ဆောင်းပါး

ဆိုရှယ်မီဒီယာမှာ ကျင့်ဝတ်ရှိစရာ လို မလို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

စစ်အစိုးရကနေ အရပ်သားအစိုးရဆီ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအဖြစ် ချီတက်နေပါတယ်လို့ ကြွေးကြော်ထားတဲ့ သမ္မတဦးသိန်းစိန်အစိုးရသစ်လက်ထက်မှာ အသိသာဆုံးမြင်ရတဲ့ တိုးတက်မှုက မီဒီယာလို့ဆိုချင်ပါတယ်။ အဲဒီမီဒီယာအမျိုးမျိုးထဲမှာမှ အွန်လိုင်းပေါ်က ဆိုရှယ်မီဒီယာ။ အဲဒီ ဆိုရှယ်မီဒီယာများစွာထဲမှာမှ Facebook လို့ပြောရင် ပိုမှန်မယ်ထင်ပါတယ်။

အထူးသဖြင့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းကိစ္စမှာ Facebook ရဲ့သြဇာ ဘယ်လောက်အထိ သက်ရောက်မှုရှိခဲ့တယ်ဆိုတာကို ဆိုရှယ်မီဒီယာ သုံးသူတိုင်း သတိထားမိမှာပါ။ စုံစမ်းရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ လက်ပံတောင်းဒေသဆီ ဝင်လာပုံ၊ ဒေသခံတွေနဲ့ တွေ့ ဆုံရှင်းလင်းပုံ၊ တချို့ရွာတွေမှာဆိုရင် လုံခြုံရေးမပါပဲနဲ့ ရွာသားတွေကြားထဲ ဒေါ်အောင်ဆန်းစု ကြည် ဒီတိုင်းတိုးဝင်သွားပုံ၊ ရွာသားတချို့က ကော်မရှင်ကို အယုံအကြည်မရှိဘူးလို့ ကြွေးကြော်သံတွေ အော်ပြီးဆန္ဒပြကြတဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယို ကလစ်တွေဟာ မိနစ်ပိုင်းအလိုက် Facebook ပေါ်မှာ တက်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ် အရင် စစ်အစိုးရခေတ်ကဆိုရင် ဒီလိုမျိုး ဘယ်တွေ့ခွင့်ရပါ့မလဲ။ ၈ လေးလုံးအရေးတော်ပုံကို ခဏထားဦး။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးခေတ်၊ ဆိုရှယ်မီဒီယာတွေ စတင်ထွန်းကားနေစဉ်မှာတောင် မြန်မာနိင်ငံတွင်းက လှုပ်ရှားမှုပုံတွေကို ဒီလို ချက်ချင်းမြင်ရဖို့ဆိုတာ မဖြစ်နိုင်ခဲ့ပါဘူး။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊ ၂၀၀၈ နာဂစ်မုန်တိုင်းနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲကာလ တွေမှာ အင်တာနက်ကို လုံး၀ ထိန်းချုပ်ထားပြီး ”အီလက်ထရောနစ်ပုဒ်မ” နဲ့ ဖမ်းဆီး ထောင်ချလိုက်တာ ၈၈ ကျောင်းသားတွေ၊ ဘလော့ဂါတွေ၊ စီတီဇင်ဂျာနယ်လစ်တွေ၊ သတင်းထောက်တွေ ရာနဲ့ချီ အဖမ်းခံရဖူးပါတယ်။

အခုတော့ အခြေအနေက အတော့်ကို ပြောင်းလဲသွားခဲ့ပါပြီ။ နိုင်ငံရေးအရ နည်းနည်း ပွင့်လင်းလာလို့ ဖမ်းဆီးခံ မီဒီယာသမား အားလုံးပြန်လွတ်လာသလို နည်းပညာ အရလည်း အများကြီး တိုးတက်လာတဲ့အတွက် အခင်းဖြစ်တဲ့နေရာအထိ စီတီဇင်ဂျာနယ်လစ်ခေါ် မီဒီယာ စိတ်ဝင်စားသူတွေ ကိုယ်တိုင်ဖြစ်စေ၊ နိုင်ငံရေး တက်ကြွသူ၊ လှုမှုရေး တက်ကြွသူတွေ ကိုယ်တိုင်ဖြစ်စေ၊ နိုင်ငံရေးသမားတွေ ကိုယ်တိုင်ဖြစ်စေ ဗွီဒီယို ကင်မရာ၊ ဓာတ်ပုံ ကင်မရာ၊ လက်ကိုင်ဖုန်း ကင်မရာတွေနဲ့ လွတ်လပ်စွာ ရိုက်ယူခွင့်ရနေပြီဖြစ်ပါတယ်။ ဒီတော့ အခင်းဖြစ်တဲ့နေရာကနေ မိနစ်ပိုင်းအလိုက် သတင်းတွေ၊ ဓာတ်ပုံတွေ၊ ဗွီဒီယို ကလစ်တွေ Facebook ပေါ် တက်လာနေတာပေါ့။

တချိန်တည်းမှာပဲ စိတ်ဝင်စားတဲ့ ပြည်တွင်း ပြည်ပရှိ မြန်မာတွေကလည်း Facebook ပေါ်မှာ ထင်မြင်ချက် အမျိုးမျိုး၊ မှတ်ချက် အမျိုးမျိုးပေးပြီး ရေးလိုက်ကြတာ မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့် အပြည့်အ၀ ရနေသယောင်တောင် ထင်ရပါတယ်။

Social Media အကြောင်း သုတေသနလုပ်သူတွေက Mainstream မီဒီယာတွေဖြစ်တဲ့ TV, Radio, Newspaper, Journal, Magazine တွေမဟုတ်တဲ့ တဦးချင်း လွတ်လပ်စွာ ရေးနိုင်၊ ပြောနိုင်တဲ့ အွန်လိုင်းပေါ်က နေရာတွေကို Social Media လို့ ခေါ်ဆိုကြပါတယ်။ ဆိုလိုတာကတော့ အစိုးရ၊ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ လူပုဂ္ဂိုလ်တစုစု၊ တဦးဦးကနေ တာဝန်ခံ ထုတ်လုပ်တာမျိုးမဟုတ်တဲ့ တဦးချင်းတာ ဝန်ခံမှုနဲ့ (ဘယ်သူမှ တာဝန်မခံတာလည်း ဖြစ်နိုင်ပါတယ်) လုပ်တဲ့ မီဒီယာလို့ပြောနိုင်ပါတယ်။

အဲဒီထဲမှာ အခု မြန်မာနိုင်ငံ အွန်လိုင်းယဉ်ကျေးမှုမှာ အထွန်းကားဆုံးဖြစ်နေတဲ့ Facebook ပါ ပါတယ်။ ပြီးရင် LinkedIn, Twitter, Google+ ။ နောက်တခါ blogs, YouTube, wikis အများကြီးပါပဲ။ စာရိုက်တာ၊ ဓာတ်ပုံပို့ တာ၊ ဗွီဒီယို ပို့တာ၊ ရှယ်တာ စသဖြင့် ကိုယ်လုပ်ချင်တဲ့ အကြောင်းအရာပေါ်လိုက်ပြီး အခမဲ့ဝန်ဆောင်မှု ပေးတဲ့ ဆိုရှယ်မီဒီယာတွေ အများကြီး ရှိပါသေးတယ်။ ဒါက လောလောဆယ် ရှိသမျှကို ပြောနေခြင်းပါ။ နည်းပညာက နေ့စဉ်နဲ့အမျှ တိုးတက်နေတဲ့အတွက် မနက်ဖြန်မှာ ဒီထက်ပို ခေတ်မီပြီး လူကြိုက်များတဲ့ Social Media တွေ ပေါ်လာနိုင်ပါသေးတယ်။

Social Media တွေ ဘယ်လောက်အထိ သြဇာကောင်းလာသလဲဆိုရင် ကမ္ဘာကြီးရဲ့ တနေရာရာမှာ အရေးကြီး သတင်းတခုခု စဖြစ်ပြီဆိုရင် AP, AFP, Reuter အပါဝင် Mainstream သတင်းဌာနတွေထက် Facebook, Twitter အပါအဝင် Social Media တွေမှာ အရင်စောပြီး မြင်ရလေ့ရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဒါကြောင့် Twitter ကို Social Media Wire သတင်းဌာနအဖြစ် သတင်းထောက် အတော်များများက ပုံမှန်ဝင်ကြည့်နေကြပြီလို့လည်း သိရပါတယ်။ အလားတူ ထူးခြား ဗွီဒီယိုတွေရနိုင် ဖို့အတွက် YouTube ကို ရုပ်-သံ သတင်းထောက်တွေက ပုံမှန်ဝင်ကြည့်နေကြပြီလို့လည်း ဆိုပါတယ်။

မြန်မာ သတင်းသမားတွေအတွက်တော့ Facebook က Social Media Wire ဖြစ်နေမယ်လို့ ထင်ပါ တယ်။ အခုချိန်ထိ Facebook တခုကိုပဲ ကျယ်ကျယ် ပြန့်ပြန့်သုံးနေကြပြီး တာဝန်ခံမှု၊ တာဝန်ယူမှုပိုရှိတဲ့ Twitter နဲ့ Google + ကိုသုံးတာ အတော်နည်း နေဆဲပါ။

ရှေ့မှာပြောခဲ့တဲ့အတိုင်း ဆိုရှယ်မီဒီယာဟာ တဦးချင်းတာဝန်ခံမှု သို့မဟုတ် (account အတု၊ လူအတု တွေအပါဝင်) ဘယ်သူ တာဝန်ခံမှန်းမသိတဲ့ သတင်းတွေကို တင်လေ့ရှိတာကြောင့် သတင်းတွေက ဦးပေမယ့် အတည်ပြုချက် ယူဖို့၊ ကိုးကားဖို့အတွက်တော့ ခက်နေဆဲဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောမယ် ဆိုရင်တော့ အတည်ပြုချက် ယူစရာမလို၊ အကိုးအကား ထည့်စရာမလို၊ တာဝန်ခံစရာ မလိုတဲ့အတွက် ဆိုရှယ်မီဒီယာက ပင်မရေစီးမီဒီယာထက် သတင်းတွေ ပိုမြန်နေတဲ့သဘောဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာဟာ အခမဲ့ဝန်ဆောင်မှုပေးတဲ့အတွက် ဘာအဖိုးအခမှ ပေးစရာမလို လူတိုင်းအလွယ်တကူ ဝင်ရေးနိုင်တဲ့နေရာဖြစ်ပါတယ်။ အဲဒီလို လူတိုင်း ဝင်ရေးနိင်တာကြောင့် ဟုတ်တာရော မဟုတ်တာရော သင့်တာရော မသင့်တာရော ဆဲတာရော ခြောက်တာရော ရိုင်းတာရော ပုဂ္ဂိုလ်ရေး အပုပ်ချတာရော အသရေဖျက်တာပါ စသဖြင့် ရေးကြတာကို တွေ့နိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ပံတောင်းဒေသ ခရီးစဉ်နဲ့ ပတ်သက် ပြီး ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေကြား အပြင်းအထန် သဘောထားကွဲကြပြီး အပြန်အလှန် စွပ်စွဲပုတ်ခတ်ကြတာကို Facebook ပေါ်မှာ ကောင်းကောင်းတွေ့လိုက်ရပါတယ်။ ဒါကြောင့် မြန်မာတချို့က Facebook ကို ”ဖွဘုတ်” လို့တောင် ခေါ်ဝေါ်တဲ့အထိ ပြောချင်ရာပြော၊ ဖွချင်ရာဖွနိုင်တဲ့ တာဝန်မဲ့တဲ့နေရာတခုအဖြစ် မြင်လာနေကြပါတယ်။ တချို့ဆိုရင် Facebook မှာ ရေးထားတဲ့ Comment တွေကို မခံစားနိုင်လို့ account တွေတောင် ပိတ်ပစ်လိုက်တယ်လို့ ဆိုပါတယ်။ အတော်များများကတော့ မိတ်ပျက်သွားကြပြီး အချင်းချင်း Block လုပ်လိုက်ကြတယ်လို့ပြောကြပါတယ်။

ဒါဟာ မြန်မာအွန်လိုင်း ကွန်မြူနတီ တခုတည်း ကွက်ပြီးဖြစ်နေတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာက တခြားနိုင်ငံတွေထက် ဆိုရှယ်မီဒီယာနဲ့ နည်းပညာ လွတ်လပ်ခွင့်ရတာ နောက်ကျတာ၊ နောက်တခါ စစ်အာဏာရှင်လက်အောက်ကနေ အရပ်သားအစိုးရပြောင်းစဉ်မှာ စရတာဆိုတော့ နှစ် ၅၀ စာ အောင့်အီးထားခဲ့ရသမျှကို Facebook ပေါ်မှာ လာပေါက်ကွဲနေကြတာ ဖြစ်နိုင်တယ်လို့ မီဒီယာလေ့လာသူတွေက ထောက်ပြပါတယ်။ ဒါကြောင့် အချိန်ကြာလာတာနဲ့အမျှ တဖြေးဖြေး တည်ငြိမ်ရင့်ကျက်လာနိုင်ပါတယ်လို့လည်း သူတို့က ဆိုပါတယ်။

တကယ်ဆိုရင် ဆိုရှယ်မီဒီယာပေါ်မှာရေးတဲ့ စီတီဇင်ဂျာနယ်လစ်တွေဟာ ပင်မရေစီး မီဒီယာမှာရေးနေတဲ့ လခစား သတင်းထောက်တွေလို မီဒီယာကျင့်ဝတ်ကို တာဝန်ခံစရာ မလိုဘူးဆိုပေမယ့် လူတဦးချင်း ကျင့်ဝတ်နဲ့ ဒီမိုကရေစီ ကျင့်ဝတ်တွေကိုတော့ တာဝန်ခံဖို့လိုမယ်လို့ ထင်ပါတယ်။ Facebook member အချင်းချင်း အပြန်အလှန်လေးစားဖို့ လိုပါတယ်။ ကိုယ့်အမြင် ကိုယ်ရေးတယ်ဆိုပေမယ့် ကိုယ်ရေးလိုက်တာကို ကိုယ်ဖတ်စေချင်တဲ့ လူတဦးတည်း၊ အုပ်စုတခုတည်းက မြင်ရ ဖတ်ရတာမျိုးမဟုတ်ပဲ ကမ္ဘာတလွှားရှိ အွန်လိုင်းကွန်မြူနတီပေါ်က ထောင်သောင်းချီတဲ့လူတွေလည်း မြင်နေ ဖတ်နေနိုင်တယ်ဆိုတာ ကို သတိပြုဖို့ လိုပါလိမ့်မယ်။ ငါနဲ့မတူ င့ါရန်သူဆိုတဲ့ ခေတ်ဟောင်းက ဓာတ်ပြားဟောင်းကို ခေတ်သစ် Facebook ပေါ်မှာ လာတင်နေရင် ဆိုရှယ်မီဒီယာရဲ့ လွတ်လပ်ခွင့်ကို တလွဲသုံးသလို ဖြစ်ပါတယ်။

လတ်တလောအခြေအနေမှာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ခွင့်အရှိဆုံး ဆိုရှယ်မီဒီယာ Facebook ကို စာဖတ်သူတွေ မငြိုငြင်အောင် တာဝန်မဲ့ ရေးချင်ရာရေးလို့ ရတဲ့နေရာ ဖွဘုတ် အဖြစ် မမြင်မိအောင် စီတီဇင် ဂျာနယ်လစ်တွေ၊ မီဒီယာလွတ်လပ်ခွင့်ကို ချစ်မြတ်နိုးသူတွေ အားလုံး ချင့်ချိန်ဆွေးနွေးသင့်နေပြီလို့ တိုက်တွန်းတင်ပြအပ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading