[irrawaddy_gallery]
ဆောင်းနေ ဖျော့ဖျော့အောက်ရှိ ကိုလိုနီခေတ်လက်ရာ နီညိုရောင် တိုက်ခံအိမ်အိုကြီးသည် သစ်ပင်ခြုံနွယ်တို့ အကြား အထီးကျန် ရပ်တည်နေသည်။ တဘက်တချက်ရှိ သစ်ပင်ကြီးနှစ်ပင်ကြောင့် အိမ်အိုကြီးက ပိုမိုညို့မှိုင်း အထီးကျန်နေသည်။ သက်ငယ်နှင့် မြက်ရိုင်း ငုတ်တိုများ ခြံရံထားသော လူတယောက်စာ မြေနီလမ်းလေး၏ အဆုံးတွင်တည်ရှိနေသော ထိုအိမ်ကြီးသည် ကမ္ဘာကျော် စာရေးဆရာကြီး ဂျော့ဂျ် အော်ဝဲလ် (George Orwell) မြန်မာပြည်တွင် နေသွားစဉ် ခေတ္တ ကွန်းခိုခဲ့ရာ နေအိမ်ဖြစ်သည်။
ဂျော့ဂျ် အော်ဝဲလ်၏ Burmese Days ဆိုသည့် ကမ္ဘာကျော် ဝတ္ထုတအုပ် ဇာတ်အိမ်တည်ခဲ့ရာ ထိုနေရာသည် ယခုအချိန်တွင်တော့ ကသာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ အရာရှိတချို့ကို နေထိုင်ခွင့် ပေးထားသည့် နေရာဖြစ်လို့ နေသည်။ အိမ်အပေါ်ထပ်မှာ မိသားတစု၊ အောက်ထပ်မှာ မိသားတစု နေထိုင်သော်လည်း အိမ်ကြီးကို ပြုပြင်ထိန်းသိမ်းမှု မရှိသလောက် ဖြစ်ကြောင်း အိမ်နံရံပေါ် တွယ်တက်နေသည့် ခြုံနွယ်များနှင့် ညစ်ပတ်နေသည့် လှေကားထစ်များကို ကြည့်ရုံနှင့် သိနိုင်ပါသည်။
“နံရံ အင်္ဂတေကွာကျတာတွွေ၊ တံခါးတွေ ယိုင်ရွဲ့ပေါက်ပြဲနေတာတွေ၊ အမိုးတွေ ပြိုပျက်ကျနေတာတွေ၊ အဆောက်အအုံ အောက်ခြေမှာ ရေညှိ ရေမှော် တွယ်နေတာတွေဟာ အစဉ်အလာ ဒါမှမဟုတ် အထိမ်းအမှတ်ကို တန်ဖိုး ထားတတ်သူတွေ အတွက်တော့ စိုးရိမ်ဖွယ်ရာ ဖြစ်နေပါပြီ” ဟု ၂၀၁၂ ခုနှစ် ဇူလိုင်လ ထုတ် The Messenger သတင်းဂျာနယ် အတွဲ ၃၊ အမှတ် ၈ မှ ကသာမြို့သား ကာတွန်းဆရာ ဟာဂျူလီ (ကသာ) ၏ ဆောင်းပါးတွင် ဖော်ပြထားသည်။
အိမ်ကြီး၏ ပတ်ဝန်းကျင်တွင် သစ်ပင်ခြုံနွယ်များ ထူထပ်စွာ ပေါက်ရောက်နေပြီး လူနေ၍ ဖြစ်ရုံလောက်သာ ရှင်းလင်းထား၏။ အဝတ်လှန်းရန် ပြုလုပ်ထားသည့် ပလက်စတစ် ကြိုးတန်း လျော့ရိလျော့ရဲများနှင့် မီးဖိုချောင် စွန့်ပစ်ပစ္စည်းများက အိမ်ကြီးကို ဂရုစိုက်မှု လုံးဝမရှိကြောင်း သက်သေပြနေသည်။ အိမ်အပေါ်ထပ် အနောက်ခြမ်း ဆင်ဝင်ဆောင်နှင့် လသာဆောင်တို့မှာ ယိုင်နဲ့နေသည်။ ဆောင်းရာသီ ဖြစ်သည့်အတွက် တောင်ဘက် မျက်နှာမူ ဆောက်လုပ်ထားသော အိမ်ကြီး၏ အတွင်းပိုင်းတွင် နေရောင်ခြည်များ ဖြာကျနေသည်။ နေရောင်ခြည်ကြောင့်ပင် အိမ်အိုကြီး၏ ပျက်စီးနေသော အတွင်းပိုင်းကို မျက်ဝါး ထင်ထင်မြင်နေရသည်။ ပွတ်လုံးများဖြင့် တန်ဆာဆင်ထားသော လှေကားလက်ရမ်းများနှင့် မီးလင်းဖိုကို အလှဆင်ထားသည့် ပန်းကနုတ်များတွင် ဖုန်ထုတက်နေသည့်အပြင် ကြမ်းပြင်ပေါ်တွင်လည်း အသုံးမပြုတော့သည့် ပစ္စည်းဟောင်းများကို ဖြစ်သလို စုပုံ ထားသည်။ ထိုနေရာသည် ဒေါ်လာသန်းချီ အကုန်အကျခံပြီး နိုင်ငံတကာမှ ခရီးသည်များ နှစ်စဉ်လာရောက် ကြည့်ရှုရာ နေရာဖြစ်သည်။
ထိုနေရာကို လုပ်ငန်းရှင် တချို့က စကိတ်ကွင်းအဖြစ် အသွင်ပြောင်းလဲမည် ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။ ကမ္ဘာလှည့် ခရီးသည်များ စိတ်ဝင်စားမှု အလွန်များသော နေရာဖြစ်သည့် ထိုနေရာမျိုးကို မူလတန်ဖိုးနှင့် သွေဖည်သွားစေမည့် စကိတ်ကွင်းအဖြစ် ပြောင်းလဲခြင်းသည် သင့်တော်ပါ၏လော။
“ခရီးသည်တွေက ကျမတို့ရဲ့ သင်္ဘောခရီးစဉ်တွေကို ရွေးချယ်တဲ့ အဓိက ရည်ရွယ်ချက်က ကသာပါ။ ကသာက ဂျော့ဂျ် အော်ဝဲလ်ရဲ့ နေအိမ်ဟာ အဓိက သူတို့ သွားချင်တဲ့ နေရာဖြစ်တယ်။ ဧည့်သည် ၁၀၀ ရာခိုင်နှုန်းဟာ ဒီအိမ်ကြီးကို ကြည့်ချင်လို့ ဒီခရီးစဉ်ကို ရွေးတာ ဖြစ်ပါတယ်။ ဒါကို စကိတ်ကွင်းလုပ်မယ်၊ ဒါမှမဟုတ် ပျောက်ပျက်သွားမယ်ဆိုရင် သူ့ရဲ့ သမိုင်းတန်ဖိုးလည်း ပျောက်ပျက်သွားမှာပဲ” ဟု ဧရာဝတီမြစ်တွင်း သင်္ဘောခရီးစဉ်များ စီစဉ်သည့် ဧရာဝတီ မင်းသမီးမှ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်တင့်တင့်လွင်က ဧရာဝတီကို ပြောသည်။
သမိုင်းဝင် အဆောက်အဦးနှင့် နေရာများကို ရှေးမူလ လက်ရာများမှ သွေဖည်၍ ပြုပြင်မွမ်းမံခြင်း၊ အလုံးစုံ ဖျက်စီး၍ အသစ်ပြန်လည် ဆောက်လုပ်ခြင်းများကြောင့် မူလတန်ဖိုး လျော့ကျပြီး တန်ဖိုးမဲ့ အခြေအနေသို့ လုံး၀ ပြောင်းလဲ သွားနိုင်သည်ဟု ၎င်းက ဆိုသည်။
“ဂျော့ဂျ် အော်ဝဲလ်အိမ်ကို ပိုင်ဆိုင်တဲ့ ဌာန၊ အဲဒီဌာနကို ကျမတို့ ဝင်ကြေးပေးချင်တယ်။ ရတဲ့ ဝင်ကြေးနဲ့ အိမ်ကို ရှေးမူ လက်ရာမပျက် ထိန်းစေချင်တယ်။ ထိန်းသိမ်းလို့ ရတယ်။ အခုက ဝန်ထမ်းတွေ နေတဲ့ အိမ်သာသာပဲ ရှိတယ်။ တင်းနစ်ကုတ်၊ ကလပ်၊ အိမ်တွေကို ရှေးမူမပျက်ဘဲနဲ့ နိုင်ငံခြားသားတွေကို သေသေချာချာ သန့်သန့်ရှင်းရှင်း ဝင်ကြေး အတိုင်းအတာ တခုထိ ကောက်ယူ စေချင်တယ်” ဟု ၎င်းက ဆက်ပြောသည်။
ကသာကို ကမ္ဘာက သိစေခဲ့သည့် စာရေးဆရာကြီး ဂျော့ဂျ် အော်ဝဲလ် သည် Burmese Days ဝတ္ထုဇာတ်လမ်းတွင် ကျောက်တံတား ဟု ဖန်တီးခဲ့ရာ မြို့လေးဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ကသာမြို့သို့ ၁၉၂၆ ခုနှစ်တွင် အိန္ဒိယ ပဋိညာဉ်ခံ ပုလိပ်အဖြစ် ရောက်ရှိလာခဲ့သည်။
ဝတ္ထု ဇာတ်လမ်းတွင် အဓိက နေရာအဖြစ် ပါဝင်ခဲ့သည့် British Club တည်ရှိရာ နေရာသည်လည်း ဂျော့ဂျ် အော်ဝဲလ်၏ နေအိမ်နှင့် မခြား တန်ဖိုးထားသူ ကင်းမဲ့နေသည်။ တချိန်က မျက်နှာဖြူ အရာရှိများနှင့် စည်ကားနေခဲ့မည် ဖြစ်သော၊ မြန်မာ တိုင်းရင်းသားနှင့် အိန္ဒိယ တိုင်းရင်းသားများ ဝင်ခွင့်ရရန် အလွန်ခက်ခဲခဲ့သော British Club သည် ယခု အချိန်တွင်တော့ ကသာမြို့နယ် သမဝါယမ အသင်းစုရုံးအဖြစ် ပြောင်းလဲနေပြီ ဖြစ်သည်။ ရုံးအဆောက်အဦး ဖြစ်သည့်အတွက် နေအိမ်လောက် ပျက်စီးမှု မများသော်လည်း တဘက်ရှိ ဝန်ထမ်းအိမ်ယာများမှ အနံ့အသက်များက စိတ်အနှောင့်အယှက် ဖြစ်စေပြန်သည်။
British Club သို့ အဝင်လမ်း ဘေးတဘက်တချက်တွင် အုန်းပင်များ အစီအရီ တည်ရှိနေပြီး လမ်းဘယ်ဘက် ဘေးတွင်တော့ တင်းနစ်ကုတ် ရှိနေသည်။ တင်းနစ်ကုတ်နှင့် British Club အကြားမှာ မြေကွက်လပ် တခုနှင့် တဘက်ရှိ ဝန်ထမ်း တန်းလျားများသို့ သွားရာလမ်းကြား တခုခံ နေသေးသည်။ British Club သည် ကုန်းစောင်း တခုကို မေးတင် ဆောက်လုပ်ထားပြီး တိုက်ရှေ့ဘက်မှ ကြည့်လျှင် တထပ်၊ အနောက်ဘက်မှ ကြည့်လျှင် ၂ ထပ် မြင်ရသော အဆောက်အဦး ဖြစ်သည်။ အနောက်ဘက်တွင် တချိန်က ဧရာဝတီမြစ်တည်ရှိခဲ့ပြီး အခုအချိန်တွင်တော့ ကသာမြို့၏ ရပ်ကွက်သစ် တခုဖြစ်လို့ နေသည်။ British Club ဆိုတာ ခေတ်ကောင်းစဉ် ကာလတုန်းက အနောက်ဘက် လသာဆောင်မှ နေ၍ ဧရာဝတီကို မျှော်ကြည့်ခဲ့ကြမည်ဖြစ်သည်။
ကမ္ဘာအနှံ့အပြားက မြန်မာကို စိတ်ဝင်စား၍၊ ကသာကို စိတ်ဝင်စား၍၊ ဂျော့ဂျ် အော်ဝဲလ်၏ ဖန်တီးမှုအတွင်းက British Club၊ တင်းနစ်ကုတ်နှင့် ဧရာဝတီကို စိတ်ဝင်စား၍ မိုင်ထောင်ချီ ခရီးကို လာကြသော ခရီးသည်များသည် မိမိတို့ ကြုံတွေ့ သိမြင်ရမည့် မြင်ကွင်း၊ ပတ်ဝန်းကျင်ကို အမျိုးမျိုး စိတ်ကူးပုံဖော် လာကြမည်သာ ဖြစ်သည်။ စိတ်ကူးနှင့် လက်တွေ့သည် ကွာခြားမြဲ ဖြစ်သော်ငြား နိုင်ငံတကာ ခရီးသည်တို့ စိတ်ဝင်စားသည့် သမိုင်းဝင် အဆောက်အဦး များကို ယခုကဲ့သို့ ထိန်းသိမ်းမှုမဲ့၊ အခကြေးငွေ ကောက်ယူမှု နတ္ထိ၊ အမှတ်တရ ဝယ်ယူစရာ လက်ဆောင်ပစ္စည်းလေးမျှပင် မရှိသည့် အခြေအနေမျိုးကို ထိုခရီးသွားတို့ စိတ်ကူးထားကြမည် မဟုတ်သည်ကတော့ သေချာပါသည်။
၁၉၃၄ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် Burmese Days သည် ဂျော့ဂျ် အော်ဝဲလ်၏ အထင်ရှားဆုံး စာအုပ်တအုပ် မဟုတ်သော်လည်း အနောက်တိုင်းရှိ စာဖတ်သူများအပေါ် သြဇာလွှမ်းမိုးခဲ့သည့် စာအုပ် ဖြစ်သည်။ ကိုလိုနီခေတ် အတွင်းက ကသာမြို့တွင် တာဝန်ကျခဲ့သည့် မျက်နှာဖြူ သစ်တောအရာရှိ လူငယ်တဦးကို အခြေတည်၍ မြန်မာနိုင်ငံရှိ မျက်နှာဖြူ အရာရှိ၊ အရာထမ်း ဝန်ထမ်းများ၏ အထီးကျန်ဆန်မှု၊ ကိုလိုနီစနစ်၏ လူမျိုး၊ အသားအရောင် ခွဲခြားဆက်ဆံမှု၊ ကိုလိုနီခေတ် မြန်မာတိုင်းရင်းသား ဒေသခံတို့၏ အောက်ကျနောက်ကျ နိုင်မှုတို့ကို အသေးစိတ် ခြယ်မှုန်းထားသည်။
ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့သည့် သမိုင်းဖြစ်စဉ်၏ အရိပ်များ တည်ရှိနေဆဲ ထိုအိမ်အိုကြီး၊ British Club နှင့် တင်းနစ်ကုတ်တို့ကို မိုင်ပေါင်းထောင်ချီ ခရီးဖြတ်သန်း၍ လာရောက် ကြည့်ရှုသူများနှင့် မိမိတို့ မြို့ရွာ၏ သမိုင်းဝင် အဆောက်အဦးကို ထိန်းသိမ်းလိုသူ ကသာမြို့ခံများ ရှိနေပါလျှက်နှင့် ယခုအချိန်ထိ ရှေးမူမပျက် ထိန်းသိမ်းမှု တစုံတရာ ဘာကြောင့် မရှိသေးသနည်း ဆိုသည့် မေးခွန်းကိုတော့ သက်ဆိုင်သူများက ဖြေကြပါလိမ့်မည်။ ။