ဆောင်းပါး

၂ ရက်မှာ ၁ ယောက် သေနေသည်

This article has been converted from Zawgyi One to Unicode

“တနှစ်မှာ ၁၇၀ ကျော် သေတယ်။ ၂ ရက်မှာ ၁ ယောက်နှုန်းပါပဲ”

အနီးစခန်း စာကြည့်အသင်းတိုက်မှာ စာပေ ဆွေးနွေးပွဲ ပြုလုပ်ရင်း အထက်ပါ စကားကို ကြားခဲ့ရခြင်း ဖြစ်သည်။ တောင်ပေါ်လေ အေးအေးကို ရှူရှိူက်ရင်း ပျော်ရွှင်နေသော နှလုံးသားသည် ပူလောင်သွားရ၏။ မယုံကြည်နိုင်သော မျက်လုံးများဖြင့် ပြန်ကြည့်သောအခါ ထိုစာကြည့်တိုက် ကော်မတီဝင်က ဆက်ပြောသည်။

“မန္တလေးတိုင်း တခုတည်းမှာပဲ တနှစ် သေဆုံးသူ ၁၇၀ ကျော် စာရင်းရပါတယ်။ ယာဉ်တိုက်မှုကနေ သေတဲ့လူ။ မော်တော် ဆိုင်ကယ် စီးရင်း ယာဉ်တိုက်လိုပ သေတဲ့လူပါ။ ဒီမှာက မော်တော်ဆိုင်ကယ် ဈေးပေါတယ်လေ။ လူတိုင်းလိုလို ဝယ်နိုင် ကြတယ်။ အထူးသဖြင့် လူငယ်တွေက စီးကြတယ်။ လူငယ်ဆိုတော့ စိတ်လည်းမြန်တယ်၊ အကြောက်အလန့်လည်း မရှိဘူး။ အတွေ့အကြုံလည်း မရှိဘူး။ ပြီးတော့ ယာဉ်စည်းကမ်းကို မသိကြဘူး။ ဥပမာ အဝိုင်းရောက်ရင် အဝိုင်းပတ်ယာဉ်ကို ဦးစားပေးရမယ် ဆိုတဲ့ စည်းကမ်းကို မသိဘူး။ မသိတော့ စွတ်ပြီး တိုးတာ။ တဘက်က စည်းကမ်းနဲ့ လာတဲ့ ကားက တိုက်မိရော၊ အဲဒါမျိုးတွေ ပေါ့လေ။ စည်းကမ်း ထိန်းသိမ်းတဲ့လူ ရှိပေမယ့် စည်းကမ်းမသိတဲ့ လူတွေနဲ့ တွေ့ပြီးခံရတာ”

၁၉၉၀ နောက်ပိုင်းတွင် မြန်မာပြည်တွင်းသို့ တရုတ်ဆိုင်ကယ် ဆိုသော ဈေးပေါသည့် မော်တော်ဆိုင်ကယ်တွေ စုပြုံဝင်လာ သည်။ နယ်စပ်မှာတင် တပ်ဆင်ပြီး ဝင်ပေါက်အသီးသီးမှ တစီးချင်းဖြစ်စေ၊ ကားနှင့် စုပြုံတင်၍ ဖြစ်စေ ဝင်ခဲ့၏။ ဗန်းမော် ဝင်ပေါက် တခုတည်းမှာပင် မော်တော်ဆိုင်ကယ် တစီးပေါ်၌ တခြား တစီးတင်ပြီး ဗန်းမော် ဆိပ်ကမ်းသို့ ကယ်ရီပို့ကြသော လူငယ်တွေ များလှသည်။ လွယ်ဂျယ် – ဗန်းမော်လမ်းမှာ ထို မော်တော် ဆိုင်ကယ်များ သယ်သည့် အလုပ်ဝင်ငွေ ကောင်းခဲ့သည်။ တနေ့အတွင်း မော်တော်ဆိုင်ကယ် ၂ စီး၊ သယ်ခ ကျပ် ၂ သောင်း ကျော်ရသည် ဆိုတော့ လူငယ်တွေ စိတ်အဝင်စားဆုံး အလုပ်ဖြစ်လာတာ သဘာဝကျသည်။

ဤသို့ဖြင့် အနှစ် ၂၀ ကျော်လာသောအခါ နိုင်ငံအနှံ့အပြားမှာ ဆိုင်ကယ်သည် အိမ်သုံးပစ္စည်း ဖြစ်လာသည်။ မြင်းလှည်း၊ ဆိုက္ကား အငှားယာဉ်များ အစား ဆိုင်ကယ် ကယ်ရီ ဆိုတာ ပေါ်လာသည်။ ရန်ကုန်မြို့တော်အတွင်းမှာသာ ဆိုင်ကယ်စီးခွင့် တားမြစ်ထားရာ လှိုင်သာယာရောက်လျှင်ပင် ကယ်ရီတွေ ဂိတ်ထိုးထားတာကို မြင်ရလေပြီ။ ပင်လယ် ရွာများမှာလည်း ဆိုင်ကယ် ကယ်ရီတွေ …။ မြစ်ချောင်း ကမ်းနားမှာလည်း ဆိုင်ကယ်တွေ …။ နံပါတ်ပါသည်လည်း ရှိ၊ Without ခေါ် မှတ်ပုံ မတင်တာ တွေလည်း ရိုးနေလေပြီ။

မြန်မာနိုင်ငံ၏ ၁၉၉၀ နောက်ပိုင်း တိုးတက်မှုများတွင် ကျေးရွာအနှံ့ ဆိုင်ကယ် ခရီးပေါက်ခြင်းသည် ကောင်းပါ၏။ နွားလှည်း စီးရခြင်းနှင့် စာသော အချိန်မြန်သဖြင့် ဝမ်းသာဖွယ် ဖြစ်ပါ၏။ လမ်းလျှောက်ရခြင်းနှင့် စာသော် ဆိုင်ကယ် “ကယ်ရီ” က ခရီးပေါက် မြန်သဖြင့် ဟန်ကျလှ၏။ သို့သော်…

သို့သော် မန္တလေးတိုင်း တခုတည်းမှာပင် ဆိုင်ကယ်စီးရင်း သေဆုံးရသူ ၂ ရက်မှာ ၁ ယောက်နှုန်း ဖြစ်နေလေပြီ။ ထို သေဆုံး သူများသည် အကယ်၍ ဆိုင်ကယ် မစီးခဲ့ပါက ယခု အချိန်အထိ အသက် ရှင်နေကြမှာ သေချာသည်။ ထို သေဆုံးသူများတွင် တက်သစ်စ လူငယ်တွေ ပါမည်၊ ကျောင်းသား မျိုးဆက်သစ်တွေ ပါမည်။ တိုင်းပြည်၏ အနာဂတ် အတွက် အားထားရမည့် သူများ ပါမည်။ ကျွမ်းကျင် စီးပွားရေး သမားများ၊ ပညာတတ်များလည်း ပါမည်။ ထိုသေဆုံးသူ များထဲတွင် တိုင်းပြည်၏ အဖိုးတန် ပုဂ္ဂိုလ်များလည်း ပါနိုင်ပါသည်။

ထိုသေဆုံးသူ များထဲတွင် “၆၂ မျိုးဆက်” ဟု ခေါ်ကြသော ၁၉၆၂ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျေင်းသား သမဂ္ဂမှ တိုက်ပွဲဝင် ကျောင်းသား ခေါင်းဆောင်တဦးလည်း ပါဝင်ခဲ့ရ လေသည်။ သူ၏ အမည်က ဦးချစ်ဆောင်။ သူ့ညီ အမည်က ဦးချစ်အောင်။ (ငါတို့ခေတ်က တက္ကသိုလ် ဝတ္ထုမှ ဇာတ်လိုက်များ)

၁၉၆၂၊ 7th July ညနေမှာ အဓိပတိလမ်း တလျှောက် G3 များနှင့် ပစ်ခတ်သောအခါ ညီဖြစ်သူက အစ်ကို နေသော မန္တလေးဆောင်သို့ လာရင်း ကြုံကြိုက်သဖြင့် မန္တလေးဆောင်ရှေ့က ရေမြောင်းထဲ ဆင်းပြီး ဝပ်နေရ၏။ ဝပ်လိုက်သောအခါ သူ့ အောက်မှာ လူတယောက် ရှိနေသဖြင့် သူက မြင်ကွင်းထဲ ပါနေသည်။ သူခြေမျက်စေ့ကို သေနတ်ကျည်ဆံ ထိသည်။ ဆေးရုံရောက်သည်။ ထိုအချိန်မှာ အစ်ကိုဖြစ်သူက လှည်းတန်း အဝိုင်းမှာ အဖမ်းခံရပြီး အင်းစိန်ရောက်သွားသည်။ နှစ်ယောက်စလုံး အသက်မသေခဲ့ပါ။

၁၉၈၈ – ၁၉၉၆ – ၂၀၀၀ – ၂၀၀၅ စသည်ဖြင့် နှစ်တွေ ဖြတ်သန်း ကျော်လွန်သွားခဲ့ပြီ။ ၁၉၆၂ မှ စတင်ခဲ့သော “ဒီမိုကရေစီ အခွင့်အရေး တောင်းဆိုမှု” မရသေး။ အစ်ကိုဖြစ်သူက ပါတီနိုင်ငံရေး မလုပ်သော်လည်း နိုင်ငံအတွက် ဘာဝင်လုပ်ရမလဲဟု အမြဲကြံစည်နေခဲ့သည်။

၂၀၀၅ ခုနှစ်မှာ ဤ စာရေးသူကို တိုင်ပင်ခဲ့၏။ သူနေသော ပလိပ်မြို့မှ အမရပူရ တောင်သမန်သို့ ကျမကို ဆိုင်ကယ်နှင့် လိုက်ပို့ရင်း တိုင်ပင်ခြင်း ဖြစ်၏။ သူ ဆိုင်ကယ်စီးမည်ကို သူ့သားကြီးက စိတ်ပူပြီး အတန်တန် တားရှာသည်။ “ဖေဖေ အန်တီ့ကို ကားနဲ့ လိုက်ပို့နော်” ဟု ပြောသည်။ သို့သော် သူက ဆိုင်ကယ်ကို စီးဖြစ်အောင် စီးခဲ့၏။

“ဒီလိုကွဲ့ ညီမလေးရဲ့ …၊ ကိုကိုလေးက ငါ့ညီမကို ဆိုင်ကယ်နဲ့ ပို့တာ အကြောင်းရှိတယ်။ ကမ္ဘာပေါ်မှာ လျှို့ဝှက် တိုင်ပင်ဖို့ နေရာဆိုတာ မရှိဘူး။ ဝါးတားဂိတ်ကို ကြည့်ပါလား။ ဒီတော့ အခုလို ဆိုင်ကယ်စီးရင်း တိုင်ပင်တာ စိတ်အချရဆုံးပဲ။ ဘယ်လို ထောက်လှမ်းရေး ကိရိယာမှ မမီနိုင်ဘူး”

“ဟုတ်ကဲ့ ပါ..၊ ပြောပါဦး”

“နင် သိတဲ့အတိုင်း၊ ဒီ တော်လှန်ရေးကို ငါ့တို့ 62 တွေ စခဲ့တာ။ အခု 62 မျိုးဆက်က နည်းနည်းပဲ ကျန်တော့တယ်လေ။ 88 တွေလည်း မအောင်မြင်ဘူး။ 96 တွေလည်း ပန်းတိုင် မရောက်နိုင်ခဲ့ဘူး။ ဒီတော့ ငါ့တို့ စခဲ့တဲ့ ဇာတ်ကို ငါတို့ လက်စ သိမ်းရမယ်”

“ဘယ်လို ဗျူဟာ တွေ့ထားလို့လဲ”

“ဗီယက်နမ်မှာ ကိုယ့်ကိုယ်ကို မီးရှို့ပြီး ဆန္ဒပြတဲ့ နည်းပဲ။ ငါတို့ လက်ကျန် လေးငါးယောက် တိုင်ပင်ထားပြီးပြီ။ တယောက်ချင်း မီးရှို့ဆန္ဒပြကြမယ်။ တယောက် သေသွားရင် နောက်တယောက် ဝင်မယ်။ အရေးကြီးတာက အဲဒါကို ကမ္ဘာက သိအောင် လုပ်ဖို့ပဲ။ ဒီတော့ နင်က မီဒီယာကို တာဝန် ယူစေချင်တယ်။ ထိပ်တန်း လျှို့ဝှက်ချက် ဆိုတော့ မအောင်မြင်ခင် လုံး၀ ပေါက်ကြားလို့ မဖြစ်ဘူး”

“ဒီကိစ္စကို ညီမလေး ကန့်ကွက်တယ် ကိုကိုလေး။ ကိုကိုလေးတို့ရဲ့ သံမဏိ စိတ်ဓာတ်ကို ဂုဏ်ယူပါတယ်။ ဒါပေမယ့် ဒီဗျူဟာက မအောင်မြင်နိုင်ဘူး။ လူပေါင်း မြောက်မြားစွာ သတ်ခဲ့တဲ့သူတွေက ကိုကိုလေးတို့ ၅ ယောက် သေတာကို ဂရုစိုက်မှာ မဟုတ်ဘူး။ ဒီနည်းက အလဟဿ ဖြစ်ဖို့ သေချာတယ်။ တခြား ရဲဘော်တွေကိုလည်း ညီမ တိုင်ပင် ကြည့်ပါဦးမယ်။ သူတို့လည်း သဘောတူမှာ မဟုတ်ဘူး။ ညီမကတော့ လုံး၀ သဘောမတူဘူး”

ဤသို့ဖြင့် သူတို့ ထိုအလုပ်ကို မဖြစ်ခဲ့ကြပေ။

သြော် … အခုတော့ ဆိုင်ကယ်စီးရင်း ဒီမိုကရေစီ တိုက်ပွဲအတွက် အသေခံရန် တိုင်ပင်ခဲ့သော တိုင်းပြည်၏ အဖိုးတန် လူတယောက်သည် ဆိုင်ကယ်စီးရင်း တခြား စည်းကမ်းမဲ့ ဆိုင်ကယ်စီးသူ တယောက်နှင့် ဝင်တိုးမှုဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ရ လေပြီ။ မထိုက်တန်လိုက်လေခြင်း။

ဤ ဆိုင်ကယ် ကိစ္စသည် တိုင်းပြည်အတွက် ISSUE တခု ဖြစ်လာလေပြီ။

မည်သူ့တွင် တာဝန်ရှိသနည်း။ အကြောင်းရင်းတွေက များစွာ ရှိနေသည်။

အဓိက ကတော့ စည်းကမ်း မလိုက်နာသူတွေပါ။ အထူးသဖြင့် သတ္တပြချင်သော လူငယ်တွေဟု ပြောလျှင် မမှာဘူးဟု ထပ်ပါသည်။ ဆိုင်ကယ်ကို ခရီးသွားဖို့ သက်သက်ဟု မမှတ်ယူဘဲ အမြန်ယာဉ်ဟု ယူဆကာ ဝှီးခနဲ၊ ဝေါခနဲ မောင်းနေခြင်းကို အရည်အသွေးဟု ထင်နေကြသူများ ရှိနေခြင်းက အဓိကပါ။

သူတို့ကို ပညာပေးဖို့၊ ဆုံးမဖို့ အထူးလိုအပ်နေပါပြီ။ ယာဉ်ထိန်းများများ ထားဖို့ လိုနေပြီ။ ယာဉ်တိုက်မှု ဖြစ်လျှင် မှတ်လောက် သားလောက်အောင် ပြစ်ဒဏ်ပေးဖို့ လိုနေပြီ။ ကလေးတွေက ရဲတွေကို လှည့်ပတ်နိုင်ခြင်းကိုပင် Game တခု ကစားရခြင်း၊ အောင်မြင်ခြင်းဟု ယူဆနေကြသည်။

ဝိုင်းဝန်း စဉ်းစားကြပါစို့။     ။

(ရွှေကူမေနှင်းသည် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး၊ ဘာသာပြန် စသည့် စာပေလက်ရာမျိုးစုံကို ဂျာနယ်၊ မဂ္ဂဇင်းများတွင် ရေးသားနေသူ ဖြစ်ပြီး လုံးချင်း စာအုပ်များစွာကိုလည်း ရေးသား ထုတ်ဝေနေသည့် စာရေးဆရာမ တဦးဖြစ်သည်။)

Loading