ဆောင်းပါး

အယ်ဒီတာ ကိုတာတေနှင့် သူ၏ ကြေညာချက်

This article has been converted from Zawgyi One to Unicode

မီဒီယာ ခေတ်ကောင်းချိန်မှာ မည်သူမဆို မီဒီယာသမား ဖြစ်ခွင့်ရှိသည်။ ဘယ်သူ ဘာပြောချင်ပါသနည်း။

တရက် … ခရမ်းလွန်ရောင်ခြည် အဆင့် ၁၃ ရှိ နေပူ ကျဲတောက်အောက် နေ့ခင်းကြောင်တောင် ကတ္တရာလမ်းပေါ်တွင် လည်ကတုံး၊ တိုက်ပုံတို့ကို အခန့်စား ဝတ်ကာ လမ်းဘေးက ၁၅၀၀ ဖြင့်ဝယ်ထားသော နေကာမျက်မှန်ကို အကျအန တပ်ထားသည့် ဆိုက်ကားသမားဘဝမှ အရှင်လတ်လတ် အယ်ဒီတာ ဘဝသို့ ပြောင်းသွားသော ကိုတာတေနှင့် ကင်မရာကို လည်ပင်းတွင်ချိတ်၊ လက်က ထရိုင်ပေါ့ကိုကိုင်၊ နဘေးတွင် လက်ပတော့ခေါ် သွားလေရာပါ ကွန်ပျူတာကို လွယ်ထားသည့် ဘောင်းဘီကွာတားဝတ် ဖိုးရှုပ်တို့ ဆုံကြလေတော့သည်။ ဖိုးရှုပ်က ရပ်ကွက်ထဲ ယောင်ခြောက်ဆယ်လုပ်ရင်း သတင်းထောက် ဘဝ ရောက်သွားသူ။

“ဟိုင်း … ဟဲလို ဆြာတေ … ကျန်းခန့်သာလို့ မာရဲ့နော်။ ရှာလိုက်ရတာဗျာ။ ဆြာတေ့ ဖုန်းကလည်း ဘီးဇီးချည်းပဲ။ ကျနော့်မှာ ဆြာတေနဲ့ တွေ့ချင်နေတာ။ အလုပ်ကိစ္စ ဆြာတေရဲ့”
“ဘာကိစ္စများပါလိမ့်”
“ဒီလိုပါ ဆြာတေ။ ကျနော့်ကို အဆိုင်းတခု ချထားလို့ပါ။ ဆြာတေ့ကို အင်တာဗျူးဖို့ ပေါ့နော်”
“အင်တာဗျူး …”

ကိုတာတေ့ မျက်နှာကြီး ဝင်းကနဲဖြစ်သွားသည်။ သူအယ်ဒီတာဖြစ်တာ တလကျော်ကျော် ရှိပြီ။ ဘယ်သူကမှ သူ့ကို အဖတ်ကော အရည်ကောလုပ်ပြီး အင်တာမဗျူး။ အခု ဖိုးရှုပ်က ဗျူးမည်ဆိုတော့ နည်းနည်း ဘဝင်လေဟပ်သွားခြင်း ဖြစ်၏။

“ကျနော့်ရဲ့ ဟိုယိမ်းဒီယိမ်းဂျာနယ် အယ်ချုပ်ကပေါ့နော်၊ လက်ရှိ မီဒီယာလောက အခြေအနေနဲ့ ပတ်သက်လို့ရယ်၊ အယ်ဒီတာ တယောက်ရဲ့ ဖြတ်သန်းမှု အတွေ့အကြုံတွေရယ်ကို ဝမ်းပေ့ချ်ပေါ့”
“အဲဒါက ဝမ်းနုတ်ဆေး ဘရန်း တမျိုးလား”
“အဲ … ဝမ်းပေ့ချ်ဆိုတာက တမျက်နှာပေါ့၊ ခွဖောင်လေးနဲ့ ထည့်ချင်တယ်ပေါ့နော်။ အဲဒါနဲ့ ကျနော်က ဆြာတေ့ မျက်ခွက်ကြီးကို ပြေးမြင်လိုက်တယ်။ ဆြာတေက လက်ဖက်ရည်ဆိုင်မှာ လေပန်းတိုင်း အဲဒါတွေပြောတာ ကျနော် ပဲပြုတ်နံပြား စားရင်းနဲ့ ကြားဖူးနေကျလေ။ အဲဒါနဲ့ ကျနော်လည်း ကျနော့်အယ်ချုပ်ကို ဆြာတေ့နာမည် ပြောပြလိုက်တော့ …”
“ခွင့်ပြုလိုက်ရောလား”
“ဟင့်အင်း … ဆြာတေ့နာမည်ကို သူတခါမှ မကြားဖူးဘူးတဲ့”
“ကိုယ်လည်း မောင်ရင့်အယ်ချုပ်နာမည် မကြားဖူးပါဘူး။ ဒါ အသာထားပါ၊ မောင်ရင့်အယ်ချုပ်က ကိုယ့်ကို ကြားတောင် မကြားဘူးဘဲ ဘယ်လို အဆိုင်းချလိုက်တာလဲ”
“ဒါက ဒီလိုပါ။ ဆြာတေ့ကိုဗျူးရင် အနည်းဆုံးတော့ ဘီယာသောက်ရမှာပဲ ဆိုတာ ကျနော်သိတယ်လေ။ တကယ်လို့ တချိန်မှာ ဆြာတေ မတော်တဆ နိုင်ငံကျော်ခဲ့ရင်လည်း ဒီအင်တာဗျူးကြီးက အလကားနေရင်း နာမည်ကြီးဦးမယ် မဟုတ်လား။ ဒါနဲ့ အရင်းပဲဆိုပြီး အယ်ချုပ် အဆိုင်းမချပေမယ့် ကျနော့်ကိုယ်ကျနော် အဆိုင်းချလိုက်တာ”

ကိုတာတေတယောက် နည်းနည်းတော့ အားလျော့သွားသည်။ သို့သော် ရေငတ်တုန်း ရေခဲစိမ် ရေသန့်ဘူးတွေ့နေတာ လက်လွှတ်လို့မဖြစ်၊ ပါကင်ပိတ်ဖြစ်တာ မဖြစ်တာ နောက်ထား၊ လောလောဆယ် အဗျူးခံရဖို့ အရေးကြီးသည် မဟုတ်ပါလား။

ရပ်ကွက်ထိပ် ဘီယာဆိုင်တွင် ကျင်းပသည့် အင်တာဗျူးခန်းကြီးကို ဖလင်မကုန်တိုင်း ဖောချင်းသောချင်း ရိုက်နိုင်သည့် ဖိုးရှုပ်၏ ဒီဂျစ်တယ် ကင်မရာကြီးဖြင့် အချက်ပေါင်း ၃၀၀ တိတိ ရိုက်ပြီးသကာလ အမေးအဖြေများ ဤသို့ စလေသည်။

ရှုပ်။     ။ ပထမဆုံးပေါ့နော် ဆြာတေ့အနေနဲ့ ဆိုက်ကားသမားဆိုတဲ့ ဘဝကနေ အယ်ဒီတာဆိုတဲ့ ဘဝကို အဲ ဆြာတေ့ ကာရီယာပေါ့ ချိန်းသွားတာ အဲဒါလေး ရှင်းပြပေးပါဦး။

တေ။     ။ ဒါကတော့ ရှင်းပါတယ်။ ကိုယ်က ဖြစ်ချင်တာကို မဖြစ်မနေ ကြိုးစားတယ်။ မဖြစ်ရင် ဖြစ်တဲ့အထိ လုပ်တာ ကိုယ့်မူ။

ရှုပ်။     ။ ဘယ်လိုလုပ်တာလဲ ခင်ဗျ။

တေ။     ။ တကယ်တော့ ကိုယ်က နှပ်ချေးတွဲလောင်းဘဝ ကတည်းက အယ်ဒီတာ ဆိုတာကို ဘာမှန်းမသိဘဲ ရူးသွပ်ခဲ့သူ တယောက်ပါ။ ကံမထသေးလို့ ဆိုက်ကားနင်းနေရတာ။ ပြောရရင် ကိုယ့်ငယ်သူငယ်ချင်း တယောက်ပေါ့၊ ကိုယ်နဲ့ ရုပ်ရှင်ကြော်ငြာစာရွက်တွေ လုဖတ်ဖော် လုဖတ်ဘက်၊ ရထား ခိုးစီး ဘက်တွေ၊ သိပ်ခင်ကြတာ။ နောက် သူ အိမ်ကပြေးပြီး စစ်ထဲ ရောက်သွားရော။ ကိုယ်နဲ့ ပြန်တွေ့ချိန်မှာ သူက ပခုံးပေါ်မှာ အပွင့်တွေ အခက်တွေနဲ့ အတော် အကောင်ကြီးနေပြီ။ အခုတော့ ဘာဖြစ်တယ် မသိဘူး တိုက်ပုံနဲ့ ခေါင်းပေါင်းနဲ့ဗျ။ အဲ သူ့မှာ ပိုက်ဆံတွေများပြီး ထားစရာနေရာမရှိ ဖြစ်နေတယ် ဆိုတာနဲ့ ကိုယ်လည်း ခွင်ပဲဆိုပြီး မင်း ဂျာနယ်ထောင်၊ အယ်ဒီတာချုပ် နာမည်ခံ၊ ငါ တာဝန်ခံအယ်ဒီတာ လုပ်မယ် ဆိုပြီး မြှောက်ပေးလိုက်ရာကနေ အခုလို ဖြစ်လာတာပါ။

ရှုပ်။     ။ ဒါဆို ဆြာတေ့ရဲ့ အယ်ဒီတိုရီယယ် လိုင်းကို သူက ဝင်ဝင်မရှုပ်ဘူးလား။

တေ။     ။ ကိုယ့်ကို ဝင်ရှုပ်ဖို့နေနေသာသာ၊ သူ့ကော်မရှင်တွေနဲ့ သူတောင် အပတ်မလည်ဘူး။

ရှုပ်။     ။ ပိုင်ချက်ဗျာ။ ဒါဆို ဆြာတေ့ဂျာနယ်က ကိုယ့်လက်ကိုယ်ခြေပေါ့။ ဂျာနယ် စောင်ရေကကောဗျာ။

တေ။     ။ တပတ်ကို နှစ်စောင်တိတိ ရိုက်တယ်။ ထုတ်ဝေသူ တစောင်၊ ကိုယ်တစောင် ပြိုက်ကနဲ ကုန်တာပဲ။

ရှုပ်။     ။ ဟင် … ဒါဆို ပရိသတ်က ဘယ်လိုသိမလဲ။

တေ။     ။ ကိုယ့်ဂျာနယ် ဆော့ဖ်ကော်ပီတိုင်းကို facebook တင်တယ်လေ။ facebook ပရိသတ်သိရင် ပြီးတာပဲ။

ရှုပ်။     ။ သြော် ဟုတ်မယ်။ ကျနော်လည်း ဆြာတေ့ ဂျာနယ်ကို အွန်လိုင်းမှာ ဖျပ်ကနဲ တခါ တွေ့ဖူးတယ်၊ ဈေးကွက်မှာတော့ တခါမှ မတွေ့ဘူး။ ဒါနဲ့ ဆြာတေ ရေးရေးနေတဲ့ အယ်ဒီတိုရီယယ်တွေကို ဘယ်လို အိုင်ဒီယာတွေနဲ့ ရေးလဲ သိပါရစေ။

တေ။     ။ အယ်ဒီတိုရီယယ်ဆိုတာ ကိုယ့်ဂုဏ်ကိုယ်ဖော်ဖို့ အကောင်းဆုံး နေရာလေ။ အဲဒီတော့ အပတ်စဉ် အဲဒီကော်လံမှာ ကိုယ်ကောင်းကြောင်း၊ သူများမကောင်းကြောင်းတွေ အမြဲရေးတယ်။

ရှုပ်။     ။ ရှင်းပါပြီခင်ဗျာ။ ဒါဆို ပြောင်မြောက်တဲ့ သတင်းဓာတ်ပုံတွေ၊ သတင်းတွေကို လိုက်ဖို့ သတင်းထောက်တွေကို ဘယ်လိုများ ရှာဖွေခန့်ထားပါသလဲ။

တေ။     ။ ကိုယ့်သတင်းထောက်တွေက သိပ်အလုပ်လုပ်စရာ မလိုပါဘူး။ သတင်းလိုက်ဖို့ ခရီးစရိတ်တို့၊ ဖုန်းခတို့လည်း ကိုယ်က မပေးနိုင်ဘူးလေ။ လစာလည်း ပေးတဲ့အခါပေးတယ်၊ မပေးနိုင်တာက များတယ်။ သိပ်တော်တဲ့သူတွေဆိုရင်လည်း ကိုယ်က မခန့်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်ကို ကျော်တက်မှာ စိုးလို့ပါ။ အဲဒီအခြေအနေမှာ ကိုယ့်သတင်းတွေ၊ ဓာတ်ပုံတွေ သိပ်ကောင်းနေတာကတော့ အဓိကအချက်သည် အွန်လိုင်းပဲ။ အွန်လိုင်းကို သေသေချာချာ နှံ့စပ်ကျွမ်းကျင်ရင် လွယ်ပါတယ်။ ကောင်းတဲ့ ဓာတ်ပုံလေးတွေ့ရင် ဒေါင်းလုပ်လုပ်ထားလိုက်၊ သူ့လိုဂိုလေးပါရင် ဖြတ်ထုတ်ထားလိုက်၊ ကိုယ့်ဟာလိုလိုလုပ်ပြီး သုံးလိုက်ပေါ့။ အဲ ကောင်းတဲ့ သတင်းတွေကျတော့ အဲဒီလို မလုပ်ဘူး။ ဟိုက နည်းနည်း၊ ဒီကနည်းနည်း ကော်ပီပေ့စ်လုပ်လိုက်တယ်။ သူ့ဟာကို ကိုယ့်ဟာ ဖြစ်အောင်လုပ်နည်းပေါ့။ ဒါပေမယ့် အဲဒီလို ဖြတ်ညှပ်ကပ်ဖို့ အချိန်မရတဲ့ တချို့သတင်းတွေ ကျတော့ မျက်နှာပြောင်တိုက်ပြီး အပုဒ်လိုက် ယူသုံးလိုက်တာပဲ။

ရှုပ်။     ။ ဒါဆို … ကာတွန်း …။

တေ။     ။ ဒါလည်း အွန်လိုင်းကို နှံ့နှံ့စပ်စပ် သေသေချာချာ သုံးတတ်ရင် မခက်ပါဘူးမောင်ရင်။ အွန်လိုင်းဆိုရာမှာလည်း facebook ပေါ့နော်။ လာသမျှလူ အက်တယ်၊ ရှယ်သမျှ ယူတယ်၊ ဖတ်တယ်၊ ခိုးချ … အဲ ဖြတ်ညှပ် ကပ်၊ စုတုပြုတယ်။ အွန်လိုင်း ကာတွန်းဆရာတွေက မှိုလိုပေါက်နေတာပဲဟာ။ သူတို့ တင်သမျှထဲက ကောင်းတယ်ထင်တာလေး ယူသုံးလိုက်တာပဲ။

ရှုပ်။     ။ ဒါဆို ဆြာတေက အွန်လိုင်းတခု အရင်းပြုပေါ့နော်။ ဒါပေမယ့် အန္တရာယ်တော့ များမှာပဲ။ တကယ်လို့ ပိုင်ရှင်တွေက သိပြီး ပြဿနာရှာရင် ဘယ်လိုလုပ်မလဲ။

တေ။     ။ ဟဲဟဲ မောင်ရင် အတော် ညံ့သေးတာပဲ။ ဘယ်သူက သတင်းတပုဒ်အတွက် တရားရုံးတက်ပါ့မလဲ။ အလုပ်ရှုပ်ခံ၊ အချိန်ကုန်ခံ၊ ပိုက်ဆံကုန်ခံလို့ကွယ်။

ရှုပ်။     ။ မဟုတ်ဘူးလေ … ကျနော်ဆိုလိုတာက ဆြာတေ့ကို တရားမစွဲဘဲ သူ့ဟာခိုးပါတယ်ဆိုပြီး လူသိရှင်ကြား ပြဿနာ ရှာတာမျိုးပေါ့။ နာမည်ပျက်မှာလေ။

တေ။     ။ ဒါက ဒီလိုရှိတယ်၊ တို့မြန်မာလူမျိုးတွေက ဘယ်လောက် ယဉ်ကျေးလဲ မောင်ရင်သိတယ်နော်၊ ပြီးတော့ အားနာ တတ်တယ်ကွဲ့။ သူတို့က အရင်ဆုံး လူသိရှင်ကြား ပြဿနာမရှာခင် ကိုယ့်ကိုတော့ လှမ်းပြောမှာပဲ။ အဲဒီအခါကျ ခပ်တည်တည်နဲ့ ဘူးခံ ငြင်းကြည့်မယ်၊ ရရင် အမြတ်ပေါ့ကွာ။ မရတော့လည်း ဘာဖြစ်လဲ မသိနားမလည်လို့ပါဆိုပြီး ဒူးထောက် မျက်ရည်ပေါက်ပေါက် ကျအောင် တောင်းပန်မှာပေါ့။ လူ့အောက်ကျလို့ သေမသွားပါဘူး။ တို့မြန်မာလူမျိုးတွေက သနားလည်း သနားတတ်ပါဘိသနဲ့။ အဲဒီလိုဒူးဖက်တောင်းပန်၊ ငိုပြရင် အေးဆေးဖြစ်သွားမှာပါ။

ရှုပ်။     ။ ဒါဆို ဆြာတေ့အနေနဲ့ပေါ့နော် … အက်သစ် ဆိုတဲ့ ကျင့်ဝတ်ကို ဘယ်လိုနားလည်ထားပါသလဲ။

တေ။     ။ သြော်ဒါလား။ ဒါက နားလည်နေစရာမလိုပါဘူး။ ကျင့်ဝတ်တို့ဘာတို့ဆိုတာက စာအုပ်ထဲမှာပဲ ဖတ်ကောင်းတာလေ။ အပြင်မှာ လိုက်နာတိုင်း ကောင်းတဲ့ဟာတွေမဟုတ်ဘူးကွဲ့။

ရှုပ်။     ။ ခင်ဗျာ …။ ဒါ … ဒါဆို အယ်ဒီတာ တယောက်ရဲ့ တာဝန်က …။

တေ။     ။ သိပ်များတယ်ကွ။ ကိုယ့်အောက်က သတင်းထောက်တွေကို များများ ပိတ်ဟောက်ပေးရတယ်။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိပေါ့နော်။ တခါတလေ သူတို့ အလုပ်လုပ်နေမှန်း သိသိကြီးနဲ့ မျက်နှာကျောကြီး တင်းပြီး အော်ရငေါက်ရတယ်။ ဒါမှ ကိုယ့်ကိုကြောက်ကြမှာလေ။ တခါတလေကျ ကိုယ့်ဘာသာ ဟိုဆိုက်ဒီဆိုက်တွေ ခိုးကြည့်နေပေမယ့် အရမ်း အလုပ်ရှုပ် ချင်ယောင် ဆောင်ပြရသေးတယ်။ မလွယ်ဘူးကွဲ့။

ရှုပ်။     ။ မှတ်သားလောက်ပါတယ်ဗျာ။ ဆြာတေ့ရဲ့ နိုင်ငံရေးအမြင်လေး သိပါရစေ။

တေ။     ။ ရောယိမ်းလိုက်၊ ဘသားယိမ်းလိုက်ပေါ့။ သူများ အမေဆို၊ ကိုယ်လည်း အမေပေါ့။ သူများက ဘွားတော်ကြီးဆို၊ ကိုယ်လည်း လိုက်ပြီး ဘွားတော်ကြီးလိုက်တာပဲ။ သူများက သမ္မတကြီး ကျမ်းမာပါစေဆို ကိုယ်ကလည်း သမ္မတကြီးအတွက် ဂုဏ်ပြုချက်တို့ ဘာတို့ မျက်နှာပြည့် ထည့်လိုက်တယ်။ သူများက သမ္မတကြီးကို တွယ်ရင် ကိုယ်လည်း ဘယ်ကျန်နေခဲ့လို့ ဖြစ်မလဲ။ ကိုယ့်မူကတော့ facebook မှာ နောက်ကျ မကျန်ရေးပဲ။ အဲဒါမှ နာမည်ကြီးမှာလေ။ သူများလုပ်သမျှ သိတာမသိတာ အသာထား လိုက်ဖောရတာ တော်တော်တော့ မောသား။

ရှုပ်။     ။ ဒါဆို အခုလက်ရှိ မီဒီယာလောကကြီးကို ဘာများ ပြောချင်ပါသလဲ။

တေ။     ။ အိမ်း … (ထိုနေရာတွင် ကိုတာတေတယောက် ၂ စက္ကန့်ခန့် ငြိမ်သက်ကာ ရုတ်တရက် ဘီယာတခွက်လုံးကို တရစပ် မော့ချလိုက်သည်။ လေးလေးနက်နက် ပြောတော့မည့် သဘောဖြစ်၏) facebook များများသုံးကြပါလို့ ပြောချင်တယ်။

ရှုပ်။     ။ အခုလွှတ်တော်တင်မယ့် မီဒီယာဥပဒေကြမ်းကိုကော ဘယ်လိုမြင်ပါသလဲ။

တေ။     ။ ဘယ်လိုမှ မမြင်ပါဘူး။ အဲဒါ သတင်းစာမှာ ပါတဲ့နေ့က ကိုယ် မျက်စိနာနေလို့။ နှစ်ဘက်လုံး ပိတ်နေရောပဲ။

ရှုပ်။     ။ ဟုတ်ကဲ့ခမျ … ဒါဆို ခုတလောမှာ ဂျာနယ်တစောင်က ဟိုဒင်းကိစ္စနဲ့ ပတ်သက်တဲ့ သတင်းများ လုံးဝလုံးဝ မဖော်ပြတော့ပါလို့ ကြေညာချက် ထုတ်တဲ့ကိစ္စ၊ အဲဒါနဲ့ ပတ်သက်လို့ ဘာပြောချင်ပါသလဲ။

တေ။     ။ ဟာ သိပ်ကိုချီးကျူးပါတယ်။ သတင်း မီဒီယာဆိုတာ သတင်းတို့၊ ဆောင်းပါးတို့ အာဘော်တို့ထက် ကြေညာချက်တွေ မကြာခဏ ထုတ်သင့်တယ်။ ဒါပေမယ့်ပေါ့နော်၊ ကိုယ်ကတော့ တခါတည်းနဲ့ အပြတ်အသတ် ဖြစ်သွားမယ့် ကြေညာချက်မျိုးထုတ်တာ ပိုသဘောကျတယ်။ အဲဒီလိုမျိုး ကိုယ်က ပိုင်အိုးနီးယား ဖြစ်စေရမယ်။

ရှုပ်။     ။ ဘယ်လိုမျိုးလဲ ခင်ဗျ။

တေ။     ။ ကိုယ်လုပ်ပြမယ် … ဒါက မောင်ရင့်ကို အော့ဖ်သည်ရက်ကော့ (အသံဖမ်းစက် ပိတ်ခိုင်း၍ ပြောခြင်း) ပြောတာနော်။ မောင်ရင်လျှောက်မဖွနဲ့ဦး၊ တော်ကြာ သူများတွေ ကြားပြီး အိုင်ဒီယာဦးသွားမယ်။ ဒါ ကိုယ့်ရဲ့ နောက်ဆုံးပေါ် အိုင်ဒီယာ။

ရှုပ်။     ။ ဟာ လုပ်ပါ။ ကျနော် ဘယ်သူ့ကိုမှ လျှောက်မပြောပါဘူး။

တေ။     ။ ဒီလိုလေကွယ် “ကျနော်များ ဂျာနယ်တွင် ယနေ့မှစ၍ မည်သည့် သတင်းကိုမှ ဖော်ပြခြင်း မပြုတော့ပါ” ဆိုတဲ့ ကြေညာချက်ကြီး ထုတ်မှာ။ ပြတ်ကရော မဟုတ်လား ဟဲဟဲ။ ကိုယ့်သူငယ်ချင်းရဲ့ ဘယ်နားထားရမှန်း မသိတဲ့ ပိုက်ဆံတွေလည်း ကုန်ပြီ၊ ဂျာနယ်လည်း ပြုတ်သွားပြီ။ ၂၀၁၅ ကျ သူရွေးကောက်ပွဲဝင်ရင် သုံးဖို့ စုထားတဲ့ ပိုက်ဆံတောင် အစစ် ပါသွားသေးတယ်။ ကိုယ်ကတော့ အခု ဆိုက်ကားအုံနာနဲ့ ပြန်စကား ပြောထားပြီ၊ နောက်တပတ် ပြန်စ နင်းမယ်လို့ …။

ဤတွင် ဘီယာ ၈ ပုလင်းနှင့် စည်ဘီယာ ၃ ခွက်တိတိ ကုန်သည့် အင်တာဗျူးခန်းကြီး ပြီးဆုံးသွားကြောင်း ကြေညာအပ် ပါသည်။     ။

Loading