[irrawaddy_gallery]
နှစ်စဉ် မတ်၊ ဧပြီနဲ့ မေလတွေတိုင်းမှာ သောက်ရေအခက်တွေ့ရလေ့ရှိတဲ့ ရန်ကုန် ကြည့်မြင်တိုင် တဘက်ကမ်း အေးရွာ ဘက်ကို ထီးတန်း ဆိပ်ကမ်းကနေ နာရီဝက်နီးပါး ပန်းလှိုင်မြစ်ရဲ့ အဖျားပိုင်းအထိ သဗ္ဗာန်စီး သွားကြည့်လိုက်တော့ အနောက် အေးရွာကို ရောက်တာနဲ့ ဆိပ်ကမ်းကပ်ဖို့ အခက် စတွေ့ရပါတယ်။
ရေကျချိန် ဆိပ်ကမ်းမှာ နုန်းတွေများနေတော့ လှေသမားတွေအတွက် ဆိပ်ကမ်းကပ်ရတာ တော်တော် အခက်အခဲ ဖြစ်ကြပါတယ်။
ဒီနေရာတွေက ရေကျတဲ့အခါ လှေနဲ့သွားလို့ကို မရတဲ့အကြောင်း၊ ဒီရွာလေးရဲ့ အထက်ဘက်က ဒီထက် ပိုဆိုးသေးတဲ့ အကြောင်း အေးရွာ အနောက်ရွာက ဒေသခံ သဗ္ဗာန်မောင်းတဲ့ ဦးအေးဆန်းက ပြောပြတယ်။
ဒီဒေသခံတွေက သောက်ရေကန်ကိုသာ အဓိကထား သောက်နေရတဲ့ ဒေသတွေဖြစ်ပါတယ်။ မြေအောက် အဝီစိတွင်း တွေတော့ တူးလို့ ရပေမယ့် အဲဒီရေတွေက အနံ့မကောင်းတဲ့ အပြင် ထမင်းချက်ဖို့တောင် အသုံးပြုလို့ မရဘူးလို့ အနောက်အေးရွာ ဒေသခံတွေ ဆီက သိရတယ်။
“ဒီရေတွေက ရေငံရေတွေလိုပဲ။ ဆပ်ပြာတိုက် ရင်တောင် အမြှုပ်မထွက်တဲ့အပြင် ရေက မြေအောက်က ထွက်လာတုံးကတော့ ကြည်တယ်။ ဒါပေမယ့် ရေစည်ထဲမှာ အချိန်နည်းနည်း ကြာလာတာနဲ့ ဖြူလာတယ်။ အနံ့ကလည်း မကောင်းတော့ သောက်မရဘူး။ အဝတ်လျှော်၊ ရေချိုးလောက်ပဲရတယ်” လို့ ဦးအေးဆန်းက ဆက်ပြောတယ်။
လတ်တလောမှာ သောက်သုံးရေ အခက်အခဲတွေကို ကြုံတွေ့နေတဲ့ ရွာတွေကတော့ ရန်ကုန်မြို့ တဘက်ကမ်းက ကြည့်မြင်တိုင် မြို့နယ်ထဲက ဆိပ်ကြီး၊ အလတ်ချောင်း၊ အေးရွာ (အနောက်)၊ အေးရွာ (အရှေ့) နဲ့ ဝါးရုံဆိပ် ရွာတို့ ဖြစ်ပြီး ကျေးရွာ စုစုပေါင်း ၁၁ ရွာ ရှိတယ်လို့ သိရပါတယ်။
ကြည့်မြင်တိုင်မြို့နယ်အပိုင် ဖြစ်ပေမယ့် အေးရွာ (အရှေ့) နဲ့ (အနောက်) ဆိုပြီး အုပ်စု ၂ စု ခွဲထားပါတယ်။ လူဦးရေ စာရင်းတွေကို အားလုံး အတိအကျ မသိပေမယ့် အေးရွာကလေးမှာတော့ အိမ်ထောင်စုပေါင်း ၅၂၀ လောက် ရှိတယ်လို့ သိရပါတယ်။
နွေရာသီရောက်တာနဲ့ အေးရွာ (အနောက်) မှာ နေထိုင်တဲ့ ပြည်သူတွေကတော့ ရေရှားပါးမှု ပြဿနာ ကြုံတွေ့နေကျဖြစ်ပြီး “လောကနန္ဒ သောက်ရေကန်” ကရေကိုပဲ သောက်သုံးရေအဖြစ် အသုံးပြုနေကြရတယ်လို့ အေးရွာ (အနောက်) ရပ်ကွက် အုပ်ချုပ်ရေးမှူး တာဝန်ခံ ဦးအောင်ကျော်ဌေးက ဧရာဝတီကို ပြောပါတယ်။
အနောက်အေးရွာမှာ စုစုပေါင်းရေကန် ၅ ကန်ရှိပေမယ့် သောက်ရေအဖြစ် အသုံးပြုတဲ့ ကန် ၂ ကန်က အခု နွေရာသီမှာ ၁ ကန်ပဲ ကျန်ပါတော့တယ်။ ကျန်နေတဲ့ လောကနန္ဒ သောက်ရေကန်က ရေအနက် ၂ ပေတောင် မရှိတော့တာ တွေ့ရပါတယ်။
ဒါကြောင့်လည်း ကန်ကို ခြံခတ်ထားရပြီး တံခါးကို မနက် ၆ နာရီကနေ ၈ နာရီတကြိမ်၊ ညနေ ၄ နာရီကနေ ၆ နာရီအထိ တကြိမ်ပဲ ဖွင့်ပေးရတယ်၊ သောက်ရေအတွက် စနစ်တကျနဲ့ အချိန်ကြာကြာ အသုံးပြုလို့ရအောင် စီမံရတဲ့အကြောင်း အနောက် အေးရွာက အုပ်ချုပ်ရေး တာဝန်ခံ ဦးအောင်ကျော်ဌေးက ရှင်းပြတယ်။
ကန်ထဲကရေဟာ ဒိုက်စော်နံနေပါပြီ။ ဒါပေမယ့် ဒီဒေသခံတွေအနေနဲ့က ဒီကန်ကရေကိုသာ သောက်လေ့ ရှိတာကြောင့် သူတို့ အတွက်ကတော့ ပြဿနာမရှိဘူးလို့ ဆိုကြပါတယ်။ ဒီကန်ကို ၂ နှစ်တကြိမ်လောက် ပြန်ဆယ်ပေမယ့် ကန်ထဲကို ကျန်းမာရေး အရ ဆေးဖြန်းတာတို့၊ ကျောက်ချဉ်ထည့်တာတို့ ဘယ်တုန်းကမှ လုပ်လေ့မရှိတဲ့အကြောင်း ဦးအောင်ကျော်ဌေးက ဆက် ပြောတယ်။
“ဘယ်ကမှလည်း ကျန်းမာရေးအတွက် ရေသန့်အောင် ဆေးထည့်တာ မလုပ်သလို၊ ကျနော်တို့ ဒေသခံတွေကလည်း ဒါမျိုး လုပ်လေ့မရှိပါဘူး။ ကျနော်တို့အတွက်ကတော့ ဒီရေက ယဉ်ပါးနေတာပဲလေ။ ရေမသန့်လို့ ဝမ်းလျှောတာမျိုးလည်း မဖြစ်ပါဘူး” လို့ သူက ဆိုတယ်။
ဒီကန်က ရေကို သောက်ရေ အတွက်သာ အဓိက သုံးခွင့်ပေးထားပြီး သံဆူးကြိုးနဲ့ ကာရံထားတဲ့ ကန်အနီး ပတ်ဝန်းကျင်မှာ အမှိုက်သရိုက်တွေ မပစ်ဖို့ကိုလည်း ရွာက ပြည်သူတွေကို အသိပေး ထားတယ်လို့ သိရပါတယ်။
ဒီ “လောကနန္ဒ သောက်ရေကန်” ကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ရေကန်ကလေး နှစ်ကန်ရှိတဲ့အနက် ရွာဘုန်းတော်ကြီး ဦးစောတိသ ကန်တခုတည်း ဖြစ်အောင် စဉ်စဉ်ပေးခဲ့တာလို့ ဦးအောင်ကျော်ဌေးက ပြောပါတယ်။
“ပြောရမယ် ဆိုရင် အရင်က သောက်ရေကန် နှစ်ကန် ရှိတယ်၊ အဲဒီသောက်ရေကန် နှစ်ကန်စလုံးရှိတာ လုံး၀ မလုံလောက် ဘူး။ မလုံလောက်တဲ့ အခါကျတော့ ဆရာတော်က အပင်ပန်းခံပြီး ကန်တွေကို ပေါင်းပေးခဲ့တယ်။ ဆရာတော်ကိုယ်တိုင်လည်း ဒုက္ခခံပြီးတော့ ကန်အကြီးကြီး တကန်ဖြစ်အောင် လုပ်ပေးခဲ့တာ” လို့ သူက ဆိုပါတယ်။
ဆရာတော်က ရွာမှာ ရှိတဲ့ ပြည်သူတွေ သောက်သုံးရေ ရရှိဖို့ အတွက်သာမကဘဲ ရွာမှာရှိတဲ့ လူသွားလမ်းကိုပါ ကိုယ်ထူကိုယ်ထ စနစ်နဲ့ စီစဉ် ပေးခဲ့တာပါ။ ဒါပေမယ့် အဲဒီ ဆရာတော်ဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ပျံလွန်တော် မူသွားပြီ ဖြစ်ပါတယ်။
“ဆရာတော်က ကန်ပတ်တဲ့ လမ်းတွေလည်းလုပ်ခဲ့တယ်။ အစတုန်းက ကျနော်တို့ ရွာကလေးဟာ ရွံ့ဗွက်တွေထဲ သွားနေရတယ်၊ ဒုက္ခ တော်တော်ရောက်တယ်၊ အားလုံး လုပ်ပေးပြီးတော့မှ ဆရာတော် ပျံလွန်တော်မူသွားတယ်” လို့ ဦး အောင်ကျော်ဌေးက ဆက်ပြောပါတယ်။
ရေကန်ရဲ့ အကျယ်က တဧက၊ အနက် ၈ ပေလောက် ရှိပြီး ကြာပန်းတွေ အပြင် ငါးတွေလည်း မွေးထားပါသေးတယ်။ ဒီကန်ထဲကို မိုးတွင်း ကာလမှာ ရေခံထားပြီး နွေရာသီမှာ သောက်သုံးရေအဖြစ် အသုံးပြုကြတာပါ။ ကန် သန့်စင်ရေးကိုတော့ ၂ နှစ်တခါ လုပ်လေ့ရှိတယ်လို့ သိရပါတယ်။
အဲဒီရွာက အိမ်သုံးဖို့အတွက် ရေကိုတော့ အဝီစိတွင်းကိုပဲ အားကိုးနေကြပြီး သောက်ရေအတွက်ကို ကန်ရေအပြင် အစိုးရနဲ့ NGO အဖွဲ့ တချို့က လာရောက် လှူတဲ့ ရေရှိပေမယ့်လည်း နွေမှာတော့ လုံလောက်မှု မရှိပါဘူး။
အဲဒီလို မလုံလောက်တဲ့ အတွက် ရွာက တတ်နိုင်သူ တချို့က သောက်ရေသန့်ကို ရန်ကုန်ကနေ တဆင့် မှာသောက်နေကြ တာတွေ ရှိတယ်လို့ ဦးအောင်ကျော်ဌေးက ရှင်းပြပါတယ်။
လူနည်းစုသာ သောက်ရေသန့်ကို ဝယ်သောက်နိုင် ကြတာလို့ သူက ဆိုပါတယ်။
“တချို့ကျတော့လည်း အလုပ်က ကောင်းတယ်၊ တချို့လည်း လူလတ်တန်းစားတွေပေါ့။ သူရတာလေးနဲ့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ငရုပ်ဝယ်တာ။ တချို့ကျတော့လည်း ငါးဒိုင်မှာ ငါးသွားထမ်းတဲ့ လူနဲ့၊ လမ်း ၃၀ မှာ အလုပ်သွားလုပ်တဲ့ လူတွေပါ” လို့ အေးရွာ အနောက်က ရွာသူရွာသားတွေရဲ့ အလုပ်အကိုင်နဲ့ ပတ်သက်လို့ ဦးအောင်ကျော်ဌေးက ပြောပါတယ်။
နွေရာသီအချိန် ၃ လလောက်သာ သောက်သုံးရေ အခက်အခဲကို ကြုံရပြီး ဇွန်လကစလို့ သောက်သုံးရေ အတွက် အခက် အခဲ မကြုံရတော့ပါဘူးလို့ သူကဆိုပါတယ်။ သူတို့ရွာတကျောလုံး အဝီစိတွင်း ရေချိုမရဘဲ ကမ်းစပ်လောက်တင် ရေချိုထွက်တာလို့ သိရတယ်။ အဝီစိတွင်းရေ ဝယ်သုံးသူတွေ အတွက်ကတော့ လေးပုံးကို ကျပ် ၁ ရာပေးရကြောင်း သိရပါတယ်။
အဲဒီရွာက တခြားကန်တွေကို လိုက်ကြည့်တဲ့အခါမှာ အားလုံး ရေခန်းနေပါပြီ။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ပြည်ခိုင်ဖြိုး ပါတီက တူးပေးထားတဲ့ ကန်တွေလည်း အခုချိန်အထိ သုံးရေ ကောင်းကောင်းမရသေးဘဲ ရေအရောင်က ဖြူနောက်နောက် ဖြစ်နေတာ တွေ့ရပါတယ်။
ဒီလို နှစ်တိုင်း သောက်ရေအခက် တွေ့နေရတာကို ပြေလည်စေဖို့အတွက် ကန်တွေကို ဒီထက်နက်နက်တူး၊ သောက်ရေကန် ဖြစ်အောင် ပြုပြင်မှသာ နှစ်စဉ် ရေပြဿနာ ပြေလည်နိုင်မယ့်အကြောင်း ဒေသခံတဦးက ပြောပါတယ်။
“ကျနော်တို့ ဒေသခံတွေ အနေနဲ့က ဒီကန်တွေကို ပြုပြင်ဖို့ အားမရှိဘူး။ သောက်ရေအတွက်လည်း ရေသန့်ဘူးကို ဝယ်သောက်ဖို့ ဒေသခံတွေရဲ့ စီးပွားရေးအရ မတတ်နိုင်ကြဘူး။ သက်ဆိုင်ရာကပဲ ဖြစ်ဖြစ်၊ အလှူရှင် တွေကပဲဖြစ်ဖြစ် အကောင်အထည် ဖော်ပေးမှ ရမှာ” လို့ သူက ဆက်ပြောတယ်။
အလားတူပဲ သောက်သုံးရေကန်တွေဟာ အေးရွာအနောက်တင် မကဘဲ တခြား ရွာတွေမှာလည်း ရေခန်းခြောက် နေတာ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် အရင်နှစ်တွေထက် စာရင် ဒီနှစ်မှာ ရေအခက်အခဲ သိပ်မကြုံရဘူးလို့ ဝါးရုံဆိပ်ရွာက အမျိုးသမီး တယောက်က ပြောပါတယ်။
“သောက်သုံးရေ အခက်အခဲကတော့ ဟိုနှစ်တွေထက်စာရင် ကောင်းလာပါတယ်၊ အဝီစိတွင်းလေးတွေ တူးလာကြလို့ပါ။ မဟုတ်ရင် သောက်ရေရော၊ သုံးရေပါ ဒီကန်တွေထဲကပဲ ယူသုံးနေရင် အိုင်ခွက်ထဲက ရေကိုတောင် ခပ်သောက်ရတဲ့ အဆင့်အထိ ဒုက္ခ ကြုံတွေ့ရနိုင်တယ်” လို့ သူက ဆိုပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်လောက်က စပြီး သောက်သုံးရေ အခက်အခဲတွေကို တဖြည်းဖြည်း ကျော်လွှား လာနိုင်ပြီလို့ သူကပဲ ဆက်ပြီး ပြောဆိုပါတယ်။
ဝါးရုံဆိပ် ရွာအဝင်မှာ ရေခန်းနေတဲ့ ကန်တခုကို တွေ့ခဲ့ရပေမယ့် အဲဒီကန်က တကယ်တော့ ခန်းနေတာ မဟုတ်တဲ့အကြောင်း ရွာခံ ကိုဝင်းလှိုင်က ပြောပြတယ်။
ဒီကန်က အရင်ကတည်းက သုံးရေလောက်သာ ရတဲ့ကန်၊ အဲဒါကို ဒီနှစ်မှာ ကန်ထဲက ရေကို ပြန်ခပ်ထုတ်ထားပြီး သောက် ရေကန် ဖြစ်လာအောင် ပြုပြင်ဖို့အတွက် ပြင်ထားတာလို့ သိရပါတယ်။
ဒီဝါးရုံဆိပ်ရွာမှာ ရေကန် ၁၁ ကန်ရှိပေမယ့် တကယ်တန်း သောက်လို့ရတဲ့ ရေကန်ကတော့ ၂ ကန်ထဲပါ။ ကျန်တဲ့ကန်တွေက မြစ်ရေ ဝင်တာတွေလည်းရှိတော့ သုံးရေ အဆင့်ပဲရတယ်လို့ ရွာခံတွေက ဆိုပါတယ်။
ဒီ ကြည့်မြင်တိုင် တဘက်ကမ်းက ၁၁ မြို့နယ်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဌာနက နေ့စဉ် ရေဂါလန် ၃ သောင်း လိုက်လံ ဖြန့်ဝေပေးနေတဲ့အကြောင်း သိရတယ်။
ဒါပေမယ့် အဲဒီပမာဏက လုံလောက်မှုမရှိဘူးဆိုတာ တွေ့ရတယ်။ ဒေသခံတွေအနေနဲ့က သောက်ရေ လာဝေတဲ့အချိန်မှာ အလုအယက် ဝိုင်းခပ်ကြရတာပါ။ ဒါတောင်မှ အိမ်တအိမ်ကို ရေ ၂ ထမ်းလောက်ပဲ ရကြပါတယ်။ မလောက်ငတဲ့ အခါမှာတော့ ရွာက သောက်ရေကန် ဘက်ကိုပဲ ပြန်ဦးတည်ကြရတာ တွေ့ရတယ်။
ဝါးရုံဆိပ်ရွာက ရေကန်တွေကို စနစ်တကျ စီမံထားတာလည်း မတွေ့ရသလို၊ ပတ်ဝန်းကျင် သန့်ရှင်းအောင် လုပ်ထား တာလည်း မတွေ့ရပါဘူး။
“ဒီကန်ဘေးမှာနေတဲ့ သူတွေက ဟိုးအရင် နှစ်ပေါင်းများစွာထဲက နေလာတဲ့သူတွေ။ ဒီလူတွေကို ကန်နားမှာ အိမ်သာ မဆောက်ရတို့၊ ဘာတို့ စည်းမျဉ်းထုတ်ဖို့လည်း မဖြစ်နိုင်ဘူး။ ဒီကန်ထဲကို အမှိုက်မပစ်ဖို့သာ ကျနော်တို့က ပြောထားရတယ်” လို့ ဝါးရုံဆိပ်ရွာက အုပ်ချုပ်ရေးမှူး ဦးဇော်လင်းက ပြောတယ်။
ဒါပေမယ့် စည်ပင်က လာပေးတဲ့ရေကို အကျိုးဖြစ်အောင် စီမံဆောင်ရွက် ထားတဲ့အကြောင်း၊ သောက်ရေနဲ့ သုံးရေကို စနစ်တကျ အသုံးပြုကြဖို့ ဒေသခံတွေကို လိုက်လံနှိုးဆော်တဲ့အကြောင်း သူက ဆက်ပြောတယ်။
ဝါးရုံဆိပ်ရွာမှာ အိမ်ထောင်စုပေါင်း ထောင်ကျော်ရှိပါတယ်။ သုံးရေရတဲ့ တုံကင်ပေါင်းက ၅၀၀ လောက် ရှိတဲ့အတွက် သုံးရေကတော့ စိတ်မပူရဘူး၊ သောက်ရေ တခုအတွက်သာ နှစ်စဉ် စိတ်ပူနေရတယ်လို့ ဝါးရုံဆိပ် ဒေသခံတဦးက ဆိုတယ်။
“ဒီလိုနွေရောက်တိုင်း သောက်ရေအတွက် စိတ်ပူရတာ နှစ်ပေါင်း များစွာ ကြာပါပြီဗျာ။ ဒီနှစ်က နည်းနည်း တော်သေးတယ်။ ဒီအချိန်အထိ ကန်ထဲမှာ ရေ ၂ ပေလောက် ကျန်နေသေးတယ်။ အရင်နှစ်ကဆိုရင် ဒီအချိန်မှာ ကန်အားလုံး ခန်းနေပြီ။ မိုးတွင်းကဆိုရင် ဒီကန်တွေက ရေအမြင့် လူတရပ်ကျော်တယ်” လို့ သူက ဆက်ပြောတယ်။
ဒီကြည့်မြင်တိုင် တဘက်ကမ်းက ဒေသခံတွေဟာ အများစုက လက်လုပ် လက်စားတွေပါ။ သူတို့ဝမ်းရေးအတွက် ရန်ကုန် ဘက်ကို ကူးပြီး စီးပွားလာရှာကြတဲ့သူ အများဖြစ်ပါတယ်။ တချို့က ငါးဈေးက ဒိုင်တွေမှာ ငါးတောင်းထမ်း၊ ငါးရွေးတဲ့ အလုပ်လုပ်၊ တချို့က ရန်ကုန်မြို့ထဲ လမ်းဘေးဈေးတွေ ခင်းပြီး ရောင်းချ၊ တချို့က ရန်ကုန်မြို့ထဲက ဆိုင်တွေမှာ ဝင်လုပ်နဲ့မို့ ရရစားစားတွေ များတယ်လို့ ဆိုရပါမယ်။
မူရင်းဒေသခံ စီးပွားရေးဆိုတာ ဘာမှမရှိပါဘူး။ အရွယ်ရောက်လာတာနဲ့ ပညာတပိုင်းတစနဲ့ ကျပန်း အလုပ်ကိုလုပ်ကြတဲ့ သူတွေ များတဲ့အတွက်ကြောင့် ရွာမှာ ဘွဲ့ရခဲ့တာဆိုလို့ ၅ ဦးထက်မပိုတဲ့အကြောင်း ဝါးရုံဆိပ်ရွာက ကိုကျော်ဌေးဦးက ပြောပြ တယ်။
“ပန်းလှိုင်မြစ်က ရေကျချိန်ဆို လှေထွက်လို့ မရတော့ဘူး။ ဒါကြောင့် ရေရတဲ့ ဘက်ကိုဆိုင်ကယ်နဲ့သွား၊ အဲဒီကနေ စက်လှေ နဲ့ကူး။ အဲဒီလို အသွားအပြန်စရိတ်တင် ကျပ် ၁၂၀၀ ကျော်ကုန်နေပြီ။ တနေ့လုပ်ခ ပျမ်းမျှ ၃၊ ၄ ထောင်ရတာ။ ဘယ်လိုလုပ်ပြီး ပညာရေးဘက်ကို လှည့်နိုင်ကြမှာလဲဗျာ” လို့ သူက ဆက်ပြောတယ်။
ကြည့်မြင်တိုင် တဘက်ကမ်းက ရွာ ၁၁ ရွာထဲမှာ သောက်ရေ အခက်အတွေ့ရဆုံး ဆိုတဲ့ ဦးမြ၊ ငါးစင်ရွာ ဘက်ကို ဆက်သွားတော့ စည်ပင်က လာဝေတဲ့ သောက်ရေတွေကို ကမ်းနားနဲ့နီးတဲ့ အိမ်တွေပဲရတာ၊ အပေါ်ဘက် အိမ်တွေက လုံး၀ မရဘူးလို့ ရွာနှစ်ရွာရဲ့ အုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးအောင်ချင်းက ရှင်းပြပါတယ်။
ဒီရွာနှစ်ရွာမှာ ကန်က ၉ ကန်၊ သောက်ရေကန်က ၃ ကန်ရှိပေမယ့် အခုချိန်မှာ ၁ ကန်ပဲ ရေကျန်တော့တာ တွေ့ရပါတယ်။ ကျန်တဲ့ရေကန်က အပေါ်ပိုင်းမှာ ဆိုတဲ့အတွက် စည်ပင်ရေမရတဲ့ အပေါ်ပိုင်းအတွက် တော်သေးတယ်လို့ ဆိုရပါမယ်။
ဒီဒေသတွေကို ရန်ကုန်ကလို ဂျိုးဖြူရေပိုက် သွယ်ပေးနိုင်မယ်ဆိုရင် ပိုကောင်းတယ်လို့ ဦးအောင်ချင်းက ဆက်ပြောတယ်။ အခုဆိုရင် လှိုင်သာယာမြို့နယ် ဘက်ကနေ တားရိုးလမ်းလည်း ပေါက်နေပြီ ဖြစ်တဲ့အတွက် ဂျိုးဖြူပိုက်လိုင်း သွယ်တန်းမယ် ဆိုရင်လည်း ဖြစ်နိုင်ချေရှိပါတယ်လို့ သူကဆိုတယ်။
“ရန်ကုန်ဘက်လို ဂျိုးဖြူရေရရင်တော့အကောင်းဆုံးပေါ့ဗျာ။ ဒီဒေသက မြစ်ဘေးမှာနေပေမယ့် သောက်ရေ တကယ် ခက်တဲ့ ဒေသပါ။ အခက်ခဲဆုံး ဖြစ်တဲ့ တနှစ်မှာ ၃ လလောက်ပဲ ဂျိုးဖြူရေ ရရင်တောင် ကျနော်တို့ အရမ်းကို အဆင်ပြေသွားမှာ” လို့ ဦးအောင်ချင်းက ဆက်ပြောတယ်။
ဒါတောင်မှ သူတို့ရွာက သီတင်းကျွတ်လောက် မြစ်ရေကြည်တဲ့ အချိန်မှာ ရွာထဲက ကန်တွေထဲကို မြစ်ရေ မောင်းထည့်ထား လို့ သုံးရေအတွက် အခုအချိန်အထိ အဆင်ပြေနေသေးတာလို့ သိရပါတယ်။ ဒီလို မြစ်ရေကောင်းကောင်း ရတဲ့အချိန်မှာလည်း ကန်တွေကို ဒီထက် အနက်ရအောင် ထပ်တူးထားဖို့ လိုတယ်လို့ ဦးမြ၊ ငါးစင်ရွာခံ တဦးက ဆိုသည်။
ဒီလို တူးဖို့ဆိုတာကလည်း ဒေသခံတွေ အနေနဲ့က တော်တော်ကိုအချိန် ယူရဦးမှာ ဖြစ်ပါတယ်။ သူတို့ဒေသခံတွေက လက်လုပ်လက်စားတွေ ဆိုတော့ ငွေလည်းမတက်နိုင်၊ အချိန်ကျတော့လည်း နေ့စဉ် အလုပ်သွားနေမှ ဝမ်းဝမှာဆိုတော့ ဒီအတွက် သီးသန့် အချိန်ပေးနိုင်ဖို့ အခက်ရှိတယ်လို့ သိရတယ်။
“ကိုယ်ထူကိုယ်ထ လုပ်ဖို့တော့ စဉ်းစားထားတယ်။ ငွေတတ်နိုင်တဲ့ အိမ်က တက်နိုင်သလောက် ငွေထည့်၊ လုပ်အား နိုင်တဲ့သူက လုပ်အားနဲ့ ဒီနှစ် ခန်းနေတဲ့ ကန်တွေကို ဒီထက်နက်အောင် တူးမယ်လို့ စဉ်းစားထားတယ်။ ဒါမှ မြစ်ရေ မောင်းတင်တဲ့ အခါ ရေများများ သိုလှောင်ထားနိုင် အောင်ပေါ့။ သောက်ရေ မရတောင် သုံးရေ လုံလုံလောက်လောက် ဖြစ်ဖို့ပါပဲ” လို့ ဦးအောင်ချင်းက ဆိုပါတယ်။
ဧရာဝတီသတင်းထောက် သန်းထိုက်ဦးနှင့် စနေလင်းတို့ ပူးပေါင်းရေးသားသည်။