ဆောင်းပါး

စည်းကမ်း၊ တားမြစ်ချက်၊ ပြစ်မှုပြစ်ဒဏ် များသာ ပါသည့် ပုံနှိပ်ဥပဒေမူကြမ်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပုံနှိပ် ဥပဒေကြမ်း (မူကြမ်း) အဖြစ် ထွက်ရှိလာပြီ။ ၂၀၁၃ ဖေဖော်ဝါရီ ၂၇ ရက်နေ့ထုတ် သတင်းစာများတွင် အပြည့်အစုံ ဖော်ပြထားရှိကာ အောက်ဆုံး၌ “ပြည်သူအများ သိရှိလေ့လာ အကြံပြုနိုင်ရေးအတွက် ဖော်ပြခြင်းဖြစ်ပါသည်” ဟု ရေးသားထားပေသည်။

သင့်မြတ်သော အစပျိုးခြင်းဖြစ်၍ ကြိုဆိုကြရမည် ဖြစ်၏။ အထူးသဖြင့် ဤဥပဒေသည် စာပေလောကသားများ အတွက် တိုက်ရိုက် သက်ဆိုင်နေသည်။ စာပေလောကသားများ၏ တာဝန်က တိုင်းပြည်၏မဏ္ဍိုင်ကြီး ၃ ရပ်ဖြစ်သော အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး စသည်တို့အား မယိမ်းယိုင်ရအောင် ဝေဖန်ထောက်ပြ အကြံပြုရမည့် တာဝန်ဖြစ်သော စတုတ္ထမဏ္ဍိုင် ဖြစ်နေသည်။ ဤတာဝန်အရ စာပေသမားများကလည်း မိမိတို့သဘောထား အမြင်များကို ဆွေးနွေးရေးသား ရမည် ဖြစ်သည်။

မဆွေးနွေးမီ “စောဒက” တက်ရန်ကိစ္စရှိနေသည်။

၂၀၁၂ ခုနှစ်မှာပင် နိုင်ငံတော်သမ္မတက တိုက်ရိုတ်တာဝန်ပေးအပ်ခဲ့သော “စာနယ်ဇင်းကောင်စီ” ဟူသည့် အဖွဲ့ ဖြစ်တည် လာခဲ့သည်။ ၎င်းအဖွဲ့၏ ပထမအရေးတကြီး ဆောင်ရွက်ရသောတာဝန်မှာ “ပုံနှိပ်ဥပဒေ ရေးဆွဲရေး” ဖြစ်၏။ ကောင်စီဝင် များသည် First Draft ခေါ် ပထမမူကြမ်းကို အစည်းအဝေးပေါင်း ၁၄ ကြိမ်ပြုလုပ်ခဲ့ပြီး စာပေလောကမှ လူများစုဖြင့်လည်း Work Shop ခေါ် အလုပ်ရုံ ဆွေးနွေးပွဲကို ဇန်နဝါရီ ၁၇ ရက်နေ့၌ ပြုလုပ်ခဲ့သည်။ အကြံပြုချက် များဖြင့် ဖြည့်စွက်ခဲ့သော ပထမ မူကြမ်းကို လွှတ်တော်သို့ တင်ပြမည်ဟု သိခဲ့ရသည်။ ထိုမူကြမ်းကို အခြေခံပြီးမှသာ လွှတ်တော်က ပြင်ဆင် ဖြည့်စွက် ရေးဆွဲရန်ဟု အားလုံးနားလည်ခဲ့ကြပါသည်။

ယခု ဖေဖော်ဝါရီ ၂၇ ရက်နေ့ထုတ် သတင်းစာပါ ဥပဒေကြမ်းကို ဖတ်ရသောအခါ စာနယ်ဇင်းကောင်စီက တင်ခဲ့သော ပုံသဏ္ဍန်၊ ဖေါ်ပြချက်များနှင့် တူညီခြင်းမရှိသည်ကို မြင်ရလေသည်။ သို့ဆိုလျှင် စာရေးဆရာများက “အောက်မှ အထက်သို့တင်ပြ ပြဌာန်းသော စနစ် (Bottom – up) ဖြစ်လာချေပြီ ” ဟု ပီတိဖြစ်ခဲ့ခြင်းမှာ အလဟဿဖြစ်သွားပြီလား။ စာနယ်ဇင်းကောင်စီ၏ အားထုတ်မှုနှင့် မီဒီယာသမားများ၏ ပါဝင်မှုများမှာ အရေးမပါတော့ပြီလား။ နိုင်ငံတော် သမ္မတ ကိုယ်တိုင် ပေးအပ်ခဲ့သောတာဝန်သည် စာနယ်ဇင်း ကောင်စီနှင့် မသက်ဆိုင်တော့ပြီလား။

အထက်ပါမေးခွန်းများ၏ အဖြေကိုသီးသန့်ရယူကြပါမည်

ယခုထွက်လာသော ဥပဒေ (မူကြမ်း) ကိုလည်း ဆွေးနွေးရမည့် တာဝန်အရ ဆွေးနွေးရပါမည်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့မှပင် စတင်ကာ စာပေသမားများ ပြောကြဆိုကြ ဆွေးနွေးကြသည်ကို ကြားကြရသည်။ အများဆုံး ဝေဖန် ထောက်ပြကြသော ကိစ္စမှာ ပြစ်မှုနှင့် ပြစ်ဒဏ်ကိစ္စဖြစ်၏။ ပြစ်ဒဏ်က ဒဏ်ငွေကျပ် သိန်း ၅၀ မှ ၁၀၀၊ ထောင်ဒဏ် ၁ နှစ် ဆိုခြင်းကို “များလွန်းသည်” ဟု မြင်ကြသည်။

စာရေးသူ၏ အမြင်မှာကား လုံး၀ ချိုးဖောက်ရန် မသင့်သော ပြစ်မှုမျိုးအတွက် ပြစ်ဒဏ် များများထားရန် လိုပါသည်။ ပြစ်ဒဏ်ကို လျှော့ပေါ့ထားလျှင် ဒဏ်ငွေ နည်းနည်းပါးပါး ဆောင်လိုက်လျှင် ပြီးသွားတာပဲဟု ပေါ့ပေါ့ဆဆ လုပ်ကြလိမ့်မည်။ ဒဏ်ငွေများလျှင်ကား ပို၍ သတိကြီးကြီး ထားကြမှာ သေချာသည်။ ထို့ကြောင့် လုံး၀ မချိုးဖောက်သင့်သော ပြစ်မှုမျိုးအတွက် ပြစ်ဒဏ်များများ သတ်မှတ်သည်ကို သဘောတူပါသည်။

– ဥပမာ – “တရားမဝင်စာ” ဟု မှတ်ပုံတင် အရာရှိက သတ်မှတ်လိုက်ခြင်းကို အရေးမစိုက်ဘဲ ထုတ်ဝေလျှင် အမိန့်ကိုဖီဆန်ခြင်း၊ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်မည်။ ထို့ကြောင့် ထိုပြစ်မှုမျိုးအတွက် ပြစ်ဒဏ်ကြီးကြီး ပေးခြင်းမှာ သဘာဝကျသည်။

အရေးကြီးသည်မှာ –

မည်သည့် အတိုင်းအတာအထိရေးလျှင် … ဥပဒေ ချိုးဖောက်ခြင်းမြောက်သည် ဆိုခြင်းဖြစ်သည်။ မည်သည့်အသုံးအနှုံး၊ မည်သည့် စည်းရိုးကို မကျော်ရ ဟူသော သတ်မှတ်ချက်ဖြစ်၏။ စကားရပ်ကို တိတိကျကျ ဖော်ပြမထားသောအခါ၊ စာရေးသူများသည် မိမိပြစ်မှု ကျူးလွန်မိကြောင်း မိမိကိုယ်တိုင်ပင် မသိလိုက်ရတာမျိုး ဖြစ်နိုင်ပါသည်။

ဥပမာ – ညစ်ညမ်းစာများဖေါ်ပြခြင်း … ဆိုရာ၌ မည်သည့်အတိုင်းအတာနည်း။ အချို့သော မဂ္ဂဇင်းကို ညစ်ညမ်းပုံကြောင့် ပိတ်ပစ်စဉ် ထွက်နေသော တချို့ မဂ္ဂဇင်းများ၌လည်း အလားတူ ညစ်ညမ်းပုံ၊ တဏှာရာဂ နှိုးဆွပုံ (Sexy style ဟုပင်ဆိုကြ၏) များ မပိတ်သည်ကို တွေ့နေရခြင်း။

“မြန်မာ့ လူ့အဖွဲ့အစည်းက လက်မခံသော” ဆိုသည့်စကားရပ်ကား ကျယ်ပြန့်လွန်းသည်။

“စာရိတ္တကို ထိခိုက်စေသော” ဆိုသည့်အဓိပ္ပာယ်ကလည်း မဆုံးနိုင်မခန်းနိုင် ဖွင့်ဆို၍ ရနေသည်။

“လိင်ကိစ္စကို သိသာစွာနှင့် သွယ်ဝိုက်၍ သရုပ်ဖောခြင်း” ဆိုရာတွင်လည်း “ဆေးပညာအရ ဖောပြရန်လိုအပ်သော ကိစ္စမပါဝင်” ဟု ဆိုထားပြန်သည်။ ဤသို့ဖြင့် ဆေးပညာဟန် ဆောင်းပါးများက လွတ်ကင်းခွင့် ရကြလေသည် (ဆရာဝန် တဦးသည် အမျိုးသမီးလိင်အင်္ဂါ အမည်ကိုပင် စာအုပ်ခေါင်းစဉ် တင်ခဲ့ဖူးသည်)

ထို့အတူပင် “တရားဥပဒေ စိုးမိုးရေးကို ပျက်ပြားစေရန်” “ဆူပူအကြမ်းဖက်မှု ဖြစ်ပွားစေရန်” လှုံ့ဆော်ခြင်း … ဟု ဆိုရာ၌ အဓိပ္ပာယ် ဖွင့်ဆိုမှုများ ကွဲပြားလာနိုင်သည်။

ဥပမာ – ဆန္ဒပြ တောင်းဆိုသောသတင်း၌ ဒေသခံများ၏ အမြင်များကို ဖော်ပြသောအခါ၊ ဆူပူရန် လှုံ့ဆော်သည်ဟု ယူဆမည်လား …။ စသည်ဖြင့် တရားရုံး၌ ရင်ဆိုင်သောအခါ လိုရာဆွဲဆန့်နိုင်ခြေများ ရှိနေသည်။ ဤစကားရပ်ကား ဥပဒေနှင့် မညီပါ၊ ညီပါသည် စသည်ဖြင့် ရှေ့နေအချင်းချင်း ငြင်းခုန်ပွဲများ ဖြစ်သွားနိုင်သည်။

အရေးကြီးဆုံး တချက်ကို ပြောရန်ရှိပါသေးသည်။

သမ္မတ၏ စိတ်တိုင်းကျ ရွေးချယ် ဖွဲ့စည်းပေးခဲ့သော စာနယ်ဇင်းကောင်စီ၏ လက်သုံးစကားမှာ “ပုံနှိပ်ဥပဒေ၊ မီဒီယာ  ဥပဒေသည် စာပေသမားများအား အကာအကွယ်ပေးမည့် ဥပဒေဖြစ်ပါသည်” ဟူ၍ ဖြစ်၏။ ယခု…လွှတ်တော် (နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော်) က ထွက်လာခဲ့သော မူကြမ်းကား၊ စာနယ်ဇင်းသမားများအား အကာအကွယ်ပေးသော အချက် မပါချေ။ လိုက်နာရမည့်စည်းကမ်း၊ တားမြစ်ချက်၊ ပြစ်မှုနှင့် ပြစ်ဒဏ်တွေချည်း ဖြစ်နေသည်။ သို့ဖြစ်လျှင် … ဤဥပဒေသည် စာပေ လောကသားများ အကျိုးလား၊ အုပ်ချုပ်သူများ အကျိုးလား။

ဤမေးခွန်းကိုလည်း ဖြေစေချင်ပါသည်။

စာရေးဆရာများ၊ သတင်းသမားများသည် တိုင်းပြည်ကို ချစ်၍ ဤလောကထဲ ဝဲလည်ရင်း အဆင်းရဲ ခံနေကြသူများ ဖြစ်သည်။ ချမ်းသာရန် စာရေးသူများ မဟုတ်။ ကြီးပွားရန် သတင်းသမား လုပ်သူများမဟုတ်။ မိမိတိုင်းပြည်အတွက် ကောင်းအောင်ပြုဖို့ စေတနာရှိပြီး သူများသာ ဖြစ်သည်။ စာရေးခြင်းဖြင့် ရိုးသားစွာ အသက်မွေးသူ များသာ ဖြစ်သည်။ စာရေးခြင်းမှအပ အပိုနေ့စား မရ၊ ကားဝယ်ခွင့်မရ၊ ခရီးစားရိတ်မရ၊ နေအိမ်မရ၊ ဘာဆိုဘာမျှမရ။

သို့သော် စာပေသမား၊ စာပေလောကသားများ ကျေနပ်သည်။ ပျော်ရွှင်သည်။ မိမိ စာဖတ်သူများအတွက် အာဟာရ ရှိသောစာများ ရေးထုတ်နေရခြင်းကို ပီတိဖြစ်သည်။ တိုင်းပြည်ဆူပူဖို့၊ အကျိုးယုတ်ဖို့ မည်သူမျှ မရည်ရွယ်ကြ။ တခုသာဖက်တွယ်၏။ ၎င်းကား “လွတ်လပ်မှု” တည်း။

ထိုလွတ်လပ်မှုဖြင့်သာ အကျိုးရှိသော စာများ ဖန်တီးနိုင်သည်ဟု ယုံကြည်သည်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading