တတိယလူ ဘယ်သူလဲ
တပေါင်း လပြည့်ညက ဖြစ်သည်။ အချိန်က … ည ၁၀ နာရီဝန်းကျင်။
တက္ကစီ တစီးထဲတွင် ကျမနှင့် စာရေးဆရာမ မိချမ်းဝေတို့သည် နောက်ခန်း၌ စီးနင်းလိုက်ပါလာကြ၏။ ကားမောင်းနေသူ နဘေး မှာကား ဧရာဝတီသတင်းဌာနမှ ကော်ပီအယ်ဒီတာ နိုင်စွမ်းက အဖော်အဖြစ် လိုက်ပါလာခဲ့၏။ ဤအချိန် ဤကာလ မျိုးတွင် ကျမတို့ သည် အမျိုးသမီး အရွယ်ရပြီးသူများ ဖြစ်သော်လည်း တက္ကစီ မစီးရဲကြ၍ ဖြစ်၏။ ထိုနေ့ည အစောပိုင်း၌ ပုဇွန်တောင်မြို့နယ် စင်ကာပူ ကျောင်းတိုက်တွင် ပြုလုပ်သော စာပေဟောပြောပွဲ အပြီး ပြီးပြန်လာကြသော ကျမတို့အား စာပေ ဟောပြောပွဲ ကော်မတီက ကိုနိုင်စွမ်းအား အဖော်အဖြစ် အကူအညီတောင်း လိုက်ပါပို့ပေးစေခြင်း ဖြစ်သည်။
ရန်ကုန်မြို့သည် ငြိမ်သက်လျှက်ရှိသည်။
ည ၁၀ နာရီ ဆိုသည်မှာ စားသောက်ဆိုင်များ ရောင်းကောင်းချိန်၊ ယမကာနှင့် နိုက်ကလပ်များ စည်ကားချိန် ဖြစ်သော်လည်း ယခုညကား တိတ်ဆိတ်နေသည်။ ဆိုင်များအားလုံး သိမ်းပြီးကြပြီ။ မနေ့ညကပင် စတင်၍ ရန်ကုန်မြို့ နယ်နိမိတ် အတွင်း ယမကာနှင့် စားသောက်ဆိုင်များ အားလုံး ည ၉ နာရီ ပိတ်ရန် အမိန့်ထုတ်ခဲ့၍ ဖြစ်လေသည်။
တပေါင်း လပြည့်ည၏ လေညင်းသုန်သုန်နှင့် အေးချမ်း သာယာမှု အစား ကျမတို့ သည် ကျီးလန့်စာစား ဖြစ်နေကြ၏။ ဘာမှ မဖြစ်ပါဘူးဟု အားပေးထားလျှက်နှင့် တခုခုဖြစ်လာလျှင် ဆိုပြီး လမ်းဘေး ဝဲယာကို အကဲခတ်ကြရ၏။ သွားမည့် နေရာက မိချမ်းဝေ အိမ်ရှိရာ ငမိုးရိပ်ချောင်း တဘက်ကမ်းသို့ အရင်သွားရမည် ဖြစ်သည်။ သူ့ကို ပို့ပြီးလျှင် ကျမ အိမ်ရှိရာ လှည်းတန်းသို့ ပြန်ပတ်ရဦးမည်။ ညအချိန် လမ်းမီးများ ရှိသော်လည်း လူရိပ်လူခြည် ရှင်းနေသော မြောက်ဒဂုံ၏ ဦးဝိစာရ လမ်းထဲတွင် ချောက်ချားဖွယ် တိတ်ငြိမ်နေပေသည်။ စောစောကပင် ကားဆရာက စကားစပ်ပြီးပြောခဲ့၏။
“ကျနော်က ညဘက်မောင်းတဲ့ တက္ကစီသမား ဆိုတော့ ညက ၅၃ လမ်းထဲမှာ ကားထိုးထားတာ၊ လင်းအားကြီး ၃ နာရီ ကျော် လောက်မှာ အိပ်ငိုက်ပြီး မှေးကနဲ ပျော်သွားတယ်။ အိပ်ပျော်နေရင်းက ညာသံပေးပြီး မောင်းလာတဲ့ ကားသံနဲ့ လူသံတွေ ကြားလို့ လန့်နိုးလာခဲ့တယ်။ ကားက လိုက်ထရပ် အမျိုးအစားပါ။ လူအတော်လေး တောင့်တယ်။ အော်ဟစ်ပြီး ဟိုဘက်မှာ ရိုက်နေကြပြီလို့ အော်တာ။ ဒီအခါ ၅၃ လမ်းထဲမှာ ရှိတဲ့ လူတစု ဓားတွေနဲ့ ထွက်လာကြတယ်။ သူတို့က သတိနဲ့ နေနေကြပုံ ရတယ်။ အိမ်တွေထဲက လူတွေတော့ ထွက်မလာကြသေးဘူး။ အိပ်ကောင်းတဲ့ အချိန်ကြီးပဲ။ လမ်းထဲက အော်သံတွေကြောင့် နိုးတော့ နိုးမှာပေါ့။ အိမ်ပေါ်က လှမ်းကြည့်ရင် ကြည့်မှာပေါ့။ ခဏလေးနေတော့ အရေးပေါ် အချက်ပြ ဥသြသံတွေနဲ့ ရဲကားတွေ ရောက်လာတယ်။ အဲဒီအခါ စောစောက အော်ဟစ်နေတဲ့ ကားက မောင်းပြေးသွားတယ်။ ထွက်ပြေးသွားတယ်။ ရဲက ဓားနဲ့လူတွေကို ဖယ်ခိုင်းပြီး လုံခြုံရေးယူလိုက်ကြတယ်။ စောစောက အော်တဲ့ လူတွေကို ဖမ်းဆီးတာမျိုး၊ တခုခု အရေးယူတာမျိုး မတွေ့ရဘူး။ သူတို့နဲ့ ကျနော်က ဝါး သုံးပြန်လောက်ပဲ ဝေးတာ” ဟု သူပြောသည်။
ကားဆရာလေး၏ စကားကို ကျမတို့ သုံးသပ်ကြ၏။ နိုင်စွမ်းက “ရမည်းသင်းမှာ ဖြစ်ပွားတာလည်း ဒီလိုပဲ။ ဒေသခံတွေ အချင်းချင်း စတာမဟုတ်ဘူးလို့ သိရတယ်။ ညဘက်မှာ အမြန်လမ်းဘက်က ကားတစီး ပြေးဝင်လာရင်း စောစောက ကားဆရာ ပြောသလို ဘာဖြစ်ကုန်ပြီ၊ ညာဖြစ်ကုန်ပြီ၊ ဘယ်သူကိုတော့ သတ်ပစ်နေပြီ ဆိုပြီး အော်ဟစ်ကြတာတဲ့။ အဲဒီမှာ လူတွေနှစ်ဖက်လုံး ထွက်လာပြီး ပြဿနာတွေ ဆက်ဖြစ်ကြတာတဲ့။ တကယ်တမ်း ဒေသခံတွေ အနေနဲ့ အချင်းချင်း ရန်လိုပြီး သတ်ဖြတ်ချင်စိတ် မရှိကြဘူး။ ပြဿနာ ဖြစ်လိုစိတ် မရှိကြဘူး။ အေးအေးဆေးဆေးပဲ နေချင်ကြတာပါ။ ကျနော် ကိုယ်တိုင်လည်း ရမည်းသင်းဇာတိသား။ ဗုဒ္ဓဘာသာဝင်၊ ခရစ်ယာန် ဘာသာဝင်၊ အစ္စလမ် ဘာသာဝင်၊ ဟိန္ဒူဘာသာဝင် သူငယ်ချင်းတွေ အများကြီးပဲ။ ခင်ခင်မင်မင်ပါပဲ။ အချင်းချင်း ဆိုတဲ့ အထိ … မြင်ကြပါတယ်” ဟုဆိုသည်။
အင်း ဒီအတိုင်းဆိုရင် နှစ်ဘက် ပြဿနာ ဖြစ်အောင် တမင် ဖန်တီးနေတဲ့ “ကြားခံ” အုပ်စု ရှိနေတာ သေချာပြီလား။
“ဒါဟာ အဓိကရုဏ်းဖြစ်အောင်လုပ်နေတာပဲ”
“အဲဒါ …ဘယ်သူတွေလို့ထင်လဲ”
“တရားဥပဒေ စိုးမိုးရေးဘယ်မှာလဲ”
အကြမ်းဖက်မှုကို မွေးဖွားပေးတာ အကြမ်းဖက်ခြင်းဖြစ်
ကျမတို့သည် ပြေးလွှားနေသည့် တက္ကစီကားလေး၏ မှောင်ရိပ်ထဲတွင် ကြိုးစားပြီး စဉ်းစားကြ၏။ တိတိကျကျ အဖြေကို ရှာမရကြ။ ယုန်ထင် ကြောင်ထင်နှင့် ဆိုတော့လည်း မှားသွားလျှင် ကောင်းနိုင်ပါဦး မည်လား။ သေချာတာကတော့ မြန်မာ နိုင်ငံ၏ အေးချမ်း သာယာသော ဒီမိုကရေစီ ခရီးကို ဖျက်လို ဖျက်ဆီးလုပ်လိုသူ တစု ရှိနေပြီ ဆိုခြင်းပင်။
ဤအဖြေကို သေသေချာချာ ရရှိပြီ ဆိုသောအခါ ဘာလုပ်ရမည် ဆိုခြင်းက ထင်ထင်ရှားရှား ပေါ်လာပါသည်။
မြန်မာ နိုင်ငံသား အများစုသည် ရိုးသားကြ၏။ ယုံလွယ်ကြ၏။ ပြီးတော့ သွေးပူလွယ် ကြသေးသည်။ သွေးပူခြင်းသည် အမှန် ဘက်သို့ ရောက်ရန် အခွင့်အလမ်း နည်း၏။ အများအားဖြင့် မှားလေ့ရှိသည်။ ဤကဲ့သို့ သွေးပူလွယ်၊ သွေးဆူလွယ် ခြင်းကို အခွင့်ကောင်း ယူကာ ဆူပူခြင်း အဆင့်သို့ ရောက်အောင် သွေးထိုးလှုံ့ဆော်ခြင်း ဖြစ်သည်။ တပြည်လုံး နေရာ အနှံ့အပြား၌ ဆူဆူပူပူ ဖြစ်နေခဲ့လျှင် ယနေ့ လျှောက်လှမ်း နေသော ခြေလှမ်းများ မည်သည့် နည်းနှင့်မျှ ခရီးတွင်တော့မည် မဟုတ်ချေ။ သည်တော့ ဆူပူအောင် လှုံ့ဆော်နေသူများသည် ဒီမိုကရေစီ၏ ရန်သူ၊ လူထု၏ ရန်သူ၊ အဖျက်သမား စစ်စစ် ဖြစ်သည်။
ဤမျှ သဘော ပေါက်ကြမည် ဆိုလျှင် နှစ်ဘက်လုံး အချင်းချင်း ရန်မီးမပွားဘဲ ထိန်းသွားနိုင်ဖို့ သေချာသည်။ ၂၀ ရာစု ရူပဗေဒပညာရှင်၊ တွေးခေါ်ပညာရှင်ကြီး အိုင်းစတိုင်းကပြောခဲ့ဖူး၏။
“Violence Breeds Violence” အကြမ်းဖက်ခြင်း သည် အကြမ်းဖက်ခြင်းကို ဖြစ်စေ၏ ဟူ၍ဖြစ်သည်။ ဘက်နှစ်ဘက် ရှိရာတွင် တဘက်က အကြမ်းဖက်ပါက ကျန်တဘက်ကလည်း တူညီသော တုန့်ပြန်မှု ပြုလုပ်လာမည် ပင်ဖြစ်သည်။ သည်တော့ မည်သည့် ဘက်ကမျှ စတင် အကြမ်းမဖက်လျှင် ပြေလည်သွားနိုင် ပါလိမ့်မည်။
လူမျိုး မတူခြင်း၊ ဘာသာ ယုံကြည်မှု မတူခြင်းကို အကြောင်းပြုပြီး အားပြိုင်ခြင်း ဖိနှိပ်ခြင်းသည် အောင်နိုင်မှု အစစ်အမှန် ကို မရနိုင်ပေ။ ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျာမနီ အာဏာရှင် ဟစ်တလာသည် ဂျူးများကို မုန်းတီး၏။ နှိပ်ကွပ်၏။ နောက်ဆုံး အကြီးမားဆုံး ရက်စက်မှုအဖြစ် ဂျူးလူမျိုး သန်းပေါင်းများစွာကို အလုံပိတ် အခန်းထဲ ထည့်ပြီး အဆိပ်ငွေ့လွှတ် သတ်ဖြတ် ပစ်ခဲ့သည်။ ထိုသို့ သတ်ပစ်ခဲ့သဖြင့် ဟစ်တလာ အနိုင်ရပါသလားဟု ဆိုလျှင် လုံး၀ အနိုင်မရခဲ့။ မဟာမိတ် အင်အားစု၏ ထိုးစစ်၊ ရုရှားနှင့် နှစ်ဘက်ညှပ်စစ်ဖြင့် ဂျာမနီ ကျဆုံးရသည်။ ဂျာမနီ ရှေ့တန်းရှိ နောက်ဆုံးတပ်များ လက်နက်ချလိုက် သောအခါ သူ့ကို မည်သူမျှ မသတ်နိုင်အောင် မြေအောက် စခန်း၌ ဇနီး အီဗာနှင့် အတူ နေထိုင်ခဲ့သော ဟစ်တလာသည် သူ့နားထင်ကို ကိုယ်တိုင် သေနတ်နှင့် ပစ်ပြီး အဆုံးစီရင်သွားခဲ့၏။ သူ့ချစ်ဇနီး ကိုလည်း အဆိပ်ထည့်ထားသော ပန်းသီးစားစေပြီး အဆုံးစီရင်ခဲ့၏။ အကြမ်းဖက်သမားတို့၏ လားရာကား မရှုမလှ ကျဆုံးခန်းသာ ဖြစ်၏။
ဂျာမနီ အာဏာရှင်၏ နှိပ်ကွပ်မှုကြောင့် ဂျာမနီတွင် မနေရဲ၍ ထွက်ပြေးရသူများထဲတွင် ဂျူး သိပ္ပံပညာရှင် အများအပြား ပါဝင်ခဲ့၏။ တချို့က အင်္ဂလန်သို့ ပြေးသည်။ နောက် အမေရိကသို့ ပြည်ဝင်ခွင့်တောင်းပြီး ဝင်သည်။ တိုက်ရိုက်ခိုလှုံသူများ လည်း ရှိသည်။ အစောပိုင်းတွင် အမေရိကန်သည် ဒုတိယ ကမ္ဘာစစ်ထဲ မပါဝင်ခဲ့သေးဘဲ စစ်လက်နက် ထုတ်လုပ်ရောင်းချ ခြင်းဖြင့် ချမ်းသာလာသည်။ ငွေများကို မသယ်နိုင်သဖြင့် ဒေါ်လာသောင်းတန် ငွေစက္ကူများပင် ရိုက်နှိပ်ရသည် အထိ။ ယင်းနှင့် တပြိုင်တည်းမှာပင် ဂျာမနီမှ ထွက်ပြေးလာသော ဂျူးသိပ္ပံပညာရှင်များကို ကြိုဆို လက်ခံခဲ့သည်။ နေစရာနှင့် လခ ရိက္ခာပေးပြီး သုတေသန ပြုစေသည်။ နာဆာ (NASA) ၏ ရည်မှန်းချက် ဖြစ်သော အနုမြူစမ်းသပ်မှုများ ပြုလုပ်ရန် သမ္မတ၏ သဘော တူညီမှုဖြင့် လျှို့ဝှက်စွာ ပြုလုပ်ခဲ့သည်။ နောက်ဆုံး ဂျပန်က ရန်စကာ ပုလဲဆိပ်ကမ်းကို အလစ်ဝင် ဗုံးကြဲတိုက်ခိုက်လာသည်။ ဤတွင် အမေရိကန် ဒုတိယ ကမ္ဘာစစ်ထဲ ဝင်လာရသည်။ အမေရိကန်သည် အနုမြူဗုံး စမ်းသပ်မှု အတွက် အဆင့်သင့်နီးပါး ဖြစ်နေပြီး လက်တွေ့ စမ်းသပ်ရန်သာ လိုတော့သည်။ သို့နှင့် အမေရိကန်သည် ၎င်းစမ်းသပ်ဖောက်ခွဲမည့် အနုမြူဗုံး နှစ်လုံးကို ဂျပန်နိုင်ငံ ဟီရိုရှီးမားနှင့် နာဂစကီ မြို့များအပေါ် ကြဲချလိုက်ခြင်းဖြင့် စမ်းသပ်မှုလည်း ပြီးမြောက်သွားသလို၊ ဖျက်အား အလွန် ပြင်းထန်သည့် အနုမြူဗုံးကြောင့် ဂျပန်တို့အားလည်း အထိနာ သွားစေခဲ့ပြီး ကမ္ဘာစစ်ကြီးလည်း အဆုံးသတ်ရလေသည်။ အမေရိကန်သည် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံကြီးအဖြစ် အလံထူထားနိုင်ခဲ့သည်။ အကြမ်းဖက်ဝါဒ ကိုင်စွဲသူများကား အရှုံးသက်သက်။
ဤသဘာဝကို ထပ်ဆင့် တွေးဆင့် ကြည့်လျှင် ကမ္ဘာစစ်ကြီးပင်လျှင် ငြိမ်းအေး အဆုံးသတ်နိုင်သေးသည်ကို အထင်အရှား တွေ့မြင်နိုင်သကဲ့သို့ အကြမ်းဖက်သူ၏ နိဂုံးကိုလည်း ကွက်ကွက်ကွင်း မြင်နိုင်ပါသည်။ တကယ်တမ်း ဆိုလျှင် မည်သည့် လူမျိုး၊ မည်သည့် ဘာသာဝင်မဆို ရန်လိုခက်ထန်နေကြသည် မဟုတ်ပါ။ မြင့်မြတ်သော ဘာသာရေး အဆုံးအမများသည် ငြိမ်းချမ်းစေလိုခြင်း၊ အချင်းချင်း ငြိမ်းချမ်းစွာ အမှီသဟဲပြု နေထိုင်ဖို့၊ သည်းခံစိတ်၊ မေတ္တာစိတ်၊ ခွင့်လွှတ်စိတ်များ ရှိနေကြဖို့ စသည့် လမ်းညွှန်ထားခြင်းများဖြင့် ပြည့်ဝနေပါ၏။
အလျဉ်းသင့် သဖြင့် အိုင်းစတိုင်း ပြောခဲ့သည့် စကားကို ထပ်မံ ပြောပြလိုသည်။ Violence breeds violence တဲ့။ အကြမ်းဖက်ခြင်းက အကြမ်းဖက်ခြင်းတွေကိုသာ မွေးဖွားပေးသည် ဟူ၏။
လူသား ဝါဒ အခြေခံလျှင်
၂၀၁၂ တွင် ကမ္ဘာပျက်မည်ဟု သတင်းကြီးခဲ့ဖူး၏။ နေစကြဝဠာအတွင်း သို့ ဂြိုဟ်တခု ဦးတည်လာနေကြောင်း၊ ၎င်း ဂြိုဟ် သွားလာနှုန်းနှင့် လမ်းကြောင်းအရ ဆိုလျှင် ၂၀၁၂ အတွင်း ကမ္ဘာဂြိုဟ်ကို ဝင်ရောက် တိုက်ခိုက်ပြီး ကမ္ဘာကြီး အစိပ်စိပ် ကွဲသွားနိုင်ကြောင်း စသည်ဖြင့် ဟောကိန်းထုတ်ခဲ့ကြသည်။
ဤတွင် နာဆာအဖွဲ့သည် အကယ်၍ ယင်းဂြိုဟ် ဝင်လာပါက ကမ္ဘာကို မတိုက်မိစေဖို့ အာကာသ အဝေး တနေရာမှာပင် ကြိုတင် ဖြိုခွင်းပစ်ရန် လက်နက် တပ်ဆင်ထားသည်ဟု ဆိုသည်။ ယင်းအချက်ကို ထပ်ဆင့်ကြည့်လျှင် “အမေရိကန်သာလျှင် ကျန်ရစ်နေစေ၊ ကျန်နိုင်ငံတွေ ပျက်ချင်ပျက်” ဟု သဘောမထား၊ “ကမ္ဘာကို မထိစေရ” ဟု ဆုံးဖြတ် ခြင်းပင် ဖြစ်သည်။ ယင်းသည် ကမ္ဘာသား စိတ်ဓာတ် (Global Spirit) သို့မဟုတ် လူသားဝါဒ (Humanism) ပင် ဖြစ်၏။ နိုင်ငံတိုင်း နိုင်ငံတိုင်း၊ လူမျိုးတိုင်း လူမျိုးတိုင်း ဤကဲ့သို့ လူသားဝါဒကို လက်ကိုင်ထားကြမည် ဆိုလျှင် ဤကမ္ဘာကြီးသည် ငြိမ်းချမ်းသာယာပေမည်၊ အဓွန့်ရှည် တည်တံ့ပေမည်။
ဒီမိုကရေစီ သို့မဟုတ် ၂၁ ရာစု ကမ္ဘာသား စိတ်ဓာတ်
မည်သည့် အကြောင်းနှင့်မျှ ကမ္ဘာကြီး မပျက်စီးစေရ၊ မည်သည့် အကြောင်းကြောင့်မျှ ကမ္ဘာကြီး မဆူပူစေရ ဟူသော ကမ္ဘာချစ်စိတ်ဓာတ် အားလုံး ကိုယ်စီ ရှိကြလျှင် ဤကမ္ဘာလောက် ပျော်မွေ့ဖွယ်ကောင်းသော နေရာ ရှိဦးပါမည်လား။ အားလုံးသည် “လူသား အချင်းချင်း” သာလျှင် ဖြစ်သည်ဟု ယူဆထားလိုက်လျှင် … လူအချင်းချင်း ရမ်းကား အနိုင်ကျင့်လို စိတ် ရှိကြတော့မည် မဟုတ်။ နှစ်ဘက်စလုံး အေးချမ်းမည့် “Win – Win” မူဖြင့် မိမိယုံကြည်ရာ မိမိလုပ်စတမ်း။ တပါးသူအား မထိခိုက် စတမ်းဟု ထပ်ဆင့် တွေးမြင် ကျင့်ကြံအပ်ပါသည်။ ယင်းသည်ပင် ၂၁ ရာစု ကမ္ဘာသား စိတ်ဓာတ်ဖြစ်သကဲ့သို့ ဒီမိုကရေစီ၏ အခြေခံပင် မဟုတ်ပါလား။ ။
(ရွှေကူမေနှင်းသည် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး၊ ဘာသာပြန် စသည့် စာပေလက်ရာမျိုးစုံကို ဂျာနယ်၊ မဂ္ဂဇင်းများတွင် ရေးသားနေသူ ဖြစ်ပြီး လုံးချင်း စာအုပ်များစွာကိုလည်း ရေးသား ထုတ်ဝေနေသည့် စာရေးဆရာမ တဦးဖြစ်သည်။)