ဆောင်းပါး

မန်မိုရီစတစ်ကလေးတွေ ဘယ်ကလာ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

နေရာက လူသူမနီးတဲ့ တောင်ကြားလွင်ပြင် တခုမှာပါ။ တခါ တခါ လေသင့်ရင် တောင်တွေရဲ့တဘက် အဝေးပြေး လမ်းမကြီး ဆီက ကားသံတွေကို ကြားရပေမယ့် အချိန်ပြည့် ကြားနေရတာကတော့ ဝိုင်းစုခိုင်သိန်း၊ အေသင်ချိုဆွေ၊ ဆိုတေး၊ မျိုးကြီး၊ လေးဖြူ စသည်ဖြင့် မရပ်မနား ဖွင့်နေတဲ့ သီချင်းသံဖြစ်ပါတယ်။ လွင်ပြင်ထဲမှာတော့ ထွန်ယက်ထားတဲ့ မြေနီနီမှာ ကြံမျိုး လိုက်ချနေတဲ့ အမျိုးသမီးငယ်တွေက သီချင်းသံကို သံပြိုင် လိုက်ဆို နေကြပါတယ်။ ယာစောင့်တဲငယ် ထဲမှာ ဖွင့်ထားတဲ့ သီချင်းသံဟာ တော်တော် အသံကျယ်ပြီး အရည်အသွေးမြင့်ပါတယ်။ ယာစောင့်တဲငယ်ရဲ့ တန်းပေါ်မှာတော့ လက်တဝါးခန့်သာ ရှိမယ့်၊ အနက်ရောင် ပြောင်လတ်နေတဲ့ အမ်ပီသရီး ပလေယာ ဆောင်းဘောက်စ်လေး တလုံး ရှိနေပါတယ်။ ဆောင်းဘောက်စ်လေးမှာ အပြာရောင် မန်မိုရီကတ် တကတ် စိုက်ထားပြီးတော့ သီချင်းသံတွေက အဲဒီက ထွက်နေတာဖြစ်ပါတယ်။

ညနေ ၃ နာရီနောက်ပိုင်းမှ လမ်းဘေး ဈေးသည်တွေ ထွက်ရမယ်ဆိုတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ မူဝါဒကြောင့် ညနေပိုင်းမှ ထွက်ရတဲ့ ဈေးသည်တွေဟာ ဈေးအပြိုင်ချ၊ အပြိုင်ရောင်းနေကြပါတယ်။ အဝတ်အစား၊ ဖိနပ်တွေ အပြင် မန်မိုရီစတစ်လို၊ ဓာတ်မီးလို၊ ရီမုတ် ကွန်ထရိုးလို တရုတ်နိုင်ငံလုပ် တိုလီမိုလီ ပစ္စည်းလေးတွေကို မြန်မာငွေ ကျပ် ၁ ထောင်၊ ၂ ထောင်လောက်နဲ့ အလွယ်တကူ ဝယ်လို့ ရနေပါတယ်။

အဲဒီတရုတ်မန်မိုရီ စတစ်ကလေးတွေ ဘယ်ကဘယ်လိုလာတာလဲ၊ မူရင်းဇာစ်မြစ်က ဘာလဲ ဆိုတာကိုတော့ လွယ်လွယ်ကူကူ ဝယ်ယူရရှိနေသူတွေ သိဖို့ မလွယ်ကူလှပါဘူး။

ခပ်မှောင်မှောင် အခန်းတခုထဲကို ခြေတဘက် မသန်တဲ့ လူတယောက် ဝင်လာတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ဟာ ညာဘက်ကို စောင်းနေပြီးတော့ မျက်လုံးတဘက်မှာလည်း ဖူးယောင်နေပါတယ်။ လပေါင်းများစွာ အာဟာရ ချို့တဲ့ခဲ့ရသလိုမျိုး အသားအရေက ဖြူဖတ်ဖြူရော် ဖြစ်နေပါသေးတယ်။

သူ့ဟာ အသက် ၂၄ နှစ်အရွယ် လူငယ်တယောက် ဖြစ်ပါတယ်။ အသက် ၂၄ နှစ် ဆိုပေမယ့် သူ့မျက်လုံးမှာ လူငယ် တယောက်ရဲ့ တက်ကြွမှု၊ သန်စွမ်းမှုတွေ လုံးဝမတွေ့ရတော့ဘဲ ကြောက်ရွံ့မှုနဲ့ ခါးသီးတဲ့ အတွေ့အကြုံဟောင်းတွေကို အထင်းသား မြင်နေရပါတယ်။

“ကျနော် အသက် ၂၁ နှစ်မှာ တရုတ်နိုင်ငံမှာ အလုပ်သွားလုပ်မယ်ဆိုပြီး အိမ်က ထွက်ခဲ့တယ်။ ရွှေလီ ဟိုဘက် ယင်ဂျန်းဆိုတဲ့ မြို့မှာ ကြံခင်း အလုပ်သမား ဝင်လုပ်ခဲ့တယ်။ ကြံရာသီ ကုန်တော့ သူငယ်ချင်းတယောက်က ရွှေလီမှာ ပန်းရံလုပ်တာ တရက်ကို တရုတ်ငွေ ၁၅၀ လောက်ရတယ်လို့ ပြောတယ်။ ၁၅၀ ဆိုရင် မဆိုးဘူး ကိုက်တယ်ဆိုပြီး ကျနော်တို့ သူငယ်ချင်း ၁၂ ယောက် ရွှေလီကို ထွက်လာကြတာပါ”

ယင်ဂျန်းကနေ ရွှေလီကို အသွားလမ်းမှာ သူနဲ့ သူငယ်ချင်း ၁၂ ယောက်ဟာ တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံရပါတယ်။ ကားရပ်ခိုင်းပြီး နိုင်ငံကူးလက်မှတ် စစ်ချိန်မှာ သူတို့အားလုံးမှာ ပြစရာ နိုင်ငံကူးလက်မှတ် မရှိခဲ့ဘူးလို့ ဆိုပါတယ်။

“အဲဒီနေ့ ညမှာပဲ ကျနော်တို့ကို ထောင်ကိုပို့တယ်။ ဝမ်ကိုင် ထောင်ကို ပို့တာပါ။ ထောင်က ထောင်ကြီးတော့မဟုတ်ဘူး။ လူ ထောင့်ခြောက်ရာလောက် ရှိတဲ့ ထောင်ပါ။ အဲဒီအချိန်တုန်းကတော့ ကျနော့် စိတ်ထဲမှာ ပတ်စ်ပို့ မပါလို့ ဖမ်းတာပဲ ပြီးရင် မြန်မာပြည် ပြန်ပို့ပေးကြလိမ့်မယ်လို့ပဲ ထင်ထားတာ” လို့ သူက ပြောတယ်။

ဒါပေမယ့် သူ့အထင်ဟာ အလွဲကြီး လွဲခဲ့ပြီးတော့ သူထောင်ထဲ ရောက်ပြီး တနှစ်နဲ့ ရှစ်လ ကြာတော့မှ အာဟာရပြတ်လပ်ပြီး အရိုက်ခံထားရလို့ မသေရုံတမယ် ဖြစ်နေတဲ့သူ့ကို တရုတ်မြန်မာ နယ်စပ်တနေရာမှာ တရုတ်ရဲတွေက ပစ်ထားခဲ့ကြပါတယ်။

“ထောင်ထဲမှာ အလုပ်လုပ်ရတယ်။ မန်မိုရီစတစ်တွေကို ခဲတို့တာ၊ ကွိုင်ပတ်တာတွေ လုပ်ရတယ်။ ခဲတို့တယ် ဆိုရင်လည်း ခဲတို့တာ တခုတည်း တရက်ကို မန်မိုရီစတစ်ပေါင်း သုံးရာလောက် ပြီးအောင် လုပ်ရတယ်။ မပြီးရင် ထောင်သားထဲက ပြန်ခန့်ထားတဲ့ အလုပ်ကြပ်က နံပါတ်တုတ်နဲ့ ရိုက်တယ်။ လုပ်နေရင်း အိပ်ငိုက်တာ၊ ခဏနားတာ ဆိုရင်လည်း ရိုက်တယ်” လို့ သူ့အတွေ့အကြုံကို ပြန်ပြောင်း ပြောပြပါတယ်

ထောင်ထဲမှာ အလုပ်လုပ်ရတယ် ဆိုတာကို သူတို့အားလုံး ထောင်ထဲရောက်မှသာ သိခဲ့ရပြီး ထောင်နဲ့ အပြင်ကပုဂ္ဂလိက လုပ်ငန်းရှင်တွေ ချိတ်ဆက်ပြီး ထောင်သားတွေကို အလုပ်ခိုင်းတယ်လို့ သူက ဆိုပါတယ်။

မန်မိုရီစတစ် လုပ်ရတဲ့ ထောင်တွေ ရှိသလို၊ တချို့ထောင်တွေမှာ ဇာထိုးပန်းထိုး၊ ဓာတ်မီး၊ အမ်ပီသရီး ပလေယာအတွက် လိုအပ်တဲ့ တိုလီမိုလီပစ္စည်းတွေ စသည်ဖြင့် လုပ်ကြရတယ်လို့လည်း သိရပါတယ်တယ်။

ထောင်တွင်းမှာရှိတဲ့ ထောင်သား သုံးပုံနှစ်ပုံဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ပြီးတော့ များသောအားဖြင့် ပတ်စ်ပို့မရှိလို့ ဖမ်းဆီး ထောင်ချခံထားရသူတွေလို့ သူကဆိုပါတယ်။

“ကျနော်တို့ကို ဖမ်းမိတဲ့အချိန်တုန်းက လူအရမ်း ဖမ်းနေတယ်၊ ပြီးတော့ လူပြန်ရောင်းစားတာတွေလည်း ရှိတယ်လို့လည်း သတင်းထွက်နေတယ်။ ယင်ဂျန်းမှာရှိတဲ့ တရုတ်မြန်မာ ချစ်ကြည်ရေး သံရုံးမှာ တိုင်လို့ရတယ်လို့ ပြောပေမယ့် ကျနော်တို့ကို တိုင်ပေးမယ့် သူက မရှိဘူး။ ဘယ်နေ့ဘယ်ရက် လွတ်မယ်ဆိုတာကိုလည်း လုံးဝမသိရဘူး။ အပြင်လောကနဲ့ အဆက်အသွယ် ပြတ်ကိုသွားတာ” လို့ အဲဒီ ၂၄ နှစ်အရွယ် လူမမာပုံစံ လူငယ်က ဆက်ပြောတယ်။

ငွေကြေးတတ်နိုင်သူ တချို့က တရုတ်ရဲကို လာဘ်ထိုးပြီး မိဘတွေက ပြန်လာရွေးတယ်လို့လည်း သူက ဆိုပါတယ်။ ရွေးတဲ့အခါ လူတယောက်ကို မြန်မာငွေ သိန်းနှစ်ဆယ်ကနေ သိန်းသုံးဆယ်အထိ ပေးပြီး ရွေးယူရတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံအစိုးရက တရုတ်-မြန်မာ နယ်စပ်တွေမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ဖမ်းဆီးထောင်ချတာ ကြားခဲ့ဖူးပေမယ့် သူတို့ သူငယ်ချင်းတစုဟာ မူးယစ်ဆေးဝါး သုံးစွဲထားခြင်းလည်း မရှိဘဲနဲ့ ပတ်စ်ပို့မပါတဲ့ အမှုနဲ့တင် ထောင်ထဲနေခဲ့ရတာ ဖြစ်ပါတယ်။

“အလုပ်ရုံတွေက ထောင်ထဲမှာပဲ။ မနက် ၇ နာရီကနေ ညနေ ၅ နာရီအထိ လုပ်ရတယ်။ နေ့လယ် ၁၂ နာရီနဲ့ ၁ နာရီကြား ထမင်းစားရတယ်။ နေမကောင်းရင် နားခွင့်မရှိ။ အလုပ်ကြပ်တွေ ရိုက်တာကတော့ အချိန်မရွေးဘူး။ နှေးတယ်လို့ ထင်ရင်လည်းရိုက်၊ အလုပ်မပြီးရင်လည်း ရိုက်၊ ကျနော့်သူငယ်ချင်း အရိုက်ခံရလို့ ကျနော်ဝင်ဆွဲမိရင် ကျနော့်ကိုပါ ရိုက်တယ်” လို့ သူက ဆိုတယ်။

ထောင်သားတယောက်ကို တရက်မှာ မန်မိုရီကဒ် သုံးရာကနေ လေးရာအထိ ပြီးအောင်လုပ်ရပြီး မပြီးတဲ့ သူတွေကို အလုပ်ဆင်းချိန်မှာ ရိုက်တယ်လို့ သူက ထပ်ပြောတယ်။

“မပြီးတဲ့သူက များတယ်။ နေ့တိုင်း အရိုက်ခံကြရတာပဲ။ ကျနော်ဆိုရင် ညာဘက် နံရိုး ၂ ချောင်း ကျွံသွားတယ်။ နောက်ပိုင်းတော့ အရိုက်မခံရအောင် အတတ်နိုင်ဆုံး ကြိုးစားရတာပဲ” လို့ သူက ဆိုပါတယ်။

အစားအသောက် ကျွေးတဲ့အခါ မနက်ပိုင်းမှာ ပေါက်စီတလုံးနဲ့ တနေကုန်အတွက် ထမင်း ၂ နပ် ကျွေးတယ်၊ မုန်လာဥ၊ မုန်လာ၊ မုန်ညင်းတွေကို ရေလုံပြုတ်တာက နေ့စဉ်လို ဖြစ်ပြီး အသားက တပတ်ကို ၂ ရက် ဆိုပေမယ့် ထောင်သားအချင်းချင်း အနိုင်ကျင့်မှုတွေကြောင့် ၂ နှစ်နီးပါး အသား မမြင်ခဲ့ဖူးဘူးလို့ သူက ပြောပြပါတယ်။

“နေမကောင်းဖြစ်ရင်လည်း ပေးမနားဘူး။ ကျနော်ဆိုရင် ငှက်ဖျားဖြစ်ခဲ့တဲ့ ၁ လနီးပါးနဲ့ လုံးဝလမ်းမလျှောက်နိုင်တော့တဲ့ ၁ လလောက်ကို အလုပ်လုပ်နေရတုန်းပဲ။ လမ်းမလျှောက်နိုင်တော့ရင် ထောင်အခန်းကနေ အလုပ်ရှိတဲ့နေရာထိ ထမ်းပို့ ပေးတယ်။ အလုပ်လုပ်ရတယ်” လို့ သူက ရှင်းပြပါတယ်။

ထောင်တွင်းမှာ တရုတ်နိုင်ငံရဲ့ဆောင်းရာသီ ကာလအတွင်း အအေးလွန် လေဖြတ်ကြတဲ့ သူတွေ များပြီး အားလုံးက အလုပ်ကို အဆက်မပြတ် လုပ်နေရဆဲပဲလို့ သူက ဆိုတယ်။ ၁၀ ပေ ၁၂ ပေ အခန်း တစ်ခုမှာ လူ ၆ ယောက်ကနေ ၁၂ ယောက်အထိ နေရပြီး သမံတလင်းမှာပဲ ဖြစ်သလို အိပ်ကြရတဲ့အတွက် ဆောင်းရာသီမှာ တော်တော်ဒုက္ခရောက်ခဲ့ကြတယ် လို့လည်း သိရပါတယ်။

“ကျနော် နေမကောင်းဖြစ်တော့ ကျနော်တို့ မြန်မာနိုင်ငံသား အချင်းချင်းက စည်းလုံးတယ်၊ ကူညီတယ်။ ကျနော်က ငှက်ဖျားလို့ ပြောတာကို ထောင်အာဏာပိုင်တွေက အစာအိမ်ဆိုပြီး ပုလင်းကြီးတွေ သွင်းတယ်။ ဆေးသွင်းပြီး ၁ လကျော် ကြာတော့ ခြေထောက်တွေ ဆိုင်းလာတယ်၊ တဖြည်းဖြည်းနဲ့ လမ်းလျှောက်လို့ မရတော့ဘူး” လို့ သူ နေမကောင်း ဖြစ်လာရတဲ့ အကြောင်းရင်းကို ရှင်းပြတယ်။

လမ်းလျှောက်မရပေမယ့် မန်မိုရီစတစ်တွေကို ခဲတို့ရတဲ့ အလုပ်ကို ဆက်လုပ်နေရဆဲ ဖြစ်ပြီး တရက် ငှက်ဖျား အရမ်းတက်ချိန်မှာ ဘာဆေးမှန်း မသိရတဲ့ ဆေးတွေ သောက်ခိုင်းခဲ့တယ် အဲဒီနောက်မှာတော့ အခြေအနေက ပိုဆိုးလာတာလို့ သိရပါတယ်။

“အဲဒီမှာ မင်းကို နယ်စပ်မှာ ချပေးရင် လမ်းလျှောက်နိုင်လားလို့ မေးတယ်။ ကိုယ်လွတ်မယ့် အရေးဆိုတော့ လျှောက်နိုင်သည် ဖြစ်စေ၊ မလျှောက်နိုင်သည် ဖြစ်စေ လျှောက်နိုင်တယ်လို့ ပြောလိုက်တယ်။ လွယ်ဂျယ် မှောင်ခို တံခါးပေါက်နားမှာ ချပေး ခဲ့တယ်။ ပိုက်ဆံ ၂၀ ပေးတယ်၊ ဓာတ်ပုံလည်း ရိုက်သွားတယ်။ ကျနော့် အဒေါ် လွယ်ဂျယ်မှာရှိတော့ အနားက ဖြတ်သွားတဲ့ ဗမာပြည်သား တယောက်ကို ကျနော့်အဒေါ် နာမည်ပြော၊ ကျနော့်နာမည် ပြောပြီး လာကြိုခိုင်းလိုက်တယ်။ အဒေါ်တွေက လာကြိုကြတယ်။ သူတို့က ကျနော့်ကို သေစာရင်းတောင် သွင်းထားပြီးပြီတဲ့” လို့ သူ ပြန်လာရတဲ့အ ဖြစ်အပျက်ကို ရှင်းပြပါတယ်။

ဒီလိုနဲ့ သူ့မိဘတွေ ရှိတဲ့ ဗန်းမော်မြို့ကို ပြန်ရောက်လာခဲ့ပါတယ်။ ဗန်းမော်ဆေးရုံကြီးမှာ သူ့ကို ဆေးစစ်တော့ ညာဘက် နံရိုး ၂ ချောင်းကျွံနေပါတယ်။ ငှက်ဖျားပိုး ဦးနှောက်ထဲရောက်ပြီး အာရုံကြောတွေ ဆိုင်းသွားတဲ့အတွက် ခြေထောက်တဘက် မသန်တော့ပါဘူး။ အဆုတ်တခြမ်းမှာ ဆေးရည်တွေဝင်ပြီး ပျက်စီးနေတယ်လို့ ဆိုပါတယ်။

မိဘ ညီအကို မောင်နှမတွေရဲ့ အကူအညီနဲ့ လမ်းအနည်းငယ် လျှောက်နိုင်လာပေမယ့် သူ့ခန္ဓာကိုယ်ကတော့ အသက် ၂၄ နှစ်အရွယ်နဲ့ မလိုက်ဖက်အောင် ပျက်စီးခဲ့ပြီ ဖြစ်ပါတယ်။ သူ့စိတ်ထဲမှာ အရင်ကတော့ တရုတ်နိုင်ငံဟာ ငွေရှာလို့ ကောင်းတဲ့ နေရာ၊ လူငယ်တယောက်အတွက် စိန်ခေါ်မှုတွေနဲ့ စွန့်စားခန်းတွေ ရှိတဲ့နေရာလို့ ထင်ခဲ့တယ်တဲ့။

“အထဲမှာ ကျနော့် သူငယ်ချင်း ၁၂ ယောက် ကျန်ခဲ့တယ်။ သူတို့က မြစ်ကြီးနားကပါ။ အဲဒီမှာ အတူရှိခဲ့ကြတုန်းက ငါတို့ ဒီထောင်ကို မကျပါဘူး၊ အိပ်မက်မက်နေတာ၊ ထောင်မကျနိုင်ဘူးလို့ အတူတူ စိတ်သက်သာရာရအောင် တွေးခဲ့ကြတယ်။ အခုလည်း အဲဒီလိုပဲ ကျနော် အိမ်မှာ ရောက်နေပေမယ့် ညဘက်မှာ သူတို့အကြောင်း စဉ်းစားရင်း ကျနော် ထောင်ထဲ ပြန်ရောက်ရောက် သွားတယ်” လို့ သူက ပြောပါတယ်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading