မြန်မာနိုင်ငံမှာ ဒီနေ့ ဧပြီလ ၁ ရက်က စတင်ပြီး နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာတွေကို အစိုးရက ယာယီ ထုတ်ဝေခွင့် ပြုလိုက်ပြီးနောက် ရာစုနှစ် တဝက်လောက် ပျောက်ကွယ်သွားတာကနေ တဖန် ပြန်လည် ရုန်းထရမယ့် နေ့စဉ်ထုတ် သတင်းစာလောကမှာ စိန်ခေါ်မှုတွေ အများကြီး ရှိနေပါတယ်။
ပြန်ကြားရေး ဝန်ကြီးဌာနက ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေခွင့် လျှောက်ထားသူတွေထဲကနေ သတင်းစာ ၈ စောင်ကို မတ်လ ၁ ရက်နေ့က တကြိမ်၊ မတ်လ ၂၅ ရက်နေ့က သတင်းစာ ၈ စောင်ကို နောက်တကြိမ်နဲ့ စုစုပေါင်း သတင်းစာ ၁၆ စောင်ကို ယာယီ ထုတ်ဝေခွင့်ကို တည်ဆဲဥပဒေဖြစ်တဲ့ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနဲ့ ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေ ပုဒ်မ ၈ (၁) ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
နှစ်ပေါင်း ၅၀ ကျော် အဆက်ပြတ်နေရာကနေ နေ့စဉ်ထုတ် သတင်းစာ တခေတ်ဆန်းလာမှာ ဖြစ်ပေမယ့် တချိန်က အခြေအနေတွေနဲ့တော့ အခုအခြေအနေတွေက မတူတော့ပါဘူး။
လွတ်လပ်ပြီးစ မြန်မာနိုင်ငံမှာ ပထမဆုံး ထွန်းကားခဲ့တဲ့ သတင်းစာ ခေတ်ဦးကို အဓိက အဆုံးသတ်စေခဲ့တဲ့ ၁၉၆၂ ခု နှစ် မတ်လက ထွက်ပေါ်ခဲ့တဲ့ ပုံနှိပ်ဥပဒေ မထွက်ခင်အထိ စာနယ်ဇင်း လွတ်လပ်မှု ရှိခဲ့ကြောင်း၊ အခုဥပဒေနဲ့ ထုတ်ဝေသူတွေ၊ သတင်းစာသမားတွေ အဓိက ရင်ဆိုင်ရဖို့ ရှိနေပြီး ကျင့်သုံး သူအပေါ် မူတည်နေတယ်လို့ “ရွှေနိုင်ငံသစ်” နေ့စဉ်သတင်းစာကို ထုတ်ဝေမယ့် သတင်းစာဆရာကြီး ဦးခင်မောင်လေး ခေါ် ဖိုးသောကြာ (ခေတ်+မိုး) က ဧရာဝတီကို ပြောပါတယ်။
“အဘတို့ ခေတ်ကတော့ Freedom of Press ကို အပြည့်အ၀ ရခဲ့တယ်ပေါ့နော်။ နောက် ပုံနှိပ်ဥပဒေဆိုတာ သီးခြားရှိနေပြီးတော့ မီဒီယာနဲ့ ဘာမှ မပတ်သက်ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရင် ပုဂ္ဂလိကနေ့စဉ် သတင်းစာတွေ အခုထွက်ခွင့်တော့ ပေးလိုက်ပြီ။ ဒါပေမယ့် ထွက်ခွင့်တော့ ပေးလိုက်တဲ့အပေါ်မှာပဲပေါ့နော် နည်းနည်းလေးတော့ ချုပ်ချယ်ကန့် သတ်မှုတွေ ရှိနေသေးတယ်” လို့ သူက ဆိုပါတယ်။
“ရန်ကုန်တိုင်း (မ်)” နေ့စဉ် သတင်းစာကို ထုတ်ဝေမယ့် ဦးကိုကို ( ကိုကို -စက်မှု) ကလည်း “လက်ရှိ ၁၉၆၂ ခုနှစ် ဥပဒေနဲ့ သူတို့က အားချင်း ချပေးထားဖြစ်တဲ့ အတွက်ကြောင့် တကယ်တမ်း ၁၉၆၂ ဥပဒေအတိုင်း တိတိကျကျ လုပ်မယ်ဆိုရင်တော့ သတင်းစာ ထုတ်ဝေမှုမှာ တော်တော်တော့ ခက်မယ့် အနေအထားပါ” လို့ ဧရာဝတီကို ပြောပါတယ်။
ဒါပေမယ့် အခု စာနယ်ဇင်းကောင်စီက ရေးဆွဲနေတဲ့ ဥပဒေနဲ့ ပုံနှိပ်ဥပဒေကြမ်း ဆိုတာတွေကို ပြုပြင် မွမ်းမံ ဖြည့်စွက်ပြီး လွှတ်တော်ကသာ အတည်ပြုလိုက်မယ် ဆိုရင်တော့ ၁၉၆၂ ဥပဒေ၊ ၁၉၃၁ ဥပဒေဆိုတာတွေက အလိုလို ပျက်ပြယ် သွား ကြမှာပါလို့လည်း ဦးကိုကိုက ဆိုပါတယ်။
နောက်ထပ် ရင်ဆိုင်ရမယ့် အခက်အခဲကတော့ ငွေကြေး ရင်းနှီးမြှုပ်နှံမှုနဲ့ ဖြန့်ချိရေး ကိစ္စတွေပါ။ ဒီအတွက် သတင်းစာ ထုတ်ဝေမယ့်သူတိုင်း ငွေကြေး ရင်းနှီးမြှုပ်နှံမှု ကိစ္စကို အဓိက ပူပန်နေကြကြောင်း သိရပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နာမည်နဲ့ “ဒီလှိုင်း” သတင်းစာ ထုတ်ဝေခွင့် ကျလာခဲ့ပေမယ့် ဒီလှိုင်းကို ဦးဆောင်လုပ်ပေးနေတဲ့ နာယက ဦးဝင်းတင်ကတော့ သတင်းစာ ထုတ်ဝေဖြန့်ချိဖို့ အခုအထိ ငွေကြေး မစီစဉ်ရသေးကြောင်း၊ ကျန်တဲ့ အသေးစိတ် ပြင်ဆင်မှုတွေလည်း မလုပ်ရသေးဘူးလို့ ဧရာဝတီကို ပြောပါတယ်။
“ပြင်ဆင်ထားတာ ဘာမှ မရှိဘူး။ တို့က ပိုက်ဆံလည်း မရှိဘူး။ နေရာလည်း ရှိတာ မဟုတ်ဘူး။ အခုလည်း ဒီလှိုင်း ဂျာနယ်ကလည်း ပါတီမှာ ရှိတဲ့လူနဲ့ ဒီလိုပဲ လုပ်နေရတာ။ သတင်းစာလုပ်တတ်သူက ဒီမှာက သိပ်ရှိတာ မဟုတ်ဘူး” လို့ ဝါရင့် သတင်းစာဆရာကြီးလည်း ဖြစ်တဲ့ ဦးဝင်းတင်က ပြောပါတယ်။
ကိုယ်ပွား သတင်းစာတိုက်ခွဲများ ထားဖို့နေရာ၊ စက်ပစ္စည်းက အစ သတင်းထောက်နဲ့ သတင်းထောက် အသုံးအဆောင် ပစ္စည်းများအလယ်၊ ငွေကြေးရင်းနှီးမြှုပ်နှံဖို့ ဘယ်ပုံစံနဲ့ သွားမလဲဆိုတာလည်း သေချာ မဆွေးနွေးရသေးဘူးလို့ ဦးဝင်းတင်က ဆိုပါတယ်။
ဦးကိုကိုကတော့ ရန်ကုန်တိုင်း (မ်) သတင်းစာကို ထုတ်ဝေ၊ ဖြန့်ချိမှုမှာ ကျပ်ငွေ သိန်း ၄-၅ ထောင်လောက် ရှိမှသာ လုပ်ငန်း လည်ပတ်နိုင်မယ်လို့ ဆိုပြီး သူတို့အနေနဲ့ လွန်ခဲ့တဲ့ ၄-၅ လကတည်းက ပြင်ဆင်မှုများကို လုပ်ထားပေမယ့် ဧပြီလ ၁ ရက်နေ့မှာ စတင်ထွက်ဖို့ မရှိဘဲ လာမယ့် ဇွန်လလောက်ကျမှ ထွက်နိုင်မယ်လို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။
“သတင်းစာတစောင်ဆိုတာ တမနက်ပဲ ရှိတယ်။ သေသေချာချာ တွက်ချက်နေရတယ်။ အတွက်မှားရင် အဆုံးအရှုံး ကြီးမယ်။ သတင်းစာက အမှားမခံဘူး။ ဒါကြောင့် ကျနော်တို့ကတော့ အထူးသတိထားပြီး အလျင်မလိုဘဲ သွားတယ်” လို့ ဦးကိုကိုက ဆက်ပြောပါတယ်။
ဆရာကြီး ဖိုးသောကြာ (ခေတ်+မိုး) ကတော့ သူ့အနေနဲ့ အစိုးရကပေးလာတဲ့ သတင်းစာထုတ်ဝေခွင့်ကို သတင်းစာ လွတ်လပ်ခွင့်အတွက် လုံး၀ အရဲစွန့် လုပ်ကိုင်တာဖြစ်ကြောင်း၊ လက်ရှိ သိန်း ၃ ထောင်ကျော်အတွက် အတော်ခက်ခဲစွာ စုဆောင်နေရပေမယ့် ဧပြီလ ၁ ရက်နေ့မှာ စတင်ထွက်ပြီဖြစ်ကြောင်း ပြောပါတယ်။
“ရွှေနိုင်ငံသစ်က နမူနာ ၃ စောင် ထွက်ပြီးပါပြီ။ ဧပြီ ၁ ရက်နေ့ မှာ စာမျက်နှာ ၂၀၊ တစောင် ၁၅၅ ကျပ်နှုန်းနဲ့ စထွက်ပါမယ်။ စတုတ္ထမဏ္ဍိုင်ဝါဒ စစ်စစ်နဲ့ပဲ သွားမယ်” လို့ သူက ပြောပါတယ်။
သတင်းထောက်ကအစ၊ ငွေကြေး ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေပါ ကြိုတင် ပြင်ဆင်ထားတယ်လို့ ဆိုတဲ့ “၇ ရက်နေ့စဉ်” သတင်းစာထုတ် ဝေမယ့် ဦးသောင်းစုငြိမ်းကတော့ လက်ရှိ 7 Days အပတ်စဉ်ထုတ် ဂျာနယ် အတွေ့အကြုံတွေနဲ့ တည်ဆဲ ဥပဒေအတိုင်းပဲ ဥပဒေ ဘောင်ထဲကနေ နေ့စဉ်ထုတ် သတင်းစာကို ထုတ်ဝေဖြန့်ချိသွားမှာလို့ ဧရာဝတီကို ပြောပါတယ်။
“သေချာတာတော့ ကျနော်တို့ ဘာပဲဖြစ်ဖြစ် တည်ဆဲ ဥပဒေအတိုင်းပဲ လုပ်ရမှာပဲ။ ဥပဒေ ဘောင်အတွင်းက လုပ်ရမှာ ပေါ့။ အခုလည်း ဂျာနယ်တွေ ထုတ်နေတဲ့အခါမှာ တည်ဆဲဥပဒေတွေနဲ့ပဲ သွားနေတာဆိုတော့ လက်ရှိ ကျနော်တို့ 7 Days သွားနေတဲ့ ပုံစံနဲ့ ဆက်သွားမယ်ဆိုရင် ဘာမှ အထွေအထူး ပြောနေစရာတော့ မရှိပါဘူး” လို့ သူက ဆိုပါတယ်။
၇ ရက် နေ့စဉ် သတင်းစာအတွက် အဖက်ဖက်က ပြင်ဆင်မှုအနေနဲ့ နောက်ထပ် စက်အသစ် မှာယူထားပြီး မကြာခင် ရောက်လာမှာဖြစ်လို့ သတင်းစာထွက်မယ့် ရက်ကို အသေအချာ မပြောနိုင်သေးဘူးလို့ ဦးသောင်းစုငြိမ်းက ဆိုပါတယ်။
“ပုံနှိပ်စက်ကတော့ ကျနော်မှာထားတယ်။ အခုထိတော့ မရောက်လာသေးဘူး။ ဒါပေမယ့် အချိန်မီတော့ ရောက်လာမှာပါ။ စစ ထွက်တာတော့ လက်ရှိ ရှိနေတဲ့ ပုံနှိပ်စက် အနေအထားနဲ့ပဲ ထွက်ပါမယ်။ ဧပြီ ၁ ရက် ထွက်မလား၊ သင်္ကြန် ပြီးမှ ထွက်ဖြစ်မလားဆိုတာ မဆုံးဖြတ်ထားသေးဘူး” လို့ သူက ဆိုပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ထွက်ရှိမယ့် သတင်းစာကတော့ ယနေ့ ဧပြီလ ၁ ရက်နေ့မှာ စတင်ထုတ်ဝေမှာဖြစ်ပြီး တစောင်ကို ၁၀၀ ကျပ်နှုန်းနဲ့ ရောင်းချမယ်လို့ သိရပါတယ်။ အလားတူ The Voice ဂျာနယ်က ထုတ်ဝေမယ့် သတင်းစာကလည်း ဧပြီလ ၁ ရက်နေ့မှာ ထွက်ရှိလာပါတယ်။
NLD ပါတီက ထုတ်ဝေမယ့် ဒီလှိုင်း သတင်းစာကတော့ လာမယ့် ဇူလိုင်လောက်မှ ထွက်လာနိုင်ပြီး သတင်းစာ ဖြန့်ချိရေး ကိစ္စကိုတော့ လက်ရှိ ဂျာနယ် ထုတ်ဝေဖြန့်ချိနေတာနဲ့ ပါတီဝင်တွေကိုပဲ အားကိုးပြီး လုပ်ဆောင်သွားမှာ ဖြစ်တယ် လို့ ဦးဝင်းတင်က ပြောပါတယ်။
“ပါတီ သတင်းစာဆို ဘယ်သူမှ မဖတ်ဘူး။ ဒါ မြန်မာပြည်ရဲ့ သမိုင်းပဲ။ ပါတီဝင်ထုလည်း ရှိတဲ့အခါကျတော့ ပါတီ သတင်းစာ ပုံစံနဲ့လည်း သွားလို့ရတယ်။ ဒါပေမယ့် ပါတီ သတင်းစာအနေနဲ့ သွားမှာ မဟုတ်ဘူး။ ဖြစ်နိုင်ရင် ရိုးရိုးတန်းတန်း အရပ်သတင်းစာပဲ ထုတ်မယ်။ ပါတီဘက်ကိုတော့ နည်းနည်းတော့ ယိုင်တဲ့ဟာဖြစ်မယ်” လို့ ဦးဝင်းတင်က ဆိုပါတယ်။
မြန်မာ့ မီးရထားအပါအဝင်၊ စာတိုက်၊ လေကြောင်း ပို့ဆောင်ရေးတွေက ဒီကနေ့ခေတ်မှာ အားကိုးဖို့ ခက်နေလို့ ပုဂ္ဂလိက သတင်စာတွေကတော့ ပုဂ္ဂလိက ဖြန့်ချိရေး ကုမ္ပဏီကြီးတွေကို အားကိုးပြီးဖြန့်ချိသွားရ မှာ ဖြစ်တယ်လို့ ဆရာကြီး ဖိုးသောကြာက ဧရာဝတီကို ပြောပါတယ်။
“အခုကတော့ အဲဒီဌာနတွေကလည်း စည်းကမ်းက လုံး၀ မရှိတော့ဘူး။ မရောက်တာတွေ ရှိတယ်။ အဲဒါ တခုကလည်း စိန်ခေါ်ချက်ပဲ။ အဘတို့ အားကိုးနေတာက ပုဂ္ဂလိက ဖြန့်ချိရေး ကိုယ်စားလှယ်ကြီးတွေ ရှိတယ်” လို့ သူက ဆက်ပြောပါတယ်။
တခေတ်ဆန်း သတင်းစာလောကမှာ လူ့စွမ်းအားအရင်းအမြစ်၊ သတင်းစာပညာပိုင်းနဲ့ ကျင့်ဝတ်ပိုင်းတွေမှာလည်း စိန်ခေါ်မှုတွေ ရှိနေပါတယ်။
“သတင်းစာ ကျင့်ဝတ်နဲ့ ပတ်သက်လို့ ၁၉၆၂ နှစ်တုန်းက ကျင့်ဝတ်က ၁၁ ချက်ရှိတယ်။ အခု အဘတို့ စာနယ်ဇင်း ကောင်စီက ကျင့်ဝတ် ၁၄ ချက် သတ်မှတ်လိုက်တယ်။ ၃ ချက် တိုးလာတာက အခုဟာက အီလက်ထရွန်းနစ် မီဒီယာတွေဆိုတာ ရှိလာတာကိုး။ အင်တာနက်တို့ ဘာတို့ အကြောင်းပြုပြီး ၁၄ ချက်ဖြစ်သွားတာ” လို့ ဆရာကြီး ဖိုးသောကြာ (ခေတ်+မိုး) က ဆိုပါတယ်။
လက်ရှိ အနေအထားမှာ အရည်အချင်း ပြည့်မီတဲ့ သတင်းထောက် အင်မတန် ရှားပါးပေမယ့် သူတို့ရဲ့ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံကိုဘဲ အားကိုး ပြီး ထုတ်လုပ် ဖြန့်ချိသွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“အခု သတင်းစာတိုက်မှာ ခန့်ထားတဲ့ သတင်းထောက် အားလုံး ဘွဲ့ရတွေပါပဲ။ ဒါပေမယ့် သူတို့ ရတဲ့ဘွဲ့က ၆၂ ခုနှစ် အရင်က ရတဲ့ဘွဲ့မျိုးတွေလို မဟုတ်ဘူး။ ကွာလီဖိုင်းဖြစ်တဲ့ သတင်းထောက် မရနိုင်ပေမယ့် သူတို့မှာ အတွေ့အကြုံ ရှိတယ်။ အဲဒီ အတွေ့အကြုံကိုဘဲ အားကိုးပြီး လုပ်ကြရမှာ။ သူတို့ အတွေ့အကြုံကလည်းပဲ လွတ်လပ်ခွင့် မရှိတဲ့ ဂျာနယ် အတွေ့အကြုံပဲ ဖြစ်တဲ့အတွက် သူတို့မှာ အင်မတန် အားနည်းတယ်လို့ ပြောရမှာပေါ့။ ဒါကလည်း စိန်ခေါ်မှု တခုပါပဲ” လို့ သူက ဆက်ပြောပါတယ်။
တကြော့ပြန် နေ့စဉ် သတင်းစာခေတ်အတွက် အရည်အချင်းပြည့်မီတဲ့ သတင်းထောက်တွေ၊ အယ်ဒီတာတွေလည်း အများကြီး လိုအပ်နေပါတယ်။ ဒါပေမယ့် လက်တွေ့ အခြေအနေမှာတော့ သတင်းထောက် ခန့်ထားမှုတွေမှာ လိုအပ်ချက်အပေါ် မူတည်ခန့်ထားကြရတာ များတယ်လို့ သိရပါတယ်။
“ဈေးကွက် အလိုအရ သတင်းထောက်တွေကို လက်တွေ့ လုပ်ငန်းခွင်ထဲကပဲ ခန့်ထားရတာတွေ ရှိတော့ ကွာလီဖိုင်း မဖြစ်တာတွေ၊ ကျင့်ဝတ် အားနည်းတာတွေ ရှိတယ်။ ဒါတွေက စနစ်တကျ သင်တန်းကျောင်းတွေ လုပ်သွားဖို့ လိုအပ်တယ်” လို့ ဦးကိုကိုက ဆိုပါတယ်။
လူငယ် သတင်းထောက်တွေကတော့ သတင်းထောက်တွေ ခေတ်ရောက်ပြီလို့ ကြွေးကြော်နေပေမယ့် ရာခိုင်နှုန်းအများစုကတော့ သတင်းစာပညာကို စနစ်တကျ လေ့လာဖို့ အခွင့်အရေး မရခဲ့ကြပါဘူး။ ရှိတဲ့ စာနယ်ဇင်းသမားတွေနဲ့ပဲ လုပ်ကိုင်ကြရတဲ့ အခါမှာ ခြေချော်လက်ချော်ဖြစ်ပြီး တရားတပေါင်တွေ ဖြစ်မယ့် အနေအထားကိုလည်း သတင်းစာတိုက်တွေက စိုးရိမ်နေကြပါတယ်။
“စာနယ်ဇင်း ကောင်စီလိုဟာမျိုး ပေါ်ရင် (ကိုင်တွယ်ဖြေရှင်းပေးဖို့) စာနယ်ဇင်းကောင်စီလို ဟာမျိုးပဲ ရှိရမလား။ တခြား နိုင်ငံတွေလိုပဲ တရားစွဲတာမျိုးတွေ ဘာတွေတော့ ကြုံလာရနိုင်ပါတယ်” လို့ ဦးကိုကိုက ဆိုပါတယ်။
သတင်းစာ အယ်ဒီတာတွေကလည်း ကိုယ့်သတင်းစာက သတင်းတွေဟာ တရားစွဲခံရနိုင်လား စသဖြင့် ကိုယ့်ဖာသာ ဆင်တာလုပ်သလိုမျိုး မဟုတ်သည့်တိုင် စိစစ်မှုတွေတော့ လုပ်သွားကြရမှာဖြစ်သလို ဥပဒေအကြံပေးတွေနဲ့ တိုင်ပင်ပြီးမှ တချို့သတင်းတွေကို ထည့်တဲ့ အလေ့အကျင့် လုပ်ပေးဖို့ လိုမယ်လို့ သူက ဆက်ပြောပါတယ်။
“Media Insurance (မီဒီယာ အာမခံ) ဆိုတာမျိုး အမေရိကားမှာ ရှိတာတွေ့တယ်။ လျော်ရမယ့်ကိစ္စမျိုး ပေါ်လာရင် ကိုယ်က လျော်စရာ မလိုဘဲနဲ့ Insurance ကုမ္ပဏီက လျော်ပေးတာမျိုးပေါ့။ ရေရှည်မှာ ကျနော်ထင်တယ်၊ Media Insurance လိုဟာမျိုး လည်း ပေါ်လာရလိမ့်မယ်” လို့ ဦးကိုကိုက ဆိုတယ်။
သတင်းထောက်ကောင်းတွေ၊ အယ်ဒီတာကောင်းတွေ များများမွေးထုတ်ပေးနိုင်ဖို့တော့ သတင်းစာပညာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ လက်ရှိ ပေးနေတဲ့ သတင်းစာပညာ ဝိဇ္ဇာဘွဲ့ သင်ခန်းစာတွေကိုလည်း မွမ်းမံတိုးချဲ့တာ၊ သီးခြားပုဂ္ဂလိက သတင်းစာ ပညာသင်ကျောင်းတွေ၊ ဘွဲ့လွန်တွေ၊ ဒီပလိုမာ စတာတွေ ပြုစုပျိုးထောင်ဖို့လည်း လေ့လာသူတွေက ထောက်ပြကြပါတယ်။
လက်ရှိမှာ နိုင်ငံတော်ပိုင် နေ့စဉ်ထုတ်သတင်းစာ ၃ စောင်ကတော့ ပုံနှိပ်၊ ဖြန့်ချိတဲ့အပိုင်းမှာ ကိုယ်ပွား သတင်းစာတိုက်တွေနဲ့ အခြေခံ အဆောက်အအုံအားဖြင့် အဆင့်သင့်ရှိနေပါတယ်။
ပြန်ကြားရေး ဝန်ကြီးဌာနကလည်း နိုင်ငံပိုင် သတင်းစာတွေကို လူထု ဗဟိုပြုစနစ်ကို သွားဖို့ ပြင်ဆင်နေပါတယ်။ မြန်မာတိုင်း (မ်) နဲ့ ပူးပေါင်းဖွယ်ရှိတယ်လို့ ခန့်မှန်းခဲ့ကြတဲ့ မြန်မာ့အလင်း သတင်းစာကလည်း ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး အစုစပ် ရှယ်ယာလုပ်ကိုင်ဖို့ ဖိတ်ခေါ်နေတာ တွေ့ရပါတယ်။
အခုဆိုရင် အစိုးရသတင်းစာ ၃ စောင်နဲ့ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာ ၁၆ စောင်ကတော့ မကြာခင် နေ့စဉ်ထုတ် သတင်းစာ တခေတ်ကို ဖြတ်သန်းကြရပါတော့မယ်။ ပြိုင်ဆိုင်မှုတွေ၊ စိန်ခေါ်မှုတွေနဲ့ နောက်ဆုံးတော့ ဆန်ကာတင် လွတ်လပ်တဲ့ နေ့စဉ်ထုတ် သတင်းစာ ဘယ်နှစောင်ကျန်မလဲဆိုတာ အားလုံးက စောင့်ကြည့်နေကြပါတယ်။ ။