ဆောင်းပါး

ချောကလက်ရှိတဲ့ အရပ်က ထန်းလျက်ခဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

နော်ဝေနိုင်ငံ အော်စလိုမြို့ရဲ့ အပြင်ဘက်နားရှိ မြန်မာ စာသင်ကျောင်းလေးဆီ ကျနော် ရောက်သွားတာ့ နေ့လည် ၁၂ နာရီ ဝန်းကျင် ရှိနေပါပြီ။ အော်စလိုနဲ့ လီလယ်စတိုး (Lillestrøm) မြို့ကြား ကားလမ်းဘေးက ကျောက်တောင် တလုံးရဲ့ လိုဏ်ခေါင်းထဲမှာ ဒီလို စာသင်ခန်းတွေ၊ အားကစားကွင်း တွေရှိနေလိမ့်မယ်လို့ ထင်မထားတော့ ကျောင်းနေရာကို အတော်ရှာယူ ခဲ့ရပါတယ်။ ဒီကျောင်းကို တပတ်မှာ တနင်္ဂနွေတရက်သာ ဖွင့်ပြီး တရက်မှာ ၃ နာရီလောက်သာ စာသင်တယ်လို့ သိရပါတယ်။

“အရီးလာသည်၊
ဆီးသီး ပါသလား ။
အဆီ မစား၊
အသီး စားပါ ။”

မြန်မာနိုင်ငံမှာ သင်္ကြန်အကြိုကာလဖြစ်လို့ ပူပြင်းတဲ့ နေရောင်အောက်မှာ ကလေးတွေ ရေကစားဖို့ပြင် နေကြပေမယ့် ဒီမှာတွေ့ရတဲ့ ကလေးတွေကတော့ အနွေးထည် ထူထူတွေ၊ နှင်းကာ အင်္ကျီတွေ ဝတ်လို့။ သူငယ်တန်း ဖတ်စာထဲက သင်ခန်းစာတခုကို ဆရာမ ဖတ်ပြတဲ့အတိုင်း သူတို့ လိုက်ဆိုနေကြပေမယ့် ဘာအဓိပ္ပာယ်မှန်း သူတို့ နားလည်ပုံ မရ။

Hva er Ze-thi? (ဆီးသီးဆိုတာ ဘာလဲ ဆရာမ) ဆိုပြီး အသက် ၆ နှစ်အရွယ် ကျောင်းသူလေးတဦးက ဆရာမကို နော်ဝေးတဝက် မြန်မာတဝက်နဲ့ ပြန်မေးလိုက်ပါတယ်။ “ဆီးသီးဆိုတာ ဒီမှာမရှိဘူး သမီးရဲ့။ မြန်မာနိုင်ငံ အညာ ဒေသမှာပဲ ဆီးပင်က ပေါက်တာ” ဆိုပြီး ဆရာမက ဖြေပါတယ်။ “အညာဆိုတာ ဘာလဲ ဆရာမ” လို့  နောက်ကလေးတဦးက ထပ်မေးပါတယ်။ “အညာဆိုတာ ဒီမှာလို နှင်းတွေကျပြီး ရေတွေ ခဲမနေတဲ့ နေရာ၊ ပူအိုက်တဲ့ နေရာပေါ့ သားရယ်” လို့ ဆရာမက ရှင်းပြနေပါတယ်။

အပူချိန် အနုတ် ၁၀ ဒီဂရီ စင်တီဂရိတ် လောက်ရှိပြီး ဝန်းကျင်တခုလုံး ဆီးနှင်းတွေ၊ ရေခဲတွေဖုံးလွှမ်း နေတဲ့အရပ်က ကျောင်းလေးမှာ ရောက်နေတဲ့ ကလေးတွေကို မြန်မာနိုင်ငံ အညာဒေသနဲ့ အဲဒီ ဒေသမှာ ပေါက်တဲ့ ဆီးသီးအကြောင်း ရှင်းပြရတာ သိပ်လွယ်ပုံ မရ။ တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ဆီးသီး မရှိ၊ ပန်းသီးသာ ရှိတဲ့အရပ်၊ ထန်းလျက်ခဲ မရှိ၊ ချောကလက်ခဲသာ ရှိတဲ့အရပ်မှာ ကြီးပြင်းလာတဲ့ ကလေးတွေကို မြန်မာစာနဲ့ မြန်မာ့ယဉ်ကျေးမှု အကြောင်း သင်ကြားရေး ဆိုတာဟာ သိပ်မလွယ်လှ။

ဒီလို မလွယ်တဲ့ အခြေနေကြားထဲကနေ ကျောင်းသား မိဘတစု ကြိုးစား ဖွင့်လှစ်ထားတဲ့ ဒီကျောင်းမှာ ကျောင်းသား ၁၆ ဦး ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ကျနော် ရောက်သွားတဲ့ နေ့ကတော့ ၈ ဦး ပဲ တွေ့ရပြီး ကလေးတွေ နေမကောင်းတာ၊ သူတို့ မိဘတွေ မအားတာကြောင့် ဒီနေ့ ပျက်ကွက်စာရင်း များနေတာ ဖြစ်တယ်လို့ ကျောင်းဆရာမ လည်းဖြစ်၊ ကျောင်းသား မိဘလည်း ဖြစ်တဲ့ တောခိုကျောင်းသူဟောင်းတဦးက ပြောပြပါတယ်။

“ဒီမှာ တသက်လုံး နေမယ်ဆိုရင်တော့ မြန်မာစကား၊ မြန်မာစာ မတတ်လည်း အထွေအထူးတော့ ဘာမှ မဖြစ်ဘူးပေါ့။ ဒါပေမယ့် မြန်မာပြည်ကိုပဲ ပြန်ပြန်၊ မိဘတွေနဲ့ပဲ စကားပြောပြော မြန်မာလို ပြောတတ်ရင် ပိုကောင်းတာပေါ့” လို့ ဆရာမက ရှင်းပြပါတယ်။

ကလေးတွေနဲ့ ကျနော် စကားပြောကြည့်တော့ သူတို့ ပြောတဲ့ မြန်မာစကားက တမျိုး ဖြစ်နေပါတယ်။ ကျနော်တို့ လူကြီးတွေ နော်ဝေစကား ပြောတဲ့အခါ ထွက်လာတဲ့ မပီမသဖြစ်နေတဲ့ အသံလိုမျိုး သူတို့ရဲ့ မြန်မာစကား ဟာလည်း နော်ဝေအသံ ဝဲနေတဲ့ မြန်မာစကား ဖြစ်နေတယ်လို့ ကျနော့်စိတ်ထဲ ခံစားမိပါတယ်။ ဒီ ကလေးငယ်တွေထဲက တချို့ဟာ နယ်စပ်က ကျောင်းသား စခန်းတွေ၊ ဒုက္ခသည် စခန်းတွေမှာ မွေးခဲ့ပေမယ့် အများစုက ဒီနော်ဝေကို ရောက်ပြီးမှ မွေးဖွားတာ ဖြစ်လို့ မြန်မာစာ၊ မြန်မာစကားဟာ သူတို့အတွက် သူစိမ်း ဖြစ်နေပုံ ရပါတယ်။

“အရင်ကတော့ မြန်မာပြည် ပြန်ရေးဆိုတာ စိတ်ကူးယဉ်မှု သက်သက်ပေါ့ဗျာ။ ဒါပေမယ့် အခုတော့ သမ္မတ ကိုယ်တိုင်ရော၊ ဒေါ်စုရော၊ မင်းကိုနိုင်ရော နော်ဝေအထိ ရောက်လာပြီး ပြန်လာနိုင်ပြီလို့ ဖိတ်ခေါ်နေပြီဆိုတော့ ကျနော်တို့ရဲ့ အိမ်ပြန်ချိန်က သိပ်မဝေးတော့ဘူးလို့ ထင်ပါတယ်” လို့ ကျောင်းသားမိဘတဦးက သူ့ကလေးရဲ့ လက်ကိုဆွဲရင်း ပြောပါတယ်။

ဒီကျောင်းရဲ့ ထူးခြားချက်ကတော့ မြန်မာနိုင်ငံက မူလတန်းကျောင်းလို ကျောင်းသားနဲ့ ကျောင်းဆရာချည်း ရှိတဲ့ ကျောင်းမျိုး မဟုတ်ဘဲ ကျောင်းသားမိဘတွေပါ လိုက်လာရပါတယ်။ ဒါဟာ မြန်မာစာ၊ မြန်မာ စကား သင်ကြားရေး အရေးကြီးပုံနဲ့ မိဘတွေက ကလေးတွေအပေါ် ဘယ်လောက် အလေးထားသလဲ ဆိုတာကို နားလည်စေဖို့ ဖြစ်တယ်လို့ ကျောင်းကော်မီတီဝင် တဦးက ပြောပါတယ်။

“ဒီလိုဗျ …။ ကျနော်တို့ အချင်းချင်းတွေ့လို့ စကားပြောဖြစ်ရင် အကြီးကြီးတွေပဲ ပြောဖြစ်ကြတာ များတယ်လေဗျာ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ရေးလိုဟာမျိုးကို တနေကုန် ငြင်းရင်ငြင်းနေမယ်။ ဒါပေမယ့် အိမ်ပြန်ရောက်လို့ ကိုယ့်ကလေးကို ကြည့်လိုက်တော့ မြန်မာစကားတောင် မပြောတတ်ဘူး ဖြစ်နေတယ်ဆိုတော့ မဟုတ်သေးဘူးလေ” လို့ သူက ဆိုပါတယ်။

“အဲတော့ အကြီးကြီးတွေကိုလည်း ပြောပါ။ သေးလေးတွေထဲက ကိုယ်လုပ်နိုင်တာ ကိုယ်လည်း ချက်ချင်း ထလုပ်ပါ” လို့ ကျောင်းကော်မတီဝင် လည်းဖြစ်၊ ကျောင်းဆရာနဲ့ ကျောင်းသားမိဘလည်းဖြစ်တဲ့ အသက် ၅၀ ဝန်းကျင် အရွယ် တောခို ကျောင်းသားဟောင်းက ရှင်းပြပါတယ်။

နော်ဝေနိုင်ငံဆီ မြန်မာနိုင်ငံသားတွေ ထောင်နဲ့ချီ ပြီးရောက်လာတာ ၁၀ နှစ်ကျော်နေပြီ ဖြစ်ပေမယ့် ဒီလို မြန်မာစာ သင်ပေးတဲ့ ကျောင်းလေးတခု ပေါ်လာတာကတော့ တနှစ်ကျော်ကျော်လေးပဲ ရှိပါသေးတယ်။ အရင်ကတော့ ကလေးတွေကို နီးစပ်ရာ အိမ်တလုံးမှာ စုပြီး မိဘတွေက ဝိုင်းသင်ပေးလေ့ ရှိတယ်လို့ ဆိုပါတယ်။ ခရစ်ယာန် ဘာသာဝင် ကလေးအများစုကတော့ တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းမှာ ဆုံလေ့ရှိပြီး မိဘတွေက သက်ဆိုင်ရာ လူမျိုးစု ဘာသာစကားတွေကို သင်ပေးလေ့ ရှိတယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် ကျနော် တွေ့ဖူးတဲ့ ကလေးအတော်များများဟာ မြန်မာစကား (လူမျိုးစုဝင် ဆိုရင်လည်း လူမျိုးအလိုက် ကရင်၊ ကချင်၊ ချင်း၊ မွန် စသဖြင့်) ကို အနည်းအကျဉ်း ပြောတတ်ပြီး အနည်းအကျဉ်း နားလည်ကြပေမယ့် စာတော့ မဖတ်တတ်ကြပါ။

တကယ်တော့ ဒီလိုဖြစ်နေတာ နော်ဝေ တနိုင်ငံတည်းတော့ မဟုတ်ပါဘူး။ မြန်မာပြည်ကနေ အခြေချ ရောက်လာသူ ဦးရေ ဒီ့ထက် ပိုများတဲ့ အမေရိကန်နဲ့ သြစတေးလျမှာလည်း မြန်မာစာ သင်ကြားပေးတဲ့ကျောင်း စနစ်တကျ မရှိသေးဘူးလို့ သိရပါတယ်။ နောက်တခါ ကလေးတွေကလည်း မြန်မာစာသင်ရမှာကို စိတ်မဝင်စား၊ လူကြီးတွေကလည်း ကလေးအခွင့်ရေး ချိုးဖောက်တယ်လို့ စွပ်စွဲခံရမှာ စိုးရိမ်တဲ့အတွက် အတင်း မတိုက်တွန်းချင်တာနဲ့ ကလေးအများစုဟာ မြန်မာစာ မတတ်ကြဘူးလို့ ကျနော် မေးမြန်းခွင့်ရခဲ့တဲ့ ကျောင်းသား မိဘတဖြစ်လဲ တောခို ကျောင်းသားဟောင်းတွေက ပြောကြပါတယ်။

“မြန်မာပြည် ပြန်ရင်တော့ မြန်မာစာတတ်ဖို့ အရေးကြီးတာပေါ့လေ။ ကျနော့် ကလေး ၄ ယောက်စလုံး ဘုန်းကြီးကျောင်းမှာ အပတ်စဉ်သွားပြီး သင်နေပါတယ်” လို့ မြန်မာ အများဆုံး နေထိုင်တဲ့မြို့လို့ လူသိများတဲ့ အမေရိကန် ပြည်ထောင်စု၊ အင်ဒီယားနား ပြည်နယ် ဖို့ဒ်ဝိန်းမြို့မှ ကျောင်းသား မိဘတဦးက ပြောပါတယ်။ သူတို့ဆီမှာ ဘုန်းကြီးကိုယ်တိုင် ဦးစီး သင်ကြားပေးနေပြီး တနင်္ဂနွေ နေ့တိုင်း ၄ နာရီလောက် သင်ကြားပေးတယ်လို့ ဆိုပါတယ်။

မြန်မာတွေ ဒုတိယ အများဆုံး အခြေချတဲ့ နိုင်ငံလို့ ပြောကြတဲ့ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာလည်း တနင်္ဂနွေ စာသင်ကျောင်းရှိပြီး မနက် ၉ နာရီ ကနေ ၁၂ နာရီအထိ သင်ပေးတယ်လို့ ကျောင်းသား မိဘတဖြစ်လဲ တောခိုကျောင်းသူဟောင်းတဦးက ပြောပါတယ်။

“ဒါပေမယ့် အကြောင်း အမျိုးမျိုးကြောင့် မိဘတွေက ကလေးကို ပုံမှန် ကျောင်းမပို့နိုင်သလို အိမ်မှာလည်း မသင်ပေးဖြစ်တာ များတယ်” လို့ နယ်စပ်မှာ ကျောင်းဆရာမ လုပ်ဖူးတဲ့ မိခင်ဖြစ်သူတဦးက ပြောပါတယ်။

“မြန်မာစာ တတ်ဖို့ အရေးကြီးလား ဆိုတော့ မိဘတွေအတွက်တော့ ကိုယ့်မျိုးဆက်က ကိုယ့်မိခင် ဘာသာ စာပေ တတ်ဖို့ အရေးမကြီးဘဲ နေပါ့မလား။ ဒါပေမဲ့ ကလေးတွေက မြန်မာစာဟာ အရေးကြီးတယ်လို့ မယူဆကြဘူး” လို့ သူက ဆိုပါတယ်။

ကနေဒါနိုင်ငံမှ ကလေးနှစ်ယောက် ဖခင်၊ တောခိုကျောင်းသားဟောင်း တဦးရဲ့ အဖြေကလည်း အလားတူ ခပ်ဆင်ပါပဲ။ “အစကတော့ မြန်မာစာ သင်တဲ့ကျောင်း ဒီမှာလည်း ရှိတယ်။ ဒါပေမဲ့ အခု မရှိတော့ဘူး။ ကလေးတွေ စိတ်မဝင်စားကြလို့။ ကျနော့် ကလေးတွေဆို မြန်မာစကားရော၊ စာပါ မတတ်ကြဘူး။ အိမ်မှာ မြန်မာ စကားပြောပေမဲ့ သူတို့ မပြောချင်ဘူး ဆိုတာနဲ့ ကျနော်လည်း လက်လျော့လိုက်ပြီ” လို့ ပြောပါတယ်။

ကျနော် ရောက်ဖူးသလောက် ဥရောပ နိုင်ငံတွေထဲမှာတော့ နော်ဝေအပြင် ဒိန်းမတ်နဲ့ ဖင်လန်နိုင်ငံတွေမှာလည်း တနင်္ဂနွေ စာသင်ကျောင်းတွေရှိတာ တွေ့ရပါတယ်။ ဒါပေမယ့် ဒိန်းမတ်နိုင်ငံ Bramining မြို့က ကျောင်းလေးဟာ အကြောင်း အမျိုးမျိုးကြောင့် ရပ်နားလိုက်ရပြီလို့ သိရပါတယ်။ ဖင်လန်နိုင်ငံ Kuopio မြို့က “မစုစုနွေးကျောင်း” လို့ အမည်ပေးထားတဲ့ တနင်္ဂနွေ ကျောင်းကတော့ တွေ့ဖူးသလောက် မြန်မာကျောင်းတွေထဲမှာ စနစ်အကျဆုံး ဖြစ်ပြီး အခုချိန်ထိ ပုံမှန် လည်ပတ်နေဆဲလို့ သိရပါတယ်။ အဲဒီကျောင်းမှာ သူငယ်တန်းကနေ စတုတ္ထတန်းအထိ ဆရာအင်အား များစွာနဲ့ အသေအချာ သင်ပေးနေတာ တွေ့ရပါတယ်။

၈၈ အရေးတော်ပုံ နောက်ပိုင်း နိုင်ငံရေးအခြေနေ အမျိုးမျိုးကြောင့် တောခိုကျောင်းသား ဘဝကနေ တတိယ နိုင်ငံဆီ ရောက်လာသူ၊ နိုင်ငံရေး အကျဉ်းသားအဖြစ်ကနေ ရောက်လာသူ၊ စစ်ပြေးဒုက္ခသည် စခန်းတွေဆီကနေ တဆင့် ရောက်လာတဲ့ အခြေချ လူဦးရေဟာ သိပ်မနည်းလှ။ အတိအကျ စာရင်းပြုစု ထုတ်ပြန်ထားတာ မတွေ့ရသေးပေမယ့် လေ့လာသူတွေရဲ့ ခန့်မှန်းချက် အရ ၁ သိန်း နီးပါးအထိ ရှိနိုင်တယ်လို့ သိရပါတယ်။ အဲဒီ တသိန်းဝန်းကျင်ထဲမှာ ၁၀ နှစ်အောက် ကလေးငယ်ဦးရေ ဘယ်လောက်အထိ ရှိနေမလဲ။ သောင်းဂဏန်း မရှိရင်တောင် ထောင်ဂဏန်းမက ရှိလိမ့်မယ်လို့ ခန့်မှန်းနိုင်ပါတယ်။ သူတို့တွေဟာ မြန်မာနိုင်ငံနဲ့ ဝေးနေလို့ မြန်မာစာတတ်ဖို့ မလိုတော့ဘူးလား။

“ခက်တာက ဒီက အခြေအနေက ထိုင်းနယ်စပ်က အခြေနေနဲ့ မတူတော့ပြန်ဘူးဗျ။ ဟိုမှာက ထိုင်းကျောင်းဆီ တက်ခွင့်မရလို့ မြန်မာကျောင်းတွေ ထောင်ရတာ။ ဒီမှာက နော်ဝေကျောင်းတွေက မြန်မာနိုင်ငံထက် အများကြီး သာပါတယ်။ ဒါကြောင့် ဒီက ကလေးတွေ မြန်မာစာ သင်တယ်ဆိုတာဟာ စာတတ်ဖို့ သက်သက် မဟုတ်တော့ဘူး။ အမျိုးသားရေး လက္ခဏာ National Identity အတွက် ဖြစ်တယ်” လို့ အော်စလို မြန်မာကျောင်း ကော်မတီဝင်က ထောက်ပြပါတယ်။

ပြီးတော့ မြန်မာနိုင်ငံသားတွေကြားမှာ မြန်မာစာသင်ဖို့၊ မြန်မာ့ယဉ်ကျေးမှုအကြောင်း သင်ကြားဖို့ အခုလို အခက်ခဲတွေ၊ အငြင်းပွားမှုတွေ ရှိနေပေမဲ့ တခြားနိုင်ငံကနေ အခြေချလာကြတဲ့၊ ဥပမာ သိရီလင်္ကာက တမီလ်တို့၊ ကျနော်တို့ အိမ်နီးချင်း ဗီယက်နမ်တို့၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဖက်က လူမျိုးစုတွေ အားလုံးဟာ သူတို့ရဲ့ မိခင် ဘာသာစကားနဲ့ ယဉ်ကျေးမှု မပျောက်ပျက်အောင် အစီအစဉ်တကျ ဆောင်ရွက်နေတာ အားရစရာကြီး တွေ့ရတယ်လို့လည်း သူက နှိုင်းယှဉ်ပြီ်း ငြီးတွားသွားပါတယ်။

(စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသားလက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်းဖြစ်ပြီး DVB ၏ သတင်းထောက်ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက်ရှိသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading