ဆောင်းပါး

အဖြေပေးထားသော သချၤာတပုဒ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ စုံစမ်းစစ်ဆေးရေး ကော်မရှင် ၊ သတင်း ထုတ်ပြန်ချက် အမှတ် (၄/၂၀၁၃)၊ (၂၀၁၃ ခုနှစ်၊ မတ်လ ၁၁ ရက်)

အထက်ပါ သတင်းထုတ်ပြန်ချက် အပြည့်အစုံကို ၁၂- ၃- ၂၀၁၃ နေ့ထုတ် သတင်းစာတွင် ဖော်ပြခဲ့ခြင်းကို ဖတ်ရှုရသည်။ “အပြည့်အစုံ” သည် ရှည်လျားလှ၏။ အချို့နေရာများတွင် အကြောင်းအရာများ “ပွရောင်း”ပြီး ထပ်နေသည်။ လိုလည်း တွေ့ရ၏။ ခြုံ၍ကြည့်သောအခါ “အဖြေပေးထားသော သင်္ချာတပုဒ်ကို အဖြေမှန် မရ ရအောင် တွက်ထားသောနည်း” ဟု မြင်ပါသည်။

မဏ္ဍိုင် ၃ ရပ်အား တည့်မတ်ပေးရမည် ဆိုသော စတုတ္ထမဏ္ဍိုင်၏ တာဝန်အရ အထက်ပါ အစီရင်ခံစာကို ထောက်ပြရပါမည်။

(၁) ဒေသခံ လူထုသည် မြေယာသိမ်းမှုနှင့် ပတ်သက်၍ ထိုက်သင့်သည့် လျော်ကြေးငွေ မရရှိသဖြင့် လည်းကောင်း၊ ထိုက်သင့်သော အလုပ်အကိုင် အခွင့်အလမ်း မရရှိခြင်းကြေင့် လည်းကောင်း မကျေ မနပ်ဖြစ်ကာ ဆန္ဒပြမှုများ စတင် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။

မြေယာသိမ်းဆည်းရာတွင် သက်ဆိုင်ရာ ဝန်ထမ်းများက ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြခြင်း မရှိခဲ့ပါ။ ထို့ကြောင့် ဒေသခံများက သီးနှံအတွက် လျော်ကြေးသာ ပေးသည် ထင်မြင်ယူဆခဲ့ ပါသည်။ ထိုသို့ လျော်ကြေးပေးရာတွင်လည်း ဝန်ထမ်းအချို့က ပြေပြေလည်လည် ပြောဆိုဆက်ဆံမှု မရှိခြင်းကြောင့် ပြဿနာ ပိုမိုကြီးထွားလာပါသည်။ ထိုအခြေအနေ တွင် ဒေသပြင်ပက အဖွဲ့အစည်းများကလည်း ရောက်ရှိလာကာ ဆန္ဒပြမှုများ အရှိန်မြင့်ခဲ့ပါသည်။ EIA, SIA, Transparency…။ (အပိုဒ် ၉၅ မှ ၉၈ )

အထက်ပါ သုံးသပ်ချက်က ထမင်းရေပူလာ လျှာလွှဲခြင်း ဖြစ်သည်။ အစိုးရအဖွဲ့နှင့် မသက်ဆိုင်။ ကုမ္ပဏီ၌ အပြစ်မရှိ။ ဝန်ထမ်းများ ညံ့ဖျင်းခဲ့ခြင်းကြောင့် ဟု အပြစ်ပုံချ၏။ ထို့နောက် ပြင်ပ အဖွဲ့အစည်းများ ရောက်ရှိလာကာ ဟု မိမိတို့ သက်ဆိုင်ရာ ဘာသာရပ်အလိုက် သွားရောက်ထိန်းသိမ်းရသော လူမှုရေး အဖွဲ့အစည်းများကို အပြစ်ရှာပြန်သည်။ သဘောက ဒေသခံလူများက ဘာမျှ သိပ်နားမလည်ကြ၊ အပြင်မှ လာရောက် သူများ လှုံ့ဆော်၍သာ ဤ ကိစ္စ ကြီးထွားရခြင်းဟု ဆိုလိုပေသည်။

မြန်မာ ကျေးလက်သားများသည် မိမိအိမ်၊ မိမိရွာ၊ မိမိလယ်ကို ချစ်၏။ အခြားဘယ်မျှ မသွားလို။ မိမိရွာနှင့် မိမိသာသနာကို ဖက်တွယ်ရင်း သေသည်အထိ အေးချမ်းစွာ နေထိုင်လိုကြသူများချည့် ဖြစ်၏။ ဤ လူများအား အဓမ္မ ရွှေ့ပြောင်းစေပြီး၊ သူတို့ ကိုးကွယ်သော ဘုန်းတော်ကြီးများနှင့် ကျောင်းများကိုပါ ချိတ်ပိတ်ကြခြင်းကို မည်သည့်ရွာသားက ပြုံးပြုံးကြီး ကြည့်နေနိုင်ပါမည် လဲ။ သည်အတွက် မကျေမနပ် ဖြစ်ရခြင်းကို ပြင်ပမှ လာရောက် နှိုးဆော်၍ ဖြစ်ရဟန် မှတ်ချက်ချထား ပုံမှာ “အဖြေ” မရ ရအောင် ဆွဲယူထားမှန်း ထင်ရှားသည်။

(၂) သံဃနာယက အဖွဲ့ဝင် ဆရာတော်ကြီးများအား ဖူးမျှော်လျှောက်ထား မေးမြန်းချက် အရ …ရဟန်းပျိုများအား ဆန္ဒပြပွဲ/ဖော်ထုတ်ပွဲများတွင် မပါဝင်ကြရန် သြဝါဒ ပေးခဲ့ပြီး အများစုမှာ လိုက်နာကြသော်လည်း အနည်းစုမှာ ထိန်းသိမ်းရ ခက်ခဲနိုင်ကြောင်း… (အပိုဒ် ၃၅)

သေလုမျောပါး အစတေးခံခဲ့ကြရသော ရဟန်းတော်များ၏ ရုပ်ပုံများကို နည်းပညာကျေးဇူးဖြင့် အားလုံး မြင်တွေ့ခဲ့ကြရပြီး ပြီ။ ငြင်း၍ မရ။ ဤတွင် ကိုယ်လွတ်ရုံးခြင်းလော၊ ဖြေသိမ့်ပေးခြင်းလော၊ မပြောတတ်။ ဆန္ဒပြပွဲမှာ မပါဝင်ဖို့ သြဝါဒ ပေးထားကြောင်း၊ အနည်းစုက မလိုက်နာ၍ ယခုကဲ့သို့ ဖြစ်ရကြောင်း အဖြေ ထုတ်ထားသည်။

ဤကိစ္စနှင့် ပတ်သက်၍ မေးခွန်း တခုပဲ မေးချင်ပါ၏။ ထိုစကားကို ပြောသော ပုဂ္ဂိုလ်များသည် မြတ်စွာဘုရား ကိုယ်တိုင်ပင် ဂင်္ဂါမြစ်ရေ ခွဲဝေသုံးစွဲမှုဖြင့် စစ်ဖြစ်ကြသော တိုင်းပြည် နှစ်ပြည် ရှိရာသို့ ကိုယ်တိုင်ကြွရောက်ကာ ဖြေရှင်း ပေးခဲ့သည်ကို မဖတ်ဖူးကြဘူးလား။ (သို့မဟုတ်) မြန်မာ့သမိုင်းတွင် အင်းဝနှင့် ဟံသာဝတီ စစ်ဖြစ်ရာ၌ လူသူ အသက်ပေါင်း များစွာ မသေကြေကြစေရန် “ပင်းယ စကြိုသူမြတ်” ဆရာတော်က ကြားဝင် ဖြန်ဖြေပေးခဲ့သော အဖြစ်ကို မသင်ခဲ့ကြရဘူးလား။

ရဟန်းသံဃာတော်များသည် ဒကာလူသားများ၏ ရပ်ရေး ရွာရေးတွင် ကောင်းရာကောင်းကြောင်း ဝင်ရောက် ညွှန်ကြားပေး ကြရသောထုံးစံရှိရာ ယခု ကိစ္စတွင်လည်း မနေသာ၍ ဝင်ပါကြရခြင်းဟု မမြင်ကြဘူးလား။ ယခုအတိုင်း ဆိုလျှင်  မီးလောင်ဒဏ်ရာရကြရှာသော ရဟန်းအားလုံးကို “အနေမတတ် အထိုင်မတတ်နဲ့ ဖြစ်တာ မဆန်းဘူး” ဟုပင် အပြစ်ပုံချ ချင်ကြတာလား။

(၃) မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်၏ ဆာလဖျူရစ် အက်စစ် စက်ရုံသည် စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက် ရယူထားခြင်း မရှိသည့် အပြင်… (အပိုဒ် ၉၄ ၊ ခ …. ၂ )

ဝန်ကြီးဌာနခွင့်ပြုချက် မရဘဲ စက်ရုံတည်ခြင်းကို ယခုမှပင် အများပြည်သူများ သိကြရလေပြီ။ ဤကဲ့သို့ စက်ရုံမျိုး ဘယ်နှစ်ခု ရှိနေမည်လဲ။ ယခုမှ ခွင့်ပြုချက်ရယူပြီး ISO လက်မှတ် ယူသင့်သည်ဟု အကြံပြုလေသည်။ ပယ်ဖျက်ရန် မပြောချေ။ လက်မှတ်လေးယူလိုက်လျှင် ပြီးတာပဲ ဟု လွယ်လွယ်ပင် အကြံပြုလေ၏။ ဘက်လိုက်မှန်း မသိသာလွန်း ဘူးလား။

(၄) မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်ကို ညှိနှိုင်းပြီး ပြန်လည် ပြင်ဆင်ရန် လိုအပ်ပါသည်။ (အပိုဒ် ၉၄၊ (ခ) (၄) )

စာချုပ်ကို ပြန်လည် ပြင်ဆင်နိုင်သည်ဟု ဆိုလျှင် ယခုပင်လျှင် တမျိုးပြင်ကာ ဤစီမံကိန်းကြီးကို ရပ်ပြီး အခြားတခုခုနှင့် အစားထိုးဖို့ ဘာကြောင့် အကြံမပြုနိုင်သလဲ။

(၅) မှတ်တမ်း များအရ  ဆရာတော်ဘုရားကြီးအနေနှင့် တမိုး တဝါစံ ဝါးကျောင်းမျိုးသာ လက်ခံခဲ့ကြောင်း၊ အဆိုပါ သိမ်နှင့် စေတီသည် ပထမ လယ်တီ ဆရာတော်ဘုရားကြီး တည်ထားသည့် သာဿနိက အဆောက်အအုံ ဖြစ် ကြောင်း အထောက် အထားမတွေ့ရပါ။ (အပိုဒ် ၊  ၉၄ ၊ (ဂ) )

ပထမ ဆရာတော်ကြီး လက်ရာ မဟုတ်တာနှင့်ပဲ ဖျက်ချင်သလို ဖျက်နိုင်သည်လား။ သည်လို ဆိုရင်ဖြင့် သိဂုတ္တရ ကုန်းတော်ရှိ ရွှေတိဂုံစေတီကြီးကို အတူယူပြီး မြို့နယ်အများအပြားမှာ တည်ထားကြသော စေတီတော်တွေကို မူလ လက်ရာ မဟုတ်ဆိုပြီး ဖြိုပစ်လို့ ရသလား။

(၆) လက်ပံတောင်း တောင်ကြား တောရစင်္ကြန်ကျောင်း ဟုခေါ်သော မြေနေရာနှင့် ၎င်းအပေါ်ရှိ စေတီ၊ သိမ်၊ ကျောင်း စသော ဗုဒ္ဓ သာဿနိက အဆောက်အအုံ များသည် လက်ပတောင်းတောင် ကြေးနီစီမံကိန်းတွင် အလယ်ဗဟို၌ တည်ရှိပြီး သတ္တုသိုက် တည်ရှိရာ အဓိကနေရာ ဖြစ်ကြောင်း …. လက်ရှိ အနေအထားအတိုင်း အခြားသင့်တော်မည့် နေရာတခုခု သို့ ပြောင်းရွှေ့ပေးသင့်ကြောင်း။ (အပိုဒ် ၊ ၈၃ (ဂ) )

သည်လိုဆိုလျှင် အကယ်၍ ရွှေတိဂုံစေတီကြီး တည်ရှိရာ သိဂုတ္တရတောင်အောက်၌ စိန်တွင်းကြီးရှိသည်ဟု နိုင်ငံခြား ကုမ္ပဏီများက လာရောက် တူးဖေါ်ချင်လျှင် ရွှေတိဂုံစေတီကြီးကို  ရွှေ့ပစ်ကြမှာလား။

(၇) လူစုလူဝေး ခွဲရာတွင် သုံးစွဲရန် မည်သည့် ပစ္စည်းကို မဆို ရဲတပ်ဖွဲ့ဝင်များက ကြိုတင် စမ်းသပ်သင့်သည်။ လိုအပ်လျှင် နိုင်ငံတကာ အကူအညီများ ရယူပြီး ပြည်ပသို့ စေလွှတ်၍ လေ့ကျင့် သင်ကြားစေသင့် ကြောင်း အကြံပြု တင်ပြအပ်ပါ သည်။ (အပိုဒ် ၊ ၉၂ (က) )

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အဓိကရုဏ်း နှိမ်နင်းမှု လေ့ကျင့်ခြင်းကို မိမိ အစီအစဉ်ဖြင့် လည်းကောင်း၊ နိုင်ငံတကာ အကူအညီ ရယူ၍ လည်းကောင်း၊ အမြန် စတင်သင်ကြားသင့် ပါကြောင်း၊ အဆင့်မြင့် နိုင်ငံခြား သင်တန်းများသို့လည်း စေလွှတ် သင်ကြား စေသင့်ပါကြောင်း။ (အပိုဒ် ၉၂ (ခ))

ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး တည်ဆောက်ရေး အတွက် ယခု ထက်ကောင်း မြတ်သော အကြံများ မပြုနိုင်ကြတော့ဘူးလား။ ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား သေလုမျောပါး လုပ်ခြင်းကို အပြစ်မတင်ဘဲ နည်းစနစ် ထပ်မံသင်ကြား သင့်ကြောင်း အကြံပြုချက်ကို အံ့ဩရုံမှ တပါး….

အရေးအကြီးဆုံး တခုသာ ပြောချင်ပါ၏။

ယနေ့ နိုင်ငံတကာ ကျင့်ထုံးအရ တိုင်းပြည် တပြည်၏ တိုးတက်မှုကို GDP ခေါ် အသားတင် ကုန်ထုတ်လုပ်မှုဖြင့် တိုင်း တာကြကြရုံဖြင့် မလုံလောက်တော့ပါ။ ပြည်သူလူထု မည်မျှ စိတ်ပျော်ရွှင် ကျေနပ်သနည်း ဟူသော Happiness ဖြင့်လည်း တိုင်းတာနေကြပါပြီ။

ကြေးနီသည် လည်းကောင်း၊ ဒေါ်လာသည် လည်းကောင်း အရေးကြီးသလို ပြည်သူလူထု၏ စိတ်နှလုံးသာယာ ချမ်းမြေ့မှုဆိုသော “တန်ဖိုး”သည်ကား အရေးအကြီးဆုံးဟု ဆိုလိုခြင်း ဖြစ်သည်။

သို့ပါ၍ တောင်ကို ဖြိုရန်သာ မျက်စောင်းထိုးသော အိမ်နီးချင်း၏ စီးပွားရေး၊ မိမိနှင့် နိုင်ငံစီးပွား ဆိုသော အကျိုးများကို “ငွေကြေး”ဖြင့် မတိုင်းတာ ကြတော့ဘဲ တိုင်းသူပြည်သား များ၏ Happiness ကိုသာ ဦးစားပေး စဉ်းစားဆင်ခြင် ဆုံးဖြတ်ကြရန် ထောက်ပြရေးသားလိုက်ရပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading