ဆောင်းပါး

ဗန်းမော် ဒေသခံတွေ ဘာပြောကြသလဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဖုန်ထူထူ မညီညာတဲ့ မြေလမ်းဝါဝါပေါ်မှာ သစ်ခွဲသားတွေ တင်ထားတဲ့ ဆိုင်ကယ်၊ ထော်လာဂျီတွေ အသံစုံပေးပြီး တဝုန်းဝုန်း မောင်းနှင်နေကြပါတယ်။ ဆိုင်ကယ်တစ်စီး ဖြတ်သွားတိုင်း ဂီယာချိန်းသံ၊ လီဗာ ဆွဲတင်သံတွေက လှိုက်ပြီး တုန်ခါနေတယ်။ ၃ ပေနဲ့ ၄ ပေအကြား အရှည်ရှိတဲ့ ငါးလက်မ ပတ်လည် သစ်ခွဲသား တုံး ၂၀ လောက်ကို တင်ထားရတဲ့ ဒီတရုတ်နိုင်ငံလုပ် ဆိုင်ကယ်တွေဟာ ဒီလို မညီမညာ လမ်းတွေပေါ်မှာ ရုန်းဖို့ ဒီလောက်တော့ အသံပေးရမှာ ဖြစ်ပါတယ်။ ဆောင်းတွင်းပေမယ့် နေပူပူအောက်မှာ အိမ်ခြေ ၁ ထောင်ကျော်ရှိတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်  မန်စီ မြို့နယ်လေးကတော့ သစ်ဆိုင်ကယ်၊ သစ်တင် ထော်လာဂျီတွေရဲ့ အသံကလွဲလို့ တိတ်ဆိတ် ခြောက်ကပ်နေပါတယ်။

ဗန်းမော်ခရိုင်ဟာ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ရဲ့ တပ်ရင်း (၁၂) ထိန်းချုပ်တဲ့ဒေသ ဖြစ်ပြီးတော့ ဗန်းမော်မြို့ဟာလည်း အစိုးရတပ် ဗျူဟာမှူး ရုံးစိုက်ရာမြို့ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ဇွန်လက စတင်ပြီး KIA နဲ့ အစိုးရစစ်တပ် အကြား ပြန်လည် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကချင်ပြည်သူ ၁ သိန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ ဗန်းမော်မြို့နယ်လို မြို့နယ်တွေက ပြည်သူတွေကတော့ တိုက်ပွဲဒဏ် အကြီးအကျယ် မခံရပေမယ့် KIA နဲ့ အစိုးရတပ်မတော် တပ်မတော် ၂ ခု အကြားမှာ အတိဒုက္ခရောက်ကြပါတယ်။

“ပြောလို့က လွယ်တယ်။ ပြောပြီး နောက်ဆက်တွဲတွေကို ရင်ဆိုင်ဖို့က ခက်တာပါ။ ကျနော်တို့ဒေသဟာ အကာအကွယ် မဲ့တယ်။ ကျနော်တို့ ခံစားချက်တွေကို ပြောပြလိုက်တာဟာ တဖက်အဖွဲ့အစည်းကို သိက္ခာချရာ ရောက်သွားနိုင်တယ်။ အဲဒီအခါမှာ လက်နက်ရှိတဲ့ အဖွဲ့အစည်းဖြစ်လို့ လက်နက်နဲ့ လာဖြေရှင်းခဲ့ရင် ကျနော်တို့ ရှောင်လွှဲနိုင်မှာ မဟုတ်ဘူး” လို့ မန်စီဒေသခံ တဦးက ဧရာဝတီကို ပြောပါတယ်။

၂၀၁၂ ဒီဇင်ဘာနဲ့ ၂၀၁၃ ဇန်နဝါရီလတွေမှာ KIA နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနဲ့ အပစ်အခတ် ရပ်စဲထားဖို့ သဘောတူညီချက် ရရှိခဲ့ကြပါတယ်။ ဖေဖော်ဝါရီလ ၄ ရက် တွေ့ဆုံမှုအရ နှစ်ဦးနှစ်ဖက် ဆက်သွယ်ရေး လမ်းကြောင်းများ ထားရှိရေး၊ စစ်ရေးတင်းမာမှုများ လျှော့ချနိုင်ရေးနှင့် နောက်တကြိမ် ဆွေးနွေးပွဲမှာ လေ့လာသူများနှင့် သက်သေများအဖြစ် ပါဝင်နိုင်သည့် အဖွဲ့အစည်းများအား ဖိတ်ခေါ်ရေး စတာတွေကိုလည်း သဘောတူညီခဲ့ကြပါတယ်။ စားပွဲဝိုင်းပေါ်မှာ ဒီလို သဘောတူညီချက်တွေနဲ့ စကားပြောခဲ့ကြပေမဲ့ နှစ်ဖက် ထိန်းချုပ် နယ်မြေတွေမှာတော့ တရားမဝင် ဆက်ကြေး ကောက်ယူတာ၊ တပ်သားသစ် စုဆောင်းတာ၊ ခရီးသွား ပြည်သူလူထုဆီကနေ ငွေတောင်းခံမှု လုပ်တာတွေကို KIA ရော အစိုးရ တပ်မတော်ကပါ ဆက်လုပ်နေဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။

ဗန်းမော်မြို့နယ် ကုန်းတိမ်ကျေးရွာ ဒေသခံတဦးက “အစက ကျနော်တို့ မူလတန်း ကျောင်းဆောင်သစ် ဖွင့်ပွဲအတွက်ဆိုပြီး တအိမ်ကို ငွေ ၅ ထောင်နဲ့ ဆန် ၂ ဗူး ကောက်တယ်။ ငွေ ၅ ထောင်ဆိုတာ အိမ်ထောင်စုတစုအတွက် အတော်များတဲ့ ပမာဏမို့လို့ ရွာသူရွာသားတွေက ကျောင်းဖွင့်ပွဲအတွက် ဒီလောက် လိုသလားလို့ ဝိုင်းပြောတော့မှ ဒီငွေ ၅ ထောင်ဟာ ကျောင်းဖွင့်ပွဲအတွက်တင်မက ကချင်အစိုးရကို ဆက်ကြေးပေးဖို့ဆိုတာ သိရတယ်။ KIA က အဲဒီလို ပြောင်ပြောင်တင်းတင်း တောင်းတယ်။ စစ်တပ်က လမ်းကို ဂိတ်ပိတ်ပြီး လာသမျှ ကား၊ဆိုင်ကယ်ကို တောင်းနေတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

စစ်ဖြစ်ပွားနေချိန် ၁ နှစ်ခွဲကျော် ကာလမှာလည်း KIA နဲ့ အစိုးရတပ်မတော်တို့ရဲ့ ပဋိပက္ခကြားမှာ အကြောက် တရားများနဲ့သာ ရှင်သန်ခဲ့ကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ KIA ကို ဆက်ကြေးပေးနေရတာကို အစိုးရတပ်မတော်က သိမှာလည်း ကြောက်၊ အစိုးရတပ်မတော်က လမ်းပြအဖြစ် ခေါ်ခိုင်းမှာလည်း ကြောက် စသဖြင့် နှစ်ဖက်စလုံးကို ကြောက်နေရတယ်လို့ ဆိုပါတယ်။

ဗန်းမော်မြို့နယ် တိုင်းလိုင် အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ ပြောရေးဆိုခွင့် ရှိသူတဦးက “ကြောက်တဲ့သူကို ကိုယ်ချင်းမစာလို့ မရဘူး၊ နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရတာ။ သူတို့ဟာ အစိုးရ နှစ်ရပ်ကြားမှာ အနှောင့်အသွား လွတ်အောင် နေထိုင်ဖို့ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ရတာ။ စကားတခွန်းကို ပြောလိုက်တာထက် ရေငုံ နှုတ်ပိတ်နေတာဟာ သူတို့အတွက် ပိုစိတ်ချရတယ်။ မတရားတာကို ဘယ်ကို တိုင်ရမလဲ၊ ဘယ်သူ့ကို ပြောရမလဲ။ ဘယ်ဌာန ဘယ်ကော်မရှင်ကမှ လာအရေးမလုပ်ပါဘူး။ ဒီတော့ အသက်ဉာဏ်စောင့်၊ ကိုယ့်အသက်ကိုယ် ကိုယ့်ရွာကိုယ် ဖြစ်တဲ့နည်းနဲ့ ကာကွယ်ကြရတာပါပဲ” လို့ ပြောပါတယ်။

မန်စီမြို့နယ် ဒေသခံ တဦးကလည်း “ဒီဇင်ဘာတုန်းက ကျနော်တို့ မန်စီနယ်က လူငယ် ၇၀ လောက် လူသစ် စုဆောင်းခံရတယ်။ ဒါကို ကျနော်တို့ ပြည်နယ် ဝန်ကြီးချုပ်ဆီ တိုင်စာပို့တော့ သူတို့ဘက်က မေးမြန်းစစ်ဆေးတာ၊ အရေးတယူလုပ်တာ ဘာမှမရှိဘဲနဲ့ KIA ကပဲ ကျနော်တို့ကို ခေါ်ပြီး သတိပေးတာ ခံလိုက်ရတယ်။ အဲဒီလိုဆိုတော့ ကျနော်တို့ အနေနဲ့က တိုင်လား တောလား လုပ်လည်း ဘာမှမထူးဘူးဆိုတဲ့ သဘောပဲလေ” လို့ ဆိုပါတယ်။

KIA နဲ့ အစိုးရတပ်မတော်တို့ရဲ့ ဒီလို တရားမဝင် ငွေတောင်းခံမှု၊ လူစုဆောင်းမှုတွေ အပြင် ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများနဲ့ အာဏာပိုင် အဖွဲ့အစည်းများရဲ့ ဘာကြေး ညာကြေး ကောက်ခံမှုတွေကလည်း ဒေသခံတွေကို ပိုပြီးတော့ စိတ်ဖိစီးစေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကျေးရွာ လုံခြုံရေးအတွက် ကင်းကြေး၊ ပညာရေး အမည်တပ်ပြီး တောင်းယူတဲ့ ဆရာကန်တော့ကြေး၊ ကျောင်းပရိဘောဂကြေး စသဖြင့် တံဆိပ်အမျိုးမျိုးတပ် တောင်းယူမှုတွေက တနှစ်ပတ်လုံး လက်မလည်အောင် ရှိနေတယ်လို့ ဆိုပါတယ်။

“နိုင်ငံတကာကနေ ဒေါ်လာ သန်းဘယ်လောက် လှူတယ်ဆိုတာလည်း ကြားရတယ်။ နောက် အစိုးရကလည်း ပညာရေးအတွက် ဘယ်အတိုင်းအတာအထိ တိုးမြင့်လိုက်မယ် ဆိုတာတွေလည်း ကြားရတယ်။ ဒါတွေ ကြားရတော့ ကျနော်တို့ ပြည်သူလူထု အပေါ်မှာ ကောက်ခံငွေ လျှော့မလားလို့ မျှော်နေတာ။ တကယ်တမ်းက ဘာမှ ထူးခြားမလာဘူး။ မထူးဘူးဆိုတော့ ပြောဖို့ လိုတယ်၊ စွန့်စားပြီး ပြောရမှာပဲ” လို့ ကုန်းတိမ်ကျေးရွာ ဒေသခံတဦးက ဆိုပါတယ်။

အများပြည်သူ အသုံးပြုတဲ့ လမ်းတွေကို အဆင့်ဆင့် ပိတ်ပြီး အကြာင်းအမျိုးမျိုးပြ ငွေကြေး ကောက်ခံမှုတွေကြောင့် ဒေသခံ ပြည်သူလူထု ဝယ်ယူသုံးစွဲရမယ့် ကုန်ပစ္စည်းတွေသာ ဈေးနှုန်းထပ်ဆင့် မြင့်လာတယ်လို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲ ဖြစ်ပွားနေချိန် ၁ နှစ်ကျော် ကာလအတွင်းမှာလည်း လူနေထိုင်တဲ့ ကျေးရွာတွေအနီးမှာ မြေမြှုပ်မိုင်း ထောင်မှုတွေကြောင့် ကျွဲနွား သေဆုံးမှုနဲ့ ကလေးငယ်တွေ သေဆုံးဒဏ်ရာရမှုတွေ ဖြစ်ခဲ့ရပါတယ်။ အစိုးရ တပ်မတော် စစ်ကြောင်းက မြေမြှုပ်မိုင်း နင်းမိလို့ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ရင် အနီးဆုံးရွာကို ဝင်ရောက် ဖျက်စီးတတ်တဲ့အတွက် ကျေးရွာသားများဟာ အစိုးရ စစ်ကြောင်းထိုးလာရင် ကျေးရွာတွေကနေ ခေတ္တပုန်းရှောင်ပေးရတယ်လို့ ဆိုပါတယ်။

“KIA က မြေမြှုပ်မိုင်းကို ရွာနားမှာ လာထောင်တယ်။ စစ်ကြောင်းက နင်းမိလို့ ပေါက်ကွဲရင် ရွာကို ဝင်ကြမ်းတယ်။ မီးရှို့တယ်။ နောက်တော့ ရွာသားတွေကို လမ်းပြဆိုပြီး ချောဆွဲတယ်။ မိုင်းနင်းမိလို့ သေတဲ့ ရဲဘော်တွေကို ရွာထဲမှာပဲ ဖြစ်သလို မြေမြှုပ်တာတွေ လုပ်တော့ ရွာကလူတွေက မနေရဲတော့ဘူး” လို့ ဗန်းမော်မြို့နယ် တိုင်းလိုင် အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီက ဧရာဝတီကို ပြောပါတယ်။

မတ်လ ၁၁ ရက်နေ့မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီတို့ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ထပ်မံတွေ့ဆုံဆွေးနွေးကြပါတယ်။ အခုတကြိမ် တွေ့ဆုံမှုဟာ ပြည်ထောင်စုအဆင့် ၃ ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပြီးတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းနဲ့ အလွတ်သဘော ၁၀ ကြိမ်ခန့် တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။ စားပွဲဝိုင်းပေါ်မှာ ဒီလို ဆွေးနွေးကြတဲ့အခါ စစ်နဲ့ ငြိမ်းချမ်းရေးရဲ့ အကျိုးသက်ရောက်မှုကို အမှန်တကယ် ခံစားရမယ့် ဒေသခံ ပြည်သူလူထုတွေကို သေချာ ထည့်သွင်း စဉ်းစားကြရဲ့လားလို့ ဒေသခံများက သံသယဖြစ်နေဆဲ ဖြစ်ပါတယ်။

“ကျနော် ပြောချင်တာက ပင်လုံစာချုပ်အတွက် သူတို့ စစ်တိုက်နေကြတာဆိုရင် အဲဒီ ပင်လုံစာချုပ်ကို ယူပြီး သူတို့ နေရာ၊ သူတို့ ဌာနချုပ်မှာပဲ သွားတိုက်ပါ။ ကျနော်တို့ ရွာအနီးအနားမှာ လာမတိုက်ကြပါနဲ့လို့ ပြောချင်ပါတယ်” လို့ ကုန်းတိမ်ကျေးရွာ ဒေသခံတဦးက ဆိုပါတယ်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading