[irrawaddy_gallery]
မုံရွာမြို့ တဘက်ကမ်းကို စက်လှေနဲ့ ဖြတ်ပြီး တမာပင်နဲ့ ထနောင်းပင်တန်းတွေ ရှိတဲ့ ဆားလင်းကြီးလမ်းကို ဆက်သွားတဲ့အခါ လက်ပန်းတောင်းတောင် အနီးက တုံရွာသပိတ် စခန်းကိုတွေ့လိုက်ရတယ်။ လမ်းမတခုလုံးက တမာရွက်ဝါကြွေတွေနဲ့ ဝါထိန်လို့ နေပါတယ်။
အဲဒီ သပိတ်စခန်းကို ရောက်တော့ ဆန္ဒပြနေတဲ့ ရွာသူ ၂၀ လောက်နဲ့ ရန်ကုန်ကနေ လာကူညီနေတဲ့ ဒေါ်နော်အုန်းလှတို့ စကား ပြောနေတာကို တွေ့လိုက်ရတယ်။ သူ့ဘေးနား မှာ ဒေသခံတွေက နားထောင်နေပြီး သူကသာ ဥပဒေ အကြောင်း အရာတွေကို ဒိုင်ခံရှင်းပြနေတယ်။
“ညတုန်းက ဒီသပိတ်စခန်းကိုပဲ ဝင်စီးတော့မလိုလိုနဲ့ ကင်းတွေ ချထားရတယ်။ လက်ပန်းတောင်းတောင် သပိတ်စခန်းတွေ ဖြိုခွင်းခံရတဲ့ ၃ လပြည့်နေ့ကလည်း ဒီက ဒေသခံတွေရဲ့ ဆန္ဒအတိုင်း တရက် အစာငတ်ခံ ဆန္ဒပြခဲ့ကြသေးတယ်။ ကျမတို့က ပံ့ပိုးပေးတာပဲရှိတာ၊ သူတို့ကတော့ တောင်ကြီး မပျက်စီးရေးနဲ့ လယ်ယာမြေတွေ ပျက်စီးမှာ မလိုချင်ကြဘူး” လို့ ဒေါ်နော်အုန်းလှက ပြောပြတယ်။
သပိတ်စခန်းမှာရှိနေတဲ့ သူတွေကတော့ လက်ပန်းတောင်းတောင် သပိတ်စခန်းတွေ ဖြိုခွင်းခံလိုက်ရပြီး ၁၇ ရက်အကြာ ပြန်စဖွင့် ကတည်းက လာရောက်နေကြတဲ့ သူတချို့ရှိသလို အဝင်အထွက်၊ အသွားအပြန် လုပ်နေတဲ့သူတွေလည်း ရှိတယ်လို့ သိရတယ်။ အများအားဖြင့် ညနေဘက် ရောက်မှ လူများလာတတ် ကြတယ်လို့ သိရတယ်။
လက်ပန်းတောင်းတောင် အရေးအတွက် ဖွဲ့စည်းထားတဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်အပေါ် အယုံကြည် မရှိတဲ့ အတွက်ကြောင့် ဒီလို သပိတ်စခန်း ပြန်ဖွင့်ရတာလို့ ဒေသခံတွေက ပြောဆိုခဲ့ကြောင်း ဒေါ်နော်အုန်းလှက ရှင်းပြပါတယ်။
ဒေသခံတယောက်က “ဘယ်သူ့ကိုမှလည်း အားကိုးစရာမရှိဘူး။ ဘယ်သူ့ကိုမှလည်း အားကိုးရမှန်းမသိဘူး။ ထွက် ဆိုတော့လည်း ရေဘူးလေးဆွဲ၊ ဖိနပ်လေးဆွဲပြီး ထွက်လာတာပဲ” လို့ ကြားဖြတ်ပြောတယ်။
လက်ပန်းတောင်းတောင် အရေးနဲ့ ပက်သက်ပြီး နိုင်ငံတော်ကနေ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ဒေသခံ တချို့ ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီတရပ်ကို ဖွဲ့စည်းကာ ယခုနှစ် ဇန်နဝါရီလကုန်မှာ နိုင်ငံတော် သမ္မတထံ တင်သွင်းဖို့ သတ်မှတ် ထားပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ဒီနေ့အချိန်ထိ တင်သွင်း ထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။
ဒါကြောင့်လည်း ဒေသခံများအကြား လက်ပန်းတောင်းတောင် စီမံကိန်း ဆက်လက် လုပ်ကိုင်မှုကို လုံးဝမလိုလားဘဲ အပြီးတိုင် ဖျက်သိမ်းရေးကိုသာ ဦးတည်နေကြပေမယ့် စုံစမ်း စစ်ဆေးရေး ကော်မရှင်ရဲ့ အဖြေကို စောင့်နေတဲ့ သူတွေလည်း ရှိနေသလို အဲဒီကော်မရှင်ကို ယုံကြည်မှုမရှိဘဲ ဆန္ဒဆက်ပြနေတဲ့ သူတွေလည်း ရှိနေတာကို တွေ့ခဲ့ရပါတယ်။
ဒါပေမယ့် ဒေသခံတွေရဲ့ ရင်ထဲမှာတော့ ဒီလက်ပန်းတောင်းတောင်က ကြေးနီစီမံကိန်း လုံး၀ ဖျက်သိမ်းရေးကိုတော့ ဘုံသဘောတူညီမှု ရှိကြတယ်။ လက်ရှိကာလမှာ ဒီစီမံကိန်း ဖျက်သိမ်းရေးအပေါ် ဖော်ဆောင်နေတဲ့ ပုံစံတွေကတော့ မတူညီကြပါဘူး။
“ရည်မှန်းချက်တွေတော့ အားလုံးက သဘောထား တူညီကြပါတယ်။ ဒါပေမယ့် ကျနော်တို့က သပိတ်စခန်းကို ပြန်ဖွင့် ခဲ့ရတာ ဒေသခံပြည်သူတွေ နိုးကြားနေဖို့နဲ့ မြန်မာ တနိုင်ငံလုံးက ပြည်သူတွေရဲ့ စိတ်ပါလက်ပါ အားပေးထောက်ခံမှုတွေ အရှိန် မကျစေဖို့ပါ။ ဒေသခံတွေအပေါ် စာနာထောက်ထားမှုတွေ ဆက်ရှိနေစေချင်တယ်။ ဒီလို လုပ်တဲ့အထဲမှာ တဦးနဲ့တဦး အကောင်အထည် ဖော်တဲ့အပိုင်းတော့ ကွဲပြားနေတာပေါ့” လို့ လက်ပန်းတောင်းအရေးကို ကူညီနေတဲ့ ကိုဟန်ဝင်းအောင်က ပြောတယ်။
လက်ပန်းတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဆိုတာက အစီရင်ခံစာကို နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်ထံသာ တင်သွင်းရမှာဖြစ်ပြီး သူတို့ကော်မရှင်မှာ ဆုံးဖြတ် ပိုင်ခွင့်မရှိတဲ့ အတွက်ကြောင့် အခုလို သပိတ်စခန်းဖွင့်ပြီး အခြေအနေကို စောင့်ကြည့် နေရတဲ့အကြောင်း ရှင်းပြတယ်။
ဒီလိုနဲ့ သပိတ်စခန်းမှာရှိနေတဲ့ ဒေသခံတွေကို မေးမြန်းကြည့်တဲ့အခါမှာ တကယ်လို့ စုံစမ်းရေး ကော်မရှင်ကနေ အဖြေ ထွက်လာပြီးနောက်ပိုင်း ဒီလက်ပန်းတောင်းတောင် စီမံကိန်းကို ဆက်လက် အကောင်အထည် ဖော်မယ်ဆိုရင်တော့ ဆန္ဒပြကြမယ့် အရှိန်ကို တိုးမြှင့်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
တကယ်လို့များ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ကလို ဆန္ဒပြကြတဲ့သူတွေကို အကြမ်းဖက်မယ် ဆိုရင်တော့ တနည်းနည်းနဲ့ လက်တုံ့ ပြန်သွားမယ့်အကြောင်း မိုးကြိုးပြင်အလယ်ရွာက မခင်မာရွှေက ဆိုပါတယ်။
“ပထမ တကြိမ်တုန်းကတော့ ဒေသခံတွေက အကြမ်းဖက် ဖြိုခွင်းတာကို လက်တုံ့မပြန်ခဲ့ဘူး။ ဒီတကြိမ်မှာ ဒီလို ပြန် အကြမ်းဖက်မယ် ဆိုရင်တော့ ဒေသခံတွေက ရရာအနေ အထားကနေ ပြန်လက်တုံ့ပြန်တော့မယ်။ သူတို့က ဆက်ကြမ်းမယ်ဆိုရင် ဒီဘက်ကလည်း ပြန်ကြမ်းမယ်” လို့ သူက ဆက်ပြောတယ်။
ဆည်တဲရွာရဲ့ အဝင်ဝအရောက်မှာတော့ “သတိ စစ်ဆေးမှု ခံယူပါ အန္တရယ်ဇုန်” ဆိုတဲ့ ဆိုင်းဘုတ်နဲ့ ရွာကို ကာရံထားတဲ့ တံခါးက ဆီးကြိုနေပါတယ်။ ဒီနေရာမှာ ညတိုင်း ရွာသားတွေက ကင်းစောင့်ကြတဲ့အကြောင်း ဒေသခံတချို့က ပြောပြတယ်။
ဒီရွာအဝင်တင်မကပါဘူး၊ ရွာထဲက ထွက်ပေါက်မှန်သမျှ ဒီလို တံခါးနဲ့ စစ်ဆေးမှုတွေလုပ်ဖို့ ကင်းတဲလေးတွေ ရှိနေပါတယ်။ ရွွာရဲ့တဘက်မှာတော့ လယ်ကွက်တွေနဲ့ လက်ပန်းတောင်း တောင်ကြီးကို မြင်တွေ့လိုက်ရတယ်။
လက်ပန်းတောင်း တောင်ရဲ့ဘေး လယ်ကွက်လက်တွေ ထဲမှာတော့ မြေစာပုံတွေက မူလတောင် တဝက်လောက်အထိ မြင့်မားစွာ ရပ်တည်နေပါပြီ။ ဆည်တဲရွာရဲ့ အပြင်ဘက် လယ်ကွက်တွေကစပြီး ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ နေရာတွေဖြစ်တဲ့အကြောင်း သိရတယ်။
ဒါပေမယ့် လက်ပံတောင်း တောင်ခြေတွေမှာ လုံခြုံရေးရဲတွေ စောင့်ကြပ်နေတာကို မတွေ့ခဲ့ရပါဘူး။
မြေစာပုံတွေကို ပတ်ပြီး လယ်ကွင်းတွေကို ဖြတ်သန်းသွားတဲ့အခါမှာ မုံရွာကနေ ဖိုဝင်တောင်၊ အလောင်းတော် ကဿပကို သွားတဲ့လမ်းကို ပြန်ရောက်ခဲ့တယ်။ ဆိုင်ကယ်နဲ့ ဖြတ်သန်းသွားချိန် တိုးဝင်လာတဲ့လေတွေက လေပူတွေပဲ ဖြစ်နေတာကို သတိထားမိတယ်။ ဒီနေရာက အရင်နှစ်တွေထက် ပိုပူလာ တဲ့အကြောင်း ဒေသခံတွေက ပြောပြတယ်။
မုံရွာကိုပြန်ဖို့ အဲဒီကားလမ်းအတိုင်း ဆက်လာတဲ့အခါမှာတော့ လက်ပန်းတောင်းတောင် စီမံကိန်းကို လုပ်ကိုင်နေတဲ့ တရုတ် ဝမ်ပေါင် ကုမ္ပဏီကို ဖြတ်လာခဲ့ရတယ်။ အဲဒီအရှေ့မှာတော့ ရဲလုံခြုံရေးတချို့ရှိနေပြီး ကုမ္ပဏီဝင်းထဲမှာ လုံခြုံရေးအဖွဲ့ တချို့ စခန်းချနေတာကို လှမ်းမြင်လိုက်ရတယ်။
ကုမ္ပဏီက ကားလမ်းရဲ့ နှစ်ဘက်စလုံးမှာ အဆောက်အဦး အများအပြားနဲ့ ရှိနေတဲ့အပြင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ နေရာဖြစ်တဲ့အတွက် ကျူးကျော်ဝင်လာရင် ဥပဒေအရ အပြစ်ပေးခံရမယ်ဆိုတဲ့ ဆိုင်းဘုတ်ကိုလည်း ချိတ်ဆွဲထားတယ်။ ကုမ္ပဏီ အဆောက်အဦးတွေရဲ့ အကျော်မှာလည်း ကားလမ်းဘေးတွေက သံဆူးကြိုးတွေနဲ့ အသင့်ချထားတာကို တွေ့လိုက်ရတယ်။
ဝက်မှေးရွာထဲမှာတော့ ဒေသခံ တော်တော်များများ ရွာထဲမှာ မရှိကြပါဘူး။ လယ်ကွင်း၊ ယာကွင်းထဲမှာကလည်း ဒီရာသီက စိုက်ပျိုးမှု ရပ်နားနေချိန်ဖြစ်တဲ့ အတွက် မုံရွာမြို့ပေါ်မှာ ဈေးရောင်း ချနေတဲ့သူတွေက ရောင်းချနေသလို၊ တချို့ကလည်း ပုံမှန် င်ငွေရမယ့် အလုပ်တခုခု လုပ်နေကြတဲ့အကြောင်း သိခဲ့ရတယ်။
ဒီရွာခံတွေက လက်ပန်းတောင်းအရေးမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတဲ့အတွက် နိုင်ငံတကာကပါ သိခဲ့ရတဲ့ နေရာ၊ တခြား ရွာတွေကလည်း ပါပေမယ့် လက်ပန်းတောင်းအရေးမှာ အမာခံရွာလို့တောင် ခေါ်ရတဲ့ရွာ ဖြစ်ပါတယ်။
ဒီစီမံကိန်း ဆက်လုပ်ဖို့အတွက် အလျော်အစားတွေ မလိုချင်တဲ့အကြောင်း၊ ဒီတောင်ကြီးမှာ ဆက်လုပ်မယ်ဆိုရင် ဒီ ယာတွေကနေ သေချာပေါက် ဖယ်ပေး ရမှာဖြစ်တဲ့ အကြောင်း၊ အဖယ် မခံနိုင်တဲ့ အကြောင်းနဲ့ ဒီရွာသူရွာသားတွေက စာမတတ်၊ ပေမတတ် ဖြစ်တာမို့ တရုတ်ကျွန် ခံရမှာ ဖြစ်တဲ့အကြောင်း ဝက်မှေးရွာသူ မဖြူဖြူဝင်းက ပြောပြတယ်။
“အခုတောင် စကာစရှိသေးတယ်၊ နှစ်ပိုင်းလေးပဲ ရှိသေးတယ်။ သူတို့ မြေကွက် သိမ်းထားတဲ့အထဲကို သီးနှံတွေစိုက်တယ်။ အဲဒီစိုက်တာမှာ ရွှေ့ပြောင်းပေး လိုက်ရတဲ့ ရွာထဲ ကလူတွေက အဲဒီမှာ ပေါင်းနှုတ်နေရတယ်။ အရင် ယာပိုင်ရှင်၊ မြေပိုင်ရှင်တွေက သူများကျွန် ဖြစ်နေတယ်။ လုပ်ငန်းခွင်မှာလည်း သန့်ရှင်းရေး အလုပ်လောက်ပဲရမယ်။ ဒီစီမံကိန်း အောင်မြင်လို့ ကတော့ မဖြစ်ဘူး” လို့ သူက ဆက်ပြောတယ်။
နိုင်ငံတော် စီမံကိန်းဆိုတာ အများ ပြည်သူ အတွက်လို့ ပြောကြပေမယ့် ဒေသခံ ပြည်သူပြည်သားတွေ ဝမ်းနည်း ပက်လက် ဖြစ်နေတော့ နိုင်ငံတော် ကောင်းစားမယ် ဆိုတာ ဖြစ်နိုင်ပါ့မလားလို့ သူက မေးခွန်းထုတ်ပါတယ်။
အခု သပိတ်စခန်းဖွင့်တဲ့ကိစ္စမှာ သူတို့အနေနဲ့ မပါဝင်ရတဲ့အကြောင်းက ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်သလို၊ သူဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်ရဲ့ အဖြေကို စောင့်ချင်တဲ့အတွက် ဖြစ်ကြောင်းလည်း မဖြူဖြူဝင်းက ပြောပြတယ်။
ဒါ့အပြင် အခုလို ဆက်လက် ဆန္ဒပြနေတဲ့သူတွေကိုလည်း အမြဲ အားပေးနေတဲ့အကြောင်း၊ သူတို့နဲ့ တစိတ်တဝမ်းတည်း ရှိနေတဲ့အကြောင်း သူက ဆက်ပြောတယ်။ သူတို့အ နေနဲ့ စုံစမ်းရေးကော်မရှင်ရဲ့အဖြေကိုစောင့်နေရင်း အိမ်ရဲ့ စီးပွားရေး အတွက်လည်း လုံးပန်းနေတဲ့အကြောင်း၊ နောင်တချိန် သူတို့ လိုချင်တာ မရတဲ့အခါ အတွက် အားပြန် မွေးရမှာ ဖြစ်တဲ့ အကြောင်းတွေကို ပြောဆိုတယ်။
တကယ်လို့များ ဒီစီမံကိန်းကြီးကို ဆက်လုပ်မယ် ဆိုရင်တော့ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ လက်ပန်းတောင်းတောင် ကယ်တင်ရေး အဖွဲ့အသီးသီး၊ ကျောင်းသားသမဂ္ဂများ စတဲ့ အဖွဲ့အသီးသီးနဲ့ တိုင်ပင်ပြီး အကောင်းဆုံး အခြေအနေနဲ့ ဆက်လက် လုပ်ဆောင်သွားမယ့်အကြောင်း မဖြူဖြူဝင်းက သူ့ရဲ့သဘောထားကို ပြောပြတယ်။
ဒါပေမယ့် ဝက်မှေးရွာ ဒေသခံတွေနဲ့ တခြား ဒေသခံတချို့ကတော့ အရင် တကြိမ်ကလို အကြမ်းဖက် ဖြိုခွင်း လာမယ်ဆိုရင်တောင် ငြိမ်းချမ်းတဲ့နည်းနဲ့ပဲ သဘောထားကို ထုတ်ဖော်သွားမယ့်အကြောင်း၊ ထိပ်တိုင်ရင်ဆိုင်မှုတွေကို ရှောင်ရှားမယ့်အကြောင်း သိရပါတယ်။
ဝက်မှေးရွာထဲကနေ ဖြတ်ပြီး တနာရီနီးပါးလောက် မြေနီ၊ မြေဆီတွေ ကောင်းလှတဲ့ လယ်ကွင်းတွေကိုဖြတ်၊ မြေစာတွေ လာပုံတဲ့ ကားတွေသွားလာနေတဲ့ လမ်းပေါ်ကနေတဆင့် လက်ပန်းတောင်း တောင်ပေါ် ရောက်လာပါတယ်။
လက်ပန်းတောင်းတောင် အကြောမှာ အပင်ကြီးတွေ ဆိုတာ လုံးဝမရှိပါဘူး။ လယ်ကွင်းထဲမှာ တောင်က ထီးထီး ရှိနေပါတယ်။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာဖြစ်တဲ့ ဧက ၇၈၆၇. ၇၈ အတွင်းမှာ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့ ကတည်းက ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အမိန့်ကြော်ညာစာ အမှတ် ၂/ ၈၉ နဲ့ အပ်နှင်းထားတယ်လို့ ဖော်ပြခဲ့တဲ့ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ထားခဲ့ပါတယ်။
တောင်တွေရဲ့ အလယ်မှာ မြေချိုင့်ကြီးတွေနဲ့ စီမံကိန်းလုပ်ကွက်တွေကို မြင်တွေ့ရပေမယ့် အလုပ်လုပ်ရင် အသုံးပြုတဲ့ မြေတူးစက်တွေ၊ လုပ်ကွက် ဝန်ထမ်းတွေ တဦးမှ မရှိသလို လုံခြုံရေး ရဲတွေလည်း ရှိမနေပါဘူး။
လယ်တီ ဆရာတော်ဘုရားကြီး သီတင်းသုံး ကျမ်းပြုစုခဲ့တဲ့ သိမ်ကျောင်းကိုလည်း မြေချိုင့်ကြီးတွေရဲ့ အလယ်မှာ ထင်ထင်ရှားရှား တည်ရှိနေတာ တွေ့လိုက်ရတယ်။ တချိန်က ဒီတောင်တဝိုက်မှာ ချေ၊ ယုန် စတဲ့ တော သတ္တဝါတွေ ကျက်စားနေခဲ့ပေမယ့် အခုတော့ မရှိသလောက် ရှားပါးသွားပြီ ဖြစ်တဲ့အကြောင်း ဒေသခံတွေက ပြောပြတယ်။
“ကျနော်တို့လည်း စောင့်ကြည့်နေတယ်။ နေ့တိုင်း လက်ပန်းတောင်းတောင် တဝိုက်မှာ နွားကျောင်းသွားတယ်။ ဘယ်သူမှ လာတားတာ မရှိဘူး။ ဒါပေမယ့် ဒီစီမံကိန်း ဆက်လုပ်နေသလား ဆိုတာကို ကျနော်တို့ အမြဲ စောင့်ကြည့်နေတယ်” လို့ ဝက်မှေး ရွာသားတဦးက ပြောပြတယ်။
လက်ရှိအချိန်မှာ နိုင်ငံတော် သမ္မတက နိုင်ငံခြား ခရီး သွားနေတဲ့အတွက် စုံစမ်းရေး ကော်မရှင်က အစီရင်ခံစာကို မတင်သွင်းရသေးတဲ့ အကြောင်း၊ မတ်လ ၁၁ ရက်နေ့မှာ နိုင်ငံတော် သမ္မတကို တင်ပြသွားမယ့် အကြောင်း လက်ပံတောင်းတောင် ဒေသခံ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ ပါဝင်တဲ့ ဝက်မှေးရွာသား ကိုဇော်ဦးက ဆိုပါတယ်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်က မီဒီယာနဲ့ ဒေသခံတွေကို ဘယ်အချိန်မှာ ထုတ်ပြန်ပေးမယ်ဆိုတာ မသိရပေမယ့် သူတို့ တင်ပြရမယ့် ဒေသခံ ကော်မရှင်က အစီရင်ခံစာကိုတော့ ဒေသခံတွေနဲ့ ပြည်သူတွေသိအောင် သမ္မတကို တင်ပြပြီးတာနဲ့ ထုတ်ပြန်မယ်လို့ သူက ဆက်ပြောတယ်။
“အခုလို စုံစမ်းစစ်ဆေးရေးကော်မရှင် အဖြေမထွက်ခင် သူတို့ဆန္ဒပြတာကလည်း ဘယ်လိုမှ မယူဆပါဘူး။ သူတို့လည်း သူတို့အပိုင်း လုပ်ကြတာပဲ။ ကျနော့် အနေနဲ့ကတော့ လက်ရှိအချိန်မှာ ဘာမှမပြောချင်သေးဘူး” လို့ သူက ဆိုပါတယ်။ ။