ဆောင်းပါး

ပွဲပြန် … မောမော

This article has been converted from Zawgyi One to Unicode


ပွဲသွားကျော့ကျော့ … ပွဲပြန် မော့မော့ ဆိုသည့် မြန်မာစကားရှိသည်။ အခုတော့ ပွဲသွားမောမော၊ ပွဲပြန်မောမောဟု ပြင်ရတော့မည် ထင်သည်။

နှစ်စဉ်ကျင်းပမြဲ သန်လျင် ကျိုက်ခေါက်ဘုရားပွဲတော် စည်ကားပုံက တနှစ်ထက်တနှစ် တိုးတက်လာသည်ဟု ဆိုရမည် ဖြစ်သည်။ ယခုနှစ်တော့ ခါတိုင်းနှစ်ထက် ပိုဆိုးသည်။ ကားကောင်းကားသစ်များ တိုးတက်များပြားလာသည်နှင့် အမျှ ကျိုက်ခေါက် ဘုရားပွဲဆီသို့ ရောက်ရန် လမ်းလျှောက်ရသည့် ခရီးက ယခင်ထက် ပိုလာသည်။ ဘုရားအထိ ကားများ ဝင်မရ။

မနှစ်က တပို့တွဲလပြည့် မတိုင်မီ အဖိတ်နေ့တွင် သန်လျင်မြို့ထဲက တက္ကစီငှားစီးပြီး သွားခဲ့သည်။ ဘုရားခြေရင်းအထိ ကားက ရောက်သွားသည့်အပြင် အပြန်တွင်လည်း ဘုရားခြေရင်းမှပင် ပြန်ငှားစီးခဲ့နိုင်သည်။ ယခုနှစ်တော့ အဖိတ်နေ့ မတိုင်ခင် တရက် တွင်ပင် တက္ကစီများက အောင်ချမ်းသာ အထိပဲ ရောက်သည်ဟု ဆိုသည်။ အောင်ချမ်းသာကနေ ဘုရားအထိ လမ်းလျှောက်ရန် မည်သို့မျှ မဖြစ်နိုင်။ ဝေးလွန်းသည်။ အာဇာနည် စန်းစန်း ဆက်ကပ် ပြဖို့ ကလေးများလည်း ပါလာသဖြင့် အဝေးကြီး လမ်းလျှောက်ရန် မည်သို့မျှ မဖြစ်နိုင်။

လိုက်ထရပ် အောက်ဆိုက်ကားလေး တစီးက လူတယောက် ကျပ် ၂၀၀ ဟုဆိုကာ “၁၈ ကုန်းထိပ်အထိ ရောက်မယ်” ဆိုလာသောကြောင့် ၁၈ ကုန်းမှ ဘုရားအထိ သိပ်မဝေးသောခရီးဟု တွက်ဆကာ လိုက်သွားလိုက်သည်။ သို့သော် အောင်ချမ်းသာ ကုန်းထိပ်အရောက်တွင် ကားများ တင်းကြမ်းပြည့် ပိတ်နေပြီ။ အောင်ချမ်းသာတွင် ကားပိတ်နေသည့်ကြားထဲ မြင်းတကောင် လွတ်ပြေးနေသေးသည်။ မြင်းက ခပ်ငယ်ငယ်၊ လှလှပပ။ ပိုင်ရှင်က ဘယ်သူမှန်းမသိ၊ လမ်းမပေါ် ကားကြိုကားကြား အလန့်တကြား လျှောက်ပြေးနေသည်။ မြင်းကို လူအများ အပြေးအလွှား ရှောင်နေကြရသည်။ တယ်လီဖုန်း ပြောနေသူ တဦးကို မြင်းက ဝင်တိုးမလို ဖြစ်သောကြောင့် ဖုန်းပြောရင်းတန်းလန်း ထိုသူ ထွက်ပြေးသည်ကိုလည်း တွေ့ရသည်။

တရွေ့ရွေ့သွားနေသည့် ကားများ၊ အောင်ချမ်းသာမှ လမ်းလျှောက်ကြသူများ၊ ဆိုင်ကယ်တက္ကစီများနှင့် မမျှအောင် ကျိုက်ခေါက် ဘုရားလမ်းက ကျပ်ပိတ်နေသည်။ အောင်ချမ်းသာ ကုန်းထိပ်လွန်တော့မှ လမ်းက နည်းနည်းပွင့်သည်။ ၁၈ ကုန်းရောက်တော့ ကားက ရပ်လိုက်ပြီ။ ဘုရားအထိ ဆက်သွားပေးဖို့ ဝိုင်းဝန်းတောင်းဆိုကြသော်လည်း ဆက်သွားဖို့ ဘယ်လိုမှ မတတ်နိုင်ကြောင်း ဒရိုင်ဘာက တောင်းပန်သည်။ လိုင်းကားများကတော့ ဘုရားအထိ သွားနေကြဆဲ။ သို့သော် လိုင်းကားများပေါ်တွင် လူများက အပြည့်အကျပ်၊ လမ်းကလည်း အပြည့်အကျပ်။ ကားကြိုကားကြားမှ တဗျင်းဗျင်း မောင်းနှင်နေသည့် ဆိုင်ကယ်တက္ကစီများ ကိုလည်း မစီးရဲ။ အားလုံး လမ်းလျှောက်ကြဖို့သာ ရှိတော့သည်။

ဖုန်တထောင်းထောင်းကြားတွင် ဘုရားဆီသို့ လမ်းလျှောက်သွားနေသည့် လူအုပ်ကြီးထဲ မျှောပါခဲ့ရသည်။ မီးခွက်လေးများ အရှေ့ချကာ တောင်းရမ်းစားသောက်နေသူ များကိုလည်း ရှောင်ရ ရှားရသေးသည်။ တောင်းရမ်းစားသောက်နေသူတို့ အရှေ့တွင် အိပ်မောကျနေသည့် အရွယ်အစားစုံ ကလေးလေးများ ရှိနေသည်။ မတော် တက်နင်းမိလျှင် မတွေးရဲစရာ။ ဘေးက ဆူညံနေသည့် ကားသံများ၊ အော်ဟစ်ဆူညံ နောက်ပြောင်နေသူများ၊ ပွတ်ကာသီကာ မောင်းနှင်သွားသည့် ဆိုင်ကယ် တက္ကစီများ အကြားတွင် အိပ်မောကျ နေသော ကလေးများက တုတ်တုတ်ပင် မလှုပ်။

နောက်ဆုံးတော့ ဘုရားခြေရင်းနား ရောက်လာပြီ။ ရည်ရွယ်ထားသည့်အတိုင်း အာဇာနည်စန်းစန်း ဆက်ကပ် ရုံဆီ တန်းသွားကြသည်။ ပွဲက ၆ နာရီခွဲစသည်။ ကြားကျပ်နေသောကြောင့်ကော၊ လမ်းလျှောက်သွားရသည့် အတွက်ပါ ဆက်ကပ် အစပိုင်းလွတ်သွားသည်။ နောက်တပွဲစမည့် ည ၉ နာရီခွဲကို မစောင့်နိုင်တော့။ ၆ နာရီခွဲပွဲ အတွက်သာ လက်မှတ် ဝယ်လိုက် ကြသည်။ လူကြီး ကျပ် ၂ ထောင်၊ ကလေး ကျပ် ၁ ထောင်၊ ဖျာတချပ်ကို ကျပ် ၂ ထောင်။ ဖျာနှစ်ချပ်နှင့် လူကြီး ၄ ယောက်စာ၊ ကလေး ၄ ယောက်စာ လက်မှတ်များ ဖြတ်လိုက်ကြသည်။ ပွဲစနေပြီဖြစ်သောကြောင့် ရုံဝက လူတယောက် နေရာ လိုက်ပြသည်။

နေရာယူပြီးချိန်တွင် ဆက်ကပ်ပြနေရာ စင်မြင့်ပေါ် အာရုံစိုက်နိုင်ပြီ။ “တရုတ်နိုင်ငံ အနုပညာကျောင်းတွင် သွားရောက် သင်ယူထားသော လူငယ်ကလေးများ ပါဝင်မည်” ဆိုသည့် ကြော်ငြာကြောင့် အာဇာနည်စန်းစန်း ဆက်ကပ် ကြည့်ဖို့ စိတ်ဝင်စားခဲ့ခြင်း ဖြစ်သည်။ ဘားကျွမ်းများ၊ အလှပြကစားကွက်များ အားလုံး သည်းထိတ်ရင်ဖို ကြည့်ကောင်းသည်။

လူတယောက်၏ ပခုံးပေါ်တွင် ဝါးလုံးကို ထောင်တင်ကာ ထိုဝါးလုံးပေါ်သို့ ဘားကျွမ်းမယ်တယောက်က ထိပ်အထိ တက်သွား၍ အလှပြသည့် ပြကွက်ကို ကြည့်ရှုသူအားလုံး သဘောကျပုံရသည်။ တော်တော်လည်း ခက်ခဲမယ့် ပြကွက် ဖြစ်သည်။

ကြိုးတန်းပေါ် လမ်းလျှောက်သည့် ပြကွက်၊ ကြိုးတန်းပေါ် စက်ဘီးစီးသည့် ပြကွက် အားလုံးကောင်းသည်။ ဆက်ကပ် မယ်ကလေးက လှလှပပ လမ်းလျှောက်ပြီးချိန်တွင် လူရွှင်တော် လူငယ်တယောက်က ဟာသမြောက်စွာ ဟိုဘက်ဒီဘက် လျှောက်ပြပြန်သည်။ လူရွှင်တော် ကိုးယိုးကားယား လမ်းလျှောက်ပြသည်ကို ပရိသတ်က ပိုသဘောကျကြသည်။

နောက်တော့ တိရစ္ဆာန်ကလေးများ ပြကွက် ဖြစ်သည်။ ဆင်ကလေး ထွက်လာတော့ ကလေးများက အစာဖိုး ဝိုင်းပေးကြသည်။ ခွေးလိမ္မာကလေးများ ပြပြီး မြင်းလိမ္မာကလေးအလှည့်မတိုင်ခင် လူရွှင်တော်များက “မြင်းကလေးက လွတ်သွားလို့ ခုနကမှ ပြန်ဖမ်းမိတာပါ” ဟု ကြေညာသည်။ မြင်းကလေး စင်ပေါ်တက်လာတော့ လမ်းမှာ တွေ့ခဲ့သည့် မြင်းကလေးပင် ဖြစ်နေသည်။
မျောက်လိမ္မာကလေးများ၊ ဆိတ်လိမ္မာကလေး စသည်ဖြင့် တခုပြီးတခု ပြသသည်။

ပြီးတော့ ကောင်းကင်ကျွမ်းဘား။ သည်းထိတ်ရင်ဖို ကြည့်ကောင်းသည်။ နောက်ဆုံးအခန်းကတော့ ဇာတ်ရုံ အဝင်ဝတွင် ဆင်ထားသည့် ကမ္ဘာလုံးကြီးထဲ ဆိုင်ကယ်စီးကြခြင်း ဖြစ်သည်။ ဆိုင်ကယ် တစီး၊ နှစ်စီး၊ သုံးစီးမှ လေးစီးအထိ စီးပြသည်။ ကြော်ငြာထားသည့်အတိုင်း စိတ်ကျေနပ်စရာ ကောင်းသည့် ဆက်ကပ်ပွဲဟု ဆိုရမည်။

ဘဝင်မကျစရာ တခုပဲရှိသည်။ အဲဒါကတော့ ကြိုးတန်းလမ်းလျှောက်ရန် ပြင်ဆင်နေစဉ် ၅ နှစ်၊ ၆ နှစ်အရွယ် ကလေးငယ် တယောက်၏ ပြကွက်ဖြစ်၏။ ကလေးနာမည်က တက်ပုဟု ဆိုသည်။ စင်ပေါ်တွင် သေတ္တာတလုံးတင်ကာ ထိုသေတ္တာပေါ်တွင် ကလေးကို တက်ရပ်ခိုင်းသည်။ ဘေးမှာ လူရွှင်တော်တယောက်က ရပ်နေသည်။ စရပ်တုန်းကတော့ အဝတ်အစားအပြည့် အစုံနှင့်။ ကလေးကို လူရွှင်တော်က “အင်္ကျီချွတ်” ဟု ခိုင်းလိုက်စဉ် ကလေးက အကျႌကော ဘောင်းဘီပါ ချွတ်လိုက်သည်။ ပြီးတော့ တီးလုံးအမျိုးမျိုးဖြင့် ကလေးကို ကခိုင်းသည်။ ကိုယ်လုံးတီးနှင့် ကလေးငယ်က တလှုပ်လှုပ်နှင့် ကသည်။ ဘေးက လူရွှင်တော်က ညစ်ညမ်းသော ပြက်လုံးများ ထုတ်သည်။ ကလေးကိုလည်း ညစ်တီးညစ်ပတ်ပုံစံ လုပ်ရန် သင်ထားပုံရသည်။ ပရိသတ်များ တဝါးဝါး ပွဲကျကြသည်။

ကလေးတယောက်ကို တရိစ္ဆာန်တကောင်ပြသလို ပြစားနေသည်ဟု မြင်မိသည်။ ဆက်ကပ် တင်ဆက်မှုများအားလုံး ဤကလေး ပြကွက်ကြောင့် ရေစုန်မျောသွားသည်ဟု ခံစားရသည်။

ဆက်ကပ် အပြီး ကြိတ်ကြိတ်တိုးနေသော ပွဲဈေးခင်းထဲ ပြန်ရောက်သွားပြီး လူစီးကြောင်းကြီးနှင့် ပြန်လည်မျောပါခဲ့ရ ပြန်သည်။ ဘုရားပေါ် တက်ဖို့ပင် မစဉ်းစားနိုင်တော့။ ခါတိုင်းနှစ်များကလို ဘုရားပေါ်တက်ကာ မပြည့်တပြည့် လမင်းကြီး အောက်တွင် အထက်အောက် စုန်ဆန် တက်ဆင်းနေသည့် ရွှေဆိုင်းပို့ ပန်းရထားကိုမော့ကြည့်ရင်း “တုတ်တုတ်ဗြုန်း” ဗျောသံကို နားထောင်ဖို့ထက် အပြန် ကားရဖို့ကိုသာ စဉ်းစားရတော့သည်။

အသွားတုန်းကလိုပင် ဘုရားခြေရင်းမှ ၁၈ ကုန်းအထိ လမ်းပြန်လျှောက် ကြရပြန်သည်။ လမ်းတလျှောက် မီးခွက်ကလေး များချကာ တောင်းစားနေကြ သူများရှေ့တွင် အိပ်မောကျနေသည့် ကလေးများက အလာတုန်းက မြင်ရသည့်အတိုင်း နိုးမှ နိုးလာပါတော့မလား ထင်ရလောက်အောင် မလှုပ်မရှက် ငြိမ်သက်လျှက်ပင် ရှိသေးသည်။

ဘုရားပွဲအပြန် လမ်းအဝေးကြီး လျှောက်ရသောကြောင့်၊ လူတိုးသောကြောင့်၊ ကားငှားရဖို့ အကြာကြီး စောင့်ရသောကြောင့် လူမော ရသည်ထက် ကိုယ်လုံးတီး တလှုပ်လှုပ်ကနေသည့် ကလေးငယ်နှင့် မလှုပ်မရှက် ငြိမ်သက် နေသော ကလေးငယ်များ အကြောင်း တွေးနေမိသဖြင့် စိတ်မောရသည်က ပိုလိမ့်မည်ထင်ပါသည်။     ။

Loading