“လူကလေးရဲ့
အိပ်ချိန်တန်
ဗျိုင်းရှေ့ကပျံ၊
ပျံလေတဲ့ ကိုရွှေဗျိုင်း
ညွှတ်တွေကဝိုင်း။”
“ကြောင်ပါးရယ် မြီးတံတို
အဆီကိုစားပါလို့
အသားကိုမျို
ကြောင်အိုပေမှေး
ကိုက်ပါနဲ့လေး။”
လူလေးရယ်ငို
ခိုဖမ်းလို့ပေး
ခိုဖြူခိုပြာနက်ကယ်
ဖမ်းခက်လှလေး။”
ငယ်စဉ်ကလေးဘ၀ အမေ့ရင်ခွင်ကြား နို့ချိုသောက်စို့လို့ဖြစ်စေ…၊ ပုခက်ထဲမှာထည့်အိပ်၊ လွှဲသိပ်ခံရစဉ်ကဖြစ်စေ…၊ မိခင်ရဲ့ ချိုချိုအေးအေး အသံလေးနဲ့ ကလေးချော့တေးတွေ ကြားခဲ့ရသူချည်းပါပဲ။ ဒီနေရာမှာ ခြွင်းချက် တခုတော့ ရှိတာပေါ့။ မြန်မာ လူမျိုးတွေ ကိုယ်နှိုက်မှာကိုပဲ ဒီကနေ့ အသက် ၂၀ ကျော်ဝန်းကျင် မြို့နေမြန်မာလူငယ်တွေ ငယ်စဉ်က သူတို့ကို ဒီလို သားချော့တေးတွေနဲ့ ချော့သိပ်ခဲ့ကြတာ မိခင်တွေမဟုတ်ဘဲ အဖွားတွေ၊ အမေကြီးတွေပဲ အများစု ဖြစ်နေကြရော့မယ်။ ဒါကလည်း ကိုယ်တွေ့နဲ့ နှိုင်းယှဉ်ပြီး ပြောရတာပါ။ အခု အသက် ၂၀ ကျော် ၂၅ ဝန်းကျင် ရှိတဲ့ ကျနော်တို့ရဲ့ ကလေးတွေကို ငယ်ငယ်က ချော့သိပ်တဲ့အခါ သူတို့အမေတွေဟာ “ကိုရွှေဗျိုင်းတွေ”၊ “ကြောင်အိုပေမှေးတွေ”၊ “ခိုဖြူခိုပြာနက်တွေ” မဆိုတတ်တော့ပါဘူး။ သူတို့ စိတ်လိုလက်ရရှိရင် သူတို့သားသမီးတွေကို ချော့သိပ်ရင်း မေဆွိသီချင်းတို့၊ ဖြူသီ သီချင်းတို့၊ အယ်လ်ခွန်းရီ သီချင်းတို့ကိုပဲ ဟိုနားတစ၊ သည်နားတစပဲ သီဆို ကလေးချော့ကြတော့မှာပေါ့။
ကလေးက ဝက်သက်လို၊ ကျောက်ဖြူလို အနာတွေပေါက်တော့ မအိပ်နိုင်ဘဲ တဂျီဂျီ ဖြစ်နေတော့ ပုခက်ထဲ ထည့်သိပ်ပြီး
“ကြက်အဆီပြန် … ဝက်အသားနီလန် … မအီအောင် ချဉ်ပေါင်ခံ …” ဆိုလို့တမျိုး …၊ “ဝေးစမ်းပါစေ … မိုင်ပေါင်းကုဋေ …” ညည်းလို့တမျိုး…၊ “စင်ဒရဲလား … ဝူး… ဝူး… ဝူး… ဝူး…” လို့ ဟစ်လို့တမျိုး ကလေးချော့သိပ်တာပဲ ကြားဖူးတယ်။ ကလေးက ဝက်အသားနီ လန်တွေ၊ မိုင်ပေါင်းကုဋေတွေ၊ စင်ဒရဲလားတွေ စိတ်ဝင်စားပုံ မပေါ်ပါဘူး၊ အငိုမတိတ်ရှာဘူး။ ထွန့်ထွန့်လူး ထပ်ငိုတော့မှ အဖွားလုပ်သူက မနေသာတော့ဘဲ ကလေးကိုပုခက်ထဲပွေ့ချီ၊ ရင်ခွင်ထဲအပ်၊ ပွေ့ပိုက်ထားပြီး …
“လူကလေးတဲ့ ချော့စရာ … မိတ္ထီလာ ကန်တော်အောက်က ဖားကောက်ခဲ့ပါ။ ဖားပါရင် တကောင်ပေးပါ့၊ မျက်လုံးရယ် ကြောင်တောင်တောင်နဲ့ ဖားကောင်ကသေး …” ဆိုပြီး နှုတ်ကလည်း “မိုးရွာရင် အုံးအင်၊ အုံးအင် လို့ အော်တဲ့ ဖားကြီးရေ။ မျက်လုံးကြီးပြူး ကြည့် မနေပါနဲ့ကွယ်။ လူလေးနဲ့ လာကစားလှည့်ပါကွယ်။ ကလေးလေးနဲ့ ကစားရအောင် ဖား တကောင်လောက် ပေးပါကွယ်” စသည်ဖြင့် အဖွားက ကလေး စိတ်ဝင်စားလောက်စရာတွေ ရှာကြံ ပြောတော့တာပေါ့။ ရင်ခွင်ထဲက ကော့လန်နေတဲ့ ကလေးက “ဖားကြီးရယ်…” လို့ ကြားတာနဲ့ နည်းနည်း စိတ်ဝင်စားသွားပြီ။ ဟုတ်တာပေါ့။ တနေ့ မနက်ကပဲ မိုးတွေရွာ၊ ရေတွေကြီးလို့ အိမ်ရှေ့လှေကားရင်းအထိ ခုန်ဆွခုန်ဆွနဲ့ ဝင်လာတဲ့ ဖားတွေကို သူ့အဖိုးပြလို့ မြင်ဖူးနေတာကိုး။ မျက်လုံးပြူးပြူး၊ ခုန်ဆွခုန်ဆွနဲ့ ရယ်စရာ ကောင်းလိုက်တာ။ အခု … အဲဒီ့ ဖားတကောင်လာပြီတဲ့။ ကြည့်ချင်လိုက်တာ။ ဟော … အဖွားက သီချင်းကိုထပ်ဆိုပြန်သေးတယ်။
“လူကလေးတဲ့ ချော့စရာ … ချော့စရာ … စိတ်ကြည်စရာ … အမှန်နော် ရောက်မည်ပ …၊ မိတ္ထီလာ … အိုလေ … ကန်တော် အောက်ဆီ်က ဖားလေး … လေး …၊ တကောင်ပါရင်နော်ရှင် … ဟောဒီက … လူလေးဖို့ ကောက်လှည့်ပါ … ပေးလှည့့်ပါ …” တဲ့ …။ ညှင်းညှင်းနွဲ့နွဲ့ သွယ့်သွယ့်အေးအေး နှုတ်က ဆိုငြီးတယ်။
ဒီတော့ ရင်ခွင်ထဲယုယုယယ ပွေ့ပိုက်ခံထားရတဲ့ ကလေးကအငိုရပ်ပြီး “ဖွားဖွား …၊ ဖွားဖွား… ဖားကြီးက တကယ်လာမှာလားဟင်…” တဲ့..။ ဒီတော့ အဖွားက သူ့စကား အောင်နိုင်ပြီဆိုတော့ ပြုံးပြုံးရွှင်ရွှင် အမူအရာနဲ့ “တကယ် လာမှာပေါ့ကွယ်…၊ လူလေးနဲ့ ဖားကြီးက လာကစားမှာတဲ့” လို့ အမြန်ပြန်ပြောတာပေါ့။
အငိုတိတ်ပေမယ့် အရှိုက်မရပ်သေးတဲ့ မြေးငယ်က တချက် ရှိုက်လိုက်ရင်း လက်ညှိုးလေးကို နှုတ်ခမ်းလေးနဲ့ စုပ်ပြီး “ဖားကြီးက ဘယ်ကလာမှာလဲလို့… အဟင့်၊ အခုရောက်ပြီလားဖွားဖွား” တဲ့ ပြန်မေးတယ်။ အဖွားက တကျွတ်ကျွတ်နဲ့ စုတ်သပ်ရင်း “ကလေးက ပုခက်ထဲမှာ အိပ်နေရင်း စောင့်ပေါ့” လို့ ပြောတယ်။ ကလေးက“ဟင် … အခုမလာသေးဘူးပေါ့၊ ဟုတ်လား ဖွားဖွား…။ မိတီ္ထလာ ဆိုတာ ဘုရားကြီး နားမှာလားဟင်” လို့ ပြန်မေးတယ်။ အဖွားကပြုံးပြီး “လူလေးက ဖေဖေမေမေတို့နဲ့ သွားဖူးတဲ့ ဘုရားကြီးထက် မိတီ္ထလာက ပိုဝေးတယ်ကွယ့်။ ဘတ်စ်ကား ကြီးနဲ့ သွားရတာ …။ ဘုရားကြီးကို လူလေးက စက်ဘီးနဲ့ပဲ သွားတာမဟုတ်လား။ ဘုရားကြီးမှာ လိပ်တွေ၊ ငါးတွေ ရှိတဲ့ ရေကန်ကြီးကို လူလေးတွေ့ခဲ့မှာပေါ့။ မိတီ္ထလာ မှာလည်း အဲဒီထက်ကြီးတဲ့ ရေကန်ကြီးရှိတာကွယ့်။ ရေကန်ကြီးထဲမှာ ဖားတွေ အများကြီးရှိတယ်” လို့ ကလေးကို ရှင်းပြတယ်။ ကလေးကမျက်နှာလေး ကြည်လာပြီး ပြုံးလို့ရယ်လို့။ “ဒီတစ်ခါ … ဖွားဖွားနဲ့ မိတီ္ထလာသွားမယ်။ ဖွားဖွားက ဖားတွေ အများကြီး ဖမ်းပေးမှာလား …” ဆိုတာမျိုး ဖြစ်သွားပါပြီ။
နောက်တော့ ကလေးက သူ့အဖွားကို ဖားကြီးအကြောင်း ပြောပါဦးလို့ ပူဆာပြီး အဖွားကလည်း ဖားကြီးအကြောင်းသာမက ဗျိုင်းအကြောင်း၊ ကြောင်အိုပေမှေး အကြောင်း၊ ရွှေယုန်နဲ့ ရွှေကျားအကြောင်း၊ မထွေးလေးနဲ့ လင်းမြွေကြီးအကြောင်း၊ ကျန်စစ်သား အကြောင်း၊ ဗန္ဓုလ အကြောင်း၊ ပန်းပဲမောင်တင့်တယ် အကြောင်း စတာတွေအထိ အချိန်ရတိုင်း မြေးအဖွား နှစ်ယောက် ပြောဖြစ်ကြတော့တာပါပဲ။
ဟုတ်တာပေါ့…၊ ဖွားဖွားတို့က ဖိုးစိန်တို့၊ ရွှေကျီးညိုတို့၊ ပဲခူးမြတို့၊ ရွှေမန်းတင်မောင်တို့၊ ကက်နက်စိန်တို့နဲ့ ကြီးပြင်းခဲ့တော့ ဇာတ်ထုပ် ဇာတ်လမ်းနဲ့ အိုင်ကျင်းဖွဲ့ပြီး ပြောနိုင်တယ်။ ကိုယ့်မြေးလေး ဆိုတော့ ကြောက်စရာတွေ မပါအောင်၊ လန့်စရာတွေ မပါအောင်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ နားမလည်တဲ့ အကြောင်းအရာ စကားလုံးတွေမပါအောင်၊ စိတ်ပျက် အားငယ်စရာတွေ၊ သတ္တိ ကြောင်စရာတွေ၊ တကိုယ်ကောင်းဆန် ဗိုလ်ကျတာတွေ၊ ကြီးနိုင်ငယ်ညှဉ်း စိတ်ဓာတ်တွေ ဖြစ်ပေါ်သွားစေမှာတွေ မဖြစ်ရအောင်…။ နူးညံ့သိမ်မွေ့ပြီး အချင်းချင်း ကူညီရိုင်းပင်း စေမှာတွေ၊ လူကြီးမိဘ ဆရာသမားတွေကို ချစ်ခင် ရိုသေ လေးစားမှာတွေ၊ စိတ်ဆိုးကောက်ကျစ် ယုတ်မာပက်စက်တဲ့ စိတ်ထားမျိုး မထားမိအောင် ဆင်ခြင်စရာတွေ ကိုပဲ ရှာကြံပြောတာပေါ့။ ကိုယ့်မြေးလေးကိုး …။ သားအချစ်၊ မြေးအနှစ်လေးကိုး …။
ဟော … ကျနော်တို့ သားလူလေးရဲ့ ဖခင်ဖြစ်တဲ့ ကျနော်တို့၊ သူ့မိခင်တို့ ကြီးပြင်းခဲ့ရတာက ဆရာ မောင်စွမ်းရည် စကားကို ငှားသုံးရရင် “အပစ်အခတ်၊ အထစ်အဖြတ်၊ အညှစ်အသတ်နဲ့ အညစ်အပတ် ဇာတ်အိမ် ဇာတ်လမ်းတွေနဲ့ကိုး …။
မျက်စိမမြင်တဲ့ ဂျပန်ဓားခုတ် သူရဲကောင်းမလို၊ လက်တဘတ်ပြတ် တရုတ် ဓားသမား သူရဲကောင်းလို၊ မိန်းမတွေ အများကြီးနဲ့ ပွေရှုပ်ပြီး မကောင်းသူပယ် ကောင်းသူကယ်တဲ့ လက်နက်စင်္ကြာများရှင် ဇီးရိုးဇီးရိုးဆဲဗင်း ဂျိမ်းစ်ဘွန်း သူရဲကောင်းလို ဇာတ်လမ်းတွေပဲ မျက်စိရည်ဝ၊ နားရည်ဝနေတော့ ကလေးရဲ့ အဖွားလို ချစ်စရာတိရစ္ဆာန် လေးတွေနဲ့၊ လူယဉ်ကျေး လူလိမ္မာလေးတွေနဲ့ ဇာတ်အိမ်ဇာတ်လမ်း လေးတွေဆင်ပြီး တနေ့တမျိုး မရိုးရအောင် ဖွဲ့ကာနွဲ့ကာလည်း မပြောတတ်ပါဘူး။ ပြောရင်လည်း ဓားခုတ်တာ၊ လက်သီးထိုးတာ၊ သေနတ်ပစ်တာ၊ မြာပွေတာ၊ တိုက်ကြခိုက်ကြတာ စတဲ့ ဇာတ်လမ်းပုံပြင်တွေပဲ ဖြစ်မှာပါ။ ပုံပြင်ပြောဖို့ မဆိုထားနဲ့ မိုးလင်းကမိုးချုပ် ပုခုံးပေါ်မှာလည်း အထပ်ထပ်သော တာဝန်ထမ်းပိုးတွေကြောင့် အချိန်ပြည့် စိတ်တို၊ စိတ်အလိုမကျ ဖြစ်နေတာမို့ ကလေးချော့ဖို့ မဆိုထားနဲ့ “ရိုက်ပစ်လိုက်ရမလား”၊ “သတ်ပစ်လိုက်ရမလား” ဆိုပြီး ကလေးအပေါ် ဒေါသ ပုံချနေခဲ့ မိကြတာကလား …။
ဒီတော့ မြန်မာတို့ရဲ့ မိရိုးဖလာ အစဉ်အလာအတိုင်း သားချော့တေးတွေနဲ့ ချော့သိပ်ပြီး ကလေးတွေကို စိတ်နှလုံးကောင်းနှင့် လူတော် လူကောင်းလေးတွေဖြစ်ဖို့ ဖွယ်ဖွယ်ရာရာ ပုံပြင်လေးတွေ ကြံဆပြောပြပြီး အိပ်ရာဝင်စေတဲ့ အလေ့အကျင့် ကောင်းဟာ ကျနော်တို့ (ဒီကအသက် ၅၀ အရွယ်ပင် ရှိနေကြပြီဖြစ်တဲ့) မျိုးဆက်က စပြီး ပျက်ခဲ့ပုံရခဲ့ပါပြီ။ သေချာပါတယ်။
ဟော … အခု၊ သူ့အဖွားရဲ့ ပုံပြင်လေးတွေ၊ သားချော့တေး လေးတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ ကျနော့် သားသမီးတွေ လက်ထက် မှာရော အဖွားအမွေ၊ အဖိုးအမွေများ ဆက်လက် “မွေခံထိုက်စေ” ဖြစ်ပါရဲ့လား။ ဒါကတော့ အထင်းသား အရှင်းသား အမြင်သာ ကြီးမို့ မပြောလိုတော့ပါဘူး။ သူတို့သားသမီး (ကျနော် တို့မြေးများ) ကြီးပြင်းလာတာက ကွန်ပျူတာဂိမ်းတွေလေ။
ဖန်သားပြင်နဲ့ ရမုတ်ကွန်ထရိုးပေါ်က ခလုတ်တွေရဲ့ စေခိုင်းမှုက ပေါ်ပေါက်လာတဲ့ ပုံရိပ်တွေလေ။ အကြောင်းအရာ ကလည်း စုံ၊ အရောင်ကလည်းစုံ၊ အသံကလည်း စုံ၊ အံ့သြစရာ ထူးဆန်းထွေလာ အဆန်းတကြယ်၊ လက်နက်ကယ် အစုံအညီနဲ့ ပစ်ကြခတ်ကြ၊ တိုက်ကြခိုက်ကြ။ အဖေနဲ့ အမေနဲ့၊ အဖိုးနဲ့ အဖွားနဲ့ တိုက်ရိုက်ထိတွေ့စရာ မလို၊ ရင်ခွင်ထဲပိုက် ရင်ငွေ့ပေး၊ မေတ္တာဓာတ် လွှမ်းခြုံပြီး ကလေးရဲ့ မျက်နှာအမူအရာနဲ့ စိတ်ခံစားမှုကို အကဲခတ်ပြီး ချက်ချင်းဇာတ်လမ်းဆင်၊ ကလေးစိတ် ပြောင်းအောင် ဆွဲဆောင်နိုင်မယ့် ပုံပြင်တွေလည်းမရှိတော့ …။
ဒီတော့ ဘာဖြစ်သလဲ။ သတ္တဝါထဲမှာ နှလုံးသား ခံစားချက်ကြောင့် အဆင့်အမြင့်ဆုံး လူသတ္တဝါ ဖြစ်ရတဲ့ ကျနော်တို့ရဲ့ သားငယ်သမီးငယ် ကလေးငယ်တွေရဲ့ နူးနူးညံ့ညံ့ နှလုံးသားတွေမှာ မေတ္တာငတ်ပြီး၊ စက်ပစ္စည်း ကိရိယာက အချင့်ချိန်မရှိ ရိုက်သွင်းပေးလိုက်တဲ့ “သံမဏိအတ္တ” စိတ်တွေကြောင့် မာကြောရိုင်းပျ သွားကြတာ မျက်မြင်ကိုယ်တွေ့ပဲ မဟုတ်ပါလား။
အတိုးတက် လွန်လွန်းတဲ့ လူ့အဖွဲ့အစည်း ကြီးတွေက အငမ်းမရ တောင်းဆိုနေကြပါပြီ။ “လူသားချင်း စာနာ ထောက်ထားမှု” တဲ့၊ “E.Q” တဲ့။ ဟုတ်ပါတယ်။ ကျနော်တို့ဆီမှာ ဒီလိုစိတ်ဓာတ် ခံစားမှုကို မွေးကတည်းက ကျနော်တို့ ဘိုးဘွားမိဘများက သားချော့တေးတွေ၊ ပုံပြင်တွေနဲ့ ပုံသွင်းပေးခဲ့ကြတာ လုပ်ရိုးလုပ်စဉ်ပါ။
“မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်
အတတ်သင်စေ၊ ပေးဝေနှီးရင်း
ထိမ်းမြားခြင်းလျှင်၊ဝတ်ငါးအင်
ဖခင်မယ်တို့တာ” ဆိုတဲ့ မိဘဝတ်ငါးပါးမှာ အခြေခံအကျဆုံး “မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်” အချက်ရဲ့ သင်ရိုးညွှန်တမ်းဟာ ကလေးဘဝက “ပုံပြင်” တွေပါပဲ။
အခု … ကလေးတွေကြားပုံပြင်မရှိတော့……။
ပုံပြင်မရှိလျှင်ဖြင့် … ။ ။