ရန်ကုန်မြို့ကို စင်္ကာပူပုံစံအတိုင်း ပြန်ဆောက်လို ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုပြီး ဘန်ကောက်က မိုးပျံရထားတွေ၊ မိုးပျံလမ်းတွေပါ ထည့် စိတ်ကူးခဲ့သည်။
ဤသည်မှာ ၂၀၁၁ ခုနှစ်တွင် သမ္မတဖြစ်လာပြီးနောက် ဦးသိန်းစိန် အကောင်အထည်ဖော် ဆောင်ရွက်လိုသည့် ရည်မှန်းချက် တရပ်ဖြစ်သည်။ ယင်း ဆန္ဒမှာ လက်တွေ့နှင့် လုံး၀ ခြားနားနေသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်သည် အစိုးရသစ် တာဝန်ယူပြီး ၂ နှစ်ခန့် ကြာသွားသော်လည်း သိသိသာသာ တိုးတက်လာခြင်း မရှိသေး။ မြို့တော်၏ အခြေခံ လိုအပ်ချက်များ ဖြစ်သည့် ပို့ဆောင်ရေး၊ စွမ်းအင်၊ ဝန်းကျင်သန့်ရှင်းရေး၊ သောက်သုံးရေ ရရှိရေး စသည့် ကဏ္ဍများသည် လည်း နောက်ကျနေဆဲ။ ဤသို့ အခက်အခဲ၊ အကြပ်အတည်း များစွာ ရှိနေသော်လည်း ပြန့်ကျဲ တည်ရှိနေသည့် ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် များ ချပေးရာ၌ အစိုးရသည် လက်သင့်ရာ စားတော်ခေါ် ဆိုသကဲ့သို့ လျှို့ဝှက်စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုနေ၏။
ရန်ကုန်မြို့သို့ နိုင်ငံခြားသား စွန့်ဦးထွင် စီးပွားရေးသမားများ၊ ကမ္ဘာလှည့် ခရီးသည်များနှင့် ဆင်းရဲသား လယ်ယာ လုပ်သားများ အဆက်မပြတ် ဝင်ရောက်လျက်ရှိသည်။ လူတန်းစား အစုံ၊ အလွှာစုံ ဝင်ရောက်လာသဖြင့် လာရင်း ရည်ရွယ်ချက်လည်း အမျိုးစုံ ဖြစ်နိုင်ပါသည်။ အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရှာဖွေရန်၊ အပျော်တမ်း ဓါတ်ပုံရိုက်ရန်၊ လစာကောင်းသည့် အလုပ်ရရှိရန် စသဖြင့် ရည်ရွယ်ချက်ကိုယ်စီဖြင့် ရောက်လာကြသည်။ ဤသို့ အားခဲ၍ လာကြသော်လည်း ၎င်းတို့ မကြာခဏ ကြုံရသည်များမှာ ဗြူရိုကရေစီ အုပ်ချုပ်ရေးယန္တရား၊ လျှပ်စစ်မီး ပြတ်တောက်ခြင်းနှင့် အိပ်စက်နားနေရန် နေရာထိုင်ခင်းပင် ရှာမရခြင်း စသည်တို့သာ ဖြစ်သည်။
ရေနှင့်လျှပ်စစ်မီး မလုံ မလောက်ဖြစ်နေပြီး စွန့်ပစ် ပစ္စည်း (အမှိုက်သရိုက်) များဖယ်ရှား ရှင်းလင်းရေး စနစ်မှာလည်း အလွန်ဟောင်းနွမ်း နေသဖြင့် လူထု၏ ကျန်းမာရေး အတွက် စိုးရိမ်ရပါသည်။ ယာဉ်ကြော ပိတ်ဆို့မှုမှာလည်း ကြာလေ ဆိုးလေပင်။
ရန်ကုန်မြို့ကြီး အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြင်ဆင်သင့်သည်များကို မပြင်ဆင်ရသေးကြောင်း၊ အဓိက ကျသည့် ချို့ယွင်းချက်မှာ ဖွံ့ဖြိုးမှုသစ်များကို မည်သို့ နေရာချပြီး မည်သို့ ဝန်ဆောင်မှုပေးမည်ကို ကြိုပြင်ဆင် ထားသည့် မြေ အသုံးပြုမှုနှင့် လမ်း တံတား ဆောက်လုပ်ရေး အစီအစဉ်များ ကင်းမဲ့နေခြင်းဟု ဖွံ့ဖြိုးမှုလေ့လာရေး အဖွဲ့တခုက သတိပေး နှိုးဆော်ထားသည်။
အများပြည်သူူ ပါဝင်မှုကို လျစ်လျူရှုထားသော စီမံကိန်း တင်ပြချက်များအပေါ် မှန်ကန်သော တုန့်ပြန်မှုများ ဖြစ်ပေါ်လာစေမည့် ဘက်စုံပါဝင်နိုင်သော ရန်ကုန်ဖွံ့ဖြိုးရေး အစီအစဉ် တိုးတက်ကောင်းမွန်လာစေခြင်းသည် အရေးကြီးကြောင်း၊ သို့မှသာလျှင် အများပြည်သူအကျိုး ရည်မှန်းပုံဖော်ထားသော မြို့တော်ဖွံ့ဖြိုးရေး အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်းနှင့် ထိုသို့ အစီအမံ မရှိပါက မြို့တော်၏ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် အများပြည်သူ အကျိုးအစား ပုဂ္ဂလိက အကျိုးစီးပွားကသာ နေရာယူသွားနိုင်ကြောင်း ဟားဗတ် တက္ကသိုလ် ဒီဇိုင်းကျောင်းနှင့် ချိတ်ဆက်ထားသော မြို့ပြစီမံကိန်း ပညာရှင်များအဖွဲ့တဖွဲ့၏ လေ့လာချက်တွင် ရေးသား ဖော်ပြပါသည်။
ရန်ကုန်မြို့တော် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအတွက် ယခုနှစ်အတွင်း အပြီး ရေးဆွဲ တင်ပြရန် ဖြစ်သည်။ သို့သော် စီမံကိန်းတင်ပြချက် ပြီးအောင် မစောင့်တော့ပဲ ဆောက်လုပ်ရေးကုမ္ပဏီများက လုပ်ကွင်းလုပ်ကွက် အောင်ပြီးဖြစ်ပြီး ပရောဂျက်များစွာလည်း စတင်နှင့်နေပြီဖြစ်သည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးစိုးတင့်က အိမ်ခြံမြေ ဖိုရမ်တခုတွင် ရန်ကုန် မြို့တော် အရှေ့ပိုင်း ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် အိမ်ယာစီမံကိန်းတခုကို ဆောက်လုပ်ခွင့် ပြုလိုက် ကြောင်း အတည်ပြု သည်။ လုပ်ငန်းများကို ယခုနှစ် ဧပြီလတွင် စတင်ဆောင်ရွက်မည်ဟုဆိုသည်။ ယင်းစီမံကိန်းတွင် စင်ကာပူ၊ ထိုင်းနှင့် တောင်ကိုး ရီးယားနိုင်ငံ ဆောက်လုပ်ရေး ကုမ္ပဏီများ ဆက်စပ်နေလည်း သတင်း အသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိ။
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသည်လည်း ဗီယက်နမ် ပုဂ္ဂလိက ကုမ္ပဏီ Hoang Amh Gia Lia Group (HAG) နှင့် လွန်ခဲ့သော ဒီဇင်ဘာလက သဘောတူ စာချုပ်တခုကို လက်မှတ်ရေးထိုး ခဲ့သည်။ ယင်းကုမ္ပဏီသည် ရန်ကုန်မြို့လယ်တွင် အမေရိကန် ဒေါ်လာ သန်း ၃၀၀ ကုန်ကျမည့် ဟိုတယ်တလုံးနှင့် ကုန်တိုက်ကြီး တခုကို ဆောက်လုပ်မည် ဖြစ်သည်။ ထိုကုမ္ပဏီသည် ရန်ကုန်မြို့ရှိ မြေဧရိယာ ၈ ဟက်တာကို ငှားရမ်း အသုံးပြုမည် ဟု ဆိုသော်လည်း မည်သည့်ကာလအထိ အသုံးပြုမည်၊ လုပ်ငန်းများကို မည်သည့်အချိန်၌ စတင်မည်၊ နိုင်ငံခြားကုမ္ပဏီ အတွက် မည်သို့ ငှားရမ်းသုံးစွဲခွင့်ပြုသည် တို့ကိုမူ ရှင်းရှင်းလင်းလင်း မသိရချေ။
မြန်မာ ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်သည့် Mandalay Golden Wings ကုမ္ပဏီသည် ရန်ကုန်မြို့ အင်းလျားကန် အနီး၌ အထပ် ၃၄ ထပ်ပါ ကွန်ဒိုမီယမ် တလုံးဆောက်လုပ်ရန် အစိုးရထံမှ လျှို့ဝှက်လေလံတခုကို နိုဝင်ဘာလက ရရှိခဲ့သည်။ ယင်းဆောက်လုပ်မည့် ကွန်ဒိုမီယမ်တွင် ယာဉ်ရပ်နားရန် အထပ် ၆ ထပ် ထည့်သွင်း တည်ဆောက်မည် ဖြစ်ပြီး အဆင့်မြင့် လူနေအိမ်ခန်းပေါင်း ၄၀၀ ပါဝင်မည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ လက်ရှိ ဥပဒေရေးရာ အနေအထားမှာ ရဲတင်းလွန်းသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအား စွန့်စားလုပ်ကိုင်စေပြီး အဆက်အသွယ်ကောင်းများကိုလည်း ကော်မရှင်ခ မြိုးမြိုးမြတ်မြတ် စားပေါက်ရစေသည်။ အာမခံချက်နှင့် ရေရှည်ကို ကြည့်သော စနစ်ကျနပြီး နာမည်ကောင်းရ လုပ်ငန်းရှင်တို့အတွက်မူ အတိမ်းအစောင်း များလွန်းနေသည်။
မြန်မာနိုင်ငံတွင် ဥပဒေစိုးမိုးမှု အခြေအနေ ယမန်နှစ်ထက် အနည်းငယ် တိုးတက် ကောင်းမွန်လာသည်ဟု ဆိုနိုင်သော် လည်း ရင်းနှီးမြှုပ်နှံသူများအတွက် ကြီးမားသော စွန့်စားရမှုများ ရှိနေဆဲ ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ လေ့လာ သုံးသပ်သည့် Maplecroft ၏ အစီရင်ခံစာက ဆိုသည်။ တရားဥပဒေ စိုးမိုးမှု၊ စည်းကမ်း လိုက်နာမှုတွေ ပုံမှန် မရှိသေးကြောင်းနှင့် အဂတိလိုက်စားမှုများ ထူပြောနေဆဲ ဖြစ်ကြောင်းလည်း ဆိုသည်။
ဝါရှင်တန်အခြေစိုက် ဘရွတ်ကင်း ကျွမ်းကျင်သူများအဖွဲ့မှ အမေရိကန်လူမျိုး စီးပွားရေး ပညာရှင် လက်ဇ်ရီဖယ် ၏ မြန်မာနိုင်ငံ အကြောင်း လေ့လာမှု တခုတွင် မြန်မာအစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များသည် လာရောက်လည်ပတ်သည့် အကြံဉာဏ်နှင့်အကူအညီပေးမည့် ဧည့်သည်များကြောင့် ဗျာများနေကြောင်း ရေးသား ဖော်ပြထားသည်။ ယင်း “ပြဿနာ” ဧည့်သည်များစာရင်းတွင် သံတမန်များ၊ အကူအညီပေးရေး အေဂျင်စီ ကိုယ်စားလှယ်များ၊ INGOs များမှ ကိုယ်စားလှယ်များ၊ စီးပွားရေး အမှုဆောင်အရာရှိများ ပါဝင်သည်ဟု ဆိုသည်။
နိုင်ငံတကာမှ ဧည့်သည်များ အဆက်မပြတ် ဝင်လာခြင်းသည် မူဝါဒီဆိုင်ရာ အကောင်အထည်ဖော်သူများ၊ ဝန်ကြီးများ၊ ဦးဆောင်ညွှန်ကြားရေးမှူးများကို အလုပ်ရှုပ်စေကြောင်း၊ ယင်း အရာရှိကြီးများသည် နေ့စဉ် ရောက်လာကြသည့် နိုင်ငံခြားသား ဧည့်သည်များ နှင့် တွေ့ဆုံဆွေးနွေးရန် အချိန်များစွာ ကုန်ကြောင်း၊ မူဝါဒကောင်းများ နှင့် လုပ်ငန်း အကောင်အထည်ဖော်ရန် လုံလောက်သည့် အချိန် မရကြကြောင်း၊ အလားတူ အခြေအနေများကို ကမ္ဘောဒီးယား နိုင်ငံတွင်လည်း ကြုံတွေ့ကြောင်း မစ္စတာ ရီဖယ်က နှိုင်းယှဉ်၍ ပြောဆိုသည်။
ဆယ်စုနှစ်ပေါင်း များစွာ အထီးကျန် နေထိုင်ခဲ့ရသည့် ရန်ကုန်မြို့သည် အရှေ့အာရှမြို့တော် အားလုံးလိုလို ခံစားခဲ့ရသည့် ဆိုးရွားသည့် ပြန်လည်မွမ်းမံတည်ဆောက်ရေး ဒဏ်မှ ဝေးခဲ့ရသည်။ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်မှာ ခြွင်းချက်ဖြစ်သည်။
ကောင်းမွန်ပြည့်စုံသည့် ဖွံ့ဖြိုးရေး စီမံကိန်းမျိုး ရေးဆွဲ ချမှတ် လုပ်ကိုင်နိုင်ခြင်း မရှိပါက ရန်ကုန်မြို့တော်သည် အခြား အာရှမြို့တော်များဖြစ်သည့် ဘန်ကောက်၊ မနီလာ၊ ဟိုချီမင်းနှင့် ဂျာကာတာ မြို့တော်များ တွေ့ကြုံခဲ့ရသကဲ့သို့ မလွဲမသွေ တွေ့ကြုံရမည် ဖြစ်ကြောင်း သုံးသပ် ရရှိသည်။ တချိန်တည်းမှာပင် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်ပြီး ဒေါ်လာငွေရှာပေးမည့် ကိုလိုနီခေတ် ဗိသုကာ လက်ရာ အဆောက်အဦးများကို ဖြိုချနေပြီး ဈေးဆိုင်ကြီးများ၊ ရုပ်ဆိုးသော မိုးမျှော်တိုက်ကြီးများ၊ အဆင့်မြင့်တာဝါကြီးများ တည်ဆောက်ရန် ကြိုးစားနေပေပြီ။
“စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ပြဌာန်းထားသည့် တည်ဆဲဥပဒေများ၊ ကန့်သတ်ချက်များသည် ငွေရှင် ကြေးရှင် ကြီးများ၏ ဖိအားပေးမှု ကြောင့် အကျိုးသက်ရောက်မှု မရှိ” ဟု “ရန်ကုန်၏ အမွေအနှစ် အဆောက်အအုံ ၃၀” စာအုပ် ရေးသားသူ ဆာရာရွန်းနေက ပြောသည်။
ရွန်နေသည် ဘန်ကောက်မြို့တွင် နေထိုင်သူဖြစ်ပြီး ဘန်ကောက်မြို့တွင် အဆင်ခြင်မဲ့ ဗရမ်းဗတာ ဆောက်လုပ် ထားသည့် ကွန်ဒိုမီနီယမ်နှင့် ရုံးခန်း အဆောက်အဦး များစွာရှိကြောင်း၊ အဆောက်အဦး ဆောက်လုပ်နေသူများသည် ဆောက်လုပ်မည့် အဆောက်အဦးနှင့် ပတ်ဝန်းကျင်၏ အခြေခံ လိုအပ်ချက်များကို ဂရုမစိုက်ဘဲ ဆောက်လုပ်နေကြ ကြောင်း၊ ထိုသို့ စည်းကမ်းမဲ့ တည်ဆောက်မှုများကြောင့် ထိုင်းနိုင်ငံ၏ သမိုင်းဝင် ဘုရားပုထိုးများ၊ ထိုင်းရိုးရာ ဗိသုကာ လက်ရာများ ပျောက်ကွယ်သွားရကြောင်း၊ ယာဉ်သွားယာဉ်လာ လမ်းကြောင်းနှင့် ရပ်နားခြင်းများကို ထည့်သွင်း စဉ်းစားခြင်း မပြုဘဲ စည်းမဲ့ကမ်းမဲ့ ဆောက်လုပ်မှုများ ကြောင့် ထိုင်းပြည်သူများ၊ ရုံးဝန်ထမ်းများ သွားလာရေး အခက်အခဲ များစွာ ကြုံကြရကြောင်း၊ ထောင်ပေါင်း များစွာသော ရုံးဝန်ထမ်းများ ရုံးတက်ရုံးဆင်းရန် တနေ့လျှင် အချိန် ၃ နာရီခန့် ယူ၍ ယာဉ်ကြော ပိတ်ဆို့နေသည့် လမ်းပေါ်၌ ခရီးသွားနေကြရ ကြောင်း ၎င်းက ပြောသည်။
အများပြည်သူ အတွက် ရေရှည် အကျိုး ရှိစေမည့် အစီအမံများကို ထည့်သွင်း စဉ်းစား ဖော်ဆောင်ခြင်း မပြုပါက ရန်ကုန်သည် ဘန်ကောက်လို ဖရိုဖရဲ မြို့တော် ဖြစ်လာနိုင်ပြီး စနစ်တကျနှင့် မှန်မှန်ကန်ကန် အစီအမံများ ချမှတ် လုပ်ဆောင်မည် ဆိုလျှင် သန့်ရှင်း သပ်ရပ်၍ စံမီသော စင်ကာပူလို ဖြစ်လာပေမည်။
(Rangoon’s Future: Orderly Singapore or Disorderly Bangkok? ကို ဆီလျော်အောင် တင်မောင်ယု ဘာသာပြန်ဆိုသည်)