[irrawaddy_gallery]
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် အရှေ့ဘက်ကမ်း၊ သလဲဦးရွာ အုပ်စုအတွင်းရှိ အင်းတိုင်းရင်းသားပိုင် လယ်ယာခြံမြေနှင့် သာသနိက နယ်မြေ ၆၂၂ ဧကကို ၂၀၁၂ ခုနှစ်အတွင်းက “အင်းလေးကန် ဟိုတယ်ဇုန်” မြေယာဖော်ဆောင်ရေးအတွက် သမ္မတ ဦးသိန်းစိန်၏ လမ်းညွှန်ချက်ဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့က သိမ်းယူခဲ့သည်။
ထိုသို့ သိမ်းယူခြင်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရ အတွင်းရေးမှူး ဦးရဲအောင်နိုင်က “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၃၆) မှာ စီးပွားရေးနှင့် ပတ်သက်တဲ့ မူဝါဒတွေကို ပြဌာန်းထားပါတယ်။ ဥပဒေ ပုဒ်မ (၃၇) မှာ ပြဌာန်းထားတာ ကတော့ နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ် ရေအောက်နှင့် လေထု အတွင်းရှိ သယံဇာတ ပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်သည်လို့ ဒီလို ဖော်ပြ ပြဌာန်းထားကို တွေရှိရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ထိုသို့ သိမ်းယူပြီးနောက် ဟိုတယ်ဇုန် တည်ဆောက် အကောင်အထည်ဖော်မည့် မြေနေရာအား ပြည်ထောင်စုအစိုးရ သစ်တောဦးစီးဌာနမှ ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ နှစ် ၃၀ ဂရမ်ဖြင့် ငှာရမ်းခြင်းဖြစ်သည်ဟု သိရသည်။
ယင်းကဲ့သို့ မြေ ၆၂၂ ဧက သိမ်းယူရာတွင် ကျေးရွာ ၆ ရွာမှ တောင်သူ ၈၃ ဦး၏ စိုက်ပျိုးမြေ ဧရိယာ ၁၂၀.၈၉ ဧကနှင့် သာသနာမြေ ၇၂.၁၈ ဧက စုစုပေါင်း ၁၉၄.၀၇ ဧက ပါဝင်သည်ဟု သိရှိရသည်။ သို့သော် သစ်တောကြိုးဝိုင်း ဖွဲ့စည်းစဉ် ဆိုင်ရာဆိုင်ခွင့် ခွင့်ပြုထားသည့် တောင်သူ ၂၉ ဦး၏ ခြံမြေ ၆.၅ ဧက၊ ယာမြေ ၃၆.၄၂ ဧက စုစုပေါင်း ၄၂.၉၂ ဧက သာရှိခဲ့သည်ဟု ရှမ်းပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အင်းလေးကန် ရေရှည် တည်တံ့စေရေးအတွက် ၂၀၀၀-၂၀၀၁ ခုနှစ်တွင် သစ်တောဦးစီးဌာနမှ အင်းလေးကန် မိုင် ၂၀ ဝန်းကျင် သစ်တော၊ ရေ၊ မြေ၊ သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးအတွက် “အင်းလေးကန် ဘေးမဲ့တော” ဟု သတ်မှတ်ခဲ့သည်ဟု သိရသည်။
“သစ်တောမြေလို့ သတ်မှတ်တာ ဘုန်းဘုန်းတို့ကို အကြောင်းကြားခဲ့တာမျိုးလည်း မရှိဘူး၊ သိလည်း မသိလိုက်ဘူး။ ထင်းခြံတွေက ရှေးစော်ဘွားများ လက်ထက်ကတည်းက စော်ဘွားတွေ၊ ဒကာတွေ လှူဒါန်းထားခဲ့တာ” ဟု အဲယားရွာမမှ ဆရာတော် ဦးနရိန္ဒက မိန့်ကြားသည်။
သာသနိကပိုင် ထင်းခြံများသည် သံဃာများ အဆက်ဆက် ပိုင်ဆိုင်သော ကြီးလေးသော ပစ္စည်းလေးပါး တပါးအပါအဝင် ဖြစ်ကြောင်း၊ ကြီးလေးသော ပစ္စည်းဖြစ်၍ သံဃာတော်များ အနေဖြင့် ဝိနည်းအရ ပေးပိုင်ခွင့်လည်းမရှိ၊ စွန့်ကြဲနိုင်ခြင်းလည်း မရှိကြောင်း ဆရာတော်က မိန့်သည်။
အင်းလေး ဟိုတယ်ဇုန် အသစ်အတွက် အသိမ်းခံထားရသည့် ဘုန်းကြီးကျောင်း ၁၃ ကျောင်း၏ ထင်းစိုက်ခင်းများနှင့် ပတ်သက်ပြီး ယမန်နှစ် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ စီမံဘဏ္ဍာဝန်ကြီးက သံဃာတော်များနှင့် တွေ့ဆုံ ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှု မရခဲ့ကြောင်း သိရသည်။
“ကံ ကံ၏ အကျိုးဟာ ဘယ်သူလုပ်၊ ဘယ်သူခံ၊ အပြစ်ကြီး လွန်းတာကြောင့် လုပ်တဲ့ကံ၏အကျိုး ခံရမှာစိုးလို့ ပြောဆိုခြင်းဖြစ်တယ်၊ တားဆီးခြင်းဖြစ်တယ်” ဟု ဆရာတော် ဦးနရိန္ဒက ဆက်လက် မိန့်ကြားသည်။
ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ အင်း တိုင်းရင်းသား ဝန်ကြီး ဦးဝင်းမြင့်က ထိုဘုန်းကြီးကျောင်း ၁၃ ကျောင်း၏ ထင်းခြံများနှင့် ပတ်သက်ပြီး သင့်လျော်သော နေရာတွင် ပြန်အစားပေးရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ အကြံပြု တင်ပြထားပြီး ဖြစ်ကြောင်း သိရသည်။
သလဲဦး ကျေးရွာအုပ်စုတွင် အင်ကြင်းကုန်း၊ ကန်ပဲ့၊ ဝက်သားကင်၊ ချောင်းပါး၊ ဘုရားဖြူ၊ ညောင်ဝန်း စသည့် ကျေးရွာများ ရှိကြသည်။ ထိုရွာများတွင် နေထိုင်ကြသည့် ဒေသခံ အင်းတိုင်းရင်းသား တောင်သူများ၊ ရွာအနီး ပတ်ဝန်းကျင်ရှိ ကျေးရွာပိုင် ထင်းခြံများနှင့် ဘုန်းကြီးကျောင်း ၁၃ ကျောင်းက ပိုင်ဆိုင်သော ထင်းခြံများအား မှီခိုပြီး အသက်မွေး ဝမ်းကျောင်းကြကြောင်းလည်း သိရှိရသည်။
အင်ကြင်းကုန်းရွာမှ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်နေသည့် မြေ ၁၄ ဧက သိမ်းဆည်းခံခဲ့ရသော ကိုအောင်ကျော်မျိုးက “ဒီလို ဆောင်ရွက်နေတာဟာ ဒေသခံ အင်းသားတွေကို ဒီနေရာမှာ မနေပါနဲ့ ပြောတာနဲ့ အတူတူပဲ။ ခြံယာမြေတွေကိုသာ သိမ်းဆည်းသွားမယ်ဆိုရင် ကျနော်တို့ကို သေဒဏ်ပေးတာနဲ့ တူပါတယ်” ဟု ပြောသည်။
အဆိုပါ အင်ကြင်းကုန်း ကျေးရွာတွင် ကျေးရွာဆိုင်းဘုတ်၏ ဖော်ပြချက်ရ အိမ်ခြေ ၆၃ အိမ်နှင့် လူဦးရေ စုစုပေါင်း ၂၈၃ ဦး ရှိသည်ဟု ဆိုသော်လည်း အမှန်တကယ်တွင် အိမ်ခြေ ၈၀ ခန့် ရှိသည်ဟု သိရသည်။
ဟိုတယ်ဇုန် အတွက် မြေသိမ်းယူရာတွင် သီးနှံလျော်ကြေး ပေးသော်လည်း မြေယာလျော်ကြေး မပေးခဲ့ကြောင်း၊ လျော်ကြေးကို မယူလိုဘဲ ဘိုးစဉ်ဘောင်ဆက် မြေကိုသာ တန်ဖိုးထားသူများလည်း ရှိကြောင်း ဒေသခံများက ပြောသည်။
သီးနှံလျော်ကြေး ယူခဲ့သူတဦးက “သီနှံလျော်ကြေး ရတယ်ဆိုတာလည်း ခဏနဲ့ ကုန်သွားမှာပဲ။ မြေကတော့ သားစဉ်မြေးဆက် လုပ်ကိုင် စားသောက်လို့ ရတယ်။ အထက်က အမိန့်နဲ့ အဆင့်ဆင့်ဆိုတော့ လက်မခံလို့ မရဘူးလေ။ တရားဥပဒေရ လုပ်ထုံးလုပ်နည်း လုပ်ဆိုတော့ ဆင်းရဲတဲ့ အင်းတောင်သူတောင်သားများ အနေနဲ့ ဥပဒေ အကြောင်းကိုလည်း နာမလည်ဘူး။ အဲဒါကြောင့် ဒီတခါ သီးနှံလျော်ကြေးပေးရင် ယူမှဖြစ်မယ်ဆိုပြီး ကျုပ်တို့က ယူခဲ့ရတာပေါ့” ဟု ဆိုသည်။
ထိုဒေသတွင် မြေတဧကလျှင် ကျပ် သိန်း ၁၀၀ မှ ကျပ်သိန်း ၃၀၀ ကျော်အထိ တန်ဖိုးရှိကြောင်း ဒေသခံများက ပြောကြားသည်။
ပြီးခဲ့နှစ် ဒီဇင်ဘာလအတွင်း ဟိုတယ်ဇုန်လုပ်ငန်း ဆောင်ရွက်နေခြင်းကို ဒေသခံ အင်းတိုင်းရင်းသားများနှင့် သံဃာတော်များက ၎င်းမြေနေရာကို သာသနာ့အလံများ စိုက်ထူခဲ့ခြင်းဖြင့် မိမိတို့ ဆန္ဒကို ဖော်ပြခဲ့သည်။
ယခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့များအတွင်း ဟိုတယ်စီမံကိန်းကို စက်ယန္တရားကြီးများဖြင့် ဆက်လက် ဆောင်ရွက်နေခြင်းကြောင်း၊ ဒေသခံ အင်းသူအင်းသားများက စက်ယန္တရားကြီးမျာရှေ့တွင် ပိတ်ဆို့ကာ လုပ်ငန်း ရပ်နားပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
ထိုအခါ တောင်ကြီးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကောင်းစံဦး ရောက်ရှိလာပြီး ဒေသခံများ၏ တောင်းဆိုမှုများအား ပြည်နယ်အစိုးရသို့ တင်ပြပေးမည်၊ ယခု လုပ်ငန်းများ ရပ်နားပေးမည်ဟု ဆိုသဖြင့် ဒေသခံများ၊ သံဃာတော်များက ဆန္ဒထုတ်ဖော်မှုများ ရပ်နားခဲ့သည်။
“အင်းသူအင်းသားတွေဟာ ယခင် တပ်မတော်အစိုးရ လက်ထက်မှာလည်း ပြောရေးဆိုခွင့် မရှိဘူး။ ပြည်တွင်း သောင်းကျန်းသူများရဲ့ လက်နက်အားကိုးနဲ့ ပြောတဲ့အခါမှာလည်း ပြောခွင့် မရခဲ့ပါဘူး။ ဒီလို ဒီမိုကရေစီ ပွင့်လင်းလာတဲ့အခါ သူတို့ ရင်းထဲက ရှိတာကို ဖော်ပြတယ်လို့ပဲ ထင်ပါတယ်” ဟု အင်း တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဝင်းမြင့်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ရှမ်းပြည်နယ် သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ရာတွင် မြန်မာနိုင်ငံသည် ခေတ်ကာလ အခြေအနေအရ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာခြင်းကြောင့် အင်းလေးကန်ဒေသတွင် ဟိုတယ်များ လိုအပ်လာမှုအပေါ် ဟိုတယ်များကို နေရာအနှံ့ မဟုတ်ဘဲ ဇုန်သဘောမျိုး ခွင့်ပြုတည်ထောင်ခြင်း ဖြစ်ကြောင်း၊ အင်းလေးကန် စိမ်းလန်းစိုပြည်ရေးနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အင်းလေးဒေသနေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပြီး လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး၊ အင်းလေးဒေသ ရိုးရာယဉ်ကျေးမှုနှင့် သဘာ၀ အမွေအနှစ်များကို လာရောက်လေ့လာသည့် ပြည်တွင်း၊ ပြည်ပ ဧည့်သည်များအား ဂုဏ်သိက္ခာရှိရှိဖြင့် ဧည့်ဝတ်ကျေပွန်ရန်အတွက် ဟိုတယ်လုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဦးဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
အင်းလေးဒေသသို့ ယမန်နှစ်တွင် နိုင်ငံခြား ခရီးသွား ဝင်ရောက်မှု ၁ သိန်းကျော် ရှိကြောင်း၊ ယခုနှစ် ဇန်နဝါရီလတွင် ၆ သောင်းကျော် ရှိကြောင်း သိရသည်။
ပြည်နယ် အစိုးရ အတွင်းရေးမှူး ဦးရဲအောင်နိုင်က “အင်းလေးဒေသရဲ့ယဉ်ကျေးမှုတွေကို အလိုလိုနေရင်း ကမ္ဘာကို သယ်ဆောင်သွားမှာ ဖြစ်ပြီး ဒီလုပ်ငန်းဟာ အင်မတန် အကျိုးရှိတာကို တွေ့ရပါတယ်။ နောက်တခုက တောင်ကြီးခရိုင် ၁၀ မြို့နယ်မှာ ညောင်ရွှေမြို့နယ်ဟာ တဦးချင်းဝင်ငွေ အနည်းဆုံး ဖြစ်ပါတယ်။ ဝန်ဆောင်မှု လုပ်ငန်းကို တိုးမြှင့်မှ တဦးချင်းဝင်ငွေ တိုးလာမှာ ဖြစ်ပါတယ်” ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့ ညောင်ရွှေမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ရှင်းလင်း ပြောကြားခဲ့သည်။
အစိုးရသစ် လက်ထက် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင် ဟိုတယ်လုပ်ငန်းများကို မြန်ဆန်စွာ အကောင်အထည်ဖော်ရမည် ဖြစ်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုနှင့် လူမှုဘဝ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ပြုလုပ်မည် ဖြစ်ကြောင်း၊ ဒေသခံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန် သေချာလျှင် ရှမ်းပြည်နယ် အစိုးရ လုပ်သင့်လုပ်ထိုက်သည်ကို လုပ်မည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။
စီမံကိန်းကို စောင့်ကြည့်လေ့လာသည့် ဒေသခံများကလည်း စီမံကိန်းကို ရှမ်းပြည်အစိုးရအဖွဲ့က အတင်းအကျပ် အကောင်အထည် ဖော်ခြင်းကြောင့် ပြဿနာများ ပေါ်ပေါက်နေကြောင်း၊ နောင်တွင် ပြဿနာများ ပေါ်ပေါက်ပါက ဒေသခံ အင်းသူအင်းသားများအတွက် မည်သည့်အာမခံချက်မျိုး ပေးမည်ကို မသိရကြောင်း ပြောဆိုကြသည်။
အင်းလေးကန်အတွင်းရှိ ရေသည် လွန်ခဲ့သည့် နှစ်ကာလများတွင် စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများ အလွန်အကျွံ အသုံးပြုခဲ့ခြင်းကြောင့် သောက်သုံးနိုင်သော အဆင့်တွင် မရှိကြောင်း၊ ထို့ကြောင့် ဒေသအတွင်းရှိ ရွာပေါင်း ၄၀ ကျော်သည် ပတ်ဝန်းရှိ ရေထွက်များမှ ရေကိုသာ အားထားနေရကြောင်း သိရသည်။
အင်းလေးကန် ပတ်ဝန်းကျင်တွင် ရေထွက် အများစုရှိကြောင်း၊ ဟိုတယ်ဇုန် စီမံကိန်း ဧရိယာအတွင်းရှိ ညောင်းဝန်းရေထွက်သည် ရေထွက်အား ကောင်းမွန်သောကြောင့် ပိုက်များဖြင့် သွယ်ပြီး သောက်ရေသုံးရေအဖြစ် အားထားနေရကြောင်းလည်း သိရှိရသည်။
ဒေသခံများ ပြောသည့် ရေထွက်ဆိုသည်မှာ အမြင့်နေရာများမှ မိုးရေများ စီးဝင်လာပြီး ရေဝေရေလဲတခုအဖြစ် မြေအောက်ရေ အသွင်ဖြင့် အလိုအလျောက် ပြန်လည်ထွက်လာသော မြေအောက်ရေ၏ ရေထွက်ရာနေရာ ဖြစ်သည်။
အင်းလေးကန်ဒေသ ဖွံ့ဖြိုးရေးအသင်းမှ အမှုဆောင် ဦးသာထိုးက “အင်းအရှေ့ပိုင်း၊ အလယ်ပိုင်း၊ အနောက်ပိုင်းရော ရွာပေါင်း ၄၀ ကျော် ၅၀ လောက်က နေ့စဉ် ရေပေါ်နေပြီး ရေငတ်ရတဲ့ အဖြစ်မျိုးနဲ့ ကြုံတွေနေရမှာပါ” ဟု ပြောသည်။
ဒေသခံများကို သီးနှံလျော်ကြေးပေးရန် ကိစ္စ ဆွေးနွေးရာတွင် အစိုးရ ကိုယ်စားလှယ် အရာရှိကြီးတဦးက ဒေသခံများအား အကျိုးအကြောင်းကို သေချာစွာ ရှင်းလင်းပြခြင်း မရှိဘဲ “မြေတွေ၊ ရေတွေ၊ လေတွေဟာ နိုင်ငံတော်ပိုင်တယ်။ မင်းတို့ သေသွားခဲ့ရင် သချုႋင်းမြေကိုတောင် မင်းတို့မပိုင်ဘူး” ဟု ပြောဆိုခဲ့ကြောင်း အဆိုပါပွဲသို့ တက်ရောက်ခဲ့သူများက ပြောသည်။
ယခု ဖေဖော်ဝါရီလ အတွင်းကလည်း မြေသိမ်းခံ တိုင်းရင်းသားများနှင့် လွှတ်တော် မြေယာတိုင်ကြားမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့ တွေ့ဆုံခဲ့ကြောင်း၊ ကော်မရှင်က လွှတ်တော်သို့ တင်ပြပေးမည်ဖြစ်သော်လည်း အစိုးရကသာ ဆုံးဖြတ်ပေးမည်ဟု ပြောဆိုကြောင်း သိရသည်။
ယခုနှစ်အစောပိုင်းတွင် “အခုအချိန်မှာက ဟိုတယ်ဇုန်သွင်းငွေတွေ မရသေးဘူး။ ရတဲ့အချိန်ကျရင်တော့ များရင်များသလောက် လျော်ကြေးငွေများမယ်။ နည်းရင်တော့ သင့်သလောက်ရမယ်။ ကျနော် ကြားတာတော့ ဟိုတယ်တွေက ခေတ်ကာလ နှုန်းထားအတိုင်း သွင်းငွေတွေ သွင်းမယ်ဆိုတော့ ဒေသခံတွေ မနစ်နာရပါဘူးလို့ ကျနော် ထင်ပါတယ်” ဟု ဝန်ကြီးက ဧရာဝတီသို့ ပြောထားဖူးသည်။
စောင့်ကြည့်လေ့လာသူများက စီမံကိန်း ပွင့်လင်းမြင်သာရေး၊ သိမ်းဆည်း မြေယာများအတွက် ဒေသခံများကို ထိုက်တန်သည့် လျော်ကြေးများပေးရေး၊ သာသနိကပိုင် မြေများအတွက် ပြည်နယ်အစိုးရ၏ ကိုင်တွယ်မှုများကို ထောက်ပြ ဝေဖန်ကြသည်။
ဒေသခံ တိုင်းရင်းသားများကလည်း လျော်ကြေးငွေ ကိစ္စ ထပ်မံတောင်းဆိုမှု ပြေလည်ရေး၊ အသက်မွေး ဝမ်းကျောင်းမှုအတွက် အနာဂတ် အလုပ်အကိုင်အရေးမှသည် ရေထွက်ပေါက်များ ဟိုတယ်ဇုန်အတွင်း ပါသွား၍ ရေလယ်တွင်နေပြီး ရေငတ်မည့်အရေးအထိ စိုးရိမ်ပူပန်လျက်ရှိနေကြသည်။ ။