ဆောင်းပါး

သူပုန်ကျောင်းသား တဦးရဲ့ ပြည်တော်ပြန် ခရီးစဉ် (၁)

This article has been converted from Zawgyi One to Unicode

လွန်ခဲ့တဲ့ ၂၅ နှစ်က ဖြစ်ပွားခဲ့တဲ့ ၈ လေးလုံး အရေးတော်ပုံ ဖြိုခွဲခံရပြီးနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေး လုပ်မယ် ဆုံးဖြတ်ချက်နဲ့ တောခိုခဲ့သူတွေထဲက တချို့ ပြီးခဲ့တဲ့နှစ်အတွင်း ပြည်တော်ပြန် လေ့လာရေးခရီးစဉ်တွေလုပ်ခဲ့ကြပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲပြီးကတည်းက ဒါဇင်နဲ့ချီ ပြန်ခဲ့ကြပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အပြီးမှာတော့ ရာနဲ့ချီ လေ့လာရေး ခေါင်းစဉ်အောက်မှာ အဖွဲ့စည်းအလိုက်ရော၊ တဦးချင်းအရပါ ပြန်ခဲ့ကြပါတယ်။

တောခိုကျောင်းသားဟောင်းတဦးဖြစ်တဲ့ ကျနော်ကတော့ အခြေနေအမျိုးမျိုးကြောင့် သူတို့နဲ့အတူ လိုက်မပါနိုင်ခဲ့ပါ။ အခြေအနေ အမျိုးမျိုးဆိုတဲ့အထဲ အဓိက အခက်ခဲကတော့ ကျနော်နေထိုင်တဲ့ နော်ဝေနိုင်ငံက ထုတ်ပေးထားတဲ့ ခရီးသွားလက်မှတ်မှာ Except Myanmar ”မြန်မာနိုင်ငံမှ အပ” တကမ္ဘာလုံး သွားနိုင်သည်လို့ ရေးထားတဲ့အတွက် နော်ဝေးနိုင်ငံသား မဖြစ်မချင်း မိခင်နိုင်ငံကိုသွားခွင့်မရတဲ့ သဘော။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ နိုင်ငံခြားသားအဖြစ် အရင်ခံယူပြီးမှ အမိမြန်မာနိုင်ငံဆီ တရားဝင်ပြန်လည်ခွင့်ရတဲ့သဘော ဖြစ်နေလို့ပါပဲ။

ထပ်ရှင်းအောင်ပြောရမယ်ဆိုရင်တော့ နော်ဝေခရီးသွားလက်မှတ်နဲ့ အမိမြန်မာနိုင်ငံဆီ ပြန်ခွင့်မရဘူး ဆိုတာဟာ မြန်မာနိုင်ငံဆီ အပြီးအပိုင် မပြန်ရဲသေး၊ မပြန်သင့်သေးဘူး ထင်လို့ ပြောတာပါ။ တကယ် အပြီးပြန်ရဲရင်တော့ ဘယ်နိုင်ငံက ဘာခရီးသွားလက်မှတ်၊ ဘာနိုင်ငံသားလက်မှတ်မှ မလိုပါ။ ဒီတိုင်း ထပြန် သွားလည်း ဖြစ်ပါတယ်။

ဘာကြောင့်အပြီး မပြန်ရဲသေးလဲ။ အပြီး မပြန်သင့်သေးဘူးလို့ ထင်သလဲ ဆိုတာကိုတော့ နောက်ပိုင်းကျမှ ခေါင်းစဉ်တခုနဲ့ သီးခြားဆွေးနွေးချင်ပါတယ်။ ဒီနေရာမှာတော့ တတိယ နိုင်ငံရောက် တောခို ကျောင်းသားဟောင်းတဦး၊ DVB သတင်းထောက်ဟောင်းတဦးအနေနဲ့ ၂၅ နှစ်ကြာ အမိမြေနဲ့ခွဲခွာခဲ့ပြီး မှ အိမ်ပြန်လည်နိုင်ဖို့ ပြင်ဆင်ရပုံ အဆင့်ဆင့်ကိုသာ ဦးစားပေး တင်ပြလိုပါတယ်။

ပထမဆုံး ပြင်ဆင်မှုကတော့ နော်ဝေနိုင်ငံသားဖြစ်အောင် လျှောက်လွှာတင်ရခြင်းပါပဲ။ နိုင်ငံခြားသားတဦး မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံသားဖြစ်ခွင့်ရဖို့ ဘယ်လို သတ်မှတ် အရည်အချင်းတွေ လိုအပ်သလဲဆိုတာ ကျနော် တခါမှ မလေ့လာဖူးပါ။ နော်ဝေနိုင်ငံမှာတော့ နိုင်ငံသားဖြစ်ချင်ရင် ၇ နှစ် ဆက်တိုက်နေပြီး ဘာပြစ်မှုဆိုင်ရာ ဥပဒေ ချိုးဖောက်မှု မရှိဘူး။ နောက်တခါ နော်ဝေဘာသာစကားကိုလည်း သတ်မှတ်ထားတဲ့ စာသင်ချိန် နာရီပြည့်ထားပြီးကြောင်း လက်မှတ်ပြနိုင်ရင် နိုင်ငံခြားသားတိုင်း နိုင်ငံသားအဖြစ် လျှောက်ခွင့်ရှိတယ်လို့ အကြမ်းဖျဉ်း နားလည်နိုင်ပါတယ်။

အဲဒီလိုလျှောက်တာကို စိစစ်တာက ၁၂ လခန့် ကြာလေ့ရှိပါတယ်။ အဲဒီလိုနဲ့ နော်ဝေးနိုင်ငံသားလက်မှတ် ကျနော်ရလာခဲ့တယ်။ ရပြီဆိုတာနဲ့ နဂိုကတည်းက စိတ်ကူးယဉ်ထားတဲ့အတိုင်း ရေးလက်စ ”သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး” စာအုပ်ကို ရန်ကုန်မှာ ထုတ်ဝေရေး၊ ခွဲခွာနေရတာ ၂၅ နှစ်ရှိပြီဖြစ်တဲ့ မိဘဆွေမျိုးတွေနဲ့ တွေ့ဆုံရေး။ ပြီးတော့ အားလုံး ပြောနေကြ တဲ့အတိုင်း စစ်ဗိုလ်ချုပ်ဟောင်း သမ္မတဦးသိန်းစိန်နဲ့ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတဲ့ ”စိန်-စု” နိုင်ငံရေးအခင်းအကျင်းကို လေ့လာရေးပေါ့။

နော်ဝေနိုင်ငံသားရပြီး သတင်းနှစ်ပတ်အတွင်း ခရီးထွက်လာတဲ့ကျနော် ပထမ ဆုံးကြုံရတာကတော့ အရင်က တောင်းတောင်းပန်ပန် လျှောက်ထားနေရတဲ့ ထိုင်း ဗီဇာ မလိုတော့ပါ။ ထိုင်းနဲ့ဥရောပအကြား သဘောတူညီချက်အရ သတင်း ၄ ပတ်ကျော်အောင် မနေဘူးဆိုရင် ဥရောပသားတွေ ထိုင်းဝင်ဖို့ ဗီဇာ မလို။ ဒါပေမယ့် မြန်မာပြည်သွားရေးအတွက် ထိုင်းနိင်ငံမှာရှိတဲ့ မြန်မာသံရုံး မှာ ဗီဇာလျှောက်တဲ့ကိစ္စက အချိန် ဘယ်လောက်ကြာမယ်မှန်း မသိတဲ့အတွက် လိုလိုမယ်မယ် ထိုင်း ဗီဇာ လျှောက်လာခဲ့ပါတယ်။

ကီလိုမီတာ ၇၀၀၀ ကျော်ဝေးတဲ့ အော်စလိုနဲ့ ဘန်ကောက်အကြား ဒီတခေါက်ခရီးစဉ်က အရင်လို မဟုတ်။ အရာရာဟာ နလုံးတုန် ရင်ခုန်စရာ ဖြစ်နေသလိုလို။ အော်စလို၊ ဟယ်လ်စင်ကီ၊ မော်စကိုကနေ အာရှအလယ်ပိုင်း တောင်တန်းပေါ်ကနေ ပျံသန်းလာတဲ့လေယာဉ် နယူးဒေလီမြို့ပေါ်ရောက်တော့ အိမ်နဲ့ နီးလာပြီဆိုတဲ့အသိ ဝင်လာပါတယ်။ အရင်က ဒီခရီးစဉ်ကို အကြိမ်ကြိမ်သွားဖူးပြီးဖြစ်ပေမယ့် ဒီလိုမျိုး ခံစားချက် မဖြစ်မိ။

လေယာဉ်စီးချိန် ၁၀ နာရီ ၁၁ နာရီလုံး အိပ်ရင်အိပ်၊ မအိပ်ရင်လဲ ရုပ်ရှင်ထိုင်ကြည့် ပေါ့။ အခုတော့ အိပ်မပျော် စားမဝင် ရင်ခုန်ချင်နေတယ်ဆိုရမလား။ နယူးဒေလီကနေ ကလ္လကတ္တားကို ဖြတ်ပြီး ကပ္ပလီပင်လယ်ထဲ ဖြတ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်က ကော့ဘဇားမြို့ရဲ့ ခပ်လှမ်းလှမ်းကနေ ရခိုင်ရိုးမကိုကျော် ပဲခူးကို ကျော်တော့ ”ဒါ မြန်မာပြည်ထဲ ရောက်နေပြီပဲ” လို့ စိတ်ထဲက ရေရွတ်မိပါတယ်။ ပြီးတော့ မုတ္တမပင်လယ်ကိုဖြတ် ကျနော် တချိန်က စာသင်ခဲ့ဖူးတဲ့ တက္ကသိုလ်ရှိရာ မော်လမြိုင်တည့်တည့်က ဖြတ်ပါတယ်။ ပြီးတော့ ဘုရားသုံးဆူနဲ့ ဝေါလေ စခန်းဝန်းကျင်။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ကျောင်းသားတပ်မတော် တချိန်က လှုပ်ရှားခဲ့ဖူး တဲ့ KUN နယ်မြေတွေကိုဖြတ်ပြီး လေယာဉ်က ထိုင်းနိုင်ငံထဲ ဝင်လာပါတယ်။

ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ်ကို လေယာဉ်ဆင်းပြီး ဘန်ကောက်ကို ပြန်မြင်တော့ အခင်းအကျင်းက အတော် တိုးတက်ပြောင်းလဲနေပါပြီ။ အရင်အခေါက်တွေတုန်းကလို တက္ကစီသမားတွေနဲ့ ဈေးညှိစရာမလို၊ တက္ကစီသမား ဈေးညစ်တာကို ခံစရာမလိုတော့။ လေဆိပ်က မိုးပျံရထားကို ၄၅ ဘတ်ပေးပြီး စီးလိုက်တာနဲ့ မြို့လယ်က ပရာထိုင်း ဘူတာအထိ ရောက်မယ်။ အဲဒီကနေ မိုးပျံရထား ပြောင်းစီးပြီး ကိုယ်တည်းမယ့် နေရာဆီသွားလိုက်ရင် ဘတ် ၁၀၀ လောက်နဲ့ လိုရာခရီးကို ရောက်နေပါပြီ။

ဒါပေမယ့် နော်ဝေရာသီဥတုအခြေနေနဲ့ ပြောင်းပြန်ဖြစ်သွားတဲ့ အပူချိန်က ချွေးပြန်စေပါတယ်။ အနှုတ်ဖြစ်လိုက် အပေါင်း ၁-၂ ဒီဂရီ စင်တီဂရိတ်ဖြစ်လိုက် အခြေအနေမှာ ချွေးမထွက်လို့ စိတ်ညစ်နေခဲ့တဲ့ ကျနော် ဘန်ကောက်နွေရဲ့ အပူက အဲကွန်းရထားထဲမှာ ထိုင်နေရင်းနဲ့ ချွေးတွေထွက်လို့။ ကိုယ်ချွေးနံ့ ကိုယ် ပြန်နံလာလို့ ဘေးကလူတွေကို အားနာလာလို့ ကြည့်မိတော့ ထူးဆန်းတာ နိုင်ငံခြားကလာတဲ့ ခရီးသည်တွေပဲ ကိုယ့်လိုချွေးပြန်နေတာ တွေ့ရပြီး ဒေသခံ ထိုင်းတွေက ချွေးတစက်မှ မထွက်ကြပါ။

ကော်ဖီသောက်တော့လည်း ထိုင်းတွေက ”ကာဖယ်ယင်” ခေါ် ကော်ဖီအအေးကို ကြိုက်ကြပါတယ်။ အနောက်လေ မိနေတဲ့ ကျနော်ကတော့ ကော်ဖီဆိုရင် အပူမှ။ ပြီးတော့ ဒီက 7-Eleven ဆိုင်တွေမှာ ကော်ဖီစက် မရှိ။ မတက်နိုင်။ ရောမရောက်ရင် ရောမလို ကျင့်ပေတော့။ ရေခဲစိမ်ကော်ဖီကို ရေခဲရေလိုသဘောထားပြီး သောက်။ ဘန်ကောက်နေပူပူအောက်မှာ မိုးပျံရထားတဆင့်၊ ကုန်းကြောင်းတဆင့်လျှောက်ပြီးတဲ့ နောက်မှာတော့ ဆထွန် လမ်းမကြီးဘေး၊ ဆွိုင် ထနန်ပန်ထဲက မြန်မာသံရုံး ဗီဇာ ဌာနဆီ ကျနော်ရောက်လာပါတယ်။

ပြည်ပရောက်မြန်မာတွေအတွက် အသင့်တော်ဆုံး ဗီဇာဟာ Social Visa ဆိုရှယ်ဗီဇာ လို့ကြားရတဲ့အတွက် အဲဒါ ဘယ်လိုလျှောက်ရသလဲဆိုပြီး အရင်ဆုံး လာစုံစမ်းတာပါ။ အဲဒီ ဗီဇာနဲ့ မြန်မာနိုင်ငံဆီ သွားဖူးတဲ့ အော်စလိုက မိတ်ဆွေတဦးရဲ့အပြောတိုင်းဆိုရင် မြန်မာနိုင်ငံက ဆွေမျိုးတဦးဦးရဲ့ဖိတ်စာနဲ့ အဲဒီလူရဲ့ နိုင်ငံသားစိစစ်ရေးကဒ် မိတ္တူတွေလိုတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘာစာမှ မလိုဘူး၊ ဘန်ကောက်မှာရှိတဲ့ မြန်မာပွဲစားတွေကို လိုင်းဝင်လိုက်ရင် လူကိုယ်တိုင်တောင် သံရုံးသွားစရာမလိုဘူး။ ဗီဇာ နေ့ချင်းရတယ်လို့ ပြောကြတာလည်း ရှိပါတယ်။

သူပုန်လူထွက် သတင်းထောက်ဆိုတော့ ပွဲစားကို ပိုက်ဆံပေးလုပ်ရတဲ့အလုပ်မျိုး၊ စည်းမျဉ်းအတိုင်းမလုပ်ပဲ ”ဂွင်” ဖန်တဲ့ မြန်မာတွေရဲ့ ညာဉ်ဆိုးကို ကျနော်က သိပ်သဘောမတွေ့လှ။ ပြီးတော့ ခဲရာခဲဆစ် အတွေ့အကြုံကိုလည်း သိချင်သေး။ စတိုရီလည်း လုပ်ချင်သေးတယ်ဆိုတော့ သံရုံးဆီ ကိုယ်တိုင် သွားမေးတာ အကောင်းဆုံးလို့ ဆုံးဖြတ်ပြီး ဗီဇာ ဌာနဆီ ကျနော် ရောက်လာတာပါ။

တကယ်တော့ ဒီသံရုံးဟာ ထိုင်းနိုင်ငံမှာနေခဲ့ဖူးတဲ့ မြန်မာကျောင်းသားတိုင်းနီးပါး မရောက်ဖူးသူ မရှိသလောက်ပါပဲ။ ကွာတာဆိုလို့ အရင်ကရောက်ဖူးတာဟာ ဒီသံရုံးကို ဆန့်ကျင်ဆန္ဒပြပွဲလုပ်ဖို့ဖြစ်ပြီး အခုတခေါက်ကတော့ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ဖို့ ဖြစ်နေတာပါပဲ။ ဒါဟာ အများပြောနေသလို အခြေအနေတွေ ပြောင်းသွားတဲ့သဘောလား။ ကျနော်တို့ ကိုယ်တိုင်ပြောင်းသွားတဲ့ သဘောလား၊ အပြောင်းခံလိုက်ရတဲ့ သဘောလား။ ”တံတားက ရွေ့နေတာလား၊ ရေက စီးနေတာလား။”

ဘာကို ဘဝင်မကျမှန်း အသေအချာ မသိပေမယ့် စိတ်ထဲမှာတော့ ဒီလိုနည်းနဲ့ အိမ်ပြန်ခြင်းမျိုးကို သိပ်သဘောမကျပါ။ ဒါပေမယ့် မတတ်နိုင်။ လောလောဆယ် ဒီနည်းမှတပါး တခြားနည်း မရှိသေးတဲ့အတွက် ဗီဇာဌာနထဲ ကျနော် အရဲစွန့်ဝင်သွားပါတယ်။ ပြီးတော့မှ ဒီအပေါက်ဟာ လွန်ခဲ့တဲ့ ၁၄ နှစ် ၁၉၉၉ အောက်တိုဘာလ ၁ ရက်နေ့တုန်းက တောခိုကျောင်းသားတွေဖြစ်တဲ့ ကိုဂျော်နီတို့ ”စွမ်းအားမြင့်စစ်သည်တော်” တွေ ဝင်ခဲ့တဲ့အပေါက်ပါလား ဆိုပြီး ရင်ခုန်မိပါသေးတယ်။ အထဲမှာ လူ ၁၀၀ ကျော် ဝင်လိုက် ထွက်လိုက်လုပ်နေပေမယ့် အပေါက်ဝမှာ အစောင့်တယောက်မှမရှိ။ မျက်နှာကျက်ပေါ်မှာတော့ CCTV တလုံး တပ်ထားတာ တွေ့ရပါတယ်။

အများစုက ထိုင်းနဲ့ နိုင်ငံခြားသားဖြစ်နေပြီး မြန်မာနိုင်ငံသား သိပ်မတွေ့ရ။ သံဃာ၂ ပါးကို တွေ့ရ တဲ့အတွက် မြန်မာလိုနဲ့ နှုတ်ဆက်ပြီး ဗီဇာဘယ်လိုလျှောက်ရသလဲ မေးကြည့်မိပါတယ်။ ”တကာကြီးက ဗမာဖြစ်ပြီး ကိုယ့်နိုင်ငံကိုယ်ပြန်တာ ဗီဇာလျှောက်ဖို့လိုသေးလား” ဆိုပြီး မေးခွန်းပြန်ထုတ်နေလို့ ပြည်ပရောက်တွေအကြောင်း ဇာတ်လမ်းစုံ ရှင်းပြနေရပါသေးတယ်။ နောက်ဆုံးတော့ သူတို့လည်း ဘာမှမသိ။ ကောင်တာမှာ သွားမေးတာ အကောင်းဆုံးဆိုပြီး လူတန်းရှည်ကို တန်းစီစောင့်ရပြန်ပါတယ်။

ကောင်တာ နံပတ် ၁ မှာထိုင်တဲ့ အမျိုးသမီးက ဆက်ဆံရေး သိပ်မဆိုး။ မောက်မာမှု မရှိ။ ဆိုရှယ်ဗီဇာလျှောက်မယ်ဆိုရင် မြန်မာပြည်က ဖိတ်ခေါ်စာနဲ့ အဲဒီလူရဲ့ နိုင်ငံသား  စိစစ်ရေးကဒ် မိတ္တူတွေလိုတယ်။ ကျန်တာကတော့ ကမ္ဘာလှည့်ခရီးသွားတွေ လျှောက်နေတဲ့အတိုင်း ပုံမှန်ပါပဲလို့ အသေအချာ ရှင်းပြပါတယ်။ အဲဒီဖိတ်စာက ဘယ်လိုရေးရမှာလဲ။ နမူနာရှိလားဆိုပြီး ထပ်မေးတော့ ”ဟိုမှာလေ၊ နံရံမှာ ကဒ်ထားတာ မတွေ့ဘူးလား” တဲ့။ နံရံကစာဆီသွားပြီး အသေအချာကြည့်။ လက်ကိုင်တယ်လီဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး ပြန်ထွက်လာရပါတယ်။

ပြီးတော့မှ မြန်မာနိုင်ငံ ကျေးလက်တောရွာက ကျနော့်အိမ်ဆီ ဖုန်းဆက်ပြီး ဖိတ်စာနမူနာကို အီးမေးလ်နဲ့ ပို့ထားကြောင်း၊ ဖောင်ဖြည့်ပြီး နိုင်ငံသားကဒ် မိတ္တူပို့ပေးဖို့ ပြောရပါတယ်။ အစိုးရ အပြောင်းအလဲကြောင့် မဟုတ်ပဲ နည်းပညာပြောင်းလဲတိုးတက်မှုအရ ကျေးလက်ဒေသက ကျနော်ရွာ့မှာလည်း ၂ သိန်းတန် လက်ကိုင်ဖုန်းတွေ ရှိနေပါပြီ။ (အဲဒီနေ့အထိ ၁၅၀၀ တန်ဖိုးကဒ် ခွဲတန်းမရသေးပါ)။ ဒါပေမယ့် အင်တာနက်တော့ မရှိသေး။ ဒီတော့ ရွာကနေ ၅-၆ မိုင်ဝေးတဲ့ မြို့ပေါ်တက်ပြီး အင်တာနက်ဆိုင်ကတဆင့် ကျနော် မှာထားတာတွေ ပို့နိုင်ဖို့ တနေကုန် ကြိုးပမ်းခဲ့ရပါတယ်။

ဒီလိုနဲ့ နောက်တနေ့မနက် ဗီဇာသွားလျှောက်တော့ ဘာမှ အမေးအမြန်းမရှိ။ ကောင်တာ အမှတ် ၁ မှာ တိုကင်ယူပြီး ကောင်တာ အမှတ် ၄ က အမှတ်စဉ်ခေါ်တာကို ထိုင်စောင့်နေရုံပါပဲ။ ကောင်တာဆို လို့ အခန်းထဲမှာ ကောင်တာ ၄ ခုရှိပါတယ်။ ကောင်တာ ၁ က သတင်းမေးခြင်း၊ ဖောင်ဖြည့်ခြင်း၊ တိုကင်ယူခြင်း အပါအဝင် ပထမ အဆင့်ကိစ္စတွေကို ဆောင်ရွက်ပေးပါတယ်။ ကောင်တာ ၂ ကတော့ ထိုင်း နိုင်ငံသားတွေချည်းအတွက် သီးခြားလုပ်ပေးတဲ့ကောင်တာ။ ကောင်တာ ၃ ကတော့ တိုးရစ်ဗီဇာ လုပ်ပေးပါတယ်။ ကျနော်တို့ ဆိုရှယ်ဗီဇာသမားတွေကတော့ ကောင်တာ ၄ Business ဘဇ်နက် ဗီဇာကောင်တာမှာ ဝင်တန်းစီရပါတယ်။

အရင်ခေတ်က လူသွားနည်းလှတဲ့ မြန်မာနိုင်ငံဟာ အခုတော့ ဗီဇာတန်းစီလာလျှောက်သူ မနည်းလှ။ ထိုင်းကောင်တာမှာ ပေါ်နေတဲ့ နံပါတ်တွေအရ လူဦးရေ ၅၀၀ ဝန်းကျင်။ တိုးရစ်ကောင်တာက ၄၀၀ ဝန်း ကျင်။ ကျနော် တန်းစီနေတဲ့ ဘဇ်နက်ကောင်တာမှာတော့ ၂၀၀ ဝန်းကျင်ရှိတဲ့အတွက် တရက် တရက်ကို လူ ၁၀၀၀ ဝန်းကျင် ဗီဇာ ထုတ်ပေးနေရတဲ့သဘောပါ။

”ခင်ဗျားက ဆိုရှယ်ဗီဇာလျှောက်မှာလား” ဆိုပြီး ကောင်တာထိုင် အရာရှိကမေးတော့ နည်းနည်းတွန့်ချင်သွားတယ်။ ‘ဇာတ်လမ်းတော့ စပြီ။ ထုံးစံအတိုင်း အရစ်ခံရတော့မယ် လို့ ထင်လိုက်ပါတယ်။ ”ဟုတ်ပါတယ်။ ဆိုရှယ်ဗီဇာလျှောက်ရမယ်ဆိုပြီး ဟိုဖက်ကောင်တာက ပြောလိုက်လို့ပါ” လို့ ကျနော်က ပြန်ဖြေပါတယ်။ ပြီးတော့ သူက ကျနော့် မျက်နှာကို အသေအချာကြည့်ပြီး…”ခင်ဗျားက ရန်ကုန်ကို ဘယ်နေ့သွားချင်တာလဲ” လို့ ထပ်မေးပါတယ်။ ”ဗီဇာရတဲ့ အချိန်ပေါ့ဗျာ။ ဗီဇာက နေ့ချင်းပြီးရတယ်ဆိုတာ ဟုတ်လား” လို့  leading question ပြန်မေးလိုက်ပါတယ်။

”ရပါတယ်။ နေ့ချင်းပြီးဆိုရင် ၂၀၀၀ ကျော်။ တရက်ခြားဆိုရင် တထောင်ကျော်။ တပတ်တွင်းဆိုရင် ၈၀၀ လောက်ပဲ။ ခင်ဗျား ဘယ်နေ့လိုချင်လဲ” လို့ သူကဖြေပါတယ်။ သတင်းထောက်တွေရဲ့ ထုံးစံအတိုင်း မသေချာတဲ့ မနက်ဖြန်ကို ဘယ်စောင့်နေပါ့မလဲ။ နေ့ချင်းပြီး လိုချင်ပါတယ်ဆိုပြီး ဘတ် ၂၀၀၀ ကျော်ပေး လိုက်ပါတယ်။ ပြီးတော့ ငွေလက်ခံဖြတ်ပိုင်းပေး၊ ညနေ ၃ နာရီခွဲကြမှ တခေါက်ပြန်လာပါလို့ ပြောတဲ့အတွက် သံရုံးထဲကနေ ကျနော်ပြန်ထွက်လာခဲ့ပါတယ်။

ဗီဇာလျှောက် ရခက်တယ်။ ဆွေ ၇ ဆင့်၊ မျိုး ၇ ဆင့်ဖောင် ဖြည့်ရတယ်။ သံရုံးအရာရှိတွေက သိပ်အရစ် ရှည်တယ် ဆိုပြီး သတင်းကြီးနေတဲ့အတွက် ဘာမှမမေးပဲ ဒီလို လက်ခံလိမ့်မယ်လို့ ကျနော် ထင်မထားခဲ့ပါ။ ဒါပေမယ့် အခုဟာက လျှောက်လွှာကို လက်ခံထားခြင်းသာဖြစ်ပြီး ဗီဇာကို ထုတ်မပေးသေးတဲ့အတွက် စိတ်ထဲမှာ သိပ်မသေချာသေး။ ဒီလိုနဲ့ ညနေ ၃ နာရီကျော်ကျော်လောက် သံရုံးရှေ့ ပြန်ရောက်တော့ ကျနော့်အရင် တန်းစီနေသူတွေ ၁၀၀ လောက် ရှိမယ် ထင်ပါတယ်။ ဒီလောက် နေပူတဲ့ကြားထဲ ပလက်ဖောင်းပေါ် ထိုင်စောင့်နေသူတွေ။ အနောက်တိုင်းသူတချို့ဆိုရင် ကလေး တွန်းလှည်းတွေနဲ့။

သံရုံးတံခါးဖွင့်တာကို စောင့်ရင်းနဲ့ သံရုံးထဲ အသေအချာကြည့်မိတော့ မြန်မာအလံကို မတွေ့မိ။ အနီးကပ် တံခါးနား ကပ်ကြည့်တော့မှ ခပ်နိမ့်နိမ့် စိုက်ထားတဲ့ အလံတိုင် ၂ ချောင်းမှာ မြန်မာအလံနဲ့ အာဆီယံ အလံတွေကို တွေ့ရပါတယ်။ သတင်းလိုက်ခဲ့ဖူးလို့ မှတ်မိနေတာက ၁၉၉၉ ခု ကိုဂျော်နီတို့အဖွဲ့ သံရုံးစီးနင်းစဉ်တုန်းက ရဟတ်ယာဉ် ဆင်းမရလို့ဆိုပြီး ခုတ်လဲှလိုက်တဲ့ အလံတိုင်ဟောင်းဟာ အခုထိ ပြန်မထူနိုင်သေး။ အဲဒီအစား အလံတိုင်ငယ်နဲ့ပဲ ခရီးဆက်နေတဲ့သဘောလို့ ယူဆရပါတယ်။

၃ နာရီခွဲမှာ တံခါးဖွင့်လို့ အားလုံး တိုးဝှေ့ဝင်သွားပြီးနောက်မှာလည်း ဘာအစစ်အဆေး အမေးမြန်းမရှိ။ ”ဟောဒီမှာ လက်မှတ်ထိုး” လို့ပြောပြီး ကျနော် နော်ဝေ နိုင်ငံကူးစာအုပ်ကို ပြန်ပေးလိုက်ပါတယ်။ ကျနော်က သံရုံးအရာရှိ တခုခု မေးဦးမယ်ထင်လို့ ကြောင်ပြီး ရပ်နေမိတော့ ”ပြီးပြီလေ၊ ဒါပဲလေ” ဆိုပြီး အဲဒီအရာရှိက ပြောပါတယ်။ ဒီတော့မှ ကျနော်လည်း စာအုပ်ကို ဖွင့်တောင် ကြည့်မနေတော့ပဲ သံရုံးထဲကနေ ခပ်သွက်သွက် ထွက်လာခဲ့တယ်။ ကျနော် မြန်မာပြည် ပြန်ဖို့ ဗီဇာ ရခဲ့ပြီ။

(စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသားလက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်းဖြစ်ပြီး DVB ၏ သတင်းထောက်ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက်ရှိသည်)

Loading