အခွံနွှာပြီးသား အုန်းသီးလုံး အရွယ်အစားရှိတဲ့ အမွှေးထူထူ အနက်ရောင် မြို့ကြွက်တွေကို လူတယောက် ဝင်ရုံသာဆံ့တဲ့ တန်းလျား ရေချိုးခန်းမှာ သိုင်းကွက်နင်းသလို ရှောင်နေရတာက အသက် ၆၀ အရွယ် ရှိပြီဖြစ်တဲ့ သူ့အတွက် မထူးဆန်းတော့။
ဒါ့အပြင် ကိုလိုနီခေတ် အချိန်ဝန်းကျင်ကတည်းက ဆောက်လုပ်ထားခဲ့တယ်လို့ မသေမချာ ကြားဖူးနားဝ သူသိထားတဲ့ မိသားစု ၄ ယောက် နေသာရုံ ဆယ်ပေပတ်လည် အခန်းထဲမှာ အနှစ် ၃၀ နီးပါး နေခဲ့ရတာဟာလည်း သူ့အတွက် နေသားကျနေပါပြီ။
ဒီ ဆယ်ပေပတ်လည် အခန်းကျဉ်းလေးဟာ သူ့မိသားစုရဲ့ ထမင်းဝိုင်း နေရာလည်းဖြစ်သလို၊ တနေ့တာ ပင်ပန်း နွမ်းလျ မှုတွေအတွက် အိပ်စက် အနားယူတဲ့ အိပ်စရာနေရာလည်း ဖြစ်နေပါတယ်။ ဒီနေရာကျဉ်းလေးဟာပဲ နေ့လယ် နေ့ခင်း ဘက်တွေမှာ ဧည့်သည် ဧည့်ခံရာ ဧည့်ခန်းနေရာလည်း ဖြစ်ပြန်ပါတယ်။
အပြင်ပန်း ပုံသဏ္ဍာန်အားဖြင့် ကြည့်မယ်ဆိုရင် ရှေးခေတ် တိုက်အိုကြီး တလုံးဆိုပေမယ့် ဒီဘက်ခေတ်ရဲ့ အရည်အသွေး မကောင်းတဲ့ အထပ်မြင့် တိုက်တွေလောက်ကိုတော့ ဒီတိုက်အိုကြီးကမမှုလောက်ပါ။ ဒါပေမယ့် တိုက်အိုကြီးရဲ့ အတွင်းပိုင်းမှာ လှေကား အတက်အဆင်း မျက်နှာကျက်တွေဟာ မထင်မှတ်ထားတဲ့ အချိန်တွေမှာ အုတ်သားတွေ ကွာကွာ ကျလာတာကို ရှောင်ရှား ရတာကတော့ သူ့အတွက် အလေ့အကျင့် တခုဖြစ်လို့နေပါပြီ။
ဒါကတော့ ရန်ကုန်မြို့လယ်က ရဲတပ်ကြပ်တဦးရဲ့ ဇနီးတယောက် မိသားစုနဲ့အတူ ရဲဝန်ထမ်း တိုက်မှာနေ နေရတဲ့ ပြဿနာ တွေ အများကြီးထဲကမှ နေ့စဉ်ကြုံတွေ့နေရတဲ့ ဖြစ်စဉ်အနည်းငယ်ကို ဖော်ပြလိုက်တာပါ။
ဒီရဲစခန်းကြီးဟာ ရန်ကုန်မြို့လယ်ခေါင်က အထပ်မြင့် အဆောက်အဦးသစ်တွေ အကြားမှာ မခန့်သလို ဖြစ်နေရတဲ့ ကျောက်တံတား ရဲစခန်းတည်ရှိရာ အဆောက်အဦး အိုကြီးပဲဖြစ်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ ရဲဝန်ထမ်းတဦးရဲ့ မိသားစုဘဝလို နောက်ထပ်အလားတူ ရဲဝန်ထမ်း မိသားစုတွေ အများကြီး ရှိနေပါသေးတယ်။
ယခင် စစ်အစိုးရ လက်ထက် ကတည်းက သူတို့ရဲ့ နာမည်ကြားရုံနဲ့ မြန်မာနိုင်ငံသား တော်တော်များများရဲ့ မနှစ်မြို့ခြင်းကို ခံနေရဆဲဖြစ်တဲ့ အောက်ခြေအဆင့် ရဲဝန်ထမ်းတွေနဲ့ သူတို့ရဲ့မိသားစုဘဝတွေဟာ လက်တွေ့မှာ ရပ်တည်ရေးအတွက် ခက်ခဲ လွန်းနေတယ်လို့ သိရပါတယ်။
နိုင်ငံရဲ့ အရေးကြီးဆုံး တာဝန်တွေထဲကမှ တခုဖြစ်တဲ့ ပြည်သူ့ရဲ ဝန်ထမ်းတာဝန်ကို ထမ်းဆောင်နေရပေမယ့် သူတို့ တော်တော်များရဲ့ ဘဝတွေဟာ ဘာအာမခံချက်မှ မရှိဘူးလို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ အသက် ၄၀ အရွယ် ရဲဝန်ထမ်း တဦးက ဆိုပါတယ်။
ဧရာမ ကြွက်ကြီးတွေနဲ့ မိတ်ဆွေသဖွယ် အတူယှဉ်တွဲပြီး ဆယ်ပေပတ်လည် အခန်းကျဉ်းအတွင်း မိသားစုလေးငါးခြောက် ယောက် နေထိုင်ရခြင်းဆိုတဲ့ အနေအထိုင် ဆင်းရဲခြင်းဒုက္ခတွေအပြင် အထက်အရာရှိကို မလွန်ဆဲရဲတဲ့ အခက်အခဲတွေ၊ တခြား ပြဿနာပေါင်းများစွာတွေကိုလည်း နေ့စဉ်ဆိုသလို ရဲဝန်ထမ်းတွေ ရင်ဆိုင်နေရတာပါ။
“ဒီကြွက်ကြီးတွေကတော့ ကျမတို့အတွက် ရိုးနေပါပြီ။ ကျမလို အသန့်ကြိုက်တဲ့သူတောင် ဒီကြွက်တွေကို မထူးဆန်း တော့ပါဘူး။ အခန်းက ကျဉ်းလိုက်တာဆိုပြီး မနေချင်လို့မှမရတာ။ ဒီလိုပဲ နေလာရတာ နှစ်သုံးဆယ်ပဲ ပြည့်တော့မယ်” လို့ အသက် ၆၀ ရှိပြီဖြစ်တဲ့ ရဲဝန်ထမ်းရဲ့ ဇနီးဖြစ်သူက ရယ်ရယ်မောမော ဆိုပါတယ်။
အထက်အရာရှိ များရဲ့ အမိန့်အာဏာကို မလွန်ဆန်ရဲတဲ့ ရဲဝန်ထမ်းနဲ့ သူတို့မိသားစုတွေရဲ့ အနေအထားက မြို့လယ်ခေါင် တည့်တည့်မှာ ဧရာမကြွက်ကြီးတွေနဲ့ အတူနေထိုင်ရတဲ့ အခြေအနေလိုပဲ ဆိုးဝါးတယ်လို့ ရဲဝန်ထမ်းတဦးက ဆိုပါတယ်။
“မြို့လယ်ခေါင်မှာနေပြီး ကြွက်လည်းကြောက်ရ၊ အထက်လူကြီးလည်း လန့်နေရ၊ သူတို့မိန်းမတွေကိုလည်း ကြောက် နေရတာပါ” လို့ သူက ဆက်ပြောပါတယ်။
ရန်ကုန်မြို့ရဲ့ သာမန် ရဲဝန်ထမ်းတွေဟာ မြို့နယ်မှူးအဆင့်နဲ့ ခရိုင်မှူးအဆင့်ရှိတဲ့ သူတို့ရဲ့ အထက်လူကြီးတွေက အာဏာနဲ့ခိုင်းစေတဲ့ တာဝန်မဟုတ်သော အလုပ်များကို တာဝန်ချိန်များမှာလည်း လုပ်ပေးနေရတယ်လို့ ကျောက်တံတား မြို့နယ်မှာ တာဝန်ကျတဲ့ ရဲဝန်ထမ်းတဦးက ဆိုပါတယ်။
အောက်ခြေရဲဝန်ထမ်းတွေကို မြို့နယ်မှူးအဆင့် ရဲအရာရှိတွေက မှုခင်းဂျာနယ်တွေ ရောင်းခိုင်းတာမျိုး၊ သူတို့ အိမ်ကလုပ်တဲ့ မုန့်တွေကို မဝယ်မနေရ လက်ငင်း ငွေချေစနစ်နဲ့ ရဲဝန်ထမ်းတွေကို တဆင့် ပြန်ရောင်းခိုင်းတာမျိုးတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျောက်တံတားမြို့နယ်က ရဲဝန်ထမ်းတဦးက “အထက်အရာရှိက ကျနော်တို့အောက်ခြေ ဝန်ထမ်း တွေကို မှုခင်းဂျာနယ်တွေ ရောင်းခိုင်းတယ်၊ သူတို့လုပ်တဲ့ ပဲမုန့်တွေကို အတင်းယူပြီး ရောင်းခိုင်းတယ်။ ကျနော်တို့က အဲဒါတွေကို အရင်ဆုံး သူတို့ကို လက်ငင်း ပိုက်ဆံရှင်းပေးရတယ်။ မယူချင်လို့မရဘူး။ အဲဒီတော့ ကျနော်တို့ရဲတွေမှာ သူတို့ ထိုးရောင်းတဲ့ ဂျာနယ်တွေ၊ မုန့်တွေ အပြင်မှာ ရောင်းမကုန်ရင် အလကားသက်သက် ပိုက်ဆံရှုံးတယ်ဗျာ” လို့ ပြောပါတယ်။
အခုလို ပြဿနာတွေအပြင် စခန်းမှူးကတော်၊ မြို့နယ်မှူး ကတော်တွေရဲ့ အာဏာနဲ့ ခိုင်းစေမှုတွေကိုလည်း ရဲဝန်ထမ်းတွေရဲ့ ဇနီးသည်တွေက မကြာခဏဆိုသလို ရင်ဆိုင်နေရတယ်လို့ သိရတယ်။
“ကျမတို့နေရတော့ တော်တော် စုတ်စုတ်နေရာမှာ။ ကတော်တွေ ဒီကိုလာမယ်ဆို ဘုရားပန်းလဲထားရ၊ အိမ်က ကလေးတွေကို အဝတ်သန့်သန့် ဝတ်ပေးရနဲ့ မလိုတာတွေ တကယ်လုပ်ပါတယ်။ ပြီးတော့ စခန်းမှူးကတော်တွေက ခဏခဏ ဟိုကြေး၊ ဒီကြေးနဲ့ ပေးရတာတွေလည်း ရှိသေးတယ်။ ကျမတို့ရဲမိန်းမတွေက ယောကျၤား လုပ်စာ မလောက်မငှလို့ အပြင်ထွက် ဈေးရောင်းရပါတယ်ဆိုမှပဲ ရဲစခန်းထဲ အလှည့်ကျ ကင်းစောင့်ပေးရတာ ရှိသေးတယ်” လို့ ရန်ကုန်မြို့လယ် ရဲစခန်းတခုက ရဲဝန်ထမ်းတဦးရဲ့ အသက် ၃၀ အရွယ် ဇနီးသည်တဦးက ပြောပါတယ်။
ဒါ့အပြင် ခရိုင်မှူးအဆင့်ရှိတဲ့ ရဲအရာရှိတွေကို နယ်ထိန်းတာဝန်ကျ ရဲဝန်ထမ်းတွေက တလတကြိမ် သတ်မှတ်ငွေ ထည့်ဝင်ပြီး ကန်တော့ရတဲ့ အခြေအနေတွေလည်း ရှိသေးတယ်လို့ ရဲဝန်ထမ်းတွေဆီက သိရပါတယ်။
“ရန်ကုန်မှာမှ မဟုတ်ဘူး။ နယ်တွေမှာလည်း အောက်ခြေ ရဲဝန်ထမ်းတွေ ဘယ်လိုနေရ နေရ အထက်က ဂရုမစိုက်ဘူး။ရန်ကုန်မှာဆို ပိုဆိုးတယ်။ တချို့ ရဲစခန်းတွေကျတော့ အထပ်မြင့် တိုက်ခန်းတွေ ဆောက်ပေးထားတယ်။ တော်တော် များများ ရဲစခန်းတွေကတော့ စုတ်ချာလွန်းပါတယ်။ ကျနော်တို့ နေနေရတဲ့ ဘဝက ရဲဆိုတဲ့ နာမည်ကြားရုံနဲ့ လူတွေ နှာခေါင်းရှုံ့ခံရ တာတွေနဲ့တော့ အသားကျနေပါပြီ” လို့ လှိုင်မြို့နယ် ရဲ စခန်းက ရဲဝန်ထမ်းတဦးက ပြောပါတယ်။
ရဲအရာရှိ အများစုဟာ အကျင့်ပျက် ချစားမှုတွေကို ပြောင်ကျကျ ပြုလုပ်နေကြ ပေမယ့် ရပိုင်ခွင့်မရှိတဲ့ အောက်ခြေ ရဲဝန် ထမ်းတွေရဲ့ လစာဝင်ငွေတွေကတော့ သူတို့မိသားစုကို လုံလုံလောက်လောက် ထောက်ပံ့မပေးနိုင်ဘူးလို့ သိရပါတယ်။
ကျပ် ၄ သောင်းကနေ ၇ သောင်းအထိသာ အမြင့်ဆုံးရရှိတဲ့ သာမန်တပ်ကြပ်အဆင့် ရဲဝန်ထမ်းတွေဟာ အများပြည်သူဆီက အဂတိလိုက်စားဖို့ အခွင့်အလမ်းတောင် မရှိသလောက်ဘဲလို့ ပုစွန်တောင်မြို့နယ် ရဲစခန်းက ရဲတပ်ကြပ် တဦးက ပြောပါတယ်။
“နယ်ထိန်း ဖြစ်ရင်တော့ ကိုယ်ရတဲ့ နယ်မြေမှာ ရပိုင်ခွင့်လေးတွေ ရှိပါတယ်။ ဒီအပိုင်းမှာ ရာနှုန်းပြည့် ရိုးရိုး သားသား လုပ်ပါတယ် ဆိုတာ ရှားပါတယ်။ တချို့ ရဲဝန်ထမ်းတွေ ကျတော့လည်း နည်းနည်းပါးပါးလောက်ပဲ ယူကြပါတယ်။ အဲဒီလိုမှမယူရင် ကျနော်တို့တွေမှာ ရတဲ့လစာနဲ့က မလောက်ဘူး။ လစာတွေသာ ကောင်းနေရင် ဒီလိုအဖြစ်တွေလည်း ရှိမှာ မဟုတ်ပါဘူးဗျာ” လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ ရဲဝန်ထမ်းတဦးက ဆိုပါတယ်။
တရိပ်ရိပ် တက်လာတဲ့ ကုန်ဈေးနှုန်းတွေရဲ့ နောက်ကို လိုက်မမီနိုင်ဆဲ ဖြစ်နေသည့် တခြားသာမန် အစိုးရဝန်ထမ်း တွေလိုပဲ ရဲဝန်ထမ်း မိသားစုဝင်တွေဟာလည်း တဘက်တလမ်းကနေ ဝင်ငွေရရှိဖို့ စီးပွားရှာကြရတယ်လို့ ရဲမိသားစုဝင်တွေ ဆီက သိရပါတယ်။
“ကျမ အမျိုးသားရတဲ့ ဝင်ငွေက တလ ကျပ် ၆ သောင်း။ ရဲလုပ်သက်က ဆယ်နှစ်ကျော်ပြီ။ သူ့လစာက မိသား စုကို မထောက်ပံ့နိုင်တော့ ကျမအပါအဝင် သားသမီး ၂ ယောက်စလုံး အပြင်အလုပ် ထွက်လုပ်ရတယ်။ ရဲတွေက ပိုက်ဆံရပါတယ်၊ ရပါတယ်ဆိုတာ သာမန်ရဲဝန်ထမ်းတွေ မဟုတ်ပါဘူး။ ဒါကို သိစေချင်တယ်” လို့ အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရဲဝန်ထမ်းတဦးရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။
ရဲယူနီဖောင်းတွေကိုလည်း သူတို့ ကိုယ်ပိုင်ဝင်ငွေနဲ့ ချုပ်လုပ်ဝတ်ဆင်ရပြီး ငွေကြေးမတတ်နိုင်တဲ့ ရဲဝန်ထမ်းတွေ အတွက် ကတော့ စုတ်ချာလွန်းတဲ့ ဘွတ်ဖိနပ်တရံကိုပဲ အမြဲအသုံးပြုနေရပါတယ်လို့ အထက်ပါ အမျိုးသမီးက ဆိုပါတယ်။
“လူကြီးလမ်းကြောင်းတွေရှိရင် ဝတ်ရတဲ့ ခါးရှည် ယူနီဖောင်းတွေကို ကိုယ့်ဘာသာ ဝယ်ဝတ်ရတာ။ ဖိနပ်လည်း ကိုယ့်ဘာသာ ကိုယ်ပဲ။ ရဲ ခါးပတ်လည်း ကိုယ့်ဘာသာကိုယ်ပဲ။ အများစုကတော့ မတတ်နိုင်ကြလို့ ကျနော်တို့ အောက်ခြေ ရဲတွေရဲ့ အသွင်အပြင်က အမြဲတမ်း မသားမနား ဖြစ်နေရတယ်” လို့ လှိုင်မြို့နယ် ရဲစခန်းက ရဲတပ်ကြပ် တဦးက ပြောပါတယ်။
အစိုးရဆီက ရရှိတဲ့ လစာဝင်ငွေဟာ ကျပ် ၁ သိန်းမပြည့်ပေမယ့် တရားခံတွေကို ရုံးထုတ်တဲ့အခါ ရှိလာတဲ့ ကုန်ကျစားရိတ်၊ တရားခံတွေ သွားရောက် ဖမ်းဆီးတဲ့အခါ ကုန်ကျတဲ့ စားရိတ်တွေကိုလည်း ရဲဝန်ထမ်းတွေ အိတ်စိုက်ရတယ်လို့ ရဲဝန်ထမ်း တွေက ဆိုပါတယ်။
“သန်လျင်ကို တရားခံ သွားထုတ်ရတယ်။ အသွားအပြန် ကားငှားရတယ်။ ကျပ် တသောင်းကျော် ကျတယ်။ ပြန်ထုတ် လို့မရဘူး။ ပြောလို့လည်း မရဘူး။ ဘာမှလည်း မတတ်နိုင်ဘူး” လို့ အထက်ပါ ရဲဝန်ထမ်းတွေထဲက တဦးက ပြောပါတယ်။
အခက်အခဲပေါင်း များစွာကို နေ့စဉ်ရင်ဆိုင် ကျော်ဖြတ်နေရတဲ့ သာမန်ရဲဝန်ထမ်းတွေနဲ့ သူတို့ရဲ့မိသားစုဘဝတွေဟာ အစစအရာရာ ပြောင်းလဲတိုးတက်လာပြီ၊ ပြုပြင်ပြောင်းလဲမှုတွေ ရှိနေပြီဆိုတဲ့ မြန်မာပြည်ကြီးမှာ မပြောင်းမလဲ အရင်အတိုင်း ရှိနေဆဲ ဖြစ်ပါတယ်။
ရန်ကုန်မြို့လယ် တိုက်သစ်တွေကြားက ဟောင်းနွမ်းနေပြီဖြစ်တဲ့ ကျောက်တံတားရဲစခန်း ဝန်ထမ်းလိုင်းခန်းတခု မှာတော့ ရဲတပ်ကြပ်ကြီးရဲ့ အသက် ၆၀ အရွယ် ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူ ပင်စင်ရမယ့် မကြာတော့မယ့် အချိန်တခုကို ကြွက်တွေနဲ့ အတူ နေထိုင်ရင်း စောင့်မျှော် နေတယ်လို့ ဆိုပါတယ်။