ဖေဖော်ဝါရီ ၂၅ ရက် အမေရိကန်နှင့် မြန်မာနိုင်ငံအကြား နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးမြှင့် ဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးပွဲသို့ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန စီးပွားဌာန လက်ထောက်ဝန်ကြီး ဂျိုးစ်ဖာနန်ဒက်ဇ် နှင့် မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်တို့ လက်ဆွဲနှုတ်ဆက်ကြခြင်းကို တွေ့ရသည်မှာ မတော်မတည့် ဖြစ်နေသလို တချို့ ခံစားရ၏။
အကြောင်းကား …
ဦးဝင်းအောင်သည် အမေရိကန် ပြည်ထောင်စုက ခရိုနီတဦးဟု စွပ်စွဲမှု ခံရသူ၊ စီးပွားရေး လုပ်ငန်းကြီးတခုကို တည်ထောင် ထားပြီး စစ်ဘက်နှင့် အစိုးရခေါင်းဆောင်များနှင့် ရင်းနှီးသူအဖြစ် နာမည်ပျက် စာရင်း သွင်းခံထားရသူ၊ အမေရိကန်ကုမ္ပဏီများ ၎င်းနှင့် ဆက်စပ်ပြီး စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခြင်းမပြုရန် တားမြစ်ခံထားရသူ၊ ဤသို့သော ပုဂ္ဂိုလ်တဦးနှင့် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးတို့ လက်ဆွဲ နှုတ်ဆက် နေသည့် မြင်ကွင်းမှာ ကိုးရိုးကားယား ပုံရိပ်တခုဟု ဆိုရမည်လား၊ တွေးစရာ ဖြစ်လာသည်။
မြန်မာနှင့် အမေရိကန်ဆက်ဆံရေးသည် ဝိရောဓိအသွင် ဆောင်နေကြောင်း ယင်း လက်မှတ်ရေးထိုးပွဲက ပြသလျှက်ရှိသည်။ အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံအား စီးပွားရေး မျက်နှာစာသစ် ဖွင့်ရန် တိုက်တွန်းနေပြီး ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရန် ကြိုးပမ်းနေသကဲ့သို့ တဘက်ကလည်း မြန်မာနိုင်ငံ စီးပွားရေး၊ နိုင်ငံရေးနှင့် စစ်ရေး ဆိုင်ရာကိစ္စရပ်များတွင် ပြင်းပြင်းထန်ထန် ဝေဖန်နေဆဲဖြစ်သည်။ ကျင့်ဝတ်စံနှုန်းအရ မြင့်မားသည့် အမေရိကန် ကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံပါက မြန်မာ့စီးပွားရေးသည် ပို၍ ပွင့်လင်းလာပြီး ထင်သာ မြင်သာ ရှိလာမည်၊ အကျင့်ပျက် ခြစားမှုများလည်း လျော့ပါးသွားမည်ဟု ယုံကြည်ကြသည်။ သို့သော် အမေရိကန်တို့ ရွေးချယ် အသုံးပြုသည့် နည်းလမ်းများသည် မြန်မာနိုင်ငံအပေါ် ထိရောက်မှု ရှိ မရှိ ဟူသောမေးခွန်းလည်း ပေါ်ထွက်လာပါသည်။
အမေရိကန် သမ္မတ အိုဘားမား သည် ပထမဆုံးအကြိမ် သမိုင်းဝင်ခရီးစဉ်အဖြစ် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့သည်။ ထိုခရီးစဉ်၏ နောက်ဆက်တွဲ အဖြစ် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးစ်ဖာနန်ဒက်ဇ်သည် စီးပွားရေး ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ ရှက်ဗရွန် (Chevron)၊ ဂျင်နရယ်မော်တာ (General Motors)၊ တားဂတ်ကော်ပိုရေးရှင်း (Target Corp.,)၊ ကိုနိုကိုဖိလစ် (Conoco Phillips)၊ ကိတ်တာပီလာ (Caterpillar)၊ ဂျင်နရယ် အီလက်ထရစ် အင်တာနေရှင်နယ် (General Electric International)၊ ဟွန်နီဝဲလ် (Honeywell) နှင့် အီးဘေး (eBay) အစရှိသည့် အမေရိကန် ကုမ္ပဏီများမှ ကိုယ်စားလှယ် ၅၀ ကျော်သည် မြန်မာအစိုးရ အရာရှိများ၊ မြန်မာ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် ရက်သတ္တ တပတ်ကြာ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ကုန်သည်ကြီးများ အသင်းချုပ် ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းအောင်သည် အမေရိကန်တို့၏ “အထူး သတ်မှတ်ထားသော နိုင်ငံသား” (Special Designated Nationals) စာရင်းတွင် ပါဝင်နေခြင်းအပေါ် မစ္စတာ ဂျိုးစ်ဖာနန်ဒက်ဇ်အား မေးမြန်းရာ “ညှိနိုင်းဆောင်ရွက်မှု နည်းနည်း လုပ်ဖို့ လိုပါတယ်” ဟု ဝန်ခံပြောဆိုပြီး “ဒီစာရင်းဟာ ကျနော်တို့ရဲ့ နိုင်ငံခြားရေးပေါ်လစီအတွက် အရေးကြီးတဲ့ လက်နက်ကိရိယာပါ” ဟုလည်း ထိုစာရင်းကို ချီးကျူးသွားသည်။ “လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စ၊ နိုင်ငံရေး အကျဉ်းသားကိစ္စ၊ မြောက်ကိုရီးယား နဲ့ မြန်မာ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ကိစ္စ စသည့် အကြောင်းအရာ များကို ကျနော်တို့ ဆက်လုပ်နိုင်တာ ဟာ ဒီစာရင်းရဲ့ တန်ခိုးပဲ” ဟု ဂျိုးစ်ဖာနန်ဒက်ဇ်က ပြောဆိုသည်။
ဦးဝင်းအောင်သည် ဒဂုန် ကုမ္ပဏီအုပ်စု၏ အကြီးအကဲ ဖြစ်ပြီး သစ်လုပ်ငန်း၊ ရာဘာ၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည်။ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု အားလုံးကို ဖယ်ရှားပေးရန် ဦးဝင်းအောင်က တိုက်တွန်းရာ “ကျနော်တို့ နိုင်ငံသား အများစုရဲ့ အကျိုးကို ရှေ့ရှုပြီး ကျနော်တို့ အပေါ် ပိတ်ဆို့ထားတဲ့ ပိတ်ဆို့မှုအားလုံးကို ပယ်ဖျက်ပေးဖို့၊ ကျနော်တို့ကို အထောက်အပံ့ပေးဖို့၊ ခင်ဗျားတို့ အစိုးရကို ကျနော်တို့ မေတ္တာရပ်ခံပါတယ်” ဟု ပြောဆိုသည်။
မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှုများ လျှော့ပေါ့လိုက်ခြင်းကို အမေရိကန် ကုမ္ပဏီများက ကြိုဆိုသော်လည်း အများစုက ပိတ်ဆို့မှုများကို လုံးဝ ရုပ်သိမ်းခြင်းထက် ယာယီဆိုင်းငံ့ထားသင့်သည်ဟု ပြောဆိုသည်။ ထို့ပြင် မြန်မာပြည်တွင်းဥပဒေ အမြောက်အများ ရှုပ်ရှုပ်ထွေးထွေး ရှိနေခြင်းသည် ရေရှည်ရင်းနှီးမြှုပ်နှံမှုကို အဟန့်အတားဖြစ်စေပြီး အချိန်၊ ငွေကြေးနှင့် လူ့စွမ်းအား အရင်းအမြစ် များကို အလဟဿ ဆုံးရှုံးစေသည်ဟု ဆိုသည်။
“ဒီနေ့ တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုတွေ လုပ်ပြီး၊ နောက်နေ့မှာ ခင်ဗျားတို့ရဲ့ ပစ္စည်းတွေကို သိမ်းယူသွားမယ့် တစ္ဆေတွေ ရှိနေမယ်ဆိုရင် ခင်ဗျားတို့ များများ ရင်းနှီးမြှုပ်နှံတာ မလုပ်သင့်ဘူး” ဟု ကက်တာပီလာ ကုမ္ပဏီ အာရှဌာနခွဲမှ အကြီးတန်း ညှိနှိုင်းရေးမှုး မစ္စတာဒါရင်ဘရွတ်စ်က ပြောဆိုသည်။ “မြန်မာနိုင်ငံမှာ မိုင်းဗုံးတွေမြှုပ်ထားတဲ့ နေရာရှိတယ်၊ အဲဒီအနီးကို ကျနော်တို့ အသာလေး ခြေဖျားထောက်ပြီး သွားရမယ်။ နောက်ပြီးတော့ အဲဒီနေရာမှာ ကျနော်တို့ အလုပ်ကို အမှားအယွင်း မရှိ လုပ်ရမယ်” ဟု ဆက်လက်ပြောဆိုသည်။
အမေရိကန်၏ ကောင်းဆိုးနှစ်မျိုး ရောနေသည့် နိုင်ငံခြားရေး မူဝါဒသည် ယခုအခါ ထင်ထင်ရှားရှား အကောင်အထည်ပေါ်လာပြီဖြစ်သည်။ အမေရိကန်အစိုးရသည် ကုန်သွယ်မှု ပိတ်ဆို့ထားသည့် စာရင်းတွင်ပါဝင်သော မြန်မာနိုင်ငံရှိ ဘဏ်များကို အသုံးပြု၍ အမေရိကန် ကုမ္ပဏီများ၊ NGO များ၊ လုပ်ငန်းရှင်များကို ငွေလွှဲခွင့်ဖွင့်ပေးလိုက်သည်။ လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိသော ဘဏ် ၄ ခု အနက် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး ဘဏ်များသည် အစိုးရပိုင် ဘဏ်များဖြစ်ပြီး အာရှစိမ်းလန်းစိုပြေရေး ဘဏ်နှင့် ဧရာဝတီ ဘဏ်များသည် ပုဂ္ဂလိကပိုင် ဘဏ်များဖြစ်သည်။ အပြန်အလှန်အားဖြင့် ထိုဘဏ်များ အမေရိကန် ဦးဆောင်သော ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစနစ်နှင့် ပြန်ချိတ်ဆက်ခွင့်ရပြီဖြစ်ပြီး ယခင်ကလို တရုတ်၊ စင်ကာပူ၊ မလေးရှားနှင့် ထိုင်းတို့ကို ကြားခံနေစရာ မလိုတော့ချေ။ ဤသို့ အမေရိကန်ငွေကြေးစနစ်အတွင်းသို့ မြန်မာနိုင်ငံအား ဝင်ရောက်ခွင့်ပြုလိုက်ခြင်းသည် မြန်မာနိုင်ငံ၌ အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာရှ စိမ်းလန်းစိုပြေရေး ဘဏ်သည် ဦးတေဇပိုင်ဘဏ် ဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဦးတေဇအား လက်နက်ရောင်းဝယ်ဖောက်ကားသူ တဦးဟု ဆိုသည်။ ထို့ပြင် ဦးတေဇသည် စစ်အစိုးရအား ငွေကြေးထောက်ပံ့နေသူ သစ္စာရှိ လူယုံတော်တဦးဟုလည်း ဆိုသည်။ ဦးတေဇကမူ စွတ်စွဲချက်များ မဟုတ်မမှန်ဟု ငြင်းဆိုဖူးသည်။ ဧရာဝတီဘဏ်ကို ဦးဇော်ဇော် ပိုင်သည်။ ရန်ကုန်မြို့ရှိ အမေရိကန် သံရုံး၏ ၂၀၀၉ ခုနှစ် ဇွန်လ၌ ထုတ်ပြန်သော သံတမန် သတင်းများအရ ဦးဇော်ဇော်သည် ခရိုနီတဦးဟု သုံးသပ်ထားသော်လည်း မူးယစ်ဆေးဝါး၊ လက်နက်ရောင်းဝယ်မှုများနှင့် ဆက်စပ်မှုရှိသည်ဟု ဖော်ပြမထားပါ။
ဤသို့ ခွင့်ပြုခဲ့သော်လည်း မည်သို့ ပူးပေါင်းလုပ်ကိုင်နိုင်သည်ဟု ရှင်းလင်းပြတ်သားစွာ ဖော်ပြထားခြင်းမရှိချေ။ ရှင်းလင်းပြတ်သားစွာ ဖော်ပြမထားခြင်း၊ အကန့်အသတ်များ ရှိနေခြင်းကြောင့် အမေရိကန်ဘဏ်များ မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်ရန် နှောင့်နှေးနေဆဲဖြစ်သည်။ တဖက်တွင်လည်း မြန်မာနိုင်ငံသည် နိုင်ငံခြားဘဏ်များ မြန်မာနိုင်ငံအတွင်း လာရောက်လုပ်ကိုင်နိုင်ရန် စီစဉ်လျှက်ရှိသည်။ လာရောက်ရင်းနှီး မြှုပ်နှံမည့် ဘဏ်များကို ဒေသတွင်း ဘဏ်များနှင့် ပူးပေါင်းကာ အများပိုင် ဖက်စပ်လုပ်ငန်းအဖြစ် လုပ်ကိုင်ဆောင်ရွက်စေမည်ဟု ဘဏ်ဥပဒေသစ် ရေးဆွဲရေး လုပ်ငန်းတွင်ပါဝင်သည့် တာဝန်ခံအရာရှိများက ပြောဆိုကြောင်း အမေရိကန် ငွေကြေးဌာန ကြေညာချက်၌ ဖော်ပြထားသည်။ အင်္ဂလန်မှ standard chartered ဘဏ်၊ သြစတြေးလျနိုင်ငံမှ ANZ ဘဏ်အပါအဝင် နိုင်ငံခြားဘဏ် ၂၀ ခန့်သည် ၎င်းတို့၏ ကိုယ်စားလှယ်ရုံးများကို မြန်မာနိုင်ငံ၌ လာရောက်ဖွင့်လှစ်ခဲ့သည်။
သို့သော် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ၊ မြန်မာ့ဘဏ်လုပ်ငန်းနှင့် ငွေကြေးဝန်ဆောင်မှု စသည့် ကဏ္ဍများသည် အသစ်ပြဌာန်း လိုက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၏ အရေးကြီးသော ကဏ္ဍများ၌ မပါဝင်ကြချေ။ ယင်း ပြဌာန်းထားသည့် စည်းမျဉ်းများနှင့် အကောင်အထည်ဖေါ် ဆောင်ရွက်နေသည့် ပြုပြင် ပြောင်းလဲမှုများ အရ နိုင်ငံခြားဘဏ်များကို ယခုနှစ် ဧပြီလ စောစောပိုင်းတွင် လုပ်ငန်းလုပ်ကိုင်ခွင့် ပြုမည်ဟု သက်ဆိုင်ရာ အရာရှိများ၏ ပြောကြားချက်အရ သိရသည်။ နိုင်ငံခြားဘဏ်များကို ပိုင်ဆိုင်မှု ၈၀ ရာခိုင်နှုန်း အထိခွင့်ပြုမည် ဖြစ်ပြီး မြန်မာဘဏ်များနှင့် ဖက်စပ်၍ ဘဏ်ခွဲများကို လည်း ဖွင့်ခွင့် ပြုမည်ဟု ဆိုသည်။
အမေရိကန်နှင့် အနောက်နိုင်ငံတို့၏ ဒဏ်ခတ်ရေးမူဝါဒတို့သည် မြန်မာ့အပြောင်းအလဲ ခိုင်မာလာသည်နှင့်အမျှ တဖြည်းဖြည်း ရုပ်သိမ်းသွားမည်ဟု စောင့်ကြည့်သူများက ဝေဖန်နေကြသည်။ သို့ရာတွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ၏ ယုံကြည်မှု ပြန်လည်ရရှိရန် နိုင်ငံရေးအရ ကမ္ဘာ့နိုင်ငံများအားလုံး သဘောတူလက်ခံချက်များကို လက်ခံဆောင်ရွက်နိုင်ရမည်ဖြစ်သလို စီးပွားရေးတွင်လည်း ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစနစ်အတွင်း ယုံကြည်လက်ခံစေမည့် သဘောတူညီချက်များကိုလည်း လိုက်နာကျင့်သုံးရမည်မှာ မလွဲမရှောင်သာ ကြုံရမည့် အပြောင်းအလဲ ဖြစ်စဉ်ဟု သက်ဆိုင်သူအားလုံးက နားလည်သဘောပေါက်ရန် ဖြစ်တော့သည်။
(US caught in awkward embrace of Myanmar ‘crony’ကို မောင်တင်ယုက ဆီလျော်အောင် ဘာသာပြန်ဆို ကိုးကားသည်)