[irrawaddy_gallery]
“သင်္ကြန် ခေါ်တော်မူသည့်နေ့မှာ၊ မင်းညီမင်းသား၊ မှူးတော်မတ်တော်တို့ ဗောင်းနားဍောင်း ဝတ်လုံ စလွယ် ဆင်ယင်ပြီးလျှင်၊ အရှေ့သင်္ကြန် အနောက်သင်္ကြန် ခွဲဝေ၍၊ ကတော်မယားတို့မှာ မြိတ်ရစ် မြိတ်ခံ ပွဲတက် အဆင်တန်ဆာ ဆင်ယင်စေလျက်၊ အနောက်သင်္ကြန် တန်ဆောင်းတော်သို့ ဝင်ထွက် ခစားကြရသည်။ သင်္ကြန်တော်အခါ နီးသည့်ကာလ ကုန်းတပ်ရေတပ် ခင်းကျင်း စေပြီးလျှင် ဆဒ္ဒန်ဆင်မင်း သခင် ဘဝရှင်မင်းတရားကြီးဘုရား၊ အသျှင်နန်းမတော် မိဖုရားခေါင်ကြီးဘုရား၊ အနောက်စမုတ်ဆောင်တော်ရှေ့ မင်္ဂလာမြောင်းတော်က သမ္ဗာန်တော်နှင့် ရေကြောင်းထွက်တော်မူ၍ သင်္ကြန်တန်ဆောင်းသို့ ရောက်တော်မူသည့်ကာလ ဘုရားခုနစ်ဆူ အလှူတော်များကို လှူဒါန်းတော်မူပြီးလျှင် ပရိတ်တော်တရားတော်များကို နာတော်မူပြီးမှ သင်္ကြန် ခေါ်တော်မူသည်။ ပြီးလျှင် ရွှေနန်းတော်သို့ တက်တော်မူသည်။ ပွဲသဘင်များမှာ အနောက်အတွင်းတော်တွင် အနောက်အငြိမ့်၊ မှန်နန်းတော်ရှေ့ဝဲယာတွင် အရှေ့အငြိမ့်၊ အတွင်းဆိုင်း၊ ဇေတဝန် ဆောင်တော်တွင် အတွင်းဆိုင်း၊ မွန်ဆိုင်း၊ မြေနန်းတော်တွင် ယိုးဒယားဇာတ်ကြီး အတီးအက များကို အခါသုံးရက်အတွင်း နေ့ညဉ့်မပြတ် တီးမှုတ်ကခုန်ကြရသည်။ ရွှေနန်းတော်ပေါ်တွင်လည်း မြို့စား၊ ရွာစား၊ အပျိုတော်တို့နှင့် လက်သုံးတော် လက်ဖက်ရည်တော်တို့ အမိန့်တော်မြတ်နှင့် တဦးကိုတဦး ပျော်ရွှင်စွာ ရေသွန်းလောင်း ကစားကြရလေသည်”
(ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီး)
ပုဂံခေတ်ကတည်းက အထင်အရှားရှိခဲ့တယ်ဆိုတဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန်ဟာ မန္တလေး ရတနာပုံမ်ခေတ် အထိ “ပဒေသရာဇ်သင်္ကြန်” အဖြစ်ပဲ မှတ်တမ်းမှတ်ရာရှိခဲ့တယ်။ “သင်္ကြန်” ဆိုတာ“ကူးပြောင်းခြင်း” ဆိုတဲ့ အနက်အဓိပ္ပာယ်နဲ့ ပုဏ္ဏားဖြူ ပုဏ္ဏားညို၊ သမားဟူးရားတို့ရဲ့ “စိတ်တော်သိ ဗောင်းတော်ညိတ်” ဗေဒင် ကိန်းခန်း ယတြာများနှင့်အတူ ဘုရင်ဧကရာဇ် အသိုင်းအဝိုင်းရဲ့ ရွှေဘုံနိဒါန်းလာ အခင်းအကျင်းများနဲ့ပဲ နှစ်စဉ်မပျက် ဆောင်ရွက်စီမံရတဲ့ ပြုဖွယ်ကိစ္စများပဲ ဖြစ်ပါတယ်။
အများပြည်သူလူထု အနေနဲ့ကတော့ နှစ်ဟောင်းက အညစ်အကြေးတွေ နှစ်သစ်မှာ ပါမလာအောင်နဲ့၊ နှစ်သစ်မှာ ရေလိုအေးပြီး ပန်းလိုလန်းကြစေကြောင်း ဇမ္ဗူဒီပါသြဘာနိမိတ် ထွန်းတဲ့ တောင်ကျွန်းသား အစဉ်အလာတွေအတိုင်း အောင်သပြေခက် နဲ့ ရေပက်ကစားကြတာပါပဲ။ ဘယ် မင်းဧကရာဇ် ပြောင်းပြောင်း ပြည်သူလူထုရဲ့ အစဉ်အလာကတော့ ဒီအတိုင်းပါပဲ။
မန္တလေး ရတနာပုံမ်ခေတ် သင်္ကြန် အခါတော်တွေမှာ ကျမ်းကိုးကျမ်းကားတွေအတိုင်း ရွှေနန်းတော်ထဲမှာ အတွင်းဆိုင်း၊ အပြင်ဆိုင်း၊ မွန်ဆိုင်း၊ အရှေ့အငြိမ့်၊ အနောက်အငြိမ့်၊ ယိုးဒယားရာမ ဇာတ်တော်ကြီးတွေရဲ့ ဆိုသံ၊ ကသံ၊ တီးသံ၊ မှုတ်သံ၊ တူရိယာသံတွေနဲ့ မင်္ဂလာရှိ၊ ကျက်သရေရှိ ခံ့ညားထည်ဝါနေမှာပေါ့။ ရွှေမြို့တော် လေးပြင်လေးရပ်၊ ဝင်းတွေ၊ ပြလမ်းတွေမှာတော့ လူထုဂီတဖြစ်တဲ့ အိုးစည်ဒိုးပတ်တွေကို အယိုင်တီးပြီး …
“ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ
အမောပြေအောင် တိုက်ပါ့ မမ။
ဘုန်းတော်ကြီးလို့ သက်တော်ရှည်
တို့တတွေ ရေချမ်းအိုးကြီး။
အိုးစည်၊ အိုးစည်၊ အိုးစည်သားဗျ၊
လူရည်၊ လူရည်၊ လူရည်ခြားဗျ။
တဝမ်းပူ နှစ်ချောင်းငင်
တူမယ်ထင်ယင် ယှဉ်စမ်းတော့လား” စတဲ့ သံချပ်တွေ ထိုးကြမှာပေါ့။
ဒီအချိန်မှာပဲ ဇေတဝန်ဆောင်တော် အတွင်းဆိုင်းကတော့ ကြေးစုံပတ်စုံနဲ့ … “စံရာတောင် ကျွန်းလုံး သူ့ဥသျှောင် ကျင်ငယ်လေ၊ မင်းများထိပ်ခေါင်တင်၊ သောင်းမြေပြင်လေ ထီးဆူဆူကိုလေ … စိုးလို့မိုးတော်မူ” စတဲ့ ဘုန်းတော်ဘွဲ့ကို မြိုင်မြိုင်ဆိုင်ဆိုင် တီးခတ်လို့ နေပါတော့တယ်။
ကောဇာသက္ကရာဇ် … ၁၂၄၁ ခုနှစ်။
မန္တလေးကို ဗြိတိသျှအစိုးရ သိမ်းပိုက်ပြီးနောက်ပိုင်း မန္တလေးရဲ့ လူမှုရေး၊ စီးပွားရေးတွေ ပုံစံပြောင်းသွားတယ်။ မိရိုးဖလာ လက်လုပ်လက်စားတွေ၊ လက်မှုအနုပညာရှင်တွေ၊ ကုန်ရောင်းကုန်ဝယ်တွေ၊ ကုန်သည်ပွဲစားတွေ ဆိုတဲ့ အလုပ်တွေအပြင် တရုတ်၊ အိန္ဒိယ၊ အင်္ဂလိပ် စတဲ့ အရင်းရှင်ကြီးများရဲ့ ကုန်တိုက်ကြီးတွေလည်း ဖွင့်လှစ်လာကြတယ်။ အုပ်ချုပ်မှုယန္တယားရဲ့ အဓိက နေရာဖြစ်တဲ့ ဘုရင်ခံအိမ်တော် တည်ရှိရာ မန္တလေးနန်းတွင်းနဲ့ အုပ်ချုပ်သူ အမှုထမ်းများ နေထိုင်ရာ သံဝင်းရပ် (ယခု – အောင်မြေသာစံ မြို့နယ်၊ သီရိမာလာအရှေ့ရပ်) တို့ ဆက်သွယ်တဲ့ အာဠဝီ (စီလမ်း) လမ်းမကြီးဟာ မန္တလေးရဲ့ ကုန်သွယ်မှု ဗဟိုလမ်းမကြီး ဖြစ်လာတယ်။ မူလစီးပွားရေးရပ်ကွက်ဖြစ်တဲ့ ဈေးချိုတော်ကို ပင်မပြုပြီးလည်း ဘီလမ်းလို၊ ရုံတော်ကြီးလို၊ ဘာဘူတန်းလို နေရာတွေမှာလည်း ကုန်တိုက်ကြီးတွေ၊ ကုမ္ပဏီတွေ ဖွင့်လှစ်လာကြတယ်။ ၁၉၃၀ ဝန်းကျင် ရောက်တော့ သမရိုးကျ ရေပက်ကစားသင်္ကြန်ဟာ ကုန်တိုက်ကြီးတွေက အသုံးပြုတဲ့ ကုန်တင်ကားတွေနဲ့ လှည့်လည် ရေပက်ကစားတာ၊ ကားပေါ် တူရိယာပစ္စည်းတင်တာ၊ ကားကို ပန်းချီရေကန်ထည် အလှဆင်တာ၊ ဘက်ထရီမီးတွေနဲ့ ထွန်းညှိလှပစေတာတွေ အထိ တိုးတက်လာတယ်။ ဒီလိုအလှပြယာဉ်ကြီးတွေနဲ့ ဧည့်ခံမဏ္ဍပ်နဲ့ အပြန်အလှန် သီချင်းဆိုကြတာ၊ ဖျော်ဖြေ သီဆိုတီးမှုတ်ကြတာတွေ ရှိလာတယ်။ သင်္ကြန်သံချပ်ဆိုတာတွေကလည်း အရင်လို “ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ အမောပြေအောင် တိုက်ပါ့ မမ” ဆိုတာမျိုးတွေ မဟုတ်တော့ဘူး။
“လူချောလူလှ လက်ရွေးစင်၊ ရှက်သွေးခင်ရင်၊ မှိတ်လို့သာပက်၊ လောင်းလိုက်ပက်လိုက် နွဲ့ရှာသူ၊ အသည်းမှာပူတာ၊ အေးပေါ့ အေးပေါ့” စတဲ့ သံချပ်တွေ ဖြစ်ကုန်ပါပြီ။
အလားတူ တီးကြမှုတ်ကြတဲ့ သီချင်းတွေမှာလည်း သင်္ကြန်နဲ့ ပစ္စက္ခမြင်ကွင်း အခြေအနေကို သရုပ်ဖော်တဲ့ ရသအဖွဲ့အနွဲ့တွေ ဖြစ်ကုန်ပါပြီ။
“မန်းသူနွဲ့မူ … နုယဉ်ယဉ်တွေလန်းပါစေ၊ ခါရေလောင်း ညှာကြွေပြောင်းပေါ့ခင်ရယ်၊ အေးစေတော့ဆို … လောင်းတဲ့စိတ်ရင်းပင် … အဟုတ်ပ နှမလေးအသွင်” ဆိုတဲ့ သီချင်းသံတွေနဲ့ ရင်ခုန်ဖွယ် သင်္ကြန်တွေပါပဲ။
မန္တလေးမြို့သူမြို့သားတိုင်း သင်္ကြန်ရေစက်တွေနဲ့အတူ အနုအလှ ညှင်းသွယ့် သံစုံတွေ ကိုယ်စီကွန့်မြူးခံစား ကြည်နူး ကြတဲ့ ကနဦးသင်္ကြန်တွေပါပဲ။
ကောဇာသက္ကရာဇ် ၁၃၀၀ ပြည့် ဝန်းကျင်။
ကမ္ဘာကြီးရဲ့ နိုင်ငံရေးချိန်ခွင်လျှာတွေ ပြောင်းလဲမှုနဲ့အတူ ဒုတိယကမ္ဘာစစ်ကြီးထဲမှာ သင်္ကြန်လည်း စုန်းစုန်းမြုပ်လုမတတ် ဖြစ်ရတယ်။ ၁၉၄၅ ခုနှစ် မတ်လမှာစစ်ကြီး ပြီးငြိမ်းခြင်းနှင့်အတူ မတ်လ ၂၃ ရက်နေ့ စစ်ပြေးသူတွေ မန္တလေးမြို့ ပြန်အဝင် “ခါတော်ရောက်ချိန် နီးလို့လာပြီလေ၊ ဒေါ်ဒေါ် မမ နှမတို့ရေ …” လို့ ခွန်းဆက်သံနှင့်အတူ “မန္တလေးဆို ရွှေမြို့တို့ ရတနာပုံ နေပြည်၊ တင့်တယ်သာယာစည်ကား ဟိုတုန်းအခါကလေ၊ အဲဒါတွေ မတွေးကြနဲ့ ရှေ့ဆက်ကာစီမံကြစို့လေ…” လို့ ပြာပုံထဲက ပြန်လည် ရှင်သန်နိုးထမယ့် မန္တလေးကို သင်္ကြန်ကြိုတေးနဲ့ လှုံ့ဆော်ခဲ့တာကလည်း ခေတ်ကိုမျက်ခြေမပြတ်ခဲ့ဘူး ဆိုတဲ့ သာဓကပါ။
စစ်ကြီးအပြီး ပြန်လည်စည်ကားလာတဲ့ တခုသော သင်္ကြန်မှာတော့ ဒီနေ့တိုင် နာမည်ကျော်ဆဲ၊ မြန်မာ့သင်္ကြန် အမှတ် လက္ခဏာ အဖြစ် မှတ်ကျောက်တင်ခဲ့တဲ့ ဆရာမြို့မငြိမ်းရဲ့ “ရွှေမန်းတောင်ရိပ်ခို” သီချင်း “အေးအေးချမ်းချမ်း” သီချင်း တွေလည်း အမွေအနှစ် ကျန်ရစ်ခဲ့တယ်။ အဲဒီ မန္တလေးဟာ စစ်ကြီးထဲက ပြန်လည် အောင်ပွဲခံခဲ့ကြတာနဲ့အတူ လွတ်လပ်ရေးတိုက်ပွဲဆီ အမျိုးသားအားမာန်နဲ့ ရည်မျှော်တဲ့ ပုံရိပ်လက္ခဏာတွေနဲ့ ထင်ဟပ်ခဲ့တယ်။ ရာချီရှိတဲ့ အလှပြယာဉ်တွေက အမျိုးသား အားမာန် ပြဋ္ဌာန်းခွင့်ဆန္ဒ၊ ခေတ်မီ မျိုးချစ်လွတ်လပ်ရေး တိုက်ပွဲဝင်တပ်မတော် စတဲ့ သရုပ်ဖော်မှုတွေနဲ့ တက်ကြွ ခဲ့ကြလေရဲ့။ သံချပ်တွေကလည်း လွတ်လပ်ရေး တိုက်ပွဲခေါ်သံတွေ …။
ကောဇာသက္ကရာဇ် ၁၃၀၈ ခုနှစ် ၁၉၄၇ သင်္ကြန်
၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်သော သမ္မတနိုင်ငံ ထူထောင်မှုနှင့်အတူ ဖွားဘက်တော်ဖြစ်တဲ့ အမျိုးသားချင်း သဘောထား ကွဲလွဲမှု ပြယုဂ် ပြည်တွင်းစစ်ကြီးလည်း စိတ်မချမ်းသာစွာ ခံစားခဲ့ကြရတယ်။ တမျိုးသားလုံးရဲ့ဆန္ဒက နှစ်ဦးနှစ်ဘက် အာဃာတတွေ စွန့်လွှတ်ပြီး ငြိမ်းချမ်းစေလိုတယ်။ အားလုံးရဲ့ ဘုံဆန္ဒက “ငြိမ်းချမ်းရေး” ပါပဲ။ ဒါကြောင့် တမျိုးသားလုံးနဲ့ ဆိုင်တဲ့ သင်္ကြန်ကလည်း မမေ့မလျော့နဲ့ “ငြိမ်းချမ်းရေး” ဆီ ဦးတည်ခဲ့ကြတယ်။
“ပိတောက်တွေ ဝေဝေလွင်လွင်၊ ရွှေရည်လူး ဖူးပွင့်တဲ့ ဒီအချိန်တွင်
ဗမာပြေ ငြိမ်းချမ်းရေး ရွက်သစ်နုနု ခါတော်ရေစင် ဖျန်းလို့ ဝေစီလွင်၊
ငွေငန်းဆုတောင်း၊ အောင်ကြောင်းကိုပင် ခါတော်ရေသဘင်” တဲ့လေ။
ဆရာမြို့မငြိမ်း ကလည်း ငြိမ်းချမ်းရေးသဘင် ဆိုတဲ့ သီချင်းနဲ့ ဆုမွန်ခြွေခဲ့တယ်။ တမြို့လုံး ရေသဘင်မဏ္ဍပ်ရာချီ၊ အလှပြယာဉ် ရာချီပြီးဆင်နွှဲတဲ့ ဒီသင်္ကြန်မှာ သီချင်းတွေ၊ သံချပ်တွေ အားလုံး ငြိမ်းချမ်းရေးအသံတွေ ဘဝဂ်ညံခဲ့တယ်။
ကောဇာသက္ကရာဇ် ၁၃၁၁ ခုနှစ် ၁၉၅၀ သင်္ကြန် (ဝါ) ငြိမ်းချမ်းရေးသင်္ကြန်
မြန်မာပြည်ဟာ တိုင်းရင်းသားအားလုံး ညီအစ်ကို မောင်နှမ စိတ်ဓာတ်နဲ့အတူ လက်တွဲကာ အေးအတူပူအမျှ ခံစား နေထိုင်ကြတဲ့ ပြည်ထောင်စု နိုင်ငံတော် ဖြစ်တယ်။ ဒါပေမယ့် ပြည်တွင်းစစ်မီးနဲ့အတူ အုပ်ချုပ်သူ အစိုးရတွေရဲ့ မမှန်ကန်တဲ့ သဘောထားတချို့ကြောင့် ပြည်ထောင်စုကြီး ပြိုကွဲဖို့ အခြေအနေတွေ ဖြစ်ခဲ့တယ်။ “ပြည်ထောင်စု” ဆိုတဲ့ အစည်းမပြေရေး ဟာလည်း တမျိုးသားလုံးဆိုင်ရာ ကိစ္စဖြစ်တယ်။ ဒါကြောင့် “ငြိမ်းချမ်းရေး” နှင့်အတူ “ပြည်ထောင်စုရေး” ကလည်း ခေါင်းနဲ့ ပန်းလို ခွဲလို့မရပေဘူး။ ဒါကြောင့် တမျိုးသားလုံးဆိုင်ရာ သင်္ကြန်ပွဲတော်ဟာ “ပြည်ထောင်စု” ကိစ္စကိုလည်း လျစ်လျူရှု ကာ အပျော် မဖက်ခဲ့ဘူး။ ငြိမ်းချမ်းရေးသင်္ကြန်လိုပဲ နောက်တနှစ်မှာ အသင်းပေါင်း ရာချီပြီး သင်္ကြန်ပွဲတော်ဆင်နွဲကြရာမှာ “ပြည်ထောင်စုရေး” ကို မမှိတ်မသုန် ဦးတည်ကာ သီချင်းတွေ သံချပ်တွေနဲ့ သင်္ကြန်ပွဲတော်ကြီးတခုကို မန္တလေးသူ မန္တလေးသားတွေ ဝှဲချီးကျင်းပခဲ့ကြတာလည်း မမေ့ပျောက်နိုင်စရာပါပဲ။
“နိုင်ငံတော် ညီရင်းအစ်ကိုများတွေ၊ တို့ တိုင်းရင်းသားတွေ၊ တအူတုံဆင်း ချစ်ခင်ရင်းနှီးကြတယ်လေ၊ ထာဝစဉ် မေတ္တာဓာတ်တိုးစေ၊ ဖျန်းဆွတ်သောသင်္ကြန်ရေ” လို့ မြို့မငြိမ်းကရေးစပ်ခဲ့ပါတယ်။
ကောဇာသက္ကရာဇ် ၁၃၁၂ ခုနှစ် (၁၉၅၁) သင်္ကြန် (ဝါ) ပြည်ထောင်စုသင်္ကြန်
၁၉၆၂ ခုနှစ် မှသည် သံသယ၊ ကွဲလွဲမှု၊ အမိန့်အာဏာ၊ မျိုသိပ်မှု၊ အစမ်းသပ်ခံ၊ စီမံကိန်း၊ အစီရင်ခံစာ … စတဲ့ … စတဲ့ … စကားလုံးတွေ၊ ဟန်ဆောင်မှုတွေ ကာလရှည် ဖြတ်သန်းပြီးတော့ ချွေးတွေ၊ မျက်ရည်တွေ၊ သွေးတွေ၊ စွန့်လွှတ်မှုတွေ၊ စွန့်စားမှုတွေ အရင်းတည်ပြီး ၂၀၁၁ ခုနှစ် ကာလ နိုဝင်ဘာရဲ့ နောက်ပိုင်း ပွင့်လင်းမှုနှင့် အကောင်းဘက်ဆီ ဦးတည်ပြီလို့ ဆိုရပေမယ်။ လူ့အခွင့်အရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ အပြန်အလှန် နားလည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးစတဲ့ လက္ခဏာ ကောင်းတွေမှာ အခု “အရေးတကြီး (အရေးတကြီး)” ထပ်မံ လိုအပ်နေတာ ကလည်း မပြီးဆုံးနိုင်သေးတဲ့ “ငြိမ်းချမ်းရေး”၊ “ပြည်ထောင်စုရေး” ပဲ မဟုတ်ပါလား။
ငြိမ်းချမ်းရေး … ပြည်ထောင်စုရေး …၊ ပြည်ထောင်စုရေး .. ငြိမ်းချမ်းရေး …
ဒါဖြင့် “ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ ယုံကြည်မှု”၊ “စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ ဦးထမ်း ပဲ့ထမ်း ဆောင်ရွက်မှု”၊ “သမိုင်းတွင်မယ့် စတင်ခြင်းအသစ်” … စတဲ့ ဟည်းထနေတဲ့ ပဲ့တင်သံတွေ ညံနေမယ့် အခုနှစ် သင်္ကြန်မှာရော …
အရင်နှစ်တွေကလို ကျုံးလေးဘက်လေးတန်မှာ မြို့ရဲ့ပြအိုး ပြာသာဒ်ဆိုတဲ့ အမျိုးသားရေး လက္ခဏာတွေကို ကြော်ငြာ ဗီနိုင်းမျိုးစုံနဲ့ ကာပြီး ရေဂါလံသန်း ၄၀ ကျော် ဖြုန်းတီးကြဦးမှာလား …။ မတ်တပ်ရပ်၊ လမ်းလျှောက်သင်စ နိုင်ငံသစ်အတွက် အဖက်ဖက်က စိန်ခေါ် အားစမ်းနေမှုတွေကို ဥပက္ခာပြုပြီး နောက်ပြန်လှည့် ပဋိပက္ခဖြစ်စေမယ့် အထိမခံ ရွှေပန်းကန် သိန်းချီမယ့် လူစုလူဝေး မူးယစ်ရမ်းကား ပျော်ပါးမှုတွေကို ခွင့်ပြုမြှောက်ပင့်ပေးကြဦးမှာလား…။
•လူတွေ နေ့ဖို့ညစာ အနိုင်နိုင်နဲ့ ခါးစည်း ရင်ကော့ကာ ဘဝဆက်နေကြရတဲ့ကြားထဲ အဲဒီလူတွေဆီက လည်ညှစ် ရယူထားတဲ့ အခွန်ငွေတွေကို သိန်းပေါင်း ထောင့်ခြောက်ရာကျော် သုံးဖြုန်းပြီး ရယ်မြူးမြူး ဗိုက်သားစူစူ၊ ပေါင်ဖွေးဖွေးလေးတွေကို သိန်း ဆယ်ရာချီပေးပြီး မြို့တော်ဝန်မဏ္ဍပ်ပေါ်မှာ ဆိုဖာပေါ်က ခံစားကြဦးမှာလား …။
•နွေရာသီရောက်လို့ ရေမလုံလောက်၊ ရေမဖူလုံ၊ သန့်ရှင်းတဲ့ သောက်သုံးရေ ဝေလာဝေး …၊ ရေအိုးလေးထဲက အနည်ထိုင် ရေကြည်လေး ဝိုင်းလု သောက်သုံးကြရချိန် ကျုံးရေဂါလံ သန်း ၄၀ ကျော် ဖြုန်းပြီး အဲဒီရေတွေက လူသိန်းချီရှိသူတွေဆီက အညစ်အကြေးတွေ စုပြီး ကျုံးထဲ ဒလဟော စီးဆင်းစေဦးမှာလား။
•ရေမချိုးရ၊ ငါးမမျှားရ၊ အမှိုက်မပစ်ရလို့ သံဆန်ကာခတ်ပြီး တနှစ်ပတ်လုံး ထိန်းသိမ်းခဲ့တဲ့ ကျုံးရေနဲ့ လေးငါးပေအကွာ လေးဘက်လေးတန် ပလက်ဖောင်းပေါ်မှာ လေးငါးခြောက်ဆယ်ကျော် အရေအတွက်ရှိ မဏ္ဍပ်ကြီးတွေဆောက်၊ ရေလောင်းအိမ်သာတွေ ရာချီဆောက်စေဦးမှာတဲ့လား။
•နှစ်ပေါင်း ၂၀ ကျော် ၃၀ နီးပါး အသက်သွေးပေါင်း များစွာ စတေးခံ၊ မိသားစုဘဝပေါင်းများစွာ အဆုံးရှုံးခံ၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှုပေါင်း သောင်းသိန်းချီ ရင်းနှီးမြှုပ်နှံပြီး ခက်ခက်ခဲခဲရလာတဲ့ လမ်းကြောင်းသစ်ပေါ် အနှောက်အယှက်ပေါင်း များစွာနဲ့ လျှောက်လှမ်းကာစ …၊ သင်္ကြန်ဆိုတဲ့ ၃၊ ၄ ရက်အတွင်း ပဋိပက္ခတွေ ဖိတ်ခေါ် တင်သွင်းစေပြီး တသက်လုံး မွေးလာတဲ့ကြက် တမနက်နဲ့ ရိုက်သတ်စေဦးမှာလား…။
လားပေါင်းများစွာ ပဟေဠိမေးခွန်းတွေနဲ့…
ဟော… ဘာတဲ့ … လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ဝန်းကျင်က အသံ … သဲ့သဲ့ ပြန်ကြားလာရ …။ ဘာတဲ့ …။
“ရွှေမြို့တော်ကြီး ရှုခင်းမှာ … သာသာယာယာ ခမ်းနားပါပေ၊
သာယာ ခမ်းနားဝင့်ကြွားကာ … ရိုးရာဓလေ့တွေ ကွယ်ပျောက်လုပေါ့။
သင်္ကြန်တွင်းမှာ ထွက်လို့လာ …
အမြင်မတော်တာတွေ ပြောချင်လွန်းလို့ …
အမြင်မတော်တာတွေ ပြောချင်လွန်းလို့ …
အမြင်မတော်တာတွေ ပြောချင်လွန်းလို့ … ” တဲ့။
လူငယ်တွေရဲ့သံချပ်သံ … ။ သံချပ်သံ … ။