ရှမ်းပြည်နယ် မြောက်ပိုင်းတခွင်အတွင်း ၂၀၁၂ ခုနှစ်က စပြီး ပေါ်လာတဲ့ ကိုယ်ထူကိုယ်ထ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တွေထဲမှာ မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲက မုန်းပေါ်ကျေးရွာအုပ်စုရှိ “အမေများအဖွဲ့” လို့ လူသိများတဲ့ “မုန်းပေါ် ပြည်သူလူထု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအသင်း” လည်း အပါအဝင်ဖြစ်ပါတယ်။
အစိုးရ အနေနဲ့ မူးယစ်တိုက်ဖျက်ရေးတွေ လုပ်ပေမဲ့လည်း ထိရောက်မှု မရှိဘူးလို့ အမေများအဖွဲ့က ပြောပါတယ်။ အုပ်ချုပ်ရေး ကောင်းကောင်း မရှိတဲ့နေရာတွေမှာ မူးယစ်ဆေး ရောင်းဝယ်မှု၊ သုံးစွဲမှုတွေ ပြန်လည် ခေါင်းထောင်လာတယ်လို့ အမေများအဖွဲ့က ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။
“အရင်တုန်းက မုံးပေါ် ဈေးတခွင်မှာ ရောင်းတဲ့သူ ၁၀ ဦးပဲရှိတာ၊ အခုက ၃၃ ယောက်၊ ဟိုတလောက တယောက်ကို ဖမ်းလိုက်တော့ ၃၂ ယောက် ဖြစ်သွားတယ်” လို့ အမေများအဖွဲ့က အတွင်းရေးမှူး ဒေါ်အက်စ်သာက ပြောပါတယ်။
အမေများအဖွဲ့ဟာ ပထမ ပညာပေးတာ၊ ဒုတိယအဆင့် သတိပေးတာ၊ တတိယအဆင့် ဖမ်းဆီးပေးပြီး အရေးယူဖို့ လုပ်ဆောင်ပေးပါတယ်။ ရွာစဉ်လည်ပြီး ပြဇာတ်တွေ၊ ဟောပြောပွဲတွေလည်း လုပ်နေပါတယ်။ အမေများအဖွဲ့က ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေကို ၂ လ တခါလောက် မုန်းပေါ်ဈေးနေ့ ပြည်သူတွေရှေ့မှာ မီးရှို့ဖျက်ဆီးပါတယ်။
မုန်းပေါ်တဝိုက် အမေများအဖွဲ့ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိုယ်ထူကိုယ်ထ အစီအစဉ်ဟာ အာဏာပိုင်များရဲ့ အားပေးမှု မရတဲ့အပြင် သွယ်ဝိုက် ခြိမ်းခြောက်မှုတွေတောင် ခံရတယ်လို့ သိရပါတယ်။
မူးယစ်ဆေးရောင်းတဲ့သူတချို့ရဲ့ နေအိမ်တွေကို ဝင်ရှာတဲ့အခါ ရဲစခန်းကို အကြောင်းကြားတာ၊ ရပ်ကွက်လူကြီးကို အကြောင်းကြားတာတွေကို လုပ်ကြတယ်လို့ ဒေါ်အက်စ်သာက ဆိုပါတယ်။
“၂၀၁၃ ဖေဖော်ဝါရီမှာ အိမ်တအိမ်ကို ဝင်ရှာတုန်းက အဲဒီအိမ်ရှင် ပြောတာက ရဲခေါ်လိုက်မယ်တဲ့။ ရယက လူကြီးကိုလည်း ခေါ်လိုက်မယ်ဆိုတော့ ဘာသဘောလဲ။ အာဏာပိုင်တွေက သူတို့ဆီက ဘာတွေ ယူထားကြသလဲ။ ပြီးတော့ ရဲတွေက မင်းကို သတ်ချင်တဲ့သူတွေ ရှိတယ်လို့လဲ ပြောတော့၊ ကျမ အထင်ပေါ့၊ အဲဒါက သူတို့ ထမင်းအိုးလားပေါ့။ သူတို့ ထမင်းအိုးမို့လို့ မကြိုက်ဘူးဆိုလည်း ကျမကတော့ လုပ်ရမှာပဲလို့။ သေမှာမကြောက်လို့ လုပ်တာလို့။ ကျမသေသွားလည်း ကျမ နာမည်မပျက်ဘူး၊ နာမည်မသေဘူးလို့ ပြန်ပြောလိုက်တယ်” လို့ ဒေါ်အက်စ်သာက ပြောပါတယ်။
သက်သေနဲ့ အသေအချာ ဖမ်းမိတဲ့ တရားခံများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်တွေဆီ ပို့တဲ့အခါ တရားခံစရိတ်ကို အမေများအဖွဲ့ကပဲ စိုက်ထုတ်ပေးနေရလို့ အမေများအဖွဲ့နဲ့ အာဏာပိုင်တွေအကြား အခြေအတင် ဖြစ်ကြတယ်လို့ သိရပါတယ်။
အရေးယူဆောင်ရွက်ရမယ့် တာဝန်ရှိသူ အာဏာပိုင်တွေက “ဆရာမရယ် ရွာဥက္ကဌနဲ့ပဲ ပြီးအောင် လုပ်လိုက်ပါလား” လို့ အာဏာပိုင်တွေက သူ့ကိုပြောတာ ကြုံဖူးတယ်လို့ ဒေါ်အက်စ်သာ ပြောပါတယ်။
ဒေသတွင်းမှာရှိတဲ့ ပြည်သူ့စစ်အဖွဲ့များကလည်း ၎င်းတို့ ပိုင်နက်နယ်မြေတွေထဲမှာပဲ လုံခြုံရေးတာဝန်ယူပေးနိုင်ကြပါတယ်။ ပိုက်နက်ကနေ ကျော်ရင် တခြားပြည်သူ့စစ်၊ အစိုးရ တပ်တွေနဲ့ ထိပ်တိုက်တွေ့ပြီး အထင်လွဲ ပစ်ခတ်မှုတွေ ဖြစ်မှာစိုးလို့ ပြည်သူ့စစ်အဖွဲ့ဆီကနေလည်း အကူအညီရတာ သိပ်မရှိဘူးလို့ သိရပါတယ်။
မုန်းပေါ် ပြည်သူ့စစ်ခေါင်းဆောင် ဦးကိန်မိုင်ကတော့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့နဲ့ မှန်မှန်ကန်ကန် လုပ်ဖို့အကြံပြုပြီး အမေများအဖွဲ့ရဲ့ လှုပ်ရှားမူမှာသုံးဖို့ ကျပ်ငွေ ၂ သိန်းပေးတယ်လို့ ဆိုပါတယ်။
မူးယစ်ဆေး တိုက်ဖျက်ရေးအတွက် အမေများ အဖွဲ့ကို အကူအညီပေးဖို့ ပြည်သူ့စစ်တွေ လိုက်ပါပေးရရင်လည်း တကြိမ်မှာ ၃ ဦး၊ ၄ ဦးလောက်ပဲ လိုက်ပါနိုင်တယ်လို့ သိရပါတယ်။
မုန်းပေါ်တခွင် စာရင်းအရ ရွာ ၁၆ ရွာမှာ မူးယစ်ဆေး ရောင်းချရသူ ယခင် ၆၉ အိမ်ကနေ ယခု ၅၇ အိမ်၊ ယခင် မူးယစ်ဆေး သုံးစွဲသူ ၄၃၈ ဦးကနေ ယခု ၁၃၆ ဦးအဖြစ် ကျဆင်းလာပေမယ့် ကျန် မြို့ဘက်ကျတဲ့ အပိုင်းတွေမှာတော့ မူးယစ်ဆေး ရောင်းချသူနဲ့ သုံးစွဲသူ စာရင်းတွေ တက်လာနေတယ်လို့ ဆိုပါတယ်။
စာရင်းတိုးပွားလာရခြင်းကတော့ ရွာခံတွေက အရင်ကလောက် တက်တက်ကြွကြွ ပါဝင်မှု မရှိတော့ကြောင်း၊ အထူးသဖြင့် တရုတ်လူမျိုးများဖြစ်ပြီး ၂၀၁၃ ဘက်မှာတော့ လုံးဝ ပူးပေါင်းပါဝင်မှု မရှိတော့ကြောင်း သိရပါတယ်။
အစောပိုင်းကာလများက အမေများအဖွဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ရွာစည်လှည့်လည်ရင် လူအင်အား ၁၅၀ လောက်ရှိပေမယ့် ယခုနှစ်ထဲမျာတော့ တခါထွက်ရင် အင်အား ၅၀ ပြည့်ဖို့ မနည်း ကြိုးစားနေရတယ်လို့ ဆိုပါတယ်။
တလမှာ ၆ ကြိမ်လောက် ရွာစဉ်လှည့်လည် တောင်ရွက်ဖို့ ရည်မှန်းထားပေမယ့် ယခုနှစ်မှာတော့ ၃ ကြိမ်ပဲ လှည့်လည် ဆောင်ရွက်နိုင်သေးတယ်လို့ သိရပါတယ်။
“အခု မူးယစ်တိုက်ဖျက်ရေးလုပ်တာ မပါတဲ့သူတွေက မပါတော့ဘူး။ တရုတ်တွေလည်း မပါတော့ဘူး။ ရောင်းတဲ့သူတွေက တခြားလူမျိုး၊ သောက်တဲ့သူတွေက တခြားလူမျိုး” လို့ ဒေါ်အက်စ်သာက ပြောပါတယ်။
မူးယစ်ဆေး သုံးစွဲမှုကြောင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ HIV/AIDS ဖြစ်ပွားတဲ့သူတွေက မုန်းပေါ်တခွင်မှာ များပြားနေပြီး ရွာ ၁၆ ရွာမှာ ရောဂါသည် ၁၅၀ လောက် ရှိနေကြောင်း သိရပါတယ်။
မုန်းပေါ်အမေများအဖွဲ့ဟာ အခုလိုစနစ်တကျ မဖွဲ့ရသေးခင်တုန်းက မူးယစ်ဆေး တိုက်ဖျက်မှုမှာ ခပ်ကြမ်းကြမ်း ကိုင်တွယ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဥပမာ – မူးယစ်ဆေး ရောင်းတဲ့အိမ်၊ မူးယစ်ဆေး ချက်တဲ့ အိမ်တွေကို ဝင်ရောက်ပြီး တဲအိမ်တွေကို ဖြိုပစ်တာ၊ မီးရှို့ပစ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
အဲဒါနဲ့ ပြည်သူ့စစ်တွေက ခေါ်ယူမေးမြန်းတဲ့အခါမှာ “ကျမတို့ဟာ ခံစားနစ်နာ သူများအဖွဲ့” လို့ အကျိုးအကြောင်းနဲ့ ရှင်းပြခဲ့ကြောင်း၊ ပြည်သူ့စစ်တာဝန်ရှိသူများကလည်း ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့ အကြံပြုခဲ့ကြောင်း သိရပါတယ်။
အမေများအဖွဲ့ အခုလို ကြမ်းတမ်းစွာ ကိုင်တွယ်ရတာနဲ့ ပတ်သက်ပြီး အကြောင်းရင်းကလည်း ခိုင်ခိုင်မာမာ ရှိနေပါတယ်။ ရွာတိုင်းမှာ မူးယစ်ဆေးစွဲနေတဲ့ အဖေများ၊ သားများကလည်း အိမ်တွင်းမှာ အိုးခွက်ကအစ မထားရဲအောင် ခိုးယူရောင်းချ သောင်းကျန်း ကြကြောင်း၊ စပါးရှိရင်လည်း စပါး၊ ဆိုင်ကယ်ရှိလျှင်လည်း ဆိုင်ကယ်ကို ရောင်းချပြီး မူးယစ်ဆေး သုံးစွဲကြောင်း၊ ဒါကြောင့်လည်း အမေများအဖွဲ့ဆိုပြီး ၂၀၁၂ သြဂုတ်လမှာ ပေါ်လာရတာဖြစ်ကြောင်း သိရှိရပါတယ်။
“ဘယ်လောက်ဆိုးလဲဆို မိန်းမယူတဲ့ အခါတွေမှာ သုံးတဲ့ (ရိုးရာဓလေ့) ဓားတွေ၊ ရှေးဟောင်းပစ္စည်းတွေ၊ ပုဆိန်တွေ၊ နောက် ရိုးရာလည်ဆွဲတွေ၊ ငွေလည်ဆွဲတွေ၊ စပါးတွေ အကုန်ရောင်းပစ်တာ။ ဓားတွေဆို အဲဒီ ဆေးရောင်းတဲ့အိမ်က ဂုန်နီအိတ် ၃ အိတ်နဲ့ ပြန်ရတယ်” လို့ ဒေါ်အက်စ်သာက ပြောပါတယ်။
ပြန်လည်သိမ်းမိတဲ့ ဓားတွေကိုတော့ ပိုင်ရှင်ရှိရင် ပြန်ပေးပြီး ပိုင်ရှင်မပေါ်တော့တဲ့ ဓားတွေကိုတော့ ပြတိုက်လိုမျိုးလုပ်ပြီး နောင်လာနောင်သားတွေ မမှားရအောင် ပြထားဖို့ အစီအစဉ်ရှိကြောင်း သိရပါတယ်။
ဆေးစွဲတဲ့ အမျိုးသားတွေ သောင်းကျန်းပုံကတော့ အာလူးတောင် မလှန်းရဲဘူးလို့ ဆိုပါတယ်။ လှန်းထားတဲ့ အာလူးတွေတောင် ကောက်ပြီး မူးယစ်ဆေးနဲ့ လဲသောက်ကြလို့ပါတဲ့။
လက်ရှိမှာတော့ ၃ နှစ်စီမံကိန်းနဲ့ ၂၀၁၅ မှာ “မူးယစ်အရှင်း” ဆိုပြီး ရည်မှန်းထားကြကြောင်း သိရပါတယ်။
အားပေးထောက်ပံ့တဲ့ အဖွဲ့အစည်းတွေ၊ အကူအညီပေးတဲ့ အာဏာပိုင်တွေ မပါပေမယ့် အမေများအဖွဲ့ကို မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်နေသူတွေကတော့ “အဖွားကြီးတွေ သိပ်တက်ကြွလွန်းနေတယ်” လို့ ပြောရလောက်အောင် လှုပ်ရှားဆောင်ရွက်နေကြကြောင်း သိရှိရပါတယ်။ ။