ဆောင်းပါး

ဖြစ်ချင်တာက စီးပွားရေးသမား၊ ဖြစ်လာတာက စစ်သား

This article has been converted from Zawgyi One to Unicode

လူအတော်များများမှာ အနာဂတ်အတွက် စိတ်ကူးယဉ် မျှော်မှန်းချက်တွေ အမျိုးမျိုး ရှိတတ်ကြပါတယ်။ ကြီးလာရင် ဆရာဝန်ကြီး လုပ်မယ်၊ အင်ဂျင်နီယာကြီးဖြစ်အောင် ကြိုးစားမယ် စတဲ့ စိတ်ကူးယဉ် အိပ်မက်တွေ မက်ခဲ့ဖူးကြမှာပါ။ အဲဒီ စိတ်ကူးယဉ် အိမ်မက်တွေအတိုင်း ဖြစ်လာသူတွေရှိသလို အကြောင်းကြောင်းကြောင့် လွဲချော်သွားသူတွေလည်း ဒုနဲ့ဒေးပါပဲ။

လွဲချော်ခဲ့သူတွေထဲမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌနဲ့ ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်းရဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်လည်း အပါအဝင်ဖြစ်ကြောင်း သူကိုယ်တိုင်က ပြောပြခဲ့ဖူးပါတယ်။

“ဒီလိုမျိုး စစ်သားလာဖြစ်ဖို့တောင်မှ ကျနော် မထင်ထားခဲ့ဘူး။ ငယ်စဉ်တုန်းက ရည်ရွယ်ချက်ကတော့ စီးပွားရေးလုပ်ပြီး မိဘကို လုပ်ကျွေးမယ်ဆိုတဲ့ ရည်ရွယ်ချက်ပဲ ရှိခဲ့တယ်” လို့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က သူ့ရဲ့ အတိတ်က ရည်မှန်းချက် အကြောင်းကို ပြန်ပြောပြပါတယ်။

သူကြီးလာရင် စီးပွားရေးလုပ်ငန်းတွေ လုပ်ပြီး မိဘတွေကို စိတ်ချမ်းသာအောင် ထားချင်တဲ့ သူ့ရဲ့ စိတ်ကူးယဉ် အိပ်မက်ဟာ ကျောင်းသားဘဝ နေ့ရက်တွေထဲက တရက်မှာ သူ့သူငယ်ချင်း မိန်းကလေး တယောက်ကို အစိုးရ စစ်တပ်က အဓမ္မပြုကျင့်လိုက်တဲ့အချိန်မှာပဲ စစ်တပ်ကို မုန်းတီးစိတ်နဲ့ သူ့ရဲ့ရည်မှန်းချက်က လွင့်စင်သွားခဲ့ရတယ်လို့ ဆိုပါတယ်။

တနေ့မှာ SSA ရဲ့ ခေါင်းဆောင်တယောက် ဖြစ်ဖို့ မပြောနဲ့ သာမန် စစ်သားတယောက် ဖြစ်ဖို့တောင် စိတ်ကူး မယဉ်ခဲ့ဖူးဘူးလို့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။

“ကျနော်တို့ စစ်သား လာလုပ်ရတာလည်း တပ်မတော်က ဖိနှိပ်မှုကြောင့်ပဲ။ ကျောင်းသားဘဝတုန်းက ကျနော့်ရဲ့ သူငယ်ချင်း မိန်းကလေး တယောက်ကို တပ်မတော်က မုဒိမ်းကျင့်ခဲ့တယ်။ အဲဒီအချိန်ကတည်းက တပ်မတော်ကို မုန်းတီးတဲ့စိတ် ရှိလာခဲ့တယ်။ ဒါပေမယ့် လူမျိုးရေးမုန်းတီးတာ၊ ဗမာကို မုန်းတီးတယ် ဆိုတာတော့ မရှိဘူး” လို့ သူက ဆိုပါတယ်။

RCSS/SSA ရဲ့ခေါင်းဆောင်တဦးအဖြစ် တာဝန်ယူနေပေမယ့်လည်း ငယ်စဉ်ကတည်းက ရည်မှန်းခဲ့တဲ့ စီးပွားရေးကို စိတ်ကုန်သေးဟန် မတူပါဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းတွေရဲ့ လည်ပတ်မှုတွေ၊ အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ စီးပွားရေး လှုပ်ရှားနေမှုတွေကို အင်တာနက် ဝက်ဘ်ဆိုက်တွေကနေတဆင့် နေ့စဉ်အချိန်ပေး ဖတ်ရှုဖြစ်တယ် ဆိုလို့ပါ။

စီးပွားရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံထက် နောက်ကျပြီး ၁၉၇၅ ခုနှစ်မှ လွတ်လပ်ရေး ရခဲ့ကာ ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေနဲ့ တခြားစီးပွားရေး လုပ်ငန်းတွေကို လွတ်လွပ်လပ်လပ် လုပ်ခွင့်ပြုပေးခဲ့လို့ စီးပွားရေး လုပ်ငန်းတွေနဲ့ ဦးမော့လာတဲ့ ဗီယက်နမ်နိုင်ငံရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံကိုလည်း ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က သဘောကျတဲ့အကြောင်း မြန်မာနိုင်ငံကလည်း အလားတူ ပုံစံမျိုး ဖြစ်သင့်ကြောင်း သူက ပြောပြပါတယ်။

“ဗီယက်နန်နိုင်ငံရဲ့ ဥပဒေကို လေ့လာကြည့်တဲ့အခါမှာ ပြည်ပက ကုမ္ပဏီတွေ ဝင်ရောက်ပြီးတော့ ရင်းနှီးမြှုပ်နံှမှုဟာ သူတို့ အကျိုးပြန်ခံစားခွင့် ရှိတာက ၁၀၀ ရာခိုင်နှုန်းမှာ ၈၀ ရာခိုင်နှုန်းက သူတို့ ဗီယက်နမ်နိုင်ငံက အကျိုးခံစားခွင့်ရတယ်။ ထိုင်းနိုင်ငံထက်တောင် ပိုများတယ်။ ထိုင်းနိုင်ငံက အကျိုးခံစားခွင့်ရတာ ၆၀ ရာခိုင်နှုန်းပဲရှိတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံကလည်း ဒီလို ဖြစ်ရမှာပေါ့” လို့ ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံအနေနဲ့ တရားဝင် ရင်းနှီးမြှုပ်နှံမှုတွေကို တံခါးဖွင့်ပေးတယ် ဆိုပေမယ့် နိုင်ငံတကာက ကုမ္ပဏီတွေ စိတ်ချလက်ချ လုပ်ကိုင်ဆောင်ရွက်နိုင်မယ့် ထိရောက်တဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ အားနည်းမှုတွေ၊ ဗဟိုဦးစီးချုပ်ကိုင်မှုနဲ့ လွတ်လွပ်လပ်လပ် လုပ်ကိုင်ခွင့် မရှိတာတွေကိုတော့ သူက ဝေဖန်ပြောဆိုပါတယ်။

ဒီလို စီးပွားရေးသတင်းတွေ အပြင် နိုင်ငံရေး၊ လူမှုရေးနဲ့ တခြား မြန်မာပြည်တွင်း ဖြစ်စဉ်တွေကိုလည်း ဧရာဝတီ ဝက်ဘ်ဆိုက် အပါအဝင် ပြည်တွင်းပြည်ပ သတင်းဝက်ဘ်ဆိုက်တွေကို လွယ်တိုင်းလျန်း ဌာနချုပ်မှာပဲ အင်တာနက်က တဆင့် ဖတ်တယ်လို့ သိရပါတယ်။

သူ့ရုံးခန်း စာအုပ်စင်မှာလည်း ပြည်တွင်းထုတ် 7 Day ဂျာနယ်နဲ့ ဖလားဝါး နယူး (စ်) ဂျာနယ်တွေလည်း တွေ့မြင်ခဲ့ရပါတယ်။ ဒါ့အပြင် သူအရမ်းအားကျခဲ့တဲ့ ဗီယက်နမ်နိုင်ငံ လွတ်လပ်ရေးခေါင်းဆောင် ဟိုချီမင်းအကြောင်း မြန်မာလို ရေးထားတဲ့စာအုပ်ကိုလည်း တွေ့မြင်ခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေး လောကထဲက ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ပြည်ထောင်စုကြီးထဲကို ဒီမိုကရေစီ သယ်ဆောင်လာပေးခဲ့သူလို့ ရှုမြင်ကြောင်းလည်း သူက ပြောဆိုခဲ့ပါတယ်။

ရှမ်းတပ်မတော်ထဲကို ဝင်လာခဲ့ပြီး ၁၉၇၆ ခုနှစ်ကတည်းက ထိုင်း-မြန်မာ နယ်စပ်မှာ နှစ်ပေါင်း ၄၀ နီးပါး ကျင်လည်လာခဲ့တာကြောင့် မြန်မာပြည်နဲ့ တခြားနိုင်ငံတွေရဲ့ ရေးရာအကြောင်း စာတွေဖတ်တဲ့အခါ ထိုင်းဘာသာ စကားနဲ့ စာကို ပိုပြီး အားစိုက်အသုံးပြု ဖတ်တယ်လို့ ဆိုပါတယ်။ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်ဟာ မြန်မာလို ကျွမ်းကျွမ်းကျင်ကျင်ကြီး မဟုတ်ပေမယ့် စကားစမြည်တော့ ကောင်းကောင်း ပြောနိုင်ပါတယ်။

စစ်တပ်ကြီးကို ကွပ်ကဲအုပ်ချုပ်နေရတဲ့ ခေါင်းဆောင် တယောက်ရဲ့ အပန်းဖြေချိန်ကတော့ အားကစားလုပ်ခြင်း လို့ဆိုပါတယ်။ သူက ကြက်တောင်ရိုက် ဝါသနာပါသူတယောက် ဖြစ်တဲ့အတွက် အပန်းဖြေချိန်ကို ကြက်တောင် ရိုက်ရင်းပဲ ကုန်လွန်တယ်လို့ ဆိုပါတယ်။

“မိသားစုအတွက်ကတော့ ၁၀၀ ရာခိုင်နှုန်းမှာ ၃၀ ရာခိုင်နှုန်းလောက်ပဲ အချိန်ပေးနိုင်တယ်။ အချိန်သိပ်ပြီးတော့တော့ မပေးနိုင်သေးဘူး” လို့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပြပါတယ်။

စစ်အစိုးရလက်ထက်မှာ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် သူတို့လို လက်နက်စွဲကိုင်တော်လှန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေကို “သူပုန်” လို့ အမည်တပ်ပြီး ဝါဒဖြန့်တာ ခံခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ တိုင်းရင်းသား ခေါင်းဆောင်တွေက အစိုးရ စစ်တပ်ခေါင်းဆောင်တွေထက် ပိုပြီး ပွင့်လင်းမြင်သာမှု ရှိကြတာကို တွေ့ရပါတယ်။

လွယ်တိုင်းလျန်း ဌာနချုပ် တောင်ကုန်းပေါ်က ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်ရဲ့ တထပ်အိမ်ကလည်း အဆောင်အယောင်တွေ၊ ခန်းနားထည်ဝါမှုတွေ မရှိပေမယ့် သန့်သန့်ရှင်းရှင်းနဲ့ ရိုးရိုးစင်းစင်း ရှိတာကို တွေ့ရပါတယ်။ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် နေထိုင်ပြောဆို ဆက်ဆံပုံတွေကလည်း ဟိတ်ဟန်ရှိတာကို မတွေ့ရသလို လက်အောက်ငယ်သားတွေနဲ့ ဆက်ဆံရေးကလည်း ရင်းရင်းနှီးနှီးရှိတာ တွေ့မြင်ရပါတယ်။

အခုအချိန် သူ့ရဲ့ အသက် ၅၃ နှစ်ရှိပြီ ဖြစ်ပေမယ့် စိတ်ပိုင်းဆိုင်ရာ နုပျိုမှုကတော့ ၂၅ နှစ်လောက်ပဲ ရှိသေးတယ်လို့လည်း ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က အရွှန်းဖောက် ပြောဆိုပါသေးတယ်။

ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ကျောင်းသားဘဝတုန်းက ခပ်ဆိုးဆိုး ခပ်မိုက်မိုက် လူငယ်တယောက်လို့ ဆိုပါတယ်။

“ကျောင်းကတော့ တော်တော်များများ နေခဲ့ရတယ်။ ဒါပေမယ့် အောင်တော့ သိပ်ပြီး မအောင်ခဲ့ဘူး။ ငယ်ငယ်တုန်းက မိုက်ခဲ့တာပေါ့။ သူများနဲ့လည်း ခနခန ရန်ဖြစ်တော့ ကျောင်းလည်း ခနခန အထုတ်ခံရတယ်” လို့ ရယ်ရယ်မောမောနဲ့ သူ့အကြောင်းတွေကို ပြန်ပြောပြပါတယ်။

SSA ကို တချိန်က မူးယစ်ဆေးဝါး ကိစ္စတွေနဲ့ စွပ်စွဲမှုတွေ ရှိခဲ့ပေမယ့် လက်ရှိအချိန်မှာ ဒေသတွင်းမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွေကို ထိထိရောက်ရောက် လုပ်ဆောင်ဖို့ စီမံကိန်းတွေ ရေးဆွဲနေသလို အစိုးရနဲ့ နိုင်ငံတကာ မူးယစ်တိုက်ဖျက်ရေး အဖွဲ့တွေကိုလည်း ပူးပေါင်းလုပ်ဆောင်ဖို့ လမ်းဖွင့်ပေးထားတဲ့အကြောင်း သူက ထုတ်ပြောပါတယ်။

ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က နှစ်ပေါင်းများစွာ တိုက်လာတဲ့ ပြည်တွင်းစစ်ကို စိတ်ပျက်စရာအဖြစ် ညည်းညူပြောဆိုပါတယ်။ ငြိမ်းချမ်းရေးရဖို့ အစွမ်းကုန်ကြိုးစားမယ့် သူ့အစီအစဉ်တွေကိုလည်း ပြောပါတယ်။ ငြိမ်းချမ်းရေး အစီအစဉ်တွေ ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ခဲ့ရင်၊ ဥပဒေတွေ ပြင်ဆင်လာရင် ၂၀၁၅ ရွေးကောက်ပွဲမှာ သူတို့လည်း နိုင်ငံရေးပါတီတရပ်အဖြစ် သူတို့ကိုလည်း မြင်တွေ့ရဖို့ရှိနေပါတယ်။

အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အောင်မြင်လို့ ဒေသဖွံ့ဖြိုးရေးတွေ လုပ်ဆောင်တဲ့အဆင့်ရောက်ရင် သူ့ရဲ့ စိတ်ကူးယဉ် အိမ်မက်ဟောင်းထဲက စီးပွားရေးလုပ်ငန်းတွေဟာလည်း သူ့နောက်ကနေ ကပ်ပါလာဖို့ ၉၀ ရာခိုင်နှုန်း သေချာနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု RCSS/SSA အနေနဲ့ အများပိုင် ကုမ္ပဏီတခုအဖြစ် တည်ထောင်ပြီး မြန်မာနိုင်ငံတဝန်းမှာ လူမှု-စီးပွား ဖွံ့ဖြိုးရေးဆိုင်ရာတွေ လုပ်ဆောင်ဖို့ တာစူနေပြီ ဖြစ်လို့ပါပဲ။ အဲဒီကုမ္ပဏီအနေနဲ့ တယ်လီကွန်မြူနီကေးရှင်း ကွန်ရက် လိုင်စင်ကနေ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေအထိ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဖို့ ရည်မှန်းထားကြောင်း သိရပါတယ်။     ။

Loading