ဆောင်းပါး

ကရင်ဒေသ စေတနာ ခရီးတခေါက်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

နီပွန်ဖောင်ဒေးရှင်းက တိုင်းရင်းသား ဒုက္ခသည်တွေကို စားနပ်ရိက္ခာတွေကူညီမယ် ဆိုလို့ တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ နဲ့ ငြိမ်းချမ်း ရေး ကိုယ်စားလှယ်တွေ အပါအဝင် သတင်းသမားတွေ လည်း ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ပေါ်ကနေ ကရင် အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၇ ရှိရာ နယ်မြေကို တောလမ်းကြမ်းကြမ်း ဖြတ်သန်းရင်း ရောက်ရှိခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ KNU၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) တွေကတဆင့် အကူအညီပေးမယ့် အစီအစဉ်ပါ။

လှိုင်းဘွဲ့မြို့ပေါ်ကနေ သရီးဖိုးကွီးကျေးရွာ အနီးမှာရှိတဲ့ တပ်မဟာ ၇ နယ်မြေကို KNU လမ်းပြ တချို့က ခေါ်သွားခဲ့တာပါ။ လမ်းခရီး က တော်တော်လေးကို ကြမ်းတမ်းပါတယ်။ ၁၄ မိုင်လောက် ချောင်းတွေမြောင်းတွေကိုဖြတ်၊ တောင်ကုန်းငယ်တွေကို ဖြတ်သန်း ရင်း နဲ့ ဖုန်ထူလွန်းတဲ့ လမ်းတလျှောက်မှာ ကျင်းတွေ ချိုင့်ခွက်တွေကို ကျော်ရင်း ၂ နာရီကျော်ကြာ ကားစီးပြီးသွားခဲ့ရပါတယ်။

တောလမ်းကိုဖြတ်ရင်း ကားတစီးနဲ့တစီး ပေ ၃၀ လောက်ခွာပြီး မောင်းတာတောင် ဖုန်ထူလွန်းလို့ ကားတွေကို မမြင်နိုင်အောင်ပါပဲ။ ဒါကြောင့် ရွာငယ်တရွာရောက်ရင် တခါ နားရင်း ကားတွေကို စောင့်ဆိုင်း ကြရတယ်၊ တောထဲမှာ လမ်းသွယ်တွေ၊ လမ်းခွဲတွေ၊ ချောင်းငယ်တွေလည်းရှိတာကြောင့် လမ်းပြတွေက မျက်ခြည် မပြတ်အောင် ကားတစီးနဲ့ တစီး ဂရုစိုက်မောင်းကြရပါတယ်။ ကွမ်ဘီ၊ ပိန္နဲတော၊ ထသိန် ကြိုးဝိုင်းရွာတွေကို ကျော်ဖြတ်ပြီး နောက်မှာတော့ KNU တပ်မဟာ ၇ ကို ရောက်လာပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက် မနက် ၁၁ နာရီလောက် လှိုင်းဘွဲ့မြို့ပေါ်က ထွက်ခဲ့တာ တပ်မဟာ ၇ ကို ရောက်တော့ နေ့လယ်၂ နာရီ လောက် ဖြစ်နေပါပြီ။ KNU က ယာယီတဲထိုးပြီး ဧည့်သည်တွေအတွက် အဆင်သင့်လုပ်ထားပါတယ်၊ ကျမတို့ သတင်းသမားတွေလည်း လမ်းတလျှောက် ကားကြပ်ကြပ်ကိုစီးပြီး ပူလောင်နေတဲ့ နေရောင်အောက်ကနေ ယာယီတဲထဲ အဝင် ရေအိုးလေးတွေနဲ့ ရေခွက်တွေချထားတာကြောင့် အားရပါးရ ငှဲ့သောက်မိတာ ရေနွေးပူပူတွေ ဖြစ်နေတာကြောင့် တော်တော်လေး ကသိကအောက် ဖြစ်သွားရပါသေးတယ်။ KNU က အစောင့်စစ်သား တယောက်ကို မေးကြည့်တော့ တောထဲမှာဖြစ်လို့ ရေစိမ်း မသောက်ကြဘူးလို့ ဆိုပါတယ်။

KNU စခန်းမှာ ကျမတို့တွေ ရောက်ပြီး သိပ်မကြာခင်မှာဘဲ ပြည်ပကနေ နေရပ်ပြန်လာတဲ့ စစ်ဘေးရှောင် ဒုက္ခသည် ၆၀ ကျော် လောက် ရောက်လာခဲ့ကြပါတယ်။ နီပွန်ဖောင်ဒေးရှင်းက ဆန်တွေလှူမယ်ဆိုတာကြောင့် နေရပ်ပြန်လာတဲ့ စစ်ဘေးရှောင် တိုင်းရင်း သား ဒေသခံတွေ ရောက်ရှိ လာကြတာပါ၊ တချို့ တွေကလည်း ပလိုင်းကြီးတွေကို ခေါင်းထက်မှာ ချိတ်ရင်း စောင့်နေသလို အများစုကတော့ ပုဆိုးပိုင်းတွေကို ကိုင်ရင်း ဆန်လှူပေးမယ့်အချိန်ကို စောင့်နေကြပါတယ်။ သူတို့တွေက သရီးဖိုးကွီး ကျေးရွာ၊ ထီးမဲပေါကျေးရွာ တွေကနေ ဆန်ရရှိဖို့ နှစ်နာရီ နီးပါး လမ်းလျှောက်လာခဲ့ကြတယ်လို့ ပြောပြပါတယ်။

ဒေသခံတွေက ကရင်လူမျိုးတွေဖြစ်ပြီး မြန်မာစကား ပြောတတ်သူက ၃ ယောက်လောက်ပဲ ရှိပါတယ်။ တချို့ ကရင် အမျိုး သမီး ငယ်တွေက အင်တာဗျုးလုပ်ဖို့ ဓာတ်ပုံံရိုက်တာတွေကို ရှောင်သွားကြပါတယ်။

လမ်းခရီးက ကြမ်းတမ်းလွန်းတာကြောင့် လှိုင်းဘွဲ့မြို့ကိုဘယ်လို သွားလာကြလဲလို့ မေးတော့ မြန်မာ စကား အနည်းငယ်တတ်တဲ့ ကရင်အမျိုးသမီးကြီးက“ပိုက်ဆံရှိတဲ့သူတွေကတော့ ကားစီးတယ်၊ ငါတို့တော့ မနက် စောစော လမ်းလျှောက်၊ ညနေဆို မြို့ပေါ် ရောက်တယ်လေ”လို့ ပြောပြပါတယ်။

အဲဒီ ကျေးရွာအများစုက ဒေသခံတွေက သူတို့အတွက် လမ်းလျှောက် သွားလာနေရတာဟာ အပန်းမကြီးတော့ဘူးလို့ ဆိုပါတယ်။ ဖုန်ထူထူလမ်းတွေနဲ့ ချောင်းတွေမြောင်းတွေပေါတဲ့ တောလမ်းကနေ လှိုင်းဘွဲ့မြို့ပေါ်အထိ လမ်းလျှောက် သွားလာရတယ် ဆိုတာ မလွယ်လှတဲ့ ကိစ္စတခုပါပဲ။ နေ့စဉ် မြို့ပေါ်ကို လမ်းလျှောက်သွားလာဖို့ဆိုတာ မလွယ်ပါဘူး။ ဒီလိုနဲ့ပဲ ရွာသူရွာသားတွေက မြို့ပေါ်ကို အရောက်အပေါက်နည်းပြီး သူတို့ နေထိုင်ရာက ကတသီးတခြား နယ်မြေတခုလို ဖြစ်နေပါတယ်။

ဒေသခံတွေက သွားလာရခက်ခဲတဲ့အပြင် တောင်ကြားတွေမှာ ရွာတည် နေရတဲ့အတွက်ကြောင့် တောင်ပြိုတာမျိုး မကြာခဏ ကြုံရတာအပြင် ဆန်စပါးစိုက်ပျိုးရတာ၊ ဟင်းစားရှာရတာနဲ့ ရေရရှိဖို့က အရမ်းကိုခက်ခဲတယ် လို့လည်း ပြောဆိုပါတယ်။

အခုလိုမျိုး KNU ထိန်းချုပ်နယ်မြေမှာ အဖွဲ့အစည်းတွေက လာပြီး စားနပ်ရိက္ခာလှူဒါန်းတာမျိုး တခါမှ မရှိခဲ့ဘူးလို့လည်း ဒေသခံ တဦးဖြစ်တဲ့ ဒေါ်နော်မေဖွီး က ပြောပြပါတယ်။

“ဟင်းစားမရှိတာများတော့ ခံတက်ရွက်ကို ပြုတ်စားဖြစ်တာများတယ်၊ ဒီဒေသမှာ အဓိက လိုတာ ရေနဲ့ ဆန်ပဲ။ အခုမှ ငြိမ်းချမ်းစ ပြုတဲ့ နယ်မြေဆိုတော့ တိုးတက်ဖို့ဆိုတာ ဖြည်းဖြည်းသွားရမယ် ထင်တာပဲ”လို့လည်း သူက ဆိုပါတယ်။

ဒေသခံအများစုကတော့ တောင်ယာလုပ်ငန်းနဲ့ပဲ အသက်မွေးကြပြီး ကွမ်းပင် စိုက်ရာက ရရှိလာတဲ့ ကွမ်းရွက်တွေကို ရေနွေးဆူဆူ ထဲ ထည့်ပေါင်း၊ ရလာတဲ့ ကွမ်းရွက်ပေါင်းတွေနဲ့ သဘာဝ ဆေးလိပ်ဖက် ဖြစ်တဲ့ ပန့်ပွေးရွက်ကို ကျပ်တင်ပြီး ကရင်ရိုးရာ ဆေးမျိုးစုံနဲ့ ဆေးလိပ် လိပ်ကြပြီး အဲဒီ ကွမ်းပေါင်းနဲ့ ပန့်ပွေးဆေးလိပ်ကို လှိုင်းဘွဲ့မြို့ပေါ်ကို သွားပြီးရောင်းချ၊ ရတဲ့ငွေနဲ့ ဆန်ဝယ်ကြတယ် လို့ သိရပါတယ်။

နီပွန်ဖောင်ဒေးရှင်းက ပထမ တကြိမ် မွန်ပြည်နယ်မှာ ရှိတဲ့ တိုင်းရင်းသား ဒုက္ခသည်တွေကို လက်နက်ကိုင် အဖွဲ့အစည်းတွေက တဆင့် အထောက်အပံ့တွေပေးခဲ့ပြီးတော့ ဒီတခါမှာတော့ ကရင်ပြည်နယ်က ဒုက္ခသည်တွေ အတွက် ဆန်အိတ် ၂၂၀၀ ကို လှူဒါန်း တာပါ။

ဆန်လှူရာကို ရောက်ရှိလာတဲ့ ကရင်တိုင်းရင်းသူကြီးတွေ (ဓာတ်ပုံ – ဧရာဝတီ)

နီပွန်ဖောင်ဒေးရှင်း၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နဲ့ မြန်မာ အစိုးရတို့ အကြား ရရှိခဲ့တဲ့ သဘောတူညီချက်ကို အခြေခံပြီး နီပွန်ဖောင်ဒေးရှင်းက အထောက်အပံ့ ပစ္စည်းတွေကို ပြည်တွင်း ဒုက္ခသည်တွေရှိရာ ဒေသတွေကို ဖြန့််ဝေပေးသွားဖို့ ဖြစ်ပါတယ်။ ဖောင်ဒေးရှင်းအနေနဲ့ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာရှိတဲ့ တိုင်းရင်းသား ဒုက္ခသည်တွေ အတွက်လည်း ထောက်ပံ့ပေးနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

နီပွန်ဖောင်ဒေးရှင်းက ဥက္ကဌ ယိုရှီဝါ ဆာဆာကာဝါက“ကျွနု်ပ်တို့ ငယ်ငယ်တုန်းကလည်း အရမ်းဆင်းရဲခဲ့တဲ့ အခြေအနေပါ၊ စား စရာမရှိလို့ လမ်းဘေးနေရမယ့် အထိ ဖြစ်ခဲ့ဖူးပါတယ်၊ ဒါပေမယ့် စိတ်ဓာတ်မကျခဲ့ပါဘူး၊ ခင်ဗျားတို့လည်း စိတ်ဓာတ် မကျပါနဲ့”လို့ ဒုက္ခသည်တွေကို အားပေးစကား ပြောသွားပါတယ်။

တိုင်းရင်းသားဒုက္ခသည်တွေကို မျက်မြင်တွေ့လိုက်ရတော့ အစိုးရနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား တခုခုတော့ ဆုံးဖြတ် သင့်ပြီလို့လည်း သူက သုံးသပ်ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးရဖို့က အရေးကြီးနေတယ်လို့လည်း ဆိုပါသေးတယ်။

KNU ကလည်း ပြည်ပရောက်နေတဲ့ ဒုက္ခသည်တွေနဲ့ ပြည်တွင်းမှာ ရွှေ့ပြောင်းပြီး စစ်ဘေးတိမ်းရှောင် နေရတဲ့ ဒုက္ခသည်တွေကို နေရပ်မှာပြန်ပြီး နေနိုင်ဖို့အတွက် အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတာနဲ့ ဆောင်ရွက်မယ်လို့ KNU ကာကွယ်ရေးဝန်ကြီး စော ရော်ဂျာခင်က ပြောပါတယ်။

KNU က စာရင်းပြုစုထားတဲ့ ဒုက္ခသည်ပေါင်းကတော့ ထိုင်းနယ်စပ်မှာ ရောက်ရှိနေတာ ၁၅၀၀၀၀ ကျော် ရှိနေပြီး ပြည်တွင်း တိမ်းရှောင် နေရတဲ့ ဒုက္ခသည်ပေါင်းကတော့ ၂၁၀၀၀၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်က တိုင်းရင်းသားအများစုက နယ်မြေမငြိမ်းချမ်းစဉ်တုန်းက ပြည်တွင်းနဲ့ ပြည်ပနိုင်ငံတွေမှာ တိမ်းရှောင်ခိုလှုံ နေခဲ့ကြ တာဖြစ်ပါတယ်။ လက်ရှိ ထိုင်းနယ်စပ်တလျှောက်မှာ ဒုက္ခသည် စခန်း ၉ ခုရှိပြီး မယ်လဒုက္ခသည် စခန်းကတော့ အကြီးဆုံံးပဲလို့ စောရော်ဂျာခင် က ပြောပါတယ်။

တချို့တိုင်းရင်းသား ဒုက္ခသည်တွေကတော့ ပြည်နယ်က ငြိမ်ချမ်းစပြုနေပြီလို့ ထင်တာကြောင့် ဒုက္ခသည် စခန်းတွေက နေရပ်ကိုပြန် လာကြတာလို့ သိရပါတယ်။

“မငြိမ်းချမ်းတုန်းကတော့ မနေရဲဘူး၊ တိုက်ပွဲဖြစ်ပြီဆိုရင် လက်နက်ကြီးမှန်မှာစိုးလို့ ပြေးလွှားနေရတာ၊ နောက်တော့ ဒုက္ခသည် စခန်းကိုပဲ သွားနေလိုက်တာ၊ အခုလည်း ပြန်လာတာ သိပ်မကြာသေးဘူး”ဟု ဆန်လှူရာကို ရောက်ရှိနေတဲ့ ကရင်အမျိုးသား တဦး က ပြောပြပါတယ်။

ဒေသခံတွေကို တိုက်ပွဲအတွေ့အကြုံတွေလည်း မေးကြည့် ပါသေးတယ်။

“လက်နက်ကြီးက ဝုန်းခနဲကျလာတော့ ရွာထဲကနေ ထွက်ပြေးကြတာ၊ အမိုးဆို အရှက်တောင် မငဲ့နိုင်ပါဘူး၊ အဝတ်အစားတွေ ကျွတ် ကုန်တာတောင် ဂရုမစိုက်နိုင်ဘဲ ထွက်ပြေးခဲ့ရတာ။ သေဘေးကတော့ လွတ်ခဲ့တယ်”ဟု ဒေသခံ တိုင်းရင်းသူကြီး တဦးက ပြောပြပါတယ်။

အခုချိန်အထိ တိုင်းရင်းသားတွေက တိုက်ပွဲတွေဖြစ်မှာကို စိုးရိမ်နေရတုန်းပဲလို့လည်း ပြောကြပါတယ်။

ဆန်လှူရာကို ရောက်လာတဲ့ ကရင်တိုင်းရင်းသား အသက်၁၂ နှစ်လောက်ရှိတဲ့ ကလေး ကလည်း သူတို့ မြန်မာစကား မတတ်ဘူး၊ အင်္ဂလိပ်စကား ဆိုတာလည်း မသိဘူး၊ ကျောင်းလည်း မတတ်ဖူးဘူး၊ ရွာမှာ ရှိတဲ့ သူတွေလည်း အဲ့ဒီလိုပဲတဲ့၊ သူတို့သိတာ ဖထီးတို့ အမိုးတို့ သစ်ခုတ်ရင်လိုက်ပြီး တောကောင်လေးတွေပစ်ပြီး ဟင်းစားရှာဖို့ပါလို့ ကရင်ဘာသာနဲ့ ပြောပြတာကို စကားပြန် တယောက် က ပြန်ပြောပြပါတယ်။

ညနေ ၃နာရီခွဲလောက်မှာတော့ နီပွန်ဖောင်ဒေးရှင်းက အိမ်ထောင်စုတစုကို ဆန်တတင်းစီ လှူပါတယ်၊ ကျေးရွာလူကြီးက နာမည် စာရင်းခေါ်ပြီး တယောက်စီ တန်းစီ ဆန်ယူကြပါတယ်၊ နောက်တော့ ယူပြီးတဲ့သူတွေက အုပ်စုဖွဲ့ပြီးတော့ ရွာကို ပြန်ကြပါတယ်။

ကျမတို့တွေလည်း ရွာသုံးရွာ သွားမယ်လို့ သိခဲ့ရပေမ့် လမ်းခရီးကြမ်းလွန်းတာက တကြောင်း၊ ရွာတရွာမှာတင် ညနေ စောင်းအထိ အချိန်ကုန်ခဲ့တာကြောင့် သရီးဖိုးကွီးရွာတရွာကိုပဲ သွားဖြစ်ပြီး လှိုင်းဘွဲ့မြို့ပေါ်ကို ပြန်လာခဲ့ရပါတယ်။

အပြန်ခရီးမှာတော့ တိုင်းရင်းသား ဒုက္ခသည်တွေအတွက် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လမ်းပန်း ဆက်သွယ် ရေး စတဲ့ လူမူဘဝ တိုးတက်ဖို့ အတွက် အစိုးရ အပါအဝင် အဖွဲ့အစည်းပေါင်းစုံက ဝိုင်းဝန်း ကူညီဖို့ လိုနေပြီလို့ တွေးတောလာခဲ့ မိ ပါတယ်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading