီလိုရပ်တည်ပေးခဲ့တဲ့ နော်ဝေးနိုင်ငံဟာ ၂၀၁၀ ရွေးကောက်ပွဲ အပြီးမှာတော့ တခြားအနောက်နိုင်ငံ အတော်များများနဲ့အတူ စဉ်းစားပုံတွေ ပြောင်းသွားပြီး မြန်မာနိုင်ငံ အပေါ် မူဝါဒတွေ ပြောင်းလဲစပြုလာပါတယ်။ မြန်မာအစိုးရနဲ့ သံတမန်ဆက်ဆံမှု မရှိသလောက်ဖြစ်ခဲ့တဲ့ နော်ဝေးအစိုးရဟာ မြန်မာနိုင်ငံဆီ သံတမန်တွေစေလွတ်ပြီး ချည်းကပ်မှု အသစ်တွေ စမ်းသပ်ခဲ့ပါ တယ်။ အကူအညီတွေ ပေးဖို့ ကြိုးစားခဲ့ပါတယ်။
အဲဒီ မူဝါဒအပြောင်းအလဲကို သိသိသာသာ စတင်မြင်လိုက်ရတဲ့အချိန်ကတော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး မေလထဲမှာ ပြည်သူ့လွတ်တော်ဥက္ကဌ ဦးရွေမန်းနဲ့အဖွဲ့ နော်ဝေးနိုင်ငံဆီ ရောက်လာခြင်းပါ။ ဒါဟာ တကယ့်ကို လုံး၀ အပြောင်းအလဲပါ။ အရင်ကဆိုရင် စင်ပြိုင်အစိုးရ NCGUB ဝန်ကြီးတွေ၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ လွတ်တော်ကိုယ်စားလှယ်တွေသာရှိခဲ့တဲ့ နော်ဝေး နိုင်ငံနဲ့ နော်ဝေးအခြေစိုက် မြန်မာ့ဒီမိုကရေစီအရေး အသံလွင့်ဌာနမှာ ၂၀၁၀ ရွေးကောက်ပွဲက အမတ် တွေ၊ ဝန်ကြီးတွေက လုံးဝပြောင်းလဲ နေရာယူလိုက်တဲ့ သဘောဖြစ်ပါတယ်။
ဦးရွေမန်းနဲ့အဖွဲ့ပြန်ပြီး မကြာခင် တလအတွင်းမှာ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နော်ဝေးနိုင်ငံဆီ ရောက်လာခဲ့ပါတယ်။ အခု ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် နော်ဝေးနိုင်ငံဆီ လာပါပြီ။ သိပ်မကြာခင် ၂၅-ရက်နေ့မှာ သမ္မတဦးသိန်းစိန်လည်း နော်ဝေးနိုင်ငံဆီ တရားဝင် ချစ်ကြည်ရေး ခရီး လာဖို့ ရှိနေပါတယ်။
တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ လွန်ခဲ့တဲ့နှစ် ၂၀ ကျော် ၁၉၈၈ ဝန်းကျင်က မြန်မာတွေနဲ့ ရင်းနှီးနှီးကျွမ်းဝင်မှု မရှိခဲ့ဖူးတဲ့ နော်ဝေးနိုင်ငံဟာ အခုတော့ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ မိတ် ဆွေနိုင်ငံ ဖြစ်နေခဲ့ပါပြီ။ မြန်မာနိုင်ငံသားတွေ ထောင်နဲ့ချီပြီး နော်ဝေးမှာရှိနေသလို နော်ဝေးရဲ့ ရင်းနှီး မြှုပ်နှံမှုတွေကလဲ မြန်မာနိုင်ငံဆီဝင်ဖို့ တာစူနေပါပြီ။
နော်ဝေးဆုတွေ
နှစ် ၂၀ ကျော်ကြာ ရှေ့မတိုးနိုင်ဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေးအခြေနေ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အ ပြီးမှာ ရှေ့တိုးလာတာကို အားလုံးက ကြိုဆိုကြပါတယ်။ တချိန်တည်မှာပဲ ဒီလိုပြောင်းလဲလာတာဟာ သူတို့ကူညီလို့၊ သူတို့တိုက်ပွဲဝင်ခဲ့လို့ ဆိုပြီး နိုင်ငံအတော်များများ၊ အဖွဲ့အစည်း အတော်များများက ပြောဆိုနေကြပါတယ်။
ဒါဆိုရင် နော်ဝေးနိုင်ငံကပေးအပ်ခဲ့တဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုနဲ့ ကျောင်းသားငြိမ်းချမ်းရေးဆုတွေက လက်ရှိအပြောင်းလဲတွေဖြစ်စေဖို့ တစုံတရာတွန်းအားဖြစ်စေခဲ့ပါသလား။ ကျောင်းသားငြိမ်းချမ်းရေးဆုရှင် မင်းကိုနိုင် ဆုလက်ခံပွဲကျရင် ဘယ်လိုပြောမလဲ မသိရသေးပေမယ့် လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ် ထောင်ကလွတ်ကာစ DVB နဲ့မေးမြန်းခန်းတခုမှာတော့ နော်ဝေးတွေရဲ့ ငြိမ်းချမ်းရေးစိတ်ဓာတ် ထက်သန်ပုံနဲ့ ဒီဆုက ဒီမိုကရေစီရေးအတွက် စိတ်ဓာတ်ခွန်အားရှိစေခဲ့ကြောင်း ပြောခဲ့ဖူးပါတယ်။
အလားတူ ၂၀၀၇ ကျောင်းသားငြိမ်းချမ်းရေးဆုရှင် ရှမ်းတိုင်းရင်းသူ နန်းချမ်းတောင်ကလဲ ဒီလိုဆုရတဲ့ အတွက် တိုင်းရင်းသားအရေးလှုပ်ရှားမှုနဲ့ တိုင်းရင်းသားဒေသ ကလေးငယ်တွေရဲ့ ပညာရေးအတွက် များစွာ အထောက်အကူဖြစ်စေခဲ့တယ်လို့ပြောခဲ့ဖူးပါတယ်။
နိုဗယ်ငြိမ်းချမ်းရေးဆုနဲ့ ရာဖတိုဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ နေအိမ်အကျယ်ချုပ် ကျခံ နေရစဉ်ကာလအတွင်း နိုဗယ်ငြိမ်းချမ်းရေဆုရကြောင်း ရေဒီယိုကနေ ကြားရတဲ့အတွက် များစွာဂုဏ်ယူ မိကြောင်း၊ ဒီဆုဟာ မြန်မာနိုင်ငံက ဒီမိုကရေစီနဲ့ လူအခွင့်အရေးအတွက် ရုန်းကန်လှုပ်ရှား တိုက်ပွဲဝင်မှုကို ကမ္ဘာက အာရုံစိုက်မှုရအောင် များစွာ လုပ်ပေးနိုင်ခဲ့တယ်လို့ မနှစ် ဇွန်လက အော်စလိုမြို့တော်ခန်းမမှာ ပြောသွားခဲ့ပါတယ်။
အနှစ်ပြန်ချုပ်ရရင် နော်ဝေးကပေးအပ်ခဲ့တဲ့ ဆုတွေဟာ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုနဲ့ လူမျိုးစု တွေရဲ့အခွင့်အရေး လှုပ်ရှားရုန်းကန်မှုတွေအတွက် အထောက်အကူဖြစ်စေခဲ့တာ သံသယရှိစရာ မလိုပါဘူး။ ဒါ ပေမဲ့ ဆုရှင်တွေကိုယ်တိုင် အခုမှ လွတ်လပ်ကာစသာရှိသေးသလို မြန်မာ့နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ် ဟာလည်း အခုမှ ပထမ ခြေလှမ်းစဖို့ ပြင်နေတဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်။
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေရှိနေဆဲဖြစ်လို့ မငြိမ်းချမ်းနိုင်သေးသလို တနိုင်ငံလုံးမှာလဲ နှစ် ၆၀ နီးပါး ဆုံးရှုံးခဲ့တဲ့ လူ့အခွင့်အရေးတွေအတွက် တောင်းဆိုဆန္ဒပြပွဲတွေ ရှိနေဆဲ ဖြစ်ပါတယ်။ နယ်စပ်က လက်နက်ကိုင်တိုက်ပွဲတွေ ရပ်ဆိုင်းပြီး တနိုင်ငံလုံးက ပြည်သူတွေ ငြိမ်းချမ်းစွာ ဘဝရှင်သန်နေုနိင်ဖို့အတွက် ငြိမ်းချမ်းရေးဆုရှင်တွေ ဦးဆောင်ပြီး အလုပ်လုပ်ဖို့ လိုနေဆဲ ဖြစ်ပါတယ်။
နော်ဝေးနိုင်ငံဘက်ကပေးတဲ့ ဆုတွေကို ပြန်ကောက်ရမယ်ဆိုရင်တော့ လွန်ခဲ့တဲ့နှစ် ၂၀ အတွင်း နိုဗယ် ငြိမ်းချမ်းရေးဆုနဲ့ ကျောင်းသားငြိမ်းချမ်းရေးဆုတွေ ပေးခဲ့သလို အခုလပိုင်းအတွင်းမှာလဲ သမ္မတဦးသိန်းစိန်နဲ့ လက်ရှိအပြောင်းအလဲကို ဦးတည်ဆောင်ရွက်နေတဲ့ နိုင်ငံ့ခေါင်းဆောင် တွေကို ဒီမိုကရေစီ အထူးဆုတခု ပေးအပ်ခဲ့တယ်လို့ပြောရမှာပါ။
အဲဒါကတော့ မြန်မာနိုင်ငံအပေါ် တင်နေတဲ့ကြွေးမြီ နော်ဝေးခရိုနာငွေ ၃ ဒသမ ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၅၄၀ ခန့်) ကို လျှော်ပေးလိုက်ကြောင်း ဇန်နဝါရီလ ၂၈ ရက်နေ့က နော်ဝေး နိုင်ငံတကာ ကူညီရေး ဝန်ကြီးဌာနက ကြေညာခဲ့တာပါ။ ဒါဟာ နော်ဝေးနိုင်ငံရဲ့ သမိုင်း မှာ ပထမဆုံးအကြိမ် ငွေအမြောက်အများကို လျှော်ပေးလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်လာတဲ့အတွက် အခုလို ပေးလိုက်တာဖြစ်တယ်လို့ ဖွံဖြိုးမှု ကူညီရေး ဝန်ကြီးကပြောပါတယ်။
မင်းကိုနိုင်ရဲ့ခရီးစဉ်ပြီးရင် (၂၅-ရက်နေ့မှာ) နော်ဝေးနိုင်ငံဆီရောက်လာမယ့် သမ္မတဦးသိန်းစိန်ဟာ ဒီ ခရိုနာငွေ ၃ ဘီလီယံကျော်အတွက် နော်ဝေးအစိုးရကို ကျေးဇူးတင် စကားပြောပါလိမ့်မယ်။ လမ်း ကြောင်းမှန်ပေါ် ဦးတည်နေပြီဖြစ်တဲ့ လက်ရှိပြုပြင်ပြောင်းလဲရေးတွေကို အရှိန်မှန်မှန် ဆက်လုပ်သွားမယ့် အကြောင်းနဲ့ နော်ဝေးအပါအဝင် နိုင်ငံတကာက ဝိုင်းဝန်းအကူညီပေးကြဖို့ တိုက်တွန်းပါလိမ့်မယ်။
အံ့သြဖို့ကောင်းတာကတော့ နိုင်ငံတကာက မြန်မာ့ဒီမိုကရေစီအရေးအတွက် ဒီလို ဝိုင်းဝန်းကူညီပြီး လက်တွဲဆောင်ရွက်ဖို့ အသင့်ဖြစ်နေချိန်မှာ လက်တွဲဆောင်ရွက်ဖို့ အဆင်သင့်မဖြစ်သေးတာကတော့ မြန်မာနိုင်ငံသားတွေ ကိုယ်တိုင် ဖြစ်နေတဲ့အချက်ပါ။ မြန်မာနိုင်ငံသားအချင်းချင်းကြားမှာ အမြင်တွေကွဲနေဆဲ၊ သူ့ဘက် ကိုယ်ဘက်ဆိုတဲ့ အမြင်တွေ၊ ကျောင်းတော်က ရန်စတွေကို မမေ့နိုင်သေးဘူးဆိုတဲ့ အယူအဆတွေရှိနေဆဲဖြစ်တာကို သမ္မတဦးသိန်းစိန် မလာခင်လေးမှာ မြင်လိုက်ရပါတယ်။
ဘာကြောင့်လဲဆိုရင် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်လာတုန်းက ထောင်နဲ့ချီတဲ့ မြန် မာနိုင်ငံသားတွေကြိုဆိုခဲ့ကြသလို အခု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်ကို ကြိဆိုမယ့် လူတွေလည်း ရာနဲ့ချီရှိနေတယ်လို့သိရပေမယ့် သမ္မတဦးသိန်းစိန်ကို ကြိုဆိုမယ့် မြန်မာနိုင်ငံသား ဒါမှမဟုတ် သူနဲ့အတူ ညစာစားပွဲတက်မယ့် မြန်မာနိုင်ငံသား မရှိသလောက် နည်းနေတယ်လို့ သိရပြီး ဆန္ဒပြပွဲလုပ်မှာကိုတောင် စိုးရိမ်နေရပါတယ်။
ငြိမ်းချမ်းရေးဆုတွေ ပေးနေတဲ့ နော်ဝေးရောက် မြန်မာတွေကြားမှာတောင် အမြင်တွေက ဒီလိုကွဲပြားနေဆဲဆိုရင် ငြိမ်းချမ်းရေးမရဘဲ စစ်တိုက်နေဆဲဖြစ်တဲ့ ဒေသတွေ၊ လူ့အခွင့်အရေး ဆုံးရှုံးမှုများစွာ ခံနေရတဲ့ ကျေးလက်ဒေသေတွေမှာ အုပ်ချုပ်သူ အစိုးရတာဝန်ရှိသူတွေနဲ့ အုပ်ချုပ်ခံပြည်သူတွေကြားမှာ အမြင် တွေ ဘယ်လောက်များကွဲပြားနေဦးမလဲ။
တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် အင်အားစုအားလုံး သူ့ဘက်ကိုယ့်ဘက် မခွဲဘဲ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်တဲ့နေ့၊ ငြိမ်းချမ်းစွာ အတူတကွ လက်တွဲ ဆောင်ရွက်နိုင်တဲ့နေ့ ဘယ်တော့ ရောက် လာမလဲလို့ အော်စလို နိုဗယ်ငြိမ်းချမ်းရေးစင်တာရှေ့က နှင်းပြင်ပေါ်မှာရပ်ရင်း ကျနော်စဉ်းစားနေမိပါတယ်။
(စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသားလက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်းဖြစ်ပြီး DVB ၏ သတင်းထောက်ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက်ရှိသည်)