လူဦးရေ သန်း ၁၆၀ ကျော်ရှိပြီး အစ္စလမ်ကို နိုင်ငံတော် ဘာသာအဖြစ် ကိုးကွယ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူနည်းစုတွေ ဖြစ်တဲ့ ရခိုင်၊ မာရမာ၊ မြို၊ ခမီ၊ ဒိုင်းနက် (တောင်စင်ဂျာ) ၊ ချင်း၊ ဆပ်၊ ဆပ်ကမာ (သက်) နဲ့ ဘူဒဝါ (မာရမာကြီး) လူမျိုးတွေဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး လူဦးရေ ၇ သိန်းကျော် ရှိပါတယ်။
ဒီလူမျိုးစုတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒုတိယ အကြီးဆုံးမြို့ တည်ရှိရာ စစ်တကောင်းတိုင်းအတွင်းရှိ ကောက်စ်ဘဇား၊ ဘန်တရိုဘန်၊ ရန်ဂါမတီနဲ့ ခါခရာဆိုးရီ ခရိုင်တွေမှာ အဓိက နေထိုင်ကြပါတယ်။
လူမျိုးစုများအနက် ဘူဒဝါ (မာရမာကြီး) တွေထက် ကျန်လူမျိုးစုတွေက လူဦးရေ ပိုနည်းကြပြီး နှစ်သစ်ကူး ပွဲတော်တွေကိုတော့ သူ့နည်းသူ့ဟန်နဲ့ ဆင်နွှဲကြတာကို တွေ့ရပါတယ်။
ရခိုင်နဲ့ မာရမာလူမျိုးတွေက နှစ်သစ်ကူးကာလမှာ ရေကစားမဏ္ဍပ်တွေနဲ့ ရေးကစားကြပေမယ့် ဒိုင်းနက်၊ ဆပ်ကမာ၊ ဆပ်၊ ချင်း၊ မြို၊ ခမီတို့က နှစ်သစ်ကူးပွဲတော်ကို ရိုးရာ ကစားပွဲတွေ၊ ရိုးရာအကပွဲတွေနဲ့ ကျင်းပကြပါတယ်။
အခု ဧပြီလ ၁၂ ရက်နေ့က ဘန်တရုဘန်ခရိုင်၊ ရေသာဒေသရှိ ဒိုင်းနက်တွေရဲ့ နှစ်သစ်ကူးပွဲတော်မှာ သူတို့ရဲ့ ရိုးရာ ဒိုးကစား ပြိုင်ပွဲ၊ ရိုးရာ အဆို၊ အတီး၊ အကတွေနဲ့ တညလုံး ပျော်ပါးတာကို တွေ့ရပြီး ရန်ဂါမတီခရိုင်ရှိ ဒိုင်းနက်တွေကတော့ နှစ်သစ်မကူးခင် တရက်ရက်မှာ ဒိုးကစားပွဲကျင်းပပြီး ပျော်ရွှင်လေ့ရှိပါတယ်။
“ဒီ ဒိုးကစားပွဲဟာ ကျမတို့ရဲ့ ရိုးရာကစားနည်းတခုကို မပျောက်မပျက်အောင် ထိမ်းသိမ်းထားတဲ့ ကစားနည်းတခု ဖြစ်သလို နှစ်သစ်ကူးပွဲတော်ဖြစ်လို့ ပျော်စရာကောင်းတဲ့ ပွဲတခုဖြစ်တယ်။ ဒီ ကစားပွဲမှာ ကိုယ်နဲ့မသိတဲ့ မိတ်တွေနဲ့ ဆုံတွေ့ရတယ်။ ကိုယ်သိပြီးသား မိတ်ဆွေဟောင်းတွေနဲ့လည်း ပြန်ဆုံကြရတယ်” လို့ ရေသာဒေသက ဒိုးကစားပွဲကို တက်ရောက်တဲ့ ဒိုင်းနက် အမျိုးသမီးတဦးက ပြောပါတယ်။
စစ်တကောင်း တောင်တန်းဒေသမှာရှိတဲ့ ဆပ်ကမာ လူမျိုးတွေကတော့ နှစ်သစ်ကူးပွဲအဖြစ် ဧပြီလ ၁၂ ရက်နေ့ ညဘက်မှာ ဆီးမီးပန်းတွေနဲ့ ချောင်းမှာမျှောပြီး နှစ်သစ်ကူး ဆုတောင်ပွဲပြုလုပ်လေ့ရှိကြောင်း၊ အဲဒီညကနေ ၁၃ ရက်နေ့ အထိ ကိုယ့်ရပ်ကိုယ့်ရွာမှာ တအိမ်တက်ချင်း ထမင်းချက်စားတဲ့ အလေ့အထနဲ့ နှစ်သစ်ပွဲတော် ဆင်နွဲကြတယ်လို့ ရန်ဂါမတီခရိုင်မှ ကော်ရိုနာ ဆပ်ကမာက ရှင်းပြပါတယ်။
“ကျနော် သူငယ်ချင်းတွေစုဖွဲ့ပြီးတော့ တောထဲမှာ ပန်းသွားခူးကြတယ်။ ရလာတဲ့ပန်းတွေနဲ့ ဖယောင်းတိုင်ထွန်းပြီးတော့ ချောင်းထဲမျှောပြီး နှစ်သစ်ဆုတောင်းပွဲတွေ၊ တအိမ်ကနေ တအိမ်ကိုသွားပြီး ထမင်းချက်စားကြတာတွေက ကျနော်တို့ နှစ်သစ်ကူးပွဲတော် ဖြစ်ပါတယ်။ တနှစ်တခါ ကျတဲ့ ပွဲတော်မျိုးဆိုတော့ ပျော်စရာလည်း ကောင်းပါတယ်” လို့ ကော်ရိုနာ ဆပ်ကမာက ဆက်ပြောတယ်။
မာရမာလူမျိုးတွေကတော့ ဧပြီလ ၁၂ ရက်နေ့ နောက်ပိုင်းကစပြီး ဘုရားရေသပ္ပာယ်ပွဲ (ဒေသအခေါ် “ဘုရားချိုး”) နဲ့ ရေကစားပွဲတွေကို အလျဉ်းသင့်တဲ့နေ့တွေမှာ ကျင်းပလေ့ရှိကြပါတယ်။ သက်ကြီးရွယ်အိုတွေ၊ ဘာသာရေး ကိုင်းရှိုင်း ကြသူတွေကတော့ ဧပြီလ ၁၂ ရက်နေ့ကနေ ၁၇ ရက် နှစ်ဆန်း တရက်နေ့အထိ ကိုယ့်ရပ်ကိုယ့်ရွာတွေက ဘုန်ကြီးကျောင်းတွေမှာ ဥပုသ်သီလ ဆောက်တည်ကြပါတယ်။ အိမ်မှာကျန်ခဲ့တဲ့ မိသားစုတွေကလည်း ဘုန်းတော်ကြီးနဲ့ ဥပုသ်သည်တွေအတွက် ဆွမ်း၊ ကွမ်းစတဲ့ စားသောက်ဖွယ်မျိုးစုံကို လှူဒါန်းတဲ့ အလေ့အထရှိတယ်လို့ ဘန်တရိုဘန်မြို့သား ဦးချစ်စိန်က ပြောပါတယ်။
“ရေကစား မဏ္ဍပ်တွေကျတော့ တပြိုင်တည်းမှာ လုပ်ကြတာ မဟုတ်ဘူး။ ဒီဘန်တရိုဘန်မှာ ဒီနေ့ မဏ္ဍပ်လုပ်တယ်ဆိုရင် အနီးအနား နယ်တွေကလူတွေက ဒီမှာလာပျော်ကြတယ်။ ရေကစားကြတယ်။ နောက်တနေ့ နောက်တနေရာမှာ မဏ္ဍပ်လုပ်တော့ ဒီကလူတွေလည်း အဲဒီမှာ သွားပျော်ကြတယ်။ ဆိုတော့ ရေကစားကြတာက ဧပြီလ ၂၀ လောက်အထိ ဖြစ်သွားတယ်။ စီးပွားရေး အခက်အခဲကြောင့် မဏ္ဍပ်မလုပ်နိုင်တဲ့ ဒေသတွေလည်း ရှိကြတယ်” လို့ ဦးချစ်စိန်က ရှင်းပြပါတယ်။
နှစ်သစ်ကူး ရေမကစားခင်မှာ ဘုရားကို ရေသပ္ပာယ်၊ ချောင်းစောင့်နတ်၊ မြို့စောင့်နတ်ကို ပူဇော်တဲ့ အလေ့အထ တခုဟာလည်း မာရမာတို့ရဲ့ ရှေးအစဉ်အလာ ထုံးစံတခုအဖြစ် အခုချိန်အထိ ရှိနေသေးတယ်လို့ ဘန်တရိုဘန်က ဦးနေဗီက ဆိုပါတယ်။
“ကျနော်တို့ဆီမှာကတော့ ဘုရားကို အမွှေးနံ့သာရေနဲ့ ရေသပ္ပာယ်တယ်။ ချောင်းစောင့်နတ်၊ မြို့စောင့်နတ်ကို ပူဇော်ပြီးတော့ နှစ်ဟောင်းက အပြစ်တွေ၊ မကောင်းမှုတွေ ပပျောက်ပါစေတော့လို့ ဆုတောင်းတယ်။ နှစ်သစ် ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြန်သန်းရဖို့ အတွက် ဆုတောင်းတယ်။ ပြီးမှ ရေကစားပွဲ စတင်ကြပါတယ်” လို့ ဦးနေဗီက ပြောပါတယ်။
ဘင်္ဂလာဒေ့ရှ် နိုင်ငံထဲမှာ ရှိနေကြတဲ့ ရခိုင်လူမျိုးတွေကတော့ ကောက်စ်ဘဇားခရိုင်နဲ့ ဘန်တရိုဘန် ခရိုင်ထဲမှာ အများစု မှီတင်းနေထိုင်ကြပြီး သူတို့ရဲ့ နှစ်သစ်ကူး သင်္ကြန်ကလည်း တမူထူးခြားတာကို တွေ့ရပြန်ပါတယ်။
ကောက်စ်ဘဇားမြို့ပေါ်မှာတော့ သင်္ကြန်အကြိုနေ့ကစပြီး အတက်နေ့အထိ လူငယ်၊ လူလတ်၊ လူကြီး တရက်ဆီ ဘုရားရေသပ္ပာယ်ကြကာ အဲဒီနေ့တွေမှာ သက်ကြီးရွယ်အိုတွေက ဥပုသ်သီလ ဆောက်တည်ကြပါတယ်။
“ကျနော်တို့ရွာမှာကျတော့ ဒီဘန်တရိုဘန်ဘက်က သင်္ကြန်နဲ့ မတူပြန်ဘူး။ ဥပုသ်သီလ ဆောက်တည်သူတွေ ဥပုသ် မထွက်မချင်း ရေမကစားကြဘူး။ ဒါကလည်း ဥပုသ်သီလ ဆောက်တည်သူတွေ စိတ်အေးလက်အေးနဲ့ သီလ ဆောက်တည်နိုင်အောင်ရယ်၊ နောက်ပြီး ဥပုသ်သည်တွေကို ဆွမ်းအချိန်မှန် ပို့နိုင်အောင်လို့ ရေမကစားကြတာလည်း ပါတယ်” လို့ ကောက်စ်ဘဇား ခရိုင်၊ သော်ဒေဂျာဒေသ မော်ရွာက ဦးစံအောင်က ပြောပါတယ်။
ဘင်္ဂလာဒေ့ရှ် နိုင်ငံထဲက ဗုဒ္ဓဘာသာတို့ရဲ့ နှစ်သစ်ကူး သင်္ကြန်မှာ ထူးခြားတာ နောက်တခုကတော့ နှစ်ဆန်းတရက်နေ့ ရောက်ပေမယ့်လို့ ရေကစားကြတဲ့ အစဉ်အလာ၊ ပြီးတော့ တရွာကနေ နောက်တရွာကိုသွားပြီး ဘုရား ရေသပ္ပာယ်ကြတာဟာ တခူးလကုန်လို့ ကဆုန်လအထိ ပြုလုပ်ကျင်းပလေ့ ရှိကြတာပါပဲလို့ ဘန်တရိုဘန်ခရိုင် လမားမြို့နယ် ကမ်းညင်ပင်ဇောက် ကျေးရွာနေမှာ နေထိုင်တဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် တောင်ရင်းကျေးရွာမှ ဦးကျော်ခိုင်က ပြောပါတယ်။
“ဒီ ကမ်းညင်ပင်ဇောက်ရွာကနေ ရွာသူရွာသားတွေ စုပေါင်းပြီး အတီးအမှုတ်တွေနဲ့ အနီးအနား ရွာတွေဖြစ်တဲ့ ကျောက်တန်း၊ အုန်းတပင်၊ အလယ်ရွာ၊ ဆန်ဆုတ်ဝ စတဲ့ရွာတွေက ဘုန်းကြီးကျောင်းတွေက ဘုရားတွေကိုသွားပြီး ဘုရားရေသပ္ပာယ်ကြမှာဖြစ်တယ်။ ဘုရားကို ရေသပ္ပာယ်ပြီးတဲ့အခါ ကလေးတွေ အပျိုလူပျိုတွေကတော့ တယောက်နဲ့ တယောက် ရေပက်ကစားကြတာပေါ့။ ဆိုတော့ ဟိုရွာတရက် ဒီရွာတရက် လိုက်ပြီး ဘုရားရေသပ္ပာယ်လိုက်တာ တန်ခူးလ တလကုန်တဲ့အထိ သင်္ကြန်ကျသလို ဖြစ်သွားတာပေါ့” လို့ ဦးကျော်ခိုင်က ရှင်းပြပါတယ်။
ဗုဒ္ဓဘာသာဝင်တွေ့ရဲ့ နှစ်သစ်ကူးပွဲတွေအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရ ဒေသခံ အာဏာပိုင်တွေကလည်း ထိုက်သင့်သလောက် ကူညီထောက်ပံ့မှုတွေ လုပ်တာကိုလည်း တွေ့ရပြီး ကောက်စ်ဘဇား၊ ဘန်တရိုဘန်၊ ရန်ဂါမတီစတဲ့ မြို့တွေက သင်္ကြန်ပွဲတော် ရက်တွေမှာ လုံခြုံရေး အပြည့်အစုံ ချထားပေးတာကိုလည်း တွေ့ရပါတယ်။
“ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေး ယူထားတာပေးတယ်။ ရေကစားဖို့ လိုအပ်တဲ့ရေကိုလည်း မီးသတ်အဖွဲ့က ရေကားတွေ ပေးထားတယ်။ လိုတဲ့အချိန် ရေအချိန်မရွေး ရနိုင်အောင်ပေါ့” လို့ ကောက်စ်ဘဇားမြို့က ဗဟို မဏ္ဍပ်ကို လာရောက်လည်ပတ်သူ တယောက်က ပြောပြပါတယ်။
ဘုန်းကြီးကျောင်းတွေနဲ့ ဥပုသ်သည်တွေကိုလည်း ဒေသခံ အာဏာပိုင်တွေက အကူညီပေးတာတွေ ရှိကြောင်း ဘန်တရိုဘန်ခရိုင် လမားမြို့ခံ တဦးက “ဒီက ဒေသခံ အာဏာပိုင်တွေက ကျောင်းကဘုန်းကြီးတွေနဲ့ ဥပုသ်သည်တွေကို သကြားတို့ ဘာတို့ လာလှူတာရှိတယ်။ တခြား သင်္ကြန်မှာ ရေကစားမဏ္ဍပ် လုပ်မယ်ဆိုရင်လည်း ရန်ပုံငွေ ကူညီတာလည်း ရှိပါတယ်” လို့ ဆိုပါတယ်။
ဒေသတိုင်းလိုလိုမှာ ဗုဒ္ဓဘာသာတို့ရဲ့ နှစ်သစ်ကူး သင်္ကြန်ပွဲတွေကို ဘင်္ဂလားဒေ့ရှ် ဒေသခံ အာဏာပိုင်တွေ၊ ရဲအရာရှိတွေနဲ့ စစ်တပ်အရာရှိတွေပါ တက်ရောက် အားပေးတာတွေလည်း ရှိပါတယ်။
ရခိုင်နဲ့ မာရမာလူမျိုးတွေ မှီတင်းနေထိုင်ကြတဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံထဲက ဒေသတချို့ဟာ ရှေးအခါက ရခိုင်ဘုရင်တွေ အုပ်ချုပ်ခဲ့တဲ့ နေရာတွေဖြစ်လို့ ရခိုင်ရိုးရာယဉ်ကျေးမှုတွေဟာ ဒီနေ့အထိ တည်ရှိနေတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ နှစ်သစ်ကူး ပွဲတော်တွေဆိုရင် တန်းခူးလကတည်းက အိမ်ကထွက်တာ မိုးဦးကျမှ အိမ်ပြန်ရောက်တယ်လို့ အသက် ၆၀ အရွယ် ဦးကျော်ခိုင်က ပြောပါတယ်။
“ကျနော်တို့ ငယ်ငယ်တုန်းက ရွာမှာဆိုရင် သင်္ကြန်ကျတာနဲ့ ဟိုရွာလည် ဒီရွာလည်နဲ့ လည်ပတ်ပြီး ရေကစားလိုက်၊ ထမင်းချက်စားလိုက်ကြနဲ့ မိုးဦးကျအထိပေါ့။ အခုတော့ ဒီဓလေ့တွေက စီးပွားရေး အကြပ်အတည်းေတွေကြောင့် ပျောက်ကုန်ပါပြီ။ ဒါပေမယ့် ဘင်္ဂလာဒေ့ရှ်နိုင်ငံက ရခိုင်တွေမှာတော့ အဲဒီလို အလေ့အထလေးတွေ ကျန်သေးတာကို တွေ့ရတယ်” လို့ ဦးကျော်ခိုင်က ဆိုပါတယ်။ ။