သင်္ကြန်၏ အနံ့သည်ပိတောက်ဖြစ်သည်။ သင်္ကြန်၏အသံသည် သံချပ်ဖြစ်သည်။ သင်္ကြန်ဆွံ့အနေသည်မှာကြာပြီ။ သံချပ်မကြားရတာ အနှစ် (၂၅) ရှိခဲ့ပြီ။ သံချပ်မပါသော သင်္ကြန်ဆိုသည်မှာ အသက်ဝိညာဉ် ကင်းမဲ့နေသော သင်္ကြန်သာဖြစ်သည်။ ၁၉၆၂ စစ်အာဏာရှင် ခေတ်တလျှောက် သံချပ်တို့ အမျိုးမျိုးဖိနှိပ်ခံရသည်။ သံချပ်တွေကို စိစစ်ရေးတင်ပြကာ ခွင့်ပြုချက်ယူရသည်။ ဒီအထဲက သံချပ်ကြောင့် ထောင်ထဲရောက်သူရောက်သည်။ (ကျနော့် သူငယ်ချင်း ကဗျာဆရာများဖြစ်သည့် အညာတမာ၊ ငသိုင်းချောင်းဝံသာ တို့၏ စမ်းချောင်းမှ ပိတောက်တစ္ဆေ ရေသဘင်အဖွဲ့။) သံချပ်ဆိုတာက ကဗျာအမျိုးအစားတခု။ ဒါကြောင့် ကဗျာဆရာနှင့် သံချပ်လည်းမကင်း။ ဒေါင်းနွယ်ဆွေမှအစ၊ အောင်ချိမ့်တို့ မောင်လူမှိန်တို့အဆုံး သံချပ်မတိုင်သူမရှိ။ သံချပ်ဆိုတာက အုပ်ချုပ်သူ၏ အမြီး အမောက်မတည့်မှုကို ထောက်ပြဝေဖန်သော ပြုပြင်ရေးအနုပညာ။ တရားဖြင့်တည့်မတ်ပေးသော လမ်းကြောင်း။ အာဏာရှင်မှန်သမျှ သူတို့မဟုတ်တာ ထုတ်ဖော်ဝေဖန်မှာကြောက်ကြသည်မှာ ဓမ္မတာဖြစ်သည်။ သို့ဖြင့် ဒီမိုကရေစီ ဆိတ်သုဉ်းသော ကာလတလျှောက် သံချပ်သည်လည်း ဆိတ်သုဉ်း၍နေခဲ့လေသည်။
ယခုတကျော့ပြန် ဒီမိုကရေစီခေတ်ဦးတွင် တခြားသောပွင့်လင်းလွတ်လပ်မှုများနှင့်အတူ ပြန်လည်ရှင်သန်ပေါက်ဖွား လာသည်။ မနှစ်ကတည်းက “သံချပ်တွေတိုင်နိုင်သည်” ဟူသောအသံကို ခတ်သဲ့သဲ့ကြားလိုက်ရသည်။ သို့သော် သံချပ်တွေကို စိစစ်ရန် ဘယ်နေရာတင်ပြရမှာလဲ။ ကွဲကွဲပြားပြား မရှိ။ တာဝန်ယူစစ်ဆေးပေးမယ့် လူလဲမရှိ။ ဒီတော့ ကိုယ့်သဘောနဲ့ ကိုယ် သံချပ်ထွက်ထိုးသော အဖွဲ့တချို့သာရှိခဲ့သည်။ မင်းကိုနိုင်နှင့် ဒီဥက္ကာ တို့အဖွဲ့။ နောက်တော့ မေတ္တာ၊ ကုသိုလ်၊ ဗေလုဝတို့၏ သာဓုပါဗျာအဖွဲ့။ သူတို့က အလျဉ်းသင့်ရာ မဏ္ဍပ်များသွားကာ သံချပ်များဖြင့် ဖျော်ဖြေကြသည်။
ဒီနှစ်တော့ သံချပ်သည် အင်နှင့် အားနှင့် (မနှစ်က အခြေအနေကိုကြည့်ကာ) ဟိန်းထွက်လာ၏။ ဘိုဘို အင်တာတိန်းမန့်မှ ကြီးမှူးကျင်းပမည့် “လူထုပဲ့တင်သံ” သံချပ်ပြိုင်ပွဲ။ ပေးတဲ့ဆုကြေးကလည်းများသည်။ ပထမဆု သိန်း၃၀။ ပြီးတော့ စကိုင်းနက်က ရုပ်မြင်သံကြားရိုတ်ကူးကာ ထုတ်လွှင့်ပြသဦးမည်။ ဒီထက်ကောင်းတဲ့ အခွင့်အရေးမရှိတော့။ သံချပ်ဆိုတာ ဘာလဲ ဘယ်လိုလဲဆိုတာ တနိုင်ငံလုံးသိကြရတော့မည်။ ဦးဆောင်ကျင်းပသူတွေရဲ့ ရည်ရွယ်ချက်ကလဲဒါပဲ။ အနှစ် သုံးဆယ်နီးပါး ပိတ်နေတဲ့ သံချပ်တံခါးကို အခွင့်ရခိုက် တွန်းဖွင့်ကြဖို့။ သံချပ်တိုင်သံဖေါက်သံ၊ ဒိုးဆစ်သံတွေ တနိုင်ငံလုံး ညံရော့။
ကျနော်က သံချပ်ဒိုင်အဖွဲ့ထဲရောပါသွားသည်။ ပထမဒိုင် (၅)ဦးအဖွဲ့က မောင်စိမ်းနီ၊ ကျနော်၊ ကုသိုလ်၊ သာဓုပါဗျာ အဖွဲ့ခေါင်းဆောင် ဦးအောင်မြင့်နှင့် ပန်းချီ စတားဦးမြသန်း။ ဦးဆုံး ကုသိုလ်က အဖွဲ့က ကျန်းမာရေးကြောင့် နှုတ်ထွက် ရသည်။ ဘန်ကောက်ကို ဆေးသွားကုရသည်။ နောက်တော့ ဦးမြသန်း(စတား) နှုတ်ထွက်ပြန်၏။ တရက်ကို သံချပ်လေးဖွဲ့ပြိုင်တာ ထိုင်ကြည့်ကာ အကဲခတ်ရသည်။ ဆက်တိုက် ဒိုင်ခုံတွင် (၆)နာရီခန့် ထိုင်ရသည်။ ပြီးတော့ ည (၁၂)နာရီ။ ဒီ ဒဏ်တွေကို အသက်ကြီးနေပြီဖြစ်သော ဦးမြသန်းခံနိုင်ရည်ရှိဖို့မလွယ်။ ဒါကြောင့် ဒီနေရာမှာ ကိုဟိန်းလတ်၊ ကိုမိုးမင်းတို့နှင့်အစားထိုးပါသည်။ ပြိုင်ပွဲနောက်ဆုံး (ဆန်ကာတင်ရွေးပွဲ) နေ့တွင် ကိုစိမ်းနီနေရာ၌ ကိုကြည်မင်း (ဆရာ ကျော်စောမင်း) နှင့်လဲရပြန်သည်။ ထိုနေ့ည ပြိုင်ပွဲဝင်အသင်းတွင် “အပြာရဲ့အနီ” ဆိုသောအသင်းပါသည်။ ဤအသင်းက ကိုစိမ်းနီ၏သား ကဗျာဆရာ ခန့်မင်းထက် ဦးစီးသောအသင်း။ ဒီတော့ ပြိုင်ပွဲဝင်နေသော သားအသင်းကို အဖေလုပ်သူက အမှတ်ပေးခြင်းမှာ မသင့်တော်။ ကိုစိမ်းနီက ကြည်ကြည်ဖြူဖြူ သဘောပေါက်သည်။ ကျနော်တို့ဒိုင်တွေ အားလုံးက သမာသမတ်ကျကျ ဆောက်ရွက်ခဲ့ကြသည်။ ဥပမာ “ထလော့မြန်မာ” သံချပ်အဖွဲ့ခေါင်းဆောင် ဗေလုဝသည် ဒိုင် ငါးယောက်လုံးနှင့် ရင်းနှီးသူဖြစ်သည်။ သို့သော် နောက်ဆုံးပြိုင်ရမည့် ဆန်ကာတင်လေးသင်းရွေးရာ၌ သူ့အသင်း မပါဝင်ခဲ့။
တကယ်တော့ပြိုင်ပွဲဝင်လာသည့် အသင်းအားလုံးပင် အစဉ်အလာရှိကြသည်။ ဥပမာ “ဆူးကြားမှ ဗူးခါး” မှာ စတင်တည် ထောင်လာတာ အနှစ် (၄၀)ရှိပြီ။ ကိုမေတ္တာတို့ “ပြည်တော်ချစ်အဖွဲ့” သည် (၄၅) နှစ်ရှိပြီ။ ကာတွန်း အောက်တိုဘာအောင်ကြီး တို့၏ “အာကျယ်တို့ပြောပါရစေ” မှာ အနှစ်(၄၀) ရှိပြီ။ နောက်တော့ “ပဋိစ္စသမုပ္ပါဒ်” (အရင်က ဂီတစာဆိုမောင်ကြေးမုံ ဦးစီးခဲ့သည်။)၊ “စွယ်စုံအင်အားစု”၊ “အနုလုံ ပဋိလုံ”၊ “အကယ်ဒမီယဉ်ကျေးမောင်”။ တကယ့်ဝါရင့်အဖွဲ့ကြီးများပင်ဖြစ်သည်။ ဒီနှစ်မှထူထောင်ကာ ပြိုင်ပွဲဝင်လာတဲ့အဖွဲ့က (၄)ဖွဲ့သာရှိသည်။ ဤအထဲက ထူးခြားသောအဖွဲ့မှာ တ.က.သ လူငယ်လေးများရဲ့ “ပိတောက်စာမျက်နှာသစ်” နှင့် ရုပ်ရှင်သရုပ်ဆောင် မျိုးမျိုးခိုင်နှင့် ကြူကြူသင်းတို့ ခေါင်းဆောင်သည့် “ရှင်လိမ်တာတွေကိုသိပြီ” ဆိုသည့် အမျိုးသမီးသီးသန့် သံချပ်အဖွဲ့ဖြစ်သည်။ (ထိုအဖွဲ့ နှစ်ဖွဲ့မှာ ဂုဏ်ပြုဆုချီးမြှင့်ရာတွင် “ပိတောက်စာမျက်နှာသစ်”က အထူးဆု၊“ရှင်လိမ်တာတွေကိုသိပြီ” က ဝတ်စားဆင်ယင်မှုဆု အသီးသီးရခဲ့ကြသည်။)
ပြိုင်ပွဲ၏ နောက်ဆုံးနေ့ ဖိုင်နယ်ပွဲကို ဧပြီလ (၇)ရက်နေ့ညတွင် ကျိုက္ကဆံ ရွှေထွဋ်တင် ကွင်းပြင်ထဲတွင်ကျင်းပသည်။ နောက်ဆုံးယှဉ်ပြိုင်ရသည့်လေးဖွဲ့က မေတ္တာတို့ရဲ့ ပြည်တော်ချစ်၊ အပြာရဲ့အနီ၊ စွယ်စုံအင်အားစုနှင့် အကယ်ဒမီ ယဉ်ကျေးမောင်တို့ဖြစ်သည်။ ပထမဆုကို အကယ်ဒမီယဉ်ကျေးမောင်၊ ဒုတိယဆုကို စွယ်စုံအင်အားစု၊ တတိယဆုကို အပြာရဲ့အနီ၊ နှစ်သိမ့်ဆုကို ပြည်တော်ချစ်အဖွဲ့ တို့ရရှိသွားသည်။ ပရိသတ်အကြိုက်ဆုံးဆု ဆွတ်ခူးသွားတာက “ရှင်လိမ်တာတွေကိုသိပြီ” အဖွဲ့။
တကယ်တော့ ပြိုင်ပွဲဝင်သောအဖွဲ့တိုင်းလိုလို သူ့နည်းသူ့ဟန်ဖြင့် ကောင်းကြသည်သာဖြစ်သည်။ ထို့ကြောင့် အမှတ်ပေး ရသောဒိုင်တွေမှာ ပွဲစကထဲက တော်တော် စဉ်းစဉ်းစားစား အမှတ်ပေးကြရ၏။ ဖိုင်နယ်တွင် ဒိုင် (၉)ယောက်ထားကာ ဆုပေးကြသည်။ (ဇင်ဝိုင်း၊ အဆိုတော်တင်ဦးလေး၊ ဦးအောင်မြင့်၊ ဟိန်းလတ်၊ သစ္စာနီ၊ မိုးမင်း နဲ့ မိုးဝင်း၊ ကိုဝင်းငြိမ်း၊ မြတ်ခိုင်တို့ဖြစ်သည်။) လူထုပဲ့တင်သံဆိုသောအမည်နှင့်လိုက်အောင် ပဲ့တင်ထပ်နိုင်ခဲ့သည်ဟု ဆိုရမည်။
မတ်လ ၁၂ ရက်နေ့က သံချပ်တွေ စိစစ်ရေးတင်ရမည် ဟူသောအမိန့်ထွက်လာ၏။ ကျနော်တို့ စိတ်ပျက်သွားသည်။ စာပေစိစစ်ရေးပင်မရှိတော့သောကာလမှာ ဘာကြောင့်သံချပ်စီစစ်ရေးက ပေါ်ထွန်းလာရတာလဲ။ အရင်အာဏာရှင် ခေတ်ကလို “တို့ကိုမထိနဲ့ မီးပွင့်သွားမယ်” လို့သဘောထားနေလျှင် အလုပ်မဖြစ်။ သံချပ်ဆိုသည့်သဘောကိုက ဝေဖန်ထောက်ပြကာ သရော်လှောင်ပြောင်သော အနုပညာပုံစံဖြစ်သည်။ အပြုသဘောရည်ရွယ်ချက်တော့ ရှိရမည်။ ပြီးတော့ သံချပ်ဆိုတာ လူထုအသံပြည်သူ့အသံဖြစ်သည်။ သံချပ်သမားက လူထုရင်ထဲကဆန္ဒ၊ လူထုအသံကို တဆင့်ပြန်ကာ ပဲ့တင်ထပ်ပြခြင်းသာဖြစ်သည်။ အစိုးရ၊ လွှတ်တော်က၊ သမ္မတက၊ ပြည်သူ့ဆန္ဒကို၊ ပြည်သူ့အသံကို ကြားချင်၊ သိချင်တယ်ဆိုရင် မခက်ခဲပါ။ သံချပ်တွေကို နားထောင်ကြည့်ရုံပင်။ ယင်းမှာ လူထုပဲ့တင်သံဖြစ်သည်။
တော်ပါသေးသည်။ စိစစ်ရေးက ပြင်းပြင်းထန်ထန်ဖြတ်တောက်ခြင်းမပြု။ ဒီတော့သံချပ်အလှသိပ်မပျက်။ သံချပ်တိုင်တာတွေက ကုန်ဈေးနှုန်း၊ ကားကြပ်တာ၊ ကားပိတ်ဆို့တာ၊ လာဘ်ပေးလာဘ်ယူကိစ္စ၊ ပြည်တွင်းစစ်၊ ကျူရှင်၊ ကျဆင်းနေသော အားကစားလောက၊ တော်တော်ပင်စုံလင်ပါသည်။ သံချပ်အဖွဲ့တိုင်း၏ ပစ်မှတ်ကတော့ ထုံးစံအတိုင်း လက်ပန်းတောင်းတောင်နှင့် တနပ်စားဝန်ကြီးဖြစ်၍နေသည်။ (လယ်သမားတွေကို ထမင်းတနပ်ထည်းစားပြီး ကြွေးဆပ် ကြပါ ဆိုသောစကားမှာ လူတကာအတွက်ပြက်လုံးဖြစ်၍နေသည်။) ကျနော် အကြိုက်ဆုံးအဖွဲ့ကတော့ အပြာရဲ့အနီ၊ လူငယ်တွေက ငြိမ်းချမ်းရေးအလံတွေလွှင့်ထူကာ တင်းတင်းမာမာ၊ မာန်ပါပါ သံချပ်တိုင်သွားကြသည်။ သို့သော် သူတို့ အဖွဲ့မှာ တတိယဆုနှင့် ကျေနပ်လိုက်ရသည်။
ဘာပဲပြောပြော သံချပ်ဆိုတာဘာလဲ၊ စကိုင်းနက်ကျေးဇူးကြောင့် တနိုင်ငံလုံးက သိသွားကြပြီ။ လူတွေက တခဲနက် သြဘာပေးကြသည်။ သံချပ်တွေက ဒီထက်ပြောင်မြောက်ဖို့လိုသည်။ ဒါဆို တဖက်ကလည်း ပို၍ပွင့်လင်းလွတ်လပ်မှုကို အသိအမှတ်ပြုလာဖို့လိုသည်။ သံချပ်စိစစ်ရေးကိုဖြုတ်ပစ်လိုက်။ သံချပ်တွေမှာ ဘယ်လောက် လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြနိုင်သလဲ။ ယင်းမှာ ဒီမိုကရေစီမှတ်ကျောက် ဖြစ်သည်။ သံချပ်ကိုကြည့်၍ ထိုနိုင်ငံ၏ ဒီမိုကရေစီကို အကဲဖြတ်သောခေတ် ရောက်၍လာပေတော့မည်။ ကျနော်တို့ ဒီမိုကရေစီရွှေရည်သည်… ၁၆ပဲ တင်းပြည့်လော၊ သို့ မဟုတ် ၁၅ပဲ လျော့လျော့လော။