ဆောင်းပါး

အိမ်မပြန်ရသေးသူများ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်မှာရှိတဲ့ ကရင်နီ ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေကို ပြည်တော်ပြန်လာကြဖို့ မြန်မာ အစိုး ရ က ခေါ်နေသလို ဒုက္ခသည်တွေကလည်းပဲ ပြန်ချင်နေတယ်ဆိုပြီး ထိုင်းအာဏာပိုင်တွေနဲ့ မြန်မာအစိုးရ က ဝါဒဖြန့်နေတယ်လို့   ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ စခန်း ဥက္ကဋ္ဌ ခူးအီရယ်က ပြောတယ်။

“KNPP နဲ့ လက်မှတ်ထိုးတဲ့ အချက် ၂၀ ထဲမှာ လေးငါးချက်တောင် အကောင်အထည် မဖော်နိုင်သေးဘူး၊ ငြိမ်းချမ်းရေး အတွက် လည်း ဘာမှမရေရာသေးဘူး၊ အာဏာပိုင်တချို့ကလည်း ဒုက္ခသည်တွေ ပြန်နေကြပြီ၊ ပြန်ချင်နေကြတယ်ဆိုပြီးတော့ သတင်းတွေ လွှင့်နေကြတယ်၊ ဒါတွေဟာ ကောလာဟလတွေပါ လို့ ပြောချင်တယ်”လို့ ခူးအီရယ် က ဆိုပါတယ်။

ဒုက္ခသည် စခန်းရောက်နေတဲ့ မိသားစုဆွေမျိုးသားချင်းတွေကို လာကြည့်ပြီး ပြန်တဲ့သူတွေကို ထိုင်းအာဏာပိုင်တွေက ဓာတ်ပုံရိုက် ယူပြီး နေရပ်ပြန်နေကြပြီလို့ သတင်းတွေ ထုတ်လွှင့်နေကြောင်းလည်း ပြောပြပါတယ်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နဲ့ မြန်မာအစိုးရတို့အကြား ၂၀၁၂ ခုနှစ်က ပဏာမအဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ထိုးခဲ့ပေမယ့် အဲဒီလက်မှတ်ရေးထိုးမှုဟာ ဘာမှ ခိုင်မာတဲ့ သဘောတူညီမှု မဟုတ်သေးဘူးလို့ ကရင်နီခေါင်း ဆောင်တွေက ပြောကြတယ်။

“မြန်မာ့နိုင်ငံရေးက ဘာမှမသဲကွဲသေးဘူး၊ ပြတ်သားမှု မရှိသေးဘူး၊ ဒီတော့ တခုခု ထဖြစ်ရင် အကုန်လုံး ဒုက္ခရောက်မယ်၊ စစ်ပွဲတွေ ပြန်ဖြစ်လို့ ဒီဘက်ကို ပြန်ပြေးလာလို့ ထိုင်းက လက်မခံတော့ဘူး ဆိုရင် ပိုပြီးတော့မှ ဒုက္ခတွေ ရောက်ကုန်ကြမယ့် ကိစ္စကို ဒုက္ခသည်တွေက အစိုးရိမ်ဆုံးပဲ”လို့ ခူးအီရယ် က ဆိုတယ်။

ပြည်တော် ပြန်လာကြဖို့အတွက် မြန်မာအစိုးရက ခေါ်နေပေမယ့် ဒုက္ခသည်တွေရဲ့အနာဂတ်ဘ၀ အတွက် အာမခံချက် မရှိကြသေး တဲ့အတွက် မပြန်ချင်ကြသေးဘူးလို့ ဆိုကြပါတယ်။

မြန်မာအစိုးရ အနေဖြင့် ဒုက္ခသည်တွေကို ပြန်လည် မခေါ်ယူမီ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ပထမဦးစာပေး လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ ကရင်နီ ခေါင်းဆောင်တွေ က ပြောကြတယ်။

KNPP ရဲ့ဗဟို အလုပ်အမှုဆောင်နဲ့ ပြည်ထဲရေးတာဝန်ခံ ခူးဖဲဘူး ကတော့ KNPP နဲ့ အစိုးရတို့အကြား ပဏာမအဆင့် အပစ် အ ခတ် ရပ်စဲထားပေမယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ အာမခံချက်တွေ၊ ကတိကဝတ်တွေ မရှိသေးကြောင်း၊ အစိုးရရဲ့လုပ်ဆောင်ချက် တွေကိုလည်း စောင့်ကြည့်နေဆဲသာ ဖြစ်ကြောင်း ပြောပါတယ်။

တကယ်လို့ ပြန်ကြမယ်ဆိုရင်လည်းပဲ နယ်စပ်က ဒုက္ခသည်တွေအရေးကို အရင် မစဉ်းစားဘဲ ပြည်တွင်းမှာရှိတဲ့ အခြေမကျ သေး တဲ့ သူတွေကို အခြေတကျဖြစ်အောင် အရင်လုပ်ပေးဖို့ အရေးကြီးကြောင်း၊ အဲဒီလူတွေဟာ အစိုးရက နှစ်ပေါင်း များစွာ ကတည်း က မောင်းထုတ်ထားတဲ့အတွက် အခုအချိန်ထိ နေရာ အတည်တကျ မရှိကြသေးဘူးလို့ ဆက်ပြောပါတယ်။

“အစိုးရ နဲ့ KNPP ကြားမှာ ခိုင်မာတဲ့ သဘောတူညီမှုတွေ ဘာမှ မရှိသေးပါဘူး၊ အပစ်အခတ် ရပ်စဲထားတာကလည်းပဲ မတည်ငြိမ် သေးဘူး၊ သူ့တပ်၊ ကိုယ့်တပ် ဘယ်လိုနေကြမယ်ဆိုတဲ့ တပ်ပိုင်းဆိုင်ရာ နေချထားဖို့ ကိစ္စ၊ မြေမြှုပ်မိုင်း ကိစ္စတွေကအစ ဘာမှ မဆွေးနွေးရသေးဘူး၊ ဒီတော့ ဒုက္ခသည်တွေ ပြန်မယ့်ကိစ္စဟာ ဘယ်လိုမှ မဖြစ်နိုင်သေးဘူး”လို့ KNPP ခေါင်းဆောင်တဦးဖြစ်သူ ခူးဖဲဘူး က ပြောတယ်။

မယ်ဟောင်ဆောင် ဒေသမှာ အမှတ် ၁ နဲ့ အမှတ် ၂ ဆိုပြီး ကရင်နီဒုက္ခသည် စခန်း ၂ ခု ရှိပါတယ်၊ အမှတ် ၁ စခန်းမှာ ရပ်ကွက် ပေါင်း ၂၀ ရှိပြီး လူဦးရေ စုစုပေါင်း ၁၃၀၀၀ ဝန်းကျင် ရှိပါတယ်။ အမှတ် ၂ စခန်းမှာတော့ ရပ်ကွက် ၄ ခုနဲ့ လူဦးရေ ၃၀၀၀ ကျော်ရှိပါတယ်။ အမှတ် ၂ စခန်းဟာ မတ်လ ၂၂ ရက်နေ့က မီးလောင်ခံခဲ့ရတဲ့ အတွက်လည်း ရပ်ကွက် ၂ ခု မီးလောင်သွားကာ လူ ၃၆ ဦး သေဆုံးခဲ့ပြီး အိုးမဲ့ အိမ်မဲ့ ၂၃၀၀ ကျော် ဖြစ်ခဲ့ရပါသေးတယ်။

ဒုက္ခသည်စခန်းတွေမှာ အခက်အခဲတချို့ရှိပေမယ့် ဒုက္ခသည် အများစုကတော့ ပြည်တော်ပြန်ရေး ကိစ္စကို စိတ်မဝင်စားကြ ပါဘူး။ တိုင်းရင်းသား ဒေသတွေက စစ်ပွဲတွေ မငြိမ်းသေးတာရယ်၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု မရသေးတဲ့ အတွက် မပြန်ချင်ဘူး လို့ ဒုက္ခသည်တွေက ပြောကြတယ်။

အမှတ် ၁ စခန်း ဒု ဥက္ကဋ္ဌ ဦးအောင်မောင်း ကလည်း“စစ်ပွဲတွေက ငြိမ်းမှ မငြိမ်းသေးတာ စားပွဲပေါ်က လက်မှတ်ထိုးပြီး စားပွဲအောက်က တိုက်နေတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးက ဘယ်လိုမှရစရာ အကြောင်းမရှိဘူးပေါ့၊ အစိုးရ အပေါ်မှာလည်း ယုံကြည်မှု မရှိကြသေးဘူး”လို့ ပြောပါတယ်။

တိုင်းရင်းသားတွေ ပြောနေတဲ့ ငြိမ်းချမ်းရေး ဆိုတာဟာ ခဏတဖြုတ် ငြိမ်းချမ်းရေးမူ မဟုတ်ဘဲ သားစဉ် မြေးဆက် စိတ်ချရမယ့် အာမခံချက်ရှိသော စစ်မှန်တဲ့ငြိမ်းချမ်းရေးမျိုးကိုပဲ လိုချင်ကြတာပါ။ ဦးသိန်းစိန် အစိုးရ အပါအဝင် အစိုးရ အဆက်ဆက်က လူနည်း စု တိုင်းရင်းသားတွေ အပေါ်မှာ အပြောတမျိုး အလုပ်တမျိုး လုပ်ဆောင်ချက်တွေကြောင့် ယုံကြည်မှု နည်းပါးနေကြဆဲပါ။

အလားတူ ဒုက္ခသည်တွေ ပြန်လည်နေရာ ချထားရေး ကိစ္စတွေကိုလည်းပဲ အစိုးရ အနေနဲ့ဘာမှ ကြိုတင်ပြင်ဆင်မှု မရှိဘဲ ခေါ်နေ တာဟာ ဝတ်ကျေတန်းကျေ လုပ်ဆောင်နေတာသာ ဖြစ်တယ်၊ အမှန်တကယ် စေတနာအရင်းခံနဲ့ ခေါ်နေတာ မဟုတ်ဘူးလို့ ဒုက္ခသည်တွေ က ဆိုပါတယ်။

ဒုက္ခသည် အားလုံးဟာ ဒေသရင်းမှာသာ ပြန်လည်နေထိုင်လိုကြောင်း၊ သို့သော် ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေးက အစ ကောင်းမွန်မှု မရှိသေးတာ စတဲ့ အခက်အခဲ ပေါင်းများစွာရှိနေတဲ့ အတွက် လတ်တလော အခြေအနေအရ နေရပ်ပြန်ရေး ကိစ္စဟာ ခက်ခဲနေဦးမှာပါ။

“စခန်းထဲမှာ ကလေးတွေ ပညာသင်ခွင့်ရတယ်၊ ကိုယ့်ဒေသမှာ စစ်ပွဲတွေရှိနေတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းတော့ စားဝတ်နေရေးလည်း ခက်ခဲတယ်၊ အဓိက စိတ်ပူတာကတော့ သားသမီးတွေရဲ့ အနာဂတ်ပါ”လို့ အမှတ် ၁ စခန်းရဲ့ ရပ်ကွက် ၉ အုပ်ချုပ်ရေးမှူး ဦးငါးရယ် က ပြောပါတယ်။

အမှတ် ၁ ဒုက္ခသည် စခန်းမှာ မူလတန်းကျောင်း ၆ ကျောင်း၊ အလယ်တန်းကျောင်း ၄ ကျောင်း၊ အထက်တန်းကျောင်း ၁ ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း ၁၁ ကျောင်းနဲ့ ကောလိပ်အဆင့်ရှိ Social ကျောင်းတခုလည်း ဖွင့်လှစ်ပေးထား ပါတယ်။ Social ကျောင်းကတော့ ၂ နှစ် တက်ပြီးရင် အောင်လက်မှတ် ထုတ်ပေးပါတယ်။ အဲဒီကျောင်းတွေက ဆရာ၊ ဆရာမတွေရဲ့ လစာကိုတော့ KNPP နဲ့ NGO အဖွဲ့ တချို့က ထောက်ပံ့ပေးထားတာပါ။

အခြေခံပညာ ကျောင်းသားတွေကို ကရင်နီဘာသာ၊ အင်္ဂလိပ်စာ၊ သချၤာ၊ သိပ္ပံ၊ ပထဝီ၊ သမိုင်း၊ မြန်မာစာ စတဲ့ ဘာသာရပ်တွေကို သင်ကြားပေးထားတယ်လို့ အမှတ် ၁၄ ရပ်ကွက်၊ အလယ်တန်းကျောင်းအုပ်ကြီး ဦးစေးရယ် က ရှင်းပြပါတယ်။ ဗမာစကား အခက် အခဲကြောင့် မြန်မာစာကိုတော့ အလယ်တန်းရောက်မှသာ သင်ပေးတယ်လို့လည်း ဆက်ပြောတယ်။

ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေအတွက် ရိက္ခာလျှော့ချမှုကို ၂၀၀၅-၀၆ ခုနှစ် ဝန်းကျင် လောက်က စခဲ့တဲ့အတွက် ကျောင်းသားတွေ အတွက်လည်း စာရေးကိရိယာ အခက်အခဲတချို့ ဖြစ်သွားတယ်လို့ ဆရာ ဦးစေးရယ်က ပြောပါ တယ်။

လက်ရှိမှာတော့ ဒုက္ခသည် တဦးကို တလအတွက် ဆန် ၁၂ ကီလို၊ ဆီ ကီလိုဝက်၊ မီးသွေး၊ ကုလားပဲ စတဲ့ စားသောက် စရာတွေကို NGO အဖွဲ့တချို့က ထောက်ပ့ံ့ပေးထားပါတယ်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ မြန်မာနိုင်ငံသား ဒုက္ခသည်စခန်းပေါင်း ၉ ခုရှိပြီး လူဦးရေ တသိန်းခွဲ ဝန်းကျင် ရှိပါတယ်။ တချို့ကလည်းပဲ တတိယ နိုင်ငံတွေကို ထွက်ခွာသွားကြပေမယ့် အများစုကတော့ ဒုက္ခသည် စခန်းတွေမှာ ခုံလှှုံနေကြဆဲပါ။ ဒုက္ခသည် အများစုဟာ တိုင်းရင်းသားဒေသတွေက စစ်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာကြတာ ဖြစ်သလို တချို့ကလည်း ၁၉၈၈ အရေး အခင်း နောက်ပိုင်းကာလ နိုင်ငံရေးအခြေအနေတွေကြောင့် ထွက်ပြေးလာသူတွေ ဖြစ်ပါတယ်။

တတိယနိုင်ငံ လူသစ်ခေါ်ယူမှုကို၂၀၀၅-၂၀၀၆ ခုနှစ်က စပြီး ရပ်တန့်ထားတယ်လို့ သိရပါတယ်။ စခန်းထဲမှာ အရင် နှစ်တွေ ကတည်းက ရှိနေပြီးတဲ့ လူတွေကိုတော့ ၂၀၁၃ ခုနှစ် ဇွန်လဆန်းအထိ စာရင်းပေးဖို့ ပြောဆိုထားကြောင်း ဒုက္ခသည် စခန်း တာဝန်ရှိသူတွေ က ပြောပါတယ်။

တချို့ကလည်း တတိယ နိုင်ငံတွေကို မသွားလိုဘဲ ကိုယ့်ဒေသကို ပြန်လိုကြပါတယ်။ အထူးသဖြင့် စစ်ပွဲတွေ ရပ်တန့်သွားမယ်၊ တည်ငြိမ်မှု၊ ဖွံ့ဖြိုးမှု၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိခဲ့မယ်ဆိုရင် ပြန်ချင်ကြတယ်လို့ ပြောကြပါတယ်။

ပြန်မယ်ဆိုရင်လည်းပဲ အလှှုရှင်တွေအနေနဲ့ ဒုက္ခသည်တွေကို လေးငါးနှစ်လောက် အထိ ကူညီထောက်ပံ့ပေးထားပြီးမှ ဘ၀ တခု ရပ်တည်လို့ ရတဲ့အထိ အာမခံပေးမယ်ဆိုရင်တော့ ပြန်ကြဖို့ စဉ်းစားကြမှာဖြစ်ကြောင်း၊ အလုပ်အကိုင် အတည်တကျ လုပ်နိုင်မယ့် အခွင့်အလမ်းတွေ ရှိနေပြီဆိုရင်တော့ အားလုံးပြန်ကြမှာပါ လို့ ကရင်နီခေါင်းဆောင်တွေ က ပြောကြတယ်။ ပြန်တဲ့အခါလည်း အားလုံးကို တစုတစည်းတည်း နေချထားပေးဖို့ လိုလားနေကြပါတယ်။

အစိုးရ အနေနဲ့ ဒုက္ခသည်တွေကို ပြန်လည် မခေါ်ယူမီ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ပထမ ဦးစာပေး လုပ်ဆောင်ဖို့ ကိစ္စဟာ အရေးကြီးနေပြီး KNPP နဲ့အစိုးရအဖွဲ့တို့ အပစ်အခတ် ရပ်စဲရေးလက်မှတ်ထိုးစဉ် KNPP က အချက် ၂၀ တင်ပြခဲ့ပေမယ့် လက်တွေ့မှာ ဘာမှဖြစ်လာတာ မရှိသေးတဲ့အတွက် အပစ်အခတ်ရပ်ထား တာဟာလည်းပဲ အလွတ်သဘောလိုဖြစ်နေပါတယ်။

“ဆွေးနွေးပွဲမှာ အချက် ၂၀ တင်ပြထားတာလည်းပဲ ဘာမှ မဖြစ်သေး၊ နောက်ပြီး ဖွံ့ဖြိုးရေးတွေ လုပ်မယ်၊ တပ်တွေ မတိုးချဲ့ဖို့ ကိစ္စတွေ လုပ်မယ်ပြောပေမယ့်လည်း လက်တွေ့မှာ ဘာမှ လိုက်နာတာ၊ လုပ်တာ မတွေ့ရသေးတော့ မြန်မာ အစိုးရ အနေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မလိုချင်သေးဘူးလို့ ယူဆရတာပေါ့”လို့ KNPP ဗဟို ကော်မတီဝင် ခူးဖဲဘူး က ပြောပါ တယ်။

ဦးသိန်းစိန် အစိုးရလက်ထက်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတချို့ လုပ်ဆောင်နေတဲ့အတွက် ၂၀၁၅-၂၀၁၆ ခုနှစ် ဝန်းကျင်မှာ ဒုက္ခသည်တွေ ပြန်မယ့်ကိစ္စဖြစ်ပေါ်လာနိုင်တယ်လို့ ခန့်မှန်း ကြပါတယ်။

ဒုက္ခသည်တွေ အနေနဲ့ကိုယ့်ဒေသကို ပြန်ကြတဲ့အခါ တနိုင်တပိုင် လုပ်ကိုင်စားသောက်နိုင်ရေး ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စခန်းတွေထဲမှာ မီးသွေးတောင့် လုပ်တဲ့လုပ်ငန်း၊ ရက်ကန်းရက်တဲ့ လုပ်ငန်းတွေကိုလည်းပဲ ကရင်နီအမျိုးသမီး အဖွဲ့(KNW) က ဖွင့်လှစ်ပြီး အမျိုးသမီးတွေကို သင်တန်းပေးထားတာ၊ အလုပ်ပေးထားတာတွေ ရှိပါတယ်။

မီးသွေးတော့င့် လုပ်တဲ့အလုပ်က တလမှာ ထိုင်းဘတ်ငွေ ၇၀၀ ရပြီး၊ ရက်ကန်းယက်တဲ့ အလုပ်ကတော့ တလကို ဘတ် ၂၀၀၀ ကျော်အထိ ရတယ်လို့ မီးသွေးတောင့်ထုတ်တဲ့ အလုပ်လုပ်ကိုင်နေတဲ့ မချယ်ရီ က ရှင်းပြပါတယ်။ ရက်ကန်းထည် လုပ်ရ ရင်တော့ တခုကို ဘတ်ငွေ ၂၅ ဘတ်ရပြီး ၃ ရက်အတွင်းမှာ အထည် ၂၀ ကျော်လောက်အထိ ပြီးစီးတယ်လို့ မချယ်ရီက ပြောတယ်။ အများစုကတော့ ရက်ကန်း အလုပ် လုပ်လိုကြပေမယ့် ကုန်ကြမ်း အခက်အခဲကြောင့် အမြဲတမ်း လုပ်ခွင့် မရကြပါဘူး။

ကလေး ၃ ယောက် မိခင်လည်းဖြစ်သူ မချယ်ရီ က “ကျမကတော့ ကိုယ့်ဒေသ မပြန်ချင်တော့ဘူး၊ စခန်းထဲမှာ ထောက်ပံ့ပေး မယ့်သူ ရှိတယ်၊ ကိုယ့်ဒေသမှာ ဆိုရင် ထောက်ပံ့ပေးမယ့်သူ မရှိဘူး၊ ဒီမှာက ကလေးတွေ အခမဲ့ ကျောင်းတက်ခွင့်၊ ပညာသင်ခွင့် ရနေတော့ ရွာမပြန်ချင်တော့ဘူးပေါ့”လို့ ဆိုပါတယ်။

ဒုက္ခသည် စခန်းဝင်းထဲမှာပဲ အလုပ်အကိုင် တချို့လုပ်ကိုင်ခွင့်ရတဲ့အတွက် ဝင်ငွေ အတန်အသင့်ရကြသလို တချို့ကလည်း စခန်း လုံခြုံရေးတာဝန်ယူထားတဲ့ ထိုင်းအာဏာပိုင်တွေရဲ့ နားလည်ပေးမှုကြောင့် စခန်းပြင်ပတွေမှာ နေ့စား အလုပ်တွေ လုပ်ကိုင်ခွင့်ရကြ ပါတယ်။

ကလေးတွေကို အခမဲ့ ပညာသင်ခွင့်ရသလို ကျန်းမာရေးစောင့်ရှောက်မှုမှာလည်းပဲ အခမဲ့ ဆေးဝါး ကုသခွင့်ရကြ ပါတယ်။ ဒုက္ခသည် စခန်းတွေထဲမှာ ရှိတဲ့ဆေးခန်းတွေမှာ အရေးပေါ်၊ အရေးကြီးတဲ့ ရောဂါမျိုးကလွဲရင် ရောဂါ အားလုံးကို ကုသ ပေးနေတယ် လို့ အမှတ် ၁ စခန်းထဲ က ဘန်းထရိတ်တာ ဆေးခန်းတာဝန်ခံ ခူးဖဲဘူး က ပြောပါတယ်။

ကိုယ်ဝန်ဆောင် မိခင်တွေ ဗိုက်ခွဲမွေးရတာမျိုးနဲ့တခြား အရေးပေါ် ရောဂါမျိုး ဆိုရင်တော့ မယ်ဟောင်ဆောင် ဆေးရုံကို ပို့ ဆောင် ကုသပေးတယ်လို့လည်း ဆေးခန်းတာဝန်ခံ က ပြောတယ်။ ဒုက္ခသည် အများစုကတော့ နှာစေး ချောင်းဆိုတာတွေသာ အဖြစ်များကြပြီး တခါတလေမှာ တော့ ငှက်ဖျားရောဂါနဲ့ ဝမ်းပျက် ဝမ်းလျှော တာတွေ ဖြစ်တတ်ကြတယ် လို့လည်း ရှင်းပြပါတယ်။

၁၉၉၀ ဝန်းကျင် စခန်းတည်ဆောက်ချိန်ကနေ ဒီနေ့အထိ အမှတ် ၁ စခန်း ဥက္ကဋ္ဌ ဖြစ်သူ ခူးအီရယ် က “ရာနုန်းပြည့် မပြည့်စုံ သေး ရင်တောင် ကိုယ့်တိုင်းရင်းသားဒေသတွေမှာ အေးချမ်းမှုရှိပြီး လွတ်လပ်စွာ သွားလာခွင့်၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စတာတွေ ဖွံ့ဖြိုးနေမယ်ဆိုရင်တော့ သူများတိုင်းပြည်မှာ ဘယ်သူမှ မနေချင်ကြပါဘူး၊ အားလုံးပြန်ကြမှာပါ”လို့ ပြောဆို ပါတယ်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading