ဆောင်းပါး

ပွဲ မလန့်ဘဲ ဖျာခင်းသူများ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

“ပွဲ လန့်တုန်း ဖျာခင်း” ဟူသော မြန်မာ စကားပုံက သူများတွေ အခက်ကြုံနေတုန်း ကိုယ်က နေရာ အမိအရ ယူခြင်းကို ပြောခြင်းဖြစ်၏။ ပွဲလန့်၍ ဖျာခင်းခြင်းက သဘာဝတရား တခုဟု ယူမှတ်နိုင်ပါသေးသည်။ ပွဲပြန်ထိန်းပြီးသွားသော အခါ မူလနေရာ ပြန်ပေးနိုင်မည်မို့ ထိန်းသိမ်းနိုင်သော ကိစ္စ အသေးစား ဖြစ်၏။

ပွဲလန့်နေစဉ်မို့ ပြေးသူ ပြေး၊ လွှားသူ လွှား၊ အော်သူ အော်၊ ခေါ်သူ ခေါ်၊ တကယ့်ကို ဝရုန်းသုန်းကား။ ထိုအချိန်မျိုးမှာ သူများ ထွက်ပြေး၍ လွတ်သွားသော နေရာတွင် သူ့ဖျာကို အရဲစွန့်ပြီး၊ စွန့်စားပြီး ခင်းသူက အပြစ်ကြီးလှသည်ဟု မဆိုသာပါ။ နေရာ လွတ်သွားသဖြင့်သာ သူက အရဲစွန့် ခြင်းသာဖြစ်သည်။ နေရာရှင် ပြန်လာလျှင်လည်း ပြန်ပေးရမည်ပင် ဖြစ်သည်။

“ပွဲ မလန့်ဘဲ ဖျာခင်းခြင်း” ကတော့ စွန့်စားမှု မဟုတ်၊ စော်ကားမှု ဖြစ်သည်။ ကိုယ် မပိုင်သော သူတပါးပိုင်သည့် မြေ၌ “လုပ်ရဲလို့ လုပ်တာ၊ မိုက်ရင် ထွက်ခဲ့” ဟု စိန်ခေါ်ခြင်း ဖြစ်သည်။ တရားသော၊ မတရားသော ဂရုမစိုက်။ မိုက်ရဲတယ်၊ ရင်ဆိုင်ရဲတယ်ဟု ရန်လိုခြင်းပင် ဖြစ်သည်။ မတရားမှန်း သိလျက် ကျူးလွန်ခြင်း ဖြစ်သည်။ သည်လို ကျူးလွန်ခြင်းများကို မသိမသာ ဖြစ်စေ၊ သိသိသာသာ ဖြစ်စေ၊ အရေး မယူနိုင်လျှင် အကဲစမ်းသူများ ပိုမိုလာမည်မှာ သေချာသည်။ သူများ လုပ်လျှင် ကိုယ်လည်း လိုက်လုပ်၍ ရသည်ဟု ထင်ပြီး ရှေ့လူ အားကိုးနှင့် နောက်လိုက်တွေ များလာလိမ့်မည်။

ဒီမိုကရေစီ ဆိုသော စကားလုံးကို ဘယ်လို အဓိပ္ပာယ် ဖော်နေကြပါလိမ့်ဟု စဉ်းစားစရာကနေ စိုးရိမ်စရာအထိ ဖြစ်လာပြီ။ ကိုယ့်လုပ်ရပ်ကို ဒီမိုကရေစီ ထင်ပြီး အလွဲတွေ လျှောက်လုပ်၍ မင်းမဲ့စရိုက် ဖြစ်လာလျှင်တော့ တဘက်က “ဥပဒေတွေ၊ ပုဒ်မတွေ” ရောက်လာပေလိမ့်မည်။

တချို့ကလည်း လူတွေကို ဒီမိုကရေစီနှင့် မတန်ဘူးဟု ဝေဖန်နေကြ၏။ ဒီမိုကရေစီ ဆိုတာ ဘာလဲဟု သင်ပေးရန် စိတ်မကူး အားကြပေ။ မှောင်ကြီး မည်းမည်းတွင် “ရာစုဝက်” နေခဲ့ကြရခြင်း၏ ဆိုးကျိုးကြီးပင် ဖြစ်၏။ ပေးတာယူ၊ ကျွေးတာစား၊ ပြန်မပြောရ၊ တရားနှင့်ဖြေ၊ ကြောက်စေ … ဟူသော စစ်အာဏာရှင်၏ စစ်ဖိနပ်အောက်တွင် မော့မကြည့်ရဲ ခဲ့သော ဘဝဆိုးကြီး၏ နောက်ဆက်တွဲ ဖြစ်၏။

နားလည်မှု လွဲခြင်း သည် ရှင်းရခက်သည်။

နား၏ မလည်ခြင်းကမှ နားလည်အောင် ရှင်းရ လွယ်သည်။

တလွဲ နားလည်နေခြင်းကိုတော့ ပထမ အလွဲကို ဖြေပြီးမှ နောက် အမှန်တခုကို ပေးရခြင်း ဖြစ်ရာ ပိုခက်သည်၊ ပိုကြာသည်။ အလွဲကို ရှင်းရခြင်းကား သင်ရခြင်းထက် ခက်လေသည်။

အလွဲတကာ့ အလွဲဆုံးတွင် ယုံကြည်မှု အလွဲက ရှင်းဖို့ အခက်ဆုံး ဖြစ်၏။ ထို တလွဲ ယုံကြည်မှုကြောင့်လည်း မိဘရိုးရာ ကိစ္စများ၊ ကိုးကွယ်မှုများကို မှားမှား မှန်မှန်၊ ပယ်မချနိုင် ကြခြင်း ဖြစ်သည်။

မြန်မာ့သမိုင်းတွင်  ဘုရင်တွေ အာဏာလုကြ၊ သတ်ကြသော ကိစ္စ၌ ရေချသတ် (ရေနှစ်သတ်) ပြီးသော စကြာ မင်းသားလေးကို ဘိုးဘိုးအောင်က လာကယ်သွားသဖြင့် အသက်ရှင်နေသည်၊ မကြာမီ ပြန်လာမည် ဆိုသော ဝါဒဖြန့်မှုကို မြန်မာများ ယုံကြည်ခဲ့ကြဖူးသည်။ မျှော်ရင်း မျှော်ရင်း … ယုံကြည်ရင်း… အားကိုးရင်း … နှင့် မိမိကိုယ် မိမိ အားကိုးချင်စိတ် ပပျောက်ခဲ့ကြသည်။

ယခုလည်း ဒီမိုကရေစီ စတော့မည် ဆိုကတည်းက “မင်းလောင်း” ကို မျှော်ခဲ့ကြ၏။ သည်တခါတော့ဖြင့် တို့မင်းလောင်း လာချေပြီ ဆိုပြီး လက်ခမောင်းခတ် ကြ၏။ အစစ အရာရာ ပြီးမြောက်တော့မည်ဟု ထင်ခဲ့ကြ၏။ ဤ အားကိုးမှုက သူတို့အား တလွဲ လမ်းကြောင်းသို့ ပိုနေမှန်း သူတို့မသိကြ။

“ရွေးကောက်ပွဲနိုင်ပြီ။ တို့လုပ်ချင်ရာ လုပ်လို့ရပြီ”

တကယ်ပင် ဤအတိုင်း ယုံကြည်ကြသည်။ သူတို့ မင်းလောင်းကို ပန်းကုံးတွေစွပ် ကြသည်။ ထီးတော် မိုးကြသည်။ အားလုံး ရပြီဟု ဝမ်းမြောက် ဝမ်းသာ ဖြစ်ကြသည်။

သူတို့ နားလည်ထားသည့် ဗဟုသုတက ဒီမိုကရေစီ ဆိုတာ မဲသာသူ နိုင်စတမ်း။ ဒါပေမယ့် ပါလီမန်ထဲမှာ ဘယ်နှနေရာ ရှိမှန်း မသိ၊ ကိုယ့်လူတွေ ဘယ်နှဦး ရောက်သွားမှန်းမသိ။ အရာရာ ရတော့မည်ဟုပဲ ယုံသည်။

ဤတွင် ဖျာခင်းသူများ ပေါ်လာတော့၏။

နာဂစ်ကြောင့် ဧရာဝတီတိုင်းမှာ လယ်တွေ ပျက်ခဲ့တာ မှန်၏၊ အလုပ်တွေ ပျက်ခဲ့တာ မှန်၏၊ ရန်ကုန်တက်လျှင်ဖြင့် နေ့စား ၂ ထောင်ဆိုတော့ သွားရည်ကျတာ မှန်၏။ ရန်ကုန် သွားလာ စရိတ်၊ စားသောက်စရိတ်ကို မမှု၊ ဖြစ်သလို နေကြမည်၊ နေရာလွတ်တွေ့လျှင် တဲထိုးနေမည်။ လွယ်လွယ်လေး။

ဤယုံကြည်ချက်များနှင့် ရန်ကုန် ဆင်ခြေဖုံး တွေမှာ “ကျူး”ဟု အတိုကောက် ခေါ်ကြသော ကျူးကျော်တဲတွေ နေ့ချင်း ညချင်း ပေါ်လာသည်။ မူလ မြေပိုင်ရှင်များနှင့် အခြေအတင် ဖြစ်ကြသည်။ ကြားဝင် ဖျန်ဖြေသူများ ပေါ်လာသည်။ ပြေလည်တာလည်း ရှိ၊ မပြေလည်တာလည်း ရှိ။ ဘာပဲ ဖြစ်ဖြစ် ရွှေ့ပြောင်းစရိတ် လေးငါးသောင်းရလည်း အလုပ်မလုပ်ဘဲ အလကားနေရ နည်းရော့လား။

ဟိုမှာ ပြဿနာ၊ သည်မှာ ပြဿနာ။ ပြဿနာတွေ ရှင်း … မရ။

လွန်ခဲ့သည့် ၁၀ ရက်မှာကား တကယ် နေစရာမရှိ၍ ဖြစ်သမျှ ကြုံသမျှ ဆိုပြီး “ကျူး” လူများ မဟုတ်၊ အလုံးအရင်းနှင့် ကျူးဖြစ်လာကြသူတွေ၊ နေ့ချင်း ညချင်း “ကျူး” အမည်အောက် ဝင်ရောက်လာကြသူတွေ။

မှန်သည်။ နေ့ရော ညပါ အိမ်ဆောက်နေကြသည်။ တဲ မဟုတ်ပါ။ ၁၅ ပေ ပတ်လည် လောက် ဆိုတော့ အိမ်ပါပဲ။ဆောက်ကြပုံက ဝုန်းကနဲ ပေါ်လာခြင်းဖြစ်၏။

ဝါးဓနိတိုင်များ ချက်ချင်း ပေါ်လာသည်။ ၁၈ ဧက ဟူသော လယ်မြေဟောင်းမှာ တပေမျှပင် မလွတ်ရအောင် စနစ်တကျ နေရာယူကြသည်။ သူ့အတန်းနှင့်သူ။ လေး အိမ်တွဲ၊ ငါးအိမ်တွဲတွေပါသည်။ တအိမ်ကို ကျပ် ၁ သိန်းမကုန်ဘဲ သည်လို မဆောက်နိုင်ပါ။ ဝါးတိုင်၊ ဝါးကတ်မိုး၊ ဝါးထရံကာ ဆိုလျှင်ပင် ၁ သိန်းနား ကပ်နေပြီ။ တဲ အရွယ်မှ မဟုတ်ဘဲ။ အိမ်တွေပါ။

သည်တော့ … သည်လို တပြိုင်နက်တည်း ပေါ်လာသည့် ဖြစ်စဉ်၏ နောက်ကွယ်မှာ တစုံတရာ မရှိဘဲ ဖြစ်မလာနိုင်။ မရှိ ဆင်းရဲသားများ အနေနှင့် အခု ဖြစ်ပေါ်မလာနိုင်။ ဒါဆိုရင် ဘာလဲ။

တွေးတတ်လျှင် … တကယ့်ကို စိုးရိမ်စရာ ကောင်းပါသည်။ ဘယ်သူလဲ၊ ဘယ်ကလဲ၊ ဘာအတွက် လုပ်တာလဲ။

ရန်စတာ ဆိုတာက သေချာနေသည်။ သည်လို တပြုံကြီး ဝင်ဆောက်တော့ ရဲက သွားတား၏။ ရဲကို ခဲတွေနှင့် ပစ်ပေါက်ကြသည်။ အုပ်ချုပ်ရေး ကင်းမဲ့သွားပြီလား…။ တရားဥပဒေ စိုးမိုးမှု ဘယ်မှာလဲ။

မြို့နယ် အုပ်ချုပ်ရေးမှူး သွားတား၏။ ဝါးလုံးရှည်များဖြင့် ဆီးရိုက်ကြရာ အုပ်ချုပ်ရေးမှူး ခေါင်းမှာ ဒဏ်ရာ ရသွားသည်။ အုပ်ချုပ်ရေးမှူးကို အာခံခြင်းလား။

အိမ်ဆောက်သူများကား ပျော်ပျော်ပါးပါး။ ခေါ်ကြ ငင်ကြ။ ဘုရားပွဲဈေးခင်းဖို့ လုပ်နေကြ သလား ထင်ရ၏။ သည်ရပ်ကွက် အနီးမှာ မြေဈေးတွေ မြင့်တက်နေတာ သူတို့ သိသည်။ သည်ရပ်ကွက် အနီးမှာ စီးပွားရေးဇုန် လုပ်မှာ သူတို့ သိသည်။

ဒီမိုကရေစီခေတ် ရောက်ပြီ။ အိမ်ဖယ်ခိုင်းလျှင် လျော်ကြေး ပေးရမည်။ တအိမ်ကို ကျပ် ၅ သိန်းဆို နည်းလား။ ရွာကို ပစ်လာခဲ့တာ မှန်နေပြီ။ အုံလိုက် ကျင်းလိုက်မို့ မှုစရာ မရှိ။ လေး ငါးအိမ်ပိုင်သူက သိန်း ၃၀ လောက် တွက်ချေကိုက်ပြီ။ အရင်းစိုက် ပေးသူနဲ့ တဝက်စီ ခွဲယူရဦးတော့ … အထုပ်က မငယ်တော့။

ဟိုဘက် ရပ်ကွက်က စောစောရောက်ပြီး နေရာယူခဲ့သူတွေ ကွန်ကရစ်လမ်းမကို မေးတင်ပြီး ဆောက်ထားကြတာ၊ ဈေးဆိုင်တွေနဲ့၊ မီးချောင်းတွေနဲ့၊ မီးစက် လာမောင်းသူတောင် ရှိနေပြီ။ တီဗီတွေနဲ့ အခန့်သား။ ဒါ … ကျူးကျော်လား။

အုပ်ချုပ်ရေးမှူးက အထက်ကို တင်ပြထားသည်။ အထက်ပြီး အထက် … နောက် အထက်။ တုတ် တပြက်၊ ဓား တပြက် ဖြစ်လျှင် ဘယ်သူ နစ်နာမလဲ။ တုတ်ထက် တန်ခိုးကြီးသော လက်နက် လာလျှင် ဘာဖြစ်မလဲ။ အားလုံးကို သိမ်းကျုံးသွားလျှင် ရော …။

သူတို့ ဆောက်လုပ်ရေး သမားတွေထဲတွင် မိန်းမတွေလည်း ပါသည်။ တရားဝင် အလုပ်လုပ်နေသည်ဟု ထင်ချင်လည်း ထင်နေနိုင်သည်။ လာ တားလို့ကတော့ ဓားကြည့်ဟု နှိုးဆွသူလည်း ရှိသည်။ ပြီးတော့ အသံထွက် ကြွေးကြော်လိုက်သည်။

“အောင်ဆန်းသွေးကွ” တဲ့။

ဗိုလ်ချုပ်နာမည်ကို တလွဲသုံးပြီး ရဲရဲဝံ့ဝံ့ လုပ်နေကြပြီ။ ဗိုလ်ချုပ်သာ ရှိရင် ဘယ်လို ပြောမည်မသိ။ ယခင် မြန်မာ့အသံမှ တနှစ် တခါ အာဇာနည်နေ့တိုင်း အသံလွှင့်သည်။ ဗိုလ်ချုပ်က “လွတ်လပ်ပြီ ဆိုပြီး လမ်းမပေါ် ဆေးရိုး လှန်းချင်ကြတယ်” ဟု အားမာန် အပြည့်နဲ့ ပြောခဲ့သည်ကို မှတ်မိနေသည်။

အမှန်တကယ်တွင်မူ လွတ်လပ်ရေးရပြီ၊ ဒီမိုကရေစီရပြီ ဆိုပြီး ထင်ရာစိုင်းလုပ်လို့ မရပါ။ တလွဲအသိနဲ့ တလွဲအမြင်နဲ့ တလွဲ လုပ်ကိုင်တာမျိုး မဖြစ်ရပေ။

သူတို့ သိထားသည်က ကျပ် ၅ သိန်း ရလည်း မနည်းဘူး ဟူ၍ လည်းကောင်း၊ တဖန် ကျူးကျော်တဲတွေကို အရမ်း မဖျက်ရ ဟူ၍လည်းကောင်း၊ ပြီးတော့ လူထုဆန္ဒ ဖော်ထုတ်တာ ဟု လည်းကောင်း၊ နောက် ဒီမိုကရေစီရပြီ၊ တို့လုပ်နိုင်ပြီ၊ တို့ကို မထိနဲ့ မီးပွင့်သွားမယ် ဟူ၍လည်းကောင်း … စသည်ဖြင့် ဖြစ်၏။

သို့ရာတွင် ထို့ထက်ပို၍ နက်နက်ရှိုင်းရှိုင်း ကြည့်လျှင် … အေချမ်းသာယာသော လူ့ဘောင်ကို တမင်ဖျက်ဆီးလိုစိတ်နဲ့ နောက်ကွယ်က ရည်ရွယ်ချက်ရှိရှိ အားပေးလှုံ့ဆော်သူ ရှိနေခြင်းပေလော။ စဉ်စားရင်း စိုးရိမ်လှပါသည်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading