ဆောင်းပါး

အုန်းပြန့် ဒိုင်ယာရီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကာလတလျှောက် နိုင်ငံရေး၊ ဘာသာရေး ဖိနှပ်မှု၊ တိုင်းရင်းသား ဒေသတွင်း စစ်ပွဲတွေနဲ့ သဘာ၀ ဘေးအန္တရာယ်တွေကြောင့် မြန်မာနိုင်ငံကနေ ထွက်ပြေးလာခဲ့ပြီး မြန်မာ-ထိုင်း ၂ နိုင်ငံ နယ်စပ်တလျှောက် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံရောက်ရှိလာကြပါတယ်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ ဒုက္ခသည်စခန်း ၉ ခုရှိပြီး စုစုပေါင်း လူဦးရေ ၁ သိန်းခွဲလောက် ရှိကြောင်း ထိုင်းအခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က စာရင်းထုတ်ပြန်ထားပါတယ်။ တတိယနိုင်ငံတွေမှာ ခိုလှုံခွင့် လျှောက်ထားသူ ဒုက္ခသည် စုစုပေါင်း ၈၄၉၀၀ ကို မှတ်ပုံတင် စာရင်းသွင်းပြီးပေမယ့် ခန့်မှန်းခြေ ၆၂၀၀၀ လောက်က ထိုင်းနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ အတည်ပြုချက် မရသေးလို့ မှတ်ပုံတင် စာရင်း မသွင်းရသေးဘူးလို့ UNHCR စာရင်းအရ သိရပါတယ်။

ဒီဒုက္ခသည် စခန်းတွေထဲက တခုဖြစ်တဲ့ အုန်းပြန့် ဒုက္ခသည်စခန်းရှိရာကို ယခုနှစ် ဖေဖော်ဝါရီလ အတွင်းက ရောက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ မဲဆောက် မြို့ ကနေ ၂ နာရီကျော် ကားစီးရပြီး တောင်ပတ်လမ်းတွေက တဆင့် တောင်နံရံတကြော ရပ်ကွက်ပေါင်း ၁၆ ရပ်ကွက်နဲ့ စုစည်းထားတဲ့ အုန်းပြန့် ဒုက္ခသည်စခန်းကို ရောက်ပါတယ်။

အမေရိကန် ဒုက္ခသည်ရေးရာ ကော်မတီ (ARC) ရဲ့ နောက်ဆုံး စာရင်းအရ အုန်းပြန့် ဒုက္ခသည်စခန်းမှာ တိုင်းရင်းသား ပေါင်းစုံရှိကြပြီး လူဦးရေ ၁၅၀၀၁ ဦးရှိပါတယ်။ ကရင်၊ ဗမာ၊ မွန်၊ ကချင် အစရှိသဖြင့် တိုင်းရင်းသား စုံလင်ပါတယ်။

အုန်းပြန့် ဒုက္ခသည်စခန်းကို ရောက်တော့ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ကနေတဆင့် ဧရာဝတီ သတင်းဌာနက အပတ်စဉ် တင်ဆက်နေတဲ့ ဒိတ်လိုင်း ဧရာဝတီ ဆွေးနွေးခန်းကို အားပေးတဲ့ ပရိသတ်တွေကို တွေ့ရပါတယ်။

“ကျနော်တို့က ဒိတ်လိုင်း ပရိသတ်တွေလေ။ ခင်ဗျားတို့ ဧရာဝတီတခုတည်းပဲ အဲဒီလို ဆွေးနွေးခန်းတွေ လုပ်တာ၊ သိပ်ကြိုက်တယ်” လို့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုစိုးမြင့်က ပြောပါတယ်။

နောက်မှ သိရတာက စခန်းတွင်းမှာ ဒုက္ခသည်တဦးက ရုပ်သံလိုင်းတွေကို သူ့နည်းပညာအစွမ်းနဲ့ ချိတ်ပြီး အိမ်တွေကို တလ ဘတ် ၃၀၀ နှုန်းယူကာ မြန်မာနဲ့သက်ဆိုင်တဲ့ DVB အပါအဝင် ရုပ်မြင်သံကြားလိုင်းတွေကို ကေဘယ်နဲ့ သွယ်ပေးပါတယ်တဲ့။

ဒီအတွက် သူတို့မှာ ကမ္ဘာကြီးကို ရုပ်မြင် သံကြားလိုင်း ပြူတင်းတံခါးတွေကနေ ကြည့်နိုင်လို့ ဗဟုသုတလည်း ရပါတယ်လို့ ကိုစိုးမြင့်က ပြောပါတယ်။

အဆိုပါ ဒုက္ခသည်တွေဟာ နိုင်ငံရေးကြောင့် ရောက်လာသူတွေရှိသလို စစ်ဘေး ဒုက္ခသည်တွေလည်း ရှိပါတယ်။ တချို့လည်း နာဂစ် ဆိုင်ကလုန်း မုန်းတိုင်းလို သဘာဝဘေးကြောင့် နေရပ်ရင်းမှာ ဘယ်လိုမှ ရပ်တည်လို့မရတော့လို့ ထွက်ပြေးလာသူတွေလည်း ပါဝင်ပါတယ်။

ဒီလို ဒုက္ခသည်တွေရှိသလို ရွှေငွေအပြည့်နဲ့ တတိယနိုင်ငံ အခြေချရေး အိပ်မက်နဲ့ ရောက်လာသူ ဒုက္ခသည်မျိုးလည်း တွေ့ရပါတယ်။

ဘာသာတရား အနေနဲ့လည်း အဆိုပါ ဒုက္ခသည်စခန်းတွင်းမှာ ဘာသာကြီး ၄ ခုစလုံး ရှိပါတယ်။ ခရစ်ယာန် ဘုရားကျောင်း ၂၁ ကျောင်း၊ အစ္စလမ် ဗလီ ၅ ခု၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ၅ ကျောင်း၊ ဟိန္ဒူ ဘုရားကျောင်း ၁ ကျောင်းရှိပါတယ်။ ဒုက္ခသည် စခန်းဖြစ်ပေမယ့် ဘာသာရေး လွတ်လပ်မှုလည်း ရှိတာ သတိထားမိပါတယ်။ ဘာသာရေး ပွဲတော်တွေလည်း လွတ်လွတ်လပ်လပ် ကျင်းပကြလေ့ရှိပါတယ်တဲ့။

ပညာရေးနဲ့ပတ်သက်လို့ စခန်းတွင်းမှာ JC လို့ သူတို့ ခေါ်တဲ့ တောတွင်း ကောလိပ်တကျောင်း၊ ကော့မူးရာ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းတွေ ရှိပါတယ်။ ကျောင်းသားတွေကတော့ ထောင်ချီပြီး ရှိကြပါတယ်။ ဒါပေမယ့် ဒုက္ခသည်စခန်းတွင်းက ကျောင်းတွေဆိုတော့ ပြည့်စုံမှုမရှိတာ မဆန်းပါဘူး။ ဒါပေမယ့် ကလေးတွေက ပညာကို တကယ်လိုလားကြတာ တွေ့ရပါတယ်။

“သမီးတို့က အနာဂတ် ပျောက်နေသူတွေဆိုတော့ ပညာရေးကို ကြိုးစားတယ်” လို့ အသက် ၁၅ နှစ်အရွယ် ကရင် အမျိုးသမီး ကလေးတဦးက ဆိုပါတယ်။

ကျောင်းတက်နိုင်သူတွေရှိသလို ကျောင်းမတက်နိုင်တဲ့ ကလေးသူငယ်တွေလည်း ရှိနေပါတယ်။ သူတို့တွေကတော့ စခန်းတွင်းမှာ အမှိုက်ကောက်ပြီး ပြန်ရောင်းကြတယ်။ အုန်းပြန့် ဒုက္ခသည်စခန်းတွင်းက အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေဟာ တကယ်လည်း အနာဂတ် မဲ့နေကြပါတယ်။

အစ်မတွေလို ကျောင်းတက်ချင်လို့ ငိုနေသူ မိန်းကလေး တယောက်ကိုလည်း တွေ့ရပါတယ်။

ပညာရေး စေတနာ့ ဝန်ထမ်းတွေအတွက် ပုံမှန် လစာဆိုတာ မရှိကြပါဘူး။ သူတို့လည်း ဒုက္ခသည်စခန်းတွင်းက ဒုက္ခသည်တွေပါ။ ဒါပေမယ့် သက်ဆိုင်ရာ NGO အဖွဲ့တွေရဲ့ ထောက်ပံ့မှုအဖြစ် တလကို မုန့်ဖိုးငွေ ဘတ်ငွေ ၆၀၀၊ ၇၀၀ တော့ ရကြကြောင်း အုန်းပြန့် ဒုက္ခသည် စခန်းတွင်းမှ ကျောင်းသား ၆၀၀ ခန့် ရှိတဲ့ အမှတ် (၃) မွတ်စလင် အလယ်တန်း ကျောင်းအုပ် ဦးအောင်ဇော်ထွန်းက ပြောပါတယ်။

“ဒီက ကျောင်းဆရာတွေက လစာမရှိဘူး။ မုန့်ဖိုးငွေ ၆၀၀ ဘတ် (အမေရိကန်ဒေါ်လာ ၂၀) ဆိုတာ မုန့်ဖိုးအနေနဲ့ရတယ်။ ကျနော်တောင် ကျောင်းအုပ်မို့ မုန့်ဖိုးအဖြစ် ဘတ် ၇၀၀ ပဲ ရတယ်” လို့ သူက ဆိုပါတယ်။

ပညာတတ် တချို့ကတော့ စခန်းတွင်းက လူငယ်တွေကို အင်္ဂလိပ်စာနဲ့ ကွန်ပျူတာပညာ သင်ပေးရင်း ပညာဒါန ပြုနေသူတွေလည်း ရှိပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်လို့ ဥရောပ ကော်မရှင်က ထောက်ပံ့ကူညီမှုနဲ့ ဆေးရုံတရုံ ရှိပါတယ်။ ဆေးရုံနဲ့ ပတ်သက်လို့တော့ ဓာတ်ပုံရိုက်ခွင့်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ခွင့်မပြုပါဘူး။

အဲဒီ ဆေးရုံကလည်း သားဖွားဆောင်၊ အမျိုးသား၊ အမျိုးသမီး၊ ကလေး လူနာဆောင်တွေနဲ့ သန့်သန့်ရှင်းရှင်း ရှိပါတယ်။ ထိုင်းဘက်မှာ လျှပ်စစ်မီးကြေးက တယူနစ်ကို ၄ ဘတ်သာ ပုံမှန်ရှိပေမယ့် ဒုက္ခသည် စခန်းတွင်းအတွက် တယူနစ် ၁၀ ဘတ် သတ်မှတ်လို့ ဒီဆေးရုံက ထိုင်း လျှပ်စစ်မီးကို မယူဘဲ ကိုယ်ပိုင် မီးစက်ကြီးတလုံးနဲ့ လည်ပတ်နေပါတယ်တဲ့။

စခန်းတွင်းမှာ ဖုန်းနံပတ် တချို့ကို ဆေးရုံအနီးက အရေးပေါ် လူနာတင်ကားထားရာ နေရာတခုမှာ ချိတ်ဆွဲထားပြီး အချိန်မရွေး ဖုန်းဆက် အကူအညီ တောင်းမယ်ဆိုရင်တော့ စခန်းတွင်း ဆေးရုံက မနိုင်တဲ့ လူနာမျိုးဖြစ်ရင်တောင် နီးစပ်ရာ အုန်းဖန်မြို့၊ မဲဆောက်မြို့တွေက ဆေးရုံတွေကို လိုက်ပို့ပေးတယ်လို့ သိရတယ်။

ကျန်းမာရေးပြဿနာ တခုခု ဖြစ်လာပြီ ဆိုရင်တော့ စခန်းတွင်း ဒုက္ခသည်တွေအနေနဲ့ အတော်စိတ်ပူရတဲ့ ကိစ္စလို့ ပြောကြပါတယ်။ တဖက်က အသက်နဲ့ ကျန်းမာရေး၊ တဖက်က ငွေကြေး မရှိမှုပါ။ ဒီအတွက် သောကတွေဆင့်ဆင့် ရောက်လာတတ်တယ်လို့ ဆိုပါတယ်။

“ကျန်းမာရေးတခုခု ဖြစ်ပြီဆိုရင်တော့ အသက်ရှင်ရေးဆိုတဲ့ မျှော်လင့်ချက်က ခမ်းခြောက်သွားတာပါပဲ” လို့ မကြာသေးမီက ဇနီးမောင်နှံ ၂ ဦးလုံး ဆေးရုံတက်ခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်တဲ့ ဦးကြည်ဝင်းက ပြောပါတယ်။

ဒုက္ခသည်တွေကို သက်ဆိုင်ရာ NGO တွေကနေ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သင်တန်းပေးမှုတွေလည်း ရှိပါတယ်။

ဒုက္ခသည် စခန်းတွင်းမှာ စားဝတ်နေရေးကလည်း အဓိက အကျဆုံး အခက်အခဲပါ။ အာဟာရပြည့်မီတဲ့ အစားအစာတောင်မှ ဖူလုံမှု မရှိပါဘူး။ ဒုက္ခသည်တွေကို ဝေငှတဲ့ ရိက္ခာတွေကလည်း တကယ်တမ်း လုံလောက်မှု မရှိဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။

ဒုက္ခသည်တွေကို ကူညီထောက်ပံ့နေတဲ့ ထိုင်း-နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွှန့်ပေါင်းအဖွဲ့ (TBBC) နဲ့ နိုင်ငံတကာက အစိုးရ မဟုတ်တဲ့ NGO အဖွ့ဲ ၂၀ လောက်ရှိပါတယ်။

ဒုက္ခသည်တွေကို ဝေငှတဲ့ရိက္ခာတွေက လူတဦးကို တလအတွက် ဆန်က ၁၂ ကီလို၊ ဆီက လီတာဝက်၊ ပဲက တကီလို၊ မီးသွေးက အိမ်ထောင် ဦးစီးအတွက် ကီလို ၂၀ နဲ့ တဦးချင်းအတွက် ၅ ကီလို၊ တနှစ်စာ အိမ်ပြင်စရိတ် ဘတ်ငွေ ၃၀၀ စသဖြင့် ရကြတယ်လို့ သိရပါတယ်။

“မီးသွေးက မလောက်ဘူးလေ။ ဒီတော့ ကျမတို့လည်း အခုလို ထမင်းရည်နဲ့ မီးသွေးမှုန့်တွေကို လုံးပြီး နေပူလှမ်း၊ ပြန်သုံးရတာပဲ” လို့ မီးသွေးမှုန့်တွေကို လုံးပြီး အခြောက်လှမ်းနေတဲ့ ဒုက္ခသည်အမျိုးသမီးတဦးက ပြောပါတယ်။

စားဝတ်နေရေးအတွက် ဒုက္ခသည်တွေမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရုန်းကန်လှုပ်ရှားနေကြရတယ်။ တချို့ အရွယ်ရောက်သူတွေကတော့ ဒုက္ခသည်စခန်းတွင်းက ထွက်ပြီး စခန်းအနီးက ထိုင်းနိုင်ငံသား မုံတိုင်းရင်းသားတွေရဲ့ တောင်ယာလုပ်ငန်းတွေမှာ ထိုင်းဘတ်ငွေ ၁၀၀ ဝန်းကျင်လောက် ရဖို့ တနေကုန် အလုပ်လုပ်ကြပါတယ်။

တချို့လည်း မြေကွက်လပ်လေးတွေမှာ အသီးအနှံစိုက်ပျိုး စားသောက်၊ ရောင်းချပြီးလည်း ဘဝရှင်သန်ရေးအတွက် အားမွေးနေကြတယ်။

ဒုက္ခသည်တွေဟာ မနက် စောစော ၃ နာရီလောက်ထပြီး စခန်းနားက မျှော့ရွာဆီသွားရတယ်။ အဲဒီမှာ တောင်ယာ အလုပ်သမား လာခေါ်တဲ့ ထိုင်းလူမျိုးတွေက တနေ့ လုပ်အားခ ဘတ် ၁၀၀၊ ၁၂၀ ဈေးနှုန်းနဲ့ ဒုက္ခသည်တွေကို ငရုတ်သီးခူးတာ အစရှိတဲ့ တောင်ယာလုပ်တဲ့ လုပ်ငန်းခွင်တွေကို ကားတွေနဲ့ လာခေါ်တတ်ကြတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

“မနက်ဆို ထောင်ထဲတုန်းကလိုပဲ။ အလုပ်ဘုတ်တွေ ထွက်ခါနီး တန်းစီပြီး ငုတ်တုတ်လေးတွေ ထိုင်နေရတာ။ ကိုယ် ဈေးကြိုက်တဲ့ အလုပ်က ခေါ်သံကြားရင် အလုအယက် လက်ထောင်ရတယ်။ ပြီးရင် ကားပေါ်တက် လိုက်သွား၊ တနေ့ ဘတ် ၈၀ ကနေ ၁၅၀ လောက်တော့ ရတယ်။ အလုပ်အပေါ်မှာ မူတည်ပြီး ပိုက်ဆံရတယ်” လို့ အုန်းပြန့် ဒုက္ခသည် စခန်းက ဦးလှသန်းက ပြောပါတယ်။

စခန်းတွင်းက လူတွေအတွက် အဝတ်အစား၊ ဒီဇိုင်းဆန်းလေးတွေ ချုပ်ပေးရင်း အသက် မွေးဝမ်းကျောင်းသူ တချို့လည်း တွေ့ပါတယ်။

“ကျမကတော့ စက်ချုပ်တယ်။ တချို့ကိုလည်း သင်ပေးတယ်။ ရောက်နေတဲ့ ဘဝကို ဒီလိုနည်းနဲ့ ရှင်သန်အောင် လုပ်နေရတာပဲ” လို့ စက်ချုပ်လုပ်ငန်းလုပ်တဲ့ မဇွန်သူက ဆိုပါတယ်။

ဒုက္ခသည်စခန်းမှာ တနေ့ ဝင်ငွေ ဘတ် ၁၀၀ လောက် ရဖို့ဆိုတာ အလွန်ခက်ခဲပါတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

“ဒီမှာက နိုင်ငံခြားတိုင်းပြည်တွေ ရောက်နေတဲ့ ကိုယ်မိတ်ဆွေ၊ ဆွေမျိုးသားချင်းတွေက အထောက်အပံ့ မရှိရင်တော့ ဘယ်လိုမှ မလွယ်ဘူး” လို့ ကချင်ပြည်နယ်က လာတဲ့ ဂေါ်ရခါးအမျိုးသမီး တဦးက ပြောပါတယ်။

ဒုက္ခသည် စခန်းတလျှောက် အိမ်ဆိုင်လေးတွေလည်းရှိပြီး ကုန်စုံဆိုင်ကြီးတွေလည်း ရှိပါတယ်။ ကုန်စုံဆိုင်ကြီးတွေကတော့ ကရင်တွေ၊ ဗမာတွေ ပိုင်ဆိုင်တာ သိပ်မရှိလှပါဘူး။

ကုန်စုံဆိုင်ကြီးတွေမှာ နိုင်ငံခြားငွေ မျိုးစုံ လဲလှယ်တဲ့ လုပ်ငန်းတွေလည်း ရှိပါတယ်။ တချို့ဆို ဒုက္ခသည်သာ ဆိုပေမယ့် နိုင်ငံကူး လက်မှတ်တွေတောင် ရှိတယ်လို့ သိရတယ်။ သူတို့တွေအတွက် ဒုက္ခသည်စခန်းဟာ စီးပွားရေး ဈေးကွက်ကြီး တခုလိုပါပဲ။

တကယ့် ဒုက္ခသည် စစ်စစ်တွေကိုတော့ တဲအိမ် ယိုင်နဲ့နဲ့၊ မိုးလေ နည်းနည်း ပြင်းထန်ရင် လွင့်ပါသွားမယ့် နေရာတွေမှာ မြင်ရပါတယ်။

ဒုက္ခသည် လူငယ်တယောက်ဆိုရင် တဲအိမ်လေးနဲ့ စတိုင်ကျကျ ဆံပင်တွေကို ညှပ်ပေးရင်း အသက်မွေး ဝမ်းကျောင်းပါတယ်။ သူ့အတွက် တဝမ်းတခါးကို မနည်း ရုန်းကန်နေရတယ်လို့ ဆိုပါတယ်။

အုန်းပြန့် ဒုက္ခသည်စခန်းတွင်းက ဒုက္ခသည်တွေရဲ့  အများစု တူညီတဲ့ မျှော်လင့်ချက်ကတော့ တတိယ နိုင်ငံတခုခုမှာ အခြေချ နေထိုင်ဖို့ပါပဲတဲ့။

“ဟိုအရင်က ဒီစခန်းထဲမှာ လူ ၄ သောင်းကျော်၊ ၅ သောင်းလောက်ရှိတယ်။ တတိယနိုင်ငံ အခြေချရေး မျှော်လင့်ချက် သိပ်မရှိတော့တဲ့အခါ အခု စခန်းမှာ ကျန်ခဲ့တဲ့ လူတွေက တကယ့်ကို မြန်မာပြည် ပြန်ဖို့ အဆင်မပြေသူတွေပါပဲ” လို့ ဒုက္ခသည် တဦးဖြစ်သူ မအေးအေးမိုးက ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီး လက်မှတ်ရထားသူတွေ ရှိသလို မရသေးတဲ့ လူတွေလည်း အများကြီး ရှိပါတယ်။ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု လက်မှတ်ရပြီးသူတွေ အတွက်တော့ မျှော်လင့်ချက်က အနီးဆုံးမှာ ရှိနေတယ်လို့ ဆိုတယ်။

ဒါကလည်း ထိုင်းပြည်ထဲရေးက အသိအမှတ်ပြုမှု ရှိမှသာ တတိယနိုင်ငံ ထွက်ခွာလို့ရမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ကလည်း ၁၉၅၁ ခုနှစ် ဒုက္ခသည်ဆိုင်ရာ အကာအကွယ်ပေးရေး သဘောတူညီမှု (1952 Refugee Convention) မှာ လက်မှတ် မထိုးထားလေတော့ ၂၀၀၆ နောက်ပိုင်းမှာ ထိုင်းနိုင်ငံက ဒုက္ခသည်အသစ်တွေကို ဒုက္ခသည်အဖြစ် အသိအမှတ်မပြုဘဲ ရှိနေခဲ့တယ်။

ဒါပေမယ့် လူသားချင်း စာနာမှုအရ တတိယနိုင်ငံတွေ ထွက်ခွာရေး ဒုတိယနိုင်ငံရဲ့  တာဝန်ကိုတော့ လုပ်ဆောင်နေပါတယ်။ အခုတော့ ထိုင်းနိုင်ငံအနေနဲ့ ၂၀၁၂ ခုနှစ်က ပြန်လည်စတင်ကာ တဦးချင်းစီအလိုက် တတိယနိုင်ငံတခုခုမှာ ပြန်လည် အခြေချနေထိုင်ရေးအတွက် လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်နေပါတယ်။

၂၀၀၆ ခုနှစ် နှောင်းပိုင်းရောက်လာတဲ့  လူသစ်လို့ ခေါ်တဲ့ ဒုက္ခသည်တွေကတော့ မျှော်လင့်ချက်တွေ မှေးမှိန်နေတာပါပဲတဲ့။ ဘယ်လိုမှ စာရင်းသွင်းခြင်း မခံရတဲ့သူတွေ အတွက်တော့ တတိယနိုင်ငံ အခြေချရေးဆိုတဲ့ မျှော်လင့်ချက်က လုံး၀ မဲ့နေတယ်လို့ ဆိုတယ်။

ထိုင်းနိုင်ငံအနေနဲ့လည်း မြန်မာဒုက္ခသည် ကိစ္စဟာ နှစ်ပေါင်းများစွာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေလေတော့ နေရပ်ရင်းပြန်ပို့လိုတဲ့ ဆန္ဒရှိကြောင်း သိရပါတယ်။ ဒါကြောင့်လည်း ပြုပြင်ပြောင်းလဲရေး လုပ်လာတဲ့ မြန်မာအစိုးရနဲ့ ဒုက္ခသည် ပြန်လည် လက်ခံရေးကိစ္စတွေလည်း  နှစ်နိုင်ငံ တာဝန်ရှိသူတွေလည်း ဆွေးနွေးကြတာပါ။

မြန်မာအစိုးရပိုင်းကတော့ ပွင့်လင်းစပြုလာတဲ့ အပြောင်းအလဲတွေ လုပ်နေတဲ့အတွက် ဒုက္ခသည်များ လက်ခံရေး ကော်မတီတွေဖွဲ့ပြီး ဒုက္ခသည် မိသားစုတွေအတွက် အသက်မွေးဝမ်းကျောင်းဖို့ လယ်ယာမြေ ၁၀ ဧကစီ ပေးရေးနဲ့ အလုပ်အကိုင်သစ်များ ဖန်တီးပေးရေး အစီအစဉ်တွေ ဆွဲနေတယ်လို့ ဆိုပါတယ်။

၂၀၁၂ စက်တင်ဘာလမှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဧရာဝတီနဲ့ သီးသန့် အင်တာဗျူးမှာ တိုင်းရင်းသား ဒုက္ခသည်တွေ ပြန်လာနိုင်ဖို့ မိုင်းတွေရှင်းတာ၊ နေအိမ်တွေ ဆောက်တာ၊ အစားအသောက် တနှစ်စာ ထောက်ပံ့တာတွေ လုပ်ပေးဖို့ ရှိကြောင်း၊ တောင်ယာလုပ်လိုသူများကို ခြံနှင့် လယ်လုပ်စ္စည်းများ ထောက်ပံ့ပေးပြီး မလုပ်လိုသူများအတွက် နယ်စပ်ဝင်ပေါက် ထွက်ပေါက်တွေမှာ စက်မှုဇုန်လိုမျိုးတွေ တည်ဆောက်ပေးမယ်လို့တော့ ပြောခဲ့ဖူးပါတယ်။

စစ်ပြေး ဒုက္ခသည်တွေကတော့ လတ်တလော တိုင်းရင်းသားနယ်မြေတွေမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေ မပီပြင်သေးလို့ နေရပ်ရင်း ပြန်ဖို့ဆိုတာ အဆင်သင့်မဖြစ်ကြသေးကြောင်း ဒုက္ခသည်တွေနဲ့ လေ့လာသူတွေက ဆိုပါတယ်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading