“သမ္မတကိုယ်တိုင် ဖိတ်ခေါ်နေတာတောင် ခင်ဗျားတို့က ဘာကြောင့် ပြန်မလာသေးတာလဲ” ဆိုပြီး သမ္မတဦးသိန်းစိန်အဖွဲ့နဲ့ နော်ဝေခရီးစဉ်အတွင်း လိုက်ပါလာတဲ့ မီဒီယာသမားတဦးက တောခိုကျောင်းသားဟောင်းတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ စစ်ပြေးဒုက္ခသည်တွေကို မေးပါတယ်။
အချက်နှစ်ချက် တွေ့ပါတယ်။
ပထမတချက်က သမ္မတက နှုတ်နဲ့သာ ဖိတ်ခေါ်နေပြီး ဥပဒေအရ၊ လုပ်ထုံးလုပ်နည်းအရ ဘာမှ အဆင်သင့်ပြင်ထားတာ မရှိသေးဘူး။ ဆိုလိုတာကတော့ အော်စလိုမှာ လုပ်တဲ့ သမ္မတ နဲ့ တွေ့ဆုံပွဲအတွင်း တောခိုကျောင်းသားဟောင်းတဦးမေးခဲ့သလို လက်နက်ကိုင်အဖွဲ့မှာ ပါဝင်ခဲ့သူတွေ၊ မတရားအသင်းအဖြစ် ကြေညာခံထားရတဲ့အဖွဲ့ဝင်တွေ၊ နာမည်ပျက် စာရင်းသွင်း ခံထားရသူတွေကိစ္စကို အစိုးရက အခုထိ ရှင်းရှင်းလင်းလင်း မလုပ်ပေးသေးဘူးလို့ သူတို့က ထောက်ပြပါတယ်။
”ဒါပေမယ့် (သမ္မတရုံးဝန်ကြီး) ဦးစိုးသိန်းက အပြောသက်သက်တော့ မဟုတ်လောက်ဘူးဗျ။ သူပြောပြီး နှစ်ပတ်လောက်အတွင်း ကျနော် ဗီဇာသွားလျှောက်တော့ ၇ ရက်အတွင်း ဗီဇာ ရတယ်ဗျ။ သံရုံးတွေကို သူတို့ ညွှန်ကြားထားပုံ ရပါတယ်” ဆိုပြီး သမ္မတရဲ့ ဥရောပခရီးစဉ်ပြီးမှ ဗီဇာ သွားလျောက်သူတဦးက ပြောပါတယ်။ ဒါပေမယ့် နော်ဝေးအပါအဝင် စကင်ဒီနေဗီးယန်းနိုင်ငံတွေမှာ သံရုံးမရှိသေးတဲ့အတွက် လန်ဒန်၊ ပဲရစ်၊ ဘာလင် သို့မဟုတ် ဘရာဆဲလ်ဖြစ်ဖြစ် အချိန်ကုန်ခံ သွားလျှောက်ရတယ်လို့ သူကဆိုပါတယ်။ ဒါ့အပြင် အရင်ကလို ဆွေ ၇ ဆက်၊ မျိုး ၇ ဆက်အကြောင်း ဖောင်ဖြည့်ခိုင်းတာကိုလည်း သံရုံးက လုပ်နေတုန်း၊ ပြည်ထဲရေးဌာနက ခွင့်ပြုချက်ကိုစောင့်ရမယ်၊ ဘယ်ဌာနကို တင်ပြရဦးမယ်ဆို တာမျိုးတွေလည်း လုပ်နေဆဲပဲလို့ သူကပြောပါတယ်။
ဒီအခက်အခဲက အချိန်ယူပြီး စောင့်နိုင်ရင် အဆင်ပြေသွားနိုင်ပါတယ်။ ဒုတိယ အခက်ခဲကမှ တကယ့် အခက်အခဲလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် တတိယနိုင်ငံရောက် မြန်မာတွေ မြန်မာနိုင်ငံပြန်လည်ဖို့အတွက် မြန်မာနိုင်ငံသားမဟုတ်တော့ဘဲ နိုင်ငံခြားသားအဖြစ်ခံယူထားပြီးဖြစ်တယ်ဆိုတဲ့ သက်သေအထောက်ထားပြနိုင်ဖို့ မရှိမဖြစ် လိုအပ်လာနေလို့ဖြစ်ပါတယ်။
ဒီလုပ်ထုံးလုပ်နည်းကို မသိတဲ့လူ အတော်များများကတော့ နိုင်ငံခြားသားအဖြစ် ခံယူတာဟာ မျိုးချစ်စိတ်မရှိသူတွေရဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုရှယ်မီဒီယာ Facebook တွေပေါ်မှာ ဝေဖန်ရေးသားနေတာကို တွေ့နေရပါတယ်။ တဆက်တည်းမှာဘဲ ဒုက္ခသည်အဖြစ် တတိယနိုင်ငံတွေဆီ ရောက်လာသူတွေဟာ တသက်လုံး ဒုက္ခသည်အဖြစ် ဆက်နေပြီး ဘာအလုပ်မှမလုပ်ပဲ သက်ဆိုင်ရာအစိုးရဆီက လက်ဖြန့် တောင်းစားနေသလို ဝေဖန်ရေးသားနေကြတာကိုလဲ တွေ့နေရပါတယ်။
”အဲဒါတော့ အသေအချာ ရှင်းပြဖို့ လိုမယ်ဗျ။ နော်ဝေရောက်မြန်မာတွေကို သူတို့ အိမ်မပြန်နိုင်မချင်း နော်ဝေအစိုးရက ဆက်လက်စောင့်ရှောက်ပေးထားပါဆိုပြီး ဝန်ကြီးဦးစိုးသိန်း ကိုယ်တိုင် ပြောသွားတာကို ထောက်ရင် ဦးသိန်းစိန်အစိုးရကိုယ်တိုင်က ကျနော်တို့ အခြေအနေကို အသေအချာ နားလည်ထားပုံမရသေးဘူး” လို့ အော်စလို ဆွေးနွေးပွဲကိုတက်ခဲ့တဲ့ တောခိုကျောင်းသားဟောင်းတဦးက ပြောပါတယ်။
ဆိုလိုတာကတော့ တတိယနိင်ငံတွေဆီ ဒုက္ခသည်အဖြစ်ရောက်လာကြတဲ့ သောင်းနဲ့ချီရှိတဲ့ (အမေရိ ကန်၊ ကနေဒါ၊ ဥရောပ၊ နယူးဇီလန်နဲ့ သြစတြေးလျရှိ မြန်မာဒုက္ခသည် အားလုံးပေါင်းရင် တသိန်းဝန်းကျင်လောက်ရှိမယ်) ဒီပုဂ္ဂိုလ်တွေဟာ တတိယ နိုင်ငံမထွက်ခင် ထိုင်းနယ်စပ် က ဒုက္ခသည်စခန်းတွေမှာနေပြီး ကုလသမဂ္ဂအထောက်အပံ့နဲ့နေခဲ့ကြတာမှန်ပေမမယ့် တတိယ နိုင်ငံရောက် ပြီးချိန်မှာတော့ အဲဒီလိုမဟုတ်တော့ပါဘူး။
သက်ဆိုင်ရာနိုင်ငံအလိုက် ဒုက္ခသည်လက်ခံရေး အစီအစဉ်တွေ အနည်းအကျဉ်း ကွဲပြားပေမယ့် အကြမ်းအားဖြင့်က ပထမ တနှစ် နှစ်နှစ်လောက်ကိုပဲ အစိုးရက ထောက်ပံ့ကြေးပေးပါတယ်။ အဲဒီ တနှစ် နှစ်နှစ်အတွင်း သက်ဆိုင်ရာနိုင်ငံရဲ့ ဘာသာစကားကို တတ်အောင်သင်၊ နှစ်နှစ်ပြည့်တာနဲ့ အလုပ်ထဲ ဝင်နိုင်အောင် မောင်းသွင်းပြီး နောက်ထပ် ဘာမှမပေးတော့ပါဘူး။ ဒါကြောင့် တတိယနိုင်ငံရောက်ပြီးသူတိုင်း နှစ်နှစ်လောက်ပဲ ဒုက္ခသည်ဆက်ဖြစ်ပြီး အဲဒီနှစ်နှစ်ကျော်တာနဲ့ သာမန်နိုင်ငံသားတဦးလို ကိုယ်အလုပ် ကိုယ်လုပ် ကိုယ့်ထမင်း ကိုယ်ရှာစားရတဲ့ သဘောပါ။
သူတို့လုပ်ရတဲ့အလုပ်ဆိုတာကလည်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ လုပ်ရတဲ့အလုပ်နဲ့ သိပ်မကွာပါဘူး။ သန့်ရှင်းရေး၊ ဘိုးဘွားရိပ်သာကူညီရေး၊ မူကြိုကလေးထိန်းရေးအပါအဝင် တကယ့်အောက်ခြေသိမ်း အလုပ်တွေလုပ်ပြီး ပင်ပင်ပန်းပန်းနဲ့ ဘဝကို ရုန်းကန်နေတာ တွေ့နေရပါတယ်။ ဒါတွေကို အများ ပြည်သူသိအောင် ဒီပုဂ္ဂိုလ်တွေက သိပ်ထုတ်မပြောချင်တဲ့အတွက် အခုလို အထင်လွဲမှုတွေ၊ တတိယ နိုင်ငံမှာနေပြီး လက်ဖြန့်တောင်းစားနေသူတွေအဖြစ် ဆိုရှယ်မီဒီယာပေါ် ဝေဖန်ခံနေရတာပါ။
အဲ…ရှေ့မှာပြောခဲ့တဲ့အတိုင်း ဒီလူတွေဟာ ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းတွေကနေ ထွက်လာသူတွေ ဆိုမှတော့ သူတို့မှာ မြန်မာနိုင်ငံက နိုင်ငံကူးလက်မှတ် ဘယ်ပါပါ့မလဲ။ ဒုက္ခသည်ဆိုတဲ့ စာတန်းကပ်ပြီး ထွက်လာရတဲ့ဘဝဆိုတော့ တတိယနိုင်ငံတွေဆီရောက်တဲ့အခါမှာ သက်ဆိုင်ရာနိုင်ငံရဲ့ ခရီးသွားခွင့်လက်မှတ်၊ နေထိုင်ခွင့်လက်မှတ်တွေ လုပ်ရပါတယ်။
အဲဒီ ခရီးသွားလက်မှတ်မှာ ဘာရေးထားသလဲဆိုတော့ Except Myanmar လို့ အထင်အရှား ရေးထားပါတယ်။ မြန်မာနိုင်ငံမှအပ တကမ္ဘာလုံးကြိုက်တဲ့နေရာသွားလို့ရတယ်၊ ဒါပေမယ့် မြန်မာပြည် မပါပါ။ ဒီလက်မှတ်နဲ့ ကမ္ဘာပတ် နေကြတဲ့ ပုဂ္ဂိုလ်တွေဟာ အခု မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီ၊ ပြန်လာနိုင်ပြီလို့ ဖိတ်ခေါ်လိုက်တဲ့အခါ Except Myanmar စာအုပ်ကြီးနဲ့ နေရအခက်၊ ပြန်ရအခက် ဖြစ်နေပါတော့တယ်။
ဒီတော့ Except Myanmar စာအုပ်အစား သက်ဆိုင်ရာနိုင်ငံရဲ့ နိုင်ငံသားအဖြစ် လျှောက်ထားကြရပါတယ်။ နိုင်ငံခြားသားဖြစ်မှ မြန်မာသံရုံးက ဗီဇာထုတ်ပေးသလို သက်ဆိုင်ရာနိုင်ငံကလည်း သူ့နိုင်ငံသား ဖြစ်ပြီးမှ မြန်မာနိုင်ငံဆီ ခရီးသွားခွင့်ပြုပါတယ်။ ဒီလို နိုင်ငံသားဖြစ်ဖို့ လျှောက်ထားတဲ့နေရာမှာလည်း တနိုင်ငံနဲ့ တနိုင်ငံ ဥပဒေတွေ၊ အချိန်ကာလတွေ မတူပြန်ဘူး။ တချို့နိုင်ငံတွေက သူ့နိုင်ငံမှာ နှစ်နှစ်ဆက် တိုက်နေပြီးရင်၊ သူတို့နိုင်ငံရဲ့ ဘာသာစကားကိုလည်း သတ်မှတ်ချက် စံချိန်နဲ့အညီပြောတတ်ရင် လျှောက်ခွင့်ရပေမယ့် တချို့နိုင်ငံတွေက ၇ နှစ်နေပြီးမှ လျှောက်ခွင့်ရှိပါတယ်။ အဲဒီလို လျှောက်ထားတဲ့ကာလ၊ စိစစ်တဲ့ကာလကလည်း တနှစ်လောက်ထပ် ကြာပြန်ပါတယ်။
ဒီလိုနဲ့ သမ္မတ ကိုယ်တိုင် ဖိတ်ခေါ်ချိန်မှာတောင် ဒီပုဂ္ဂိုလ်တွေက မောင်ကြီးမပြန်နိုင်ဖြစ်နေကြတယ် ဆိုပါတော့။
ဒီနေရာမှာ မေးစရာရှိတာကတော့ ”နိုင်ငံခြားသားအဖြစ် မခံယူပဲ၊ အဲဒီနိုင်ငံတွေဆီက ဘာမှမယူပဲနဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်က ကျောင်းသားဘဝတုန်းက အိမ်ကနေ စထွက်သွားစဉ်ကလို လက်ချည်းဗလာနဲ့ အပြီး ပြန်လာလို့မရဘူးလား”ဆိုတဲ့ မေးခွန်းပါ။
တကယ်တော့ ပြန်လာဖို့ ဖိတ်ခေါ်နေတာဟာ သမ္မတနဲ့ ဝန်ကြီးအဖွဲ့တင်မကပါဘူး။ မင်းကိုနိုင်တို့ ၈၈ အဖွဲ့ကလည်း အပြင်က ရဲဘော်တွေပြန်လာပြီး တတ်နိုင်တဲ့ဖက်က ဝိုင်းကူကြပါလို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီလို ဖိတ်ခေါ်တဲ့အခါ ”ကလေးတွေရဲ့ ပညာရေးကိစ္စ ရှိသေးတယ်လေ” လို့ သူ့ရဲ့ ရဲဘော်ဟောင်းတွေက ဖြေကြတယ်လို့ မင်းကိုနိုင်က အော်စလိုတွေ့ဆုံပွဲ အ တွင်းပြောပြခဲ့ပါတယ်။
ဆိုလိုတာကတော့ အချိန်ကာလ ၂၅ နှစ်ကြာပြီးတဲ့အခါ ရာစုနှစ်ရဲ့ ၄ ပုံ ၁ ပုံကို နယ်စပ်နဲ့ တတိယနိုင်ငံ တွေမှာ နေထိုင်ဖြတ်သန်းပြီးတဲ့အခါ အသက်တွေကလည်း ၄၀ ကျော် ၅၀ နီးပါးဖြစ်သွားတဲ့အခါ သူတိုရဲ့ စဉ်းစားပုံတွေဟာ လွန်ခဲ့တဲ့ ၂၅ နှစ် ကျောင်းသားအရွယ်က စဉ်းစားပုံနဲ့ မတူတော့တဲ့ သဘောပါ။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ အသက်ကြီးသွားတဲ့လူတွေဟာ လူငယ်ဘဝကလို သိပ်မစွန့် စားရဲတော့ဘူးလို့ အဓိပ္ပါယ်ယူနိုင်ပါတယ်။
”ကျနော်ကတော့ အဲဒီလို အပြီးစွန့်ပြီး မပြန်ရဲသေးဘူးဗျ။ ဥပဒေအရလည်း ဘာမှ အာမခံချက်မရှိသေး၊ အပြောင်းအလဲဆိုတာကလည်း ဘာမှ မသေချာသေးဆိုတော့ အချိန်မရွေး အဖမ်းခံရနိုင်တယ်။ ဒီတော့ လောလောဆယ်မှာ သွားလိုက် လာလိုက်ပဲ ကောင်းပါတယ်ဗျာ” လို့ နိုင်ငံခြားသားခံယူပြီးမှ ဗီဇာသွားလျှောက်တဲ့ပုဂ္ဂိုလ်က ပြောပါတယ်။
အဝေးရောက် မြန်မာ အများစုက ဒီပုဂ္ဂိုလ်လိုပဲ စဉ်းစားနေကြသလား။ ဒါမှမဟုတ် အပြီး စွန့်ပြီး ပြန်မယ့်လူတွေကော ရှိမလား။ နောက်တခါ ဒီဒုက္ခသည်တသိန်းဝန်းကျင်ပြန်ရေး မပြန်ရေးကိစ္စက ဦးသိန်းစိန်အစိုးရက ပြသချင်နေတဲ့ အပြောင်းအလဲဆိုတာအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ဆိုတာအတွက် ဘယ်လောက် အရေးပါနေလို့လဲ။
ဘာပဲဖြစ်ဖြစ် အမေရိကန်နိုင်ငံပြီးရင် မြန်မာဒုက္ခသည် အများဆုံးလက်ခံထားတဲ့ နယူးဇီ်လန်နဲ့ သြစတြေးလျက မြန်မာမိသားစုတွေနဲ့ တွေ့ရင် အထက်ပါ အခက်အခဲ အတားအဆီးတွေ၊ မယုံသင်္ကာမှုတွေအတွက် သမ္မတနဲ့ဝန်ကြီးအဖွဲ့က တစုံတရာ ထည့်သွင်း စဉ်းစားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။