ဆောင်းပါး

သီချင်းများနှင့် ဆန့်ကျင်ခြင်း

This article has been converted from Zawgyi One to Unicode

အပြင်မှာ လေက တဟူးဟူးနဲ့။ မိုးကလည်း တဖွဲဖွဲကျလို့။ နေရောင်ကို အစက်အပြောက်ကလေးတောင် မတွေ့ရ။ အော်စလိုတမြို့လုံး တိမ်ညိုညစ်တွေနဲ့ အုံ့ဆိုင်းမှိုင်းရီနေတယ်။ အစီအစဉ်က ညနေ ၃ နာရီမှာ စဖို့ အားလုံးစီစဉ်ပြီးသား။ နေ့လည် ၁ နာရီလောက်က ကိုမွန်းအောင်ကို ဖုန်းဆက်တော့ သူနေတဲ့မြို့လေးကနေ နာရီဝက်ကြာ စီးလာတဲ့ ဘတ်စကားက အော်စလိုမြို့ထဲဝင်လာပြီတဲ့။ တကယ်လို့ မိုးကျနေမယ်ဆို စက်တွေနဲ့ ဂစ်တာတို့ ပါကားရှင်းတို့က မိုးရေ အထိခံလို့မရဘူး ဆိုတော့ ပွဲက ဖြစ်မှဖြစ်ပါ့မလားလို့ စိုးတထင့်ထင့်နဲ့။

မိတ္ထူကူးထားတဲ့ လက်ကမ်းစာရွက်တွေနဲ့ “No Nobel Peace Prize for 2013 to Thein Sein” (၂၀၁၃အတွက် နိုဘယ်လ်ဆု ဦးသိန်းစိန်ကို မပေးနဲ့) လို့ရေးထားတဲ့ နဖူးစည်းစာတမ်းအပြင် ကော်ဗူး၊ ကပ်ကျေး၊ ပလာစတာ၊ ကြိုးတွေကို ကမန်းကတန်း ကျောပိုးအိပ်ထဲထည့် ကင်မရာအိပ်ကိုလွယ်ပြီး မက်ထရို မြို့ပတ်ရထားဘူတာရုံဆီ အပြေးလျှောက်ပြီး ထွက်လိုက်တယ်။ တနာရီခွဲလောက်မှာ မိုးက လုံးဝရပ်သွားပြီ။ ဒါပေမယ့် လေကြမ်းတွေ ထန်နေတုန်း။ နော်ဝေးမှာ နေဘယ်လောက်ပူပူ လေတိုက်ရင် အေးစိမ့်ပြီး မခံနိုင်ဘူး။ အပူချိန်က ၉ ဒီဂရီပဲရှိတယ်။ လေစိမ်းတွေတိုက်တော့ ရေခဲအောက် အနှုတ် ၁၀ ဒီဂရီ ရှိတဲ့ ဆောင်းတွင်းလို စိမ့်အေးနေတယ်။

၁၈ ရာစုလည် ဥရောပလက်ရာ အော်စလိုမြို့လည် ပါလီမန်အဆောက်အဦကြီး ရှေ့ကိုရောက်တော့ ဖြတ်သန်းသွားလာသူတွေကြား  ရှမ်းဘောင်းဘီကိုယ်စီနဲ့ ကိုမွန်းအောင်တို့ ဇနီးမောင်နှံရယ်၊ ကိုမိုးအေး(DVB)၊ ကိုမြင့်အေး၊ မဆွေ၊ မထားဒီးရ် တို့က  နိုဘယ်လ်ငြိမ်းချမ်းရေးဆုဟာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ထိုက်တန်ရဲ့လားလို့ မေးခွန်းထုတ်ထားတဲ့ လက်ကမ်းစာရွက်တွေ သွားလာနေသူအပေါင်းကို   ဝေနေကြတာတွေ့ရတယ်။

အဲဒီလက်ကမ်းစာဆောင်ထဲမှာ ဦးသိန်းစိန်ရဲ့ ကိုယ်ရေးရာဇဝင်နဲ့ ယခင်အစိုးရခေတ် သူကိုယ်တိုင် ဝန်ကြီးချုပ် တာဝန်ယူခဲ့စဉ်က ဆောင်ရွက်ချက် အကျဉ်းကို ဖော်ပြထားတဲ့အပြင် သမ္မတဟာ မြန်မာပြည်မှာ အမှန်စင်စစ် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်သူလား၊ အပြောင်းအလဲ လိုလားသူ အမှန်လား ဟန်ဆောင်နေသူလား၊ အရင်  အစိုးရ တချိန်က မြန်မာပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်ခဲ့တာကို သူ သမ္မတဖြစ်တော့ ဘာကြောင့် ဝမ်းနည်းစကား မပြောခဲ့တာလဲ စသဖြင့် ဦးသိန်းစိန်ကို နိုဘယ်လ်ဆုနဲ့ ထိုက်တန် မတန် အချက်အလက်တချို့ ထုတ်နှုတ်မေးခွန်းထုတ်ထားပါတယ်။

လက်ကမ်းစာရွက်လေးမှာ ဂျာမဏီက အာဏာရှင် ဟစ်တလာနဲ့ ဦးသိန်းစိန်တို့ တိုက်တိုက်ဆိုင်ဆိုင် တူနေတဲ့ ဖြစ်ရပ်လေး ၂ ချက်ပါ ထည့်ရေးထားတယ်။ တခုက သူတို့ ၂ ယောက်ရဲ့ မွေးရက်နဲ့ မွေးလပါ။ နောက်တခုက ဟစ်တလာကို ၁၉၃၉ ခုနှစ်က ဆွီဒင်ပါလီမန်ကနေ နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းခဲ့တဲ့ ဖြစ်ရပ်ပါ။ စူဒီတန်လင့် လို့ခေါ်တဲ့ ချက်ကိုစလိုဗက်ကီးယား အနောက်ဖက်နယ်စပ်က ဂျာမန်စကားပြောတဲ့ လူဦးရေ ၃ သန်းရဲ့ ပဋိပက္ခတခုမှာ ဟစ်တလာက ငြိမ်းအေးစွာ ဖြေရှင်းနိုင်တဲ့ စွမ်းဆောင်မှုကြောင့် ဖြစ်ပါတယ်။ နောက်တော့လည်း အဲဒီ အမည်စာရင်း ရာထားချက် ပြန်ပြီးရုတ်သိမ်းလိုက်ပါတယ်။

မနှစ်က အော်စလိုကို ဒေါ်အောင်ဆန်းစုကြည်လာစဉ်က တည်းခိုသွားတဲ့ ဂရင်းဟိုတယ်ကြီးရဲ့ မျက်စောင်းထိုးပလက်ဖောင်းပေါ်မှာ DVB ဝန်ထမ်းဟောင်း နန်းခမ်းကဲယော့(က်) တယောက် နော်ဝေးပြည်သူတွေရဲ့ လက်မှတ်တွေ ကောက်ခံနေတယ်။ မေလတလလုံး အပတ်စဉ် စနေနေ့တိုင်း တေးဂီတနဲ့ လှုံ့ဆော်မှု ကင်ပိန်းတွေလုပ်ပြီး သမ္မတဦးသိန်းစိန်ကို နိုဘယ်လ်ဆုမပေးသင့်ကြောင်း အများသူငါ ရေးထိုးထားတဲ့ ဒီလက်မှတ်တွေကို နိုဘယ်လ်ဆုရွေးချယ်ရေး ကော်မတီဆီ ပေးပို့မှာဖြစ်ပါတယ်။ လက်မှတ်ဘယ်လောက်ရပြီလဲလို့ မေးကြည့်တော့ တရာကျော်သွားပြီလို့ ပြောပါတယ်။

လေက ပြင်းပြင်းတိုက်နေလို့ ပါလီမန်နံရံမှာ နဖူးစည်းစာတမ်းကို ခက်ခက်ခဲခဲ ချိတ်ရတယ်။ ချိတ်လည်းပြီးရော ပါလီမန် နံရံနဲ့ အနီးအနားက သစ်ပင်တွေမှာ မည်သည့် ပိုစတာ အဝတ်စမှ မချိတ်ရ၊ ပိုစတာ ချိတ်တာခွင့်မပြုဘူး၊ လူကိုယ်တိုင်ကိုင်ထားရမယ်လို့ ပါလီမန်လုံခြုံရေး တာဝန်ယူထားသူ တယောက်က လာပြောတယ်။ လမ်းတဖက် ကိုက် ၂၀ အကွာ ပလက်ဖောင်းပေါ်မှာ ဂျစ်ပစီ တသိုက် ထရမ်းပက်တွေ၊ လက်ဆွဲဘာဂျာတွေနဲ့ မြူးမြူးကြွကြွ တီးမှုတ်သံတွေက ပါလီမန်အဆောက်အဦဝန်းကျင်ကို လွှမ်းထားတယ်။  မကြာခင် ကားတစီးနဲ့ တီးဝိုင်းစက်ပစ္စည်းတွေ၊ ဂစ်တာတွေ၊ ပါကားရှင်း ဗုံတိုတွေသယ်လာတဲ့ နော်ဝေလူငယ်၃ယောက် ရောက်လာတယ်။ စောစောက မြိုင်မြိုင်ဆိုင်ဆိုင် ဂျစ်ပစီဝိုင်းလည်း ထပြန်သွားရော ကိုမွန်းအောင် အလှည့်ပေါ့။ ဒီနေရာမှာ ဒီလိုကင်ပိန်းလုပ်ဖို့ အဆိုတော်မွန်းအောင်ကိုယ်တိုင် တလလောက်ကြိုပြီး အော်စလိုရဲနဲ့ ပါလီမန်ရဲတပ်ဖွဲ့ ထံက ကြိုတင် ခွင့်ပြုမိန့်ယူ ထားတာဖြစ်တယ်။

သမ္မတ ဦးသိန်းစိန်ကို ၂၀၁၃ နိုဘယ်ဆုရှင်အဖြစ် ၂၀၀၈ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဖင်လန်နိုင်ငံ သမ္မတဟောင်း မာတီ အတီစ်ဆာရီ ကိုယ်တိုင် အမည်စာရင်း တင်သွင်းခဲ့တာဖြစ်တယ်။ အခုနှစ် မတ်လဆန်းက ဦးသိန်းစိန်ရဲ့ ဥရောပခရီးစဉ်အတွင်း ဖင်လန်နိုင်ငံရောက်ရှိခဲ့စဉ် လက်ရှိဖင်လန်သမ္မတကလည်း ဦးသိန်းစိန် နိုဘယ်ငြိမ်းချမ်းရေးဆု ရနိုင်တယ်လို့ ပြောခဲ့ပါတယ်။

ကိုယ့်နိုင်ငံက ခေါင်းဆောင်တယောက်ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုပေးမယ်ဆိုတာ မုဒိတာပွားစရာပါ။ ဒါပေမယ့် သမ္မတဦးသိန်းစိန်ဟာ နိုဘယ်လ်ဆုနဲ့ အမှန်တကယ် ထိုက်တန်ပြီလားဆိုတာတော့ မေးခွန်းထုတ်စရာတွေ အများကြီး ရှိနေတယ်လို့ ဒီကင်ပိန်းဖြစ်ပေါ်ဖို့ ကူညီဆောင်ရွက်နေတဲ့ ၈၈ ကျောင်းသားဟောင်း ကိုမြင့်အေးက ပြောပါတယ်။ “လက်ရှိအခြေအနေက ပြည်သူတွေ အသက် အိုးအိမ်စည်းစိမ်တောင် လုံခြုံမှု မပေးနိုင်တဲ့အထိ တရားဥပဒေ စိုးမိုးမှုက မရှိဘူး။ လူမျိုးမတူ၊ ဘာသာမတူရင် အချိန်မရွေး လမ်းပေါ်မှာ သေသွားနိုင်တယ်၊ နောက်ပြီး လူဦးရေ အများဆုံးဖြစ်တဲ့ လယ်သမားလူတန်းစားတွေရဲ့ လယ်မြေတွေ အချိန်မရွေး သိမ်းခံနေရတယ်။ လယ်သမားတွေကို အကာအကွယ်မပေးပဲ ရဲတွေ လုံထိမ်းတွေနဲ့ ဖမ်းဆီး ပစ်ခတ်နေတယ်။ ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသားတွေ သိန်းနဲ့ချီ စစ်ဘေးသင့်နေတယ်၊ ငြိမ်းချမ်းရေးဆွေးနွေးတာလည်း မပြေလည်သေးဘူး” လို့ ပြောပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရနဲ့ ပတ်သက်ပြီး မြန်မာ့သတင်းမီဒီယာတွေမှာတော့ ဝေဖန်မှုတွေထက် အပြုသဘောနဲ့ အကောင်းမြင်တာတွေကိုပဲ ဖတ်နေရတယ်။ အဆိုတော် မွန်းအောင်က “ကျနော့်ကို အဆိုးမြင်တယ်လို့ စွပ်စွဲချင် စွပ်စွဲပါ။ ဒီကနေ့ ဦးသိန်းစိန် အပြောင်းအလဲက လွန်ခဲ့တဲ့ နှစ်တွေထက်  နည်းနည်း ကောင်းလာတယ်လို့တော့ ပြောလို့ရချင်ရမယ်၊ ပါးစပ်ပေါက်ကလေး ဖွင့်လို့ ရလာတယ်၊ အသက်ရှုူလို့ နည်းနည်းရတယ်၊ ဒါပေမယ့် ခြေတွေ လက်တွေ ဘယ်လောက် လှုပ်နိုင်ပြီလဲ၊ ခေါင်းထဲက စဉ်းစားထားတာတွေ ကိုယ်တိုင် ဘယ်လောက်လုပ်နိုင်ပြီလဲ ဆိုတာတော့ မေးခွန်းထုတ်ရဦးမှာပဲ။ ဒီကနေ့ အခြေအနေက အစိုးရကို အတိုက်အခံမလုပ်သရွေ့ ကြိုက်တာပြောလို့ရတယ်။ အစိုးရ အာဏာ မထိပါးသရွေ့ ကြိုက်တာ လုပ်လို့ရတယ်။ ကျနော်တို့ အမြင်ကတော့ ဒီကနေ့အပြောင်းအလဲဟာ လုံလောက်တဲ့ အပြောင်းအလဲမဟုတ်ဘူး” လို့ ပြောပါတယ်။

မြန်မာပြည်ထဲမှာ တကိုယ်တော်တေးစီးရီး ၄ခွေ၊ ပြည်ပမှာ ၂ ခွေထုတ်ခဲ့တဲ့ ကိုမွန်းအောင်ဟာ နာမည်အကြီးဆုံးအချိန် ၁၉၈၈ မှာ တောခိုခဲ့တာပါ။ အခုထိလည်း သူ့အဆိုက အရင်ကအတိုင်း ကြည်လင်ဆဲ၊ အားကောင်းဆဲ။ သူထုတ်ခဲ့တဲ့ သီချင်းအဟောင်းလေး တွေထဲက ကြိုးစားမှုက အဓိက၊ ဘီလူးစည်း လူ့စည်း၊ အတ္တဖြုတ်ချ၊ မျက်နှာသစ်ချိန်၊ တစိတ်တည်းလား၊ မိုးလုံးမှိုင်း စတဲ့ သီချင်းတွေအပြင် ပြည်ပမှာထုတ်တဲ့ အရေးကြီးပြီ သီချင်းနဲ့ အမှောင်လွှမ်းတဲ့ကမ္ဘာကြီး သီချင်းတို့ကို သီဆိုခဲ့တယ်။

“တိမ်တွေပျံသန်းတဲ့အတိုင်း××× ငါလေ ပျံသန်းချင်ရဲ့ ××တောင်ပံဖြန့်ပြီးတော့လည်း×××  ကမ္ဘာကိုလည်ကြည့်ချင်ရဲ့ ××××ဒါပေမယ့်×× ငါခြေတောက်နဲ့ လမ်းလျှောက်သူပါ××× ငါမြေကြီးပဲ ချစ်တဲ့သူပါ×× ”

“အော်စလိုရဲ့ လွှတ်တော် အဆောက်အဦးရှေ့မှာ လွတ်လွတ်လပ်လပ်ဆိုရ တီးရလို့ ကျနော် ကျေနပ်တယ်။ သီချင်းက အဟောင်းတွေပေမယ့် ပုံစံအသစ်နဲ့မို့ သီချင်းအသစ်တွေ ဆိုနေရသလိုပဲ။ ဒီသီချင်းတွေကို တချိန်တုန်းက ကိုရဲလွင်၊ ကိုနေဝင်းတို့ သူ့ရည်ရွယ်ချက်နဲ့သူ  စိတ်ဓာတ်ခွန်အားတွေ၊ အရှုံးမပေးစေလိုတဲ့ အားပေးမှုတွေနဲ့ ရေးစပ်ခဲ့ကြတယ်”လို့ ကိုမွန်းအောင်က ပြောတယ်။ ဒီ တေးရေးသမားနှစ်ယောက်ကလည်း အခုအထိ ငြိမ်းချမ်းရေးအတွက် စည်းရုံးလှုပ်ရှားဆဲ၊ ငြိမ်းချမ်းရေးသီချင်းတွေ ဆိုနေဆဲ။

အော်စလိုပါလီမန်ရှေ့ လူသွားလမ်းကနေ ဖြတ်သွားသူတိုင်းဟာ သီချင်းလေးတွေ ရပ်ပြီး နားထောင်သွားလိုက်၊ လက်ကမ်းစာတွေ ယူသွားကြ လက်မှတ်တွေ ထိုးသွားကြနဲ့ပေါ့။ သီချင်းသံ တီးလုံးသံတွေက ပါလီမန်လမ်းတလျှောက် မြိုင်မြိုင်ဆိုင်ဆိုင် ထွက်နေတယ်။ လမ်းပေါ်က လူတိုင်း ငေးမောရပ်ကြည့်လိုက် နဖူးစည်းစာတမ်းကို လာဖတ်ကြည့်လိုက်နဲ့ပေါ့။ ပါကားရှင်း ဗုံသံ မြူးမြူးကြွကြွနဲ့ တီးနေတဲ့ ဥူလားမာတင်က တက္ကသိုလ်မှာ လူမှုဆက်ဆံရေးနဲ့ မနုဿဗေဒ ဘာသာရပ်ကို လေ့လာသင်ကြားနေသလို မြန်မာပြည် နိုင်ငံရေးလှုပ်ရှားမှုကို စာတမ်းရေးနေသူတယောက်ပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေကို သိထားသူလည်းဖြစ်တယ်။ “နော်ဝေးအစိုးရက ကမကထလုပ်ပြီး ပါဝင်နေတဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးကိစ္စက စိတ်အလိုမကျမှုတွေ၊ သံသယတွေနဲ့ ရှင်းရှင်းလင်းလင်း အဖြေမရတဲ့ ပုစ္ဆာ တွက်ချက်နေသလို ခရီးဆက်နေတယ်လို့ ကျနော် သိထားပါတယ်” လို့ သူက ပြောတယ်။

နေမကောင်းတဲ့ကြားက အခုပွဲကို လာပြီး ဝိုင်းကူညီတီးခတ်ပေးတဲ့ မာတင်ကလည်း နှစ်တော်တော်ကြာအောင် ဘာမှ ပြောခွင့်မရတဲ့ ပြည်သူတွေရဲ့ ခံစားချက်ကို နားလည်ပါတယ်တဲ့။ “ဒီမိုကရေစီတို့ လွတ်လပ်ရေးတို့ဆိုတာ သူ့မူလ ဂုဏ်သတ္တိအတိုင်း ရှိနေတာပါ၊ အဲဒါတွေကို အစိုးရတွေက  ကိုယ့်စိတ်ကြိုက် ချဲ့လို့ ချုံ့လို့ မရဘူး” လို့လည်း ပြောသွားတယ်။

ရာသီဥတုက မညှာမတာ အေးစက်လွန်းတယ်။ လေကြမ်းတွေက ဆက်တိုက်နေပေမယ့်  တီးဝိုင်းအဖွဲ့နဲ့ စာရွက်ဝေသူတွေ၊ လက်မှတ်ကောက်ခံသူတွေနဲ့ သတင်းမှတ်တမ်းတင်တဲ့ ကျနော်တို့ကတော့ အအေးဒဏ်ကို အံတုနိုင်သမျှ နေကြတယ်။ နောက်ဆုံး  မူလကရည်ရွယ်ထားတဲ့ အချိန်ထက် ၁နာရီခွဲလောက်စောပြီး အရေးကြီးပြီးသီချင်း သံပြိုင်ဆိုပြီး အစီအစဉ်ကို ရပ် လမ်းခွဲခဲ့ကြတယ်။ အိမ်အပြန် ရထားရဲ့ ခုတ်မောင်းသံစီးချက်နဲ့အတူ  ကိုမွန်းအောင်ရဲ့ “ကြိုးစားမှုက အဓိက”ဆိုတဲ့ သီချင်းကို သံယောင်လိုက် ဆိုညည်းနေခဲ့တယ်။

“ရှေ့ဆက်ရမဲ့ ကမ်းဒီဘက်မှာ×××  နေရောင်ခြည်ကို ငံ့လင့်နေခဲ့ ×× မိုးကုပ်စက်ဝိုင်း အရှေ့အရပ်ဆီသို့×××အရုဏ်လာရင် ရင်ဆိုင်ကြမယ်×× အိုလူသား အများအကျိုးဆောင်ဖို့လေ××ယုံကြည်ထား စွန့်လှူသူ ပိုင်ဆိုင်ခွင့်ရယ်×××အချိန်တန်တဲ့ တနေ့ကျရင်တော့×××× စိုက်တဲ့အတိုင်း သိမ်းရိတ်မယ်×× ×အောင်မြင်ခြင်း တောင်းဆုပန်ခဲ့××ရိုးသား နိုးကြား နားနေလှည့်××××”

Loading