ဆောင်းပါး

သူပုန်ကျောင်းသားတဦးရဲ့ ပြည်တော်ပြန်ခရီးစဉ် (၂)

This article has been converted from Zawgyi One to Unicode

ဘန်ကောက်သံရုံး အပြင်ရောက်လို့ စာအုပ်ကို ဖွင့်ကြည့်လိုက်တော့ ဗီဇာ ၂၈ ရက်ရတယ်လို့ ရေးထားတာ တွေ့ရပါတယ်။ ဒါဆို သေချာသွားပြီ၊ ၂၅ နှစ်တာ ဝေးကွာနေရတဲ့ အမိမြေဆီ ပြန်ခွင့်ရပြီပေါ့။ ဒီလိုသေချာပြီဆိုမှ ကျောပိုးအိတ်ထဲက ကင်မရာကိုထုတ် လိုအပ်မယ် ထင်တာတွေကို ရိုက်ရပါတယ်။ ဗီဇာ မရခင် ကတည်းက ကင်မရာတကားကား လုပ်နေရင် သတင်းထောက်ဆိုပြီး ဆိုရှယ်ဗီဇာ မပေးရင် ဘယ်လိုလုပ်မလဲ။

ဗီဇာ ကိစ္စပြီးလို့ သံရုံးရှိရာ ဆုန်ထွန်လမ်းမကြီးဖက်ကနေ ဆီလုံလမ်းမကြီးဖက် လျှောက်လာတဲ့အခါမှာ Myanmar Visa Service ဆိုတဲ့ ဆိုင်းဘုတ်တခုကို လမ်းဘေးမှာ တွေ့ရပါတယ်။ အဲဒီဆိုင်းဘုတ်နဲ့ သိပ်မဝေးတဲ့ နေရာမှာတော့ မြန်မာခရီးသွား ကုမ္ပဏီတခုကို တွေ့ရပြီး ဆိုရှယ်ဗီဇာအပါဝင် ဗီဇာပေါင်းစုံကို သူ့ဆိုင်က လုပ်ပေးနေတယ်လို့ ပြောပါတယ်။ ဆိုရှယ်ဗီဇာဆိုရင် ဘတ်ငွေ ၃၅၀၀ ယူပြီး မြန်မာနိုင်ငံက ဘာလက်မှတ်မှ ယူစရာမလို။ လူကိုယ်တိုင်လည်း သံရုံးသွားစရာမလိုပဲ နေ့ချင်းပြီးရအောင် သူလုပ်ပေးနိုင်တယ်လို့ ဆိုင်မန်နေဂျာက ပြောပါတယ်။

လေယာဉ်လက်မှတ် ဈေးနှုန်းတွေ၊ ရန်ကုန်က ဟိုတယ်ဈေးနှုန်းတွေ အကြောင်း မေးမြန်းလို့ ကောင်းတုန်း တယ်လီဖုန်းမြည်လာလို့ ကောက်ကိုင်လိုက်တော့ သတင်းဆိုးတခု ဝင်လာပါတယ်။ “ရဲဘော်သူငယ်ချင်း” တဦးဖြစ်သူ ကိုမောင်မောင်ကြီး ဒီမနက်ပိုင်းက မဲဆောက်မှာ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းပါ။ ဒီတော့ မဲဆောက်ကို ဆင်းပြီး အဲဒီက ရဲဘောာ်တွေနဲ့တွေ့ပြီးမှ ရန်ကုန်ကိုဝင်မယ်လို့ ဆုံးဖြတ်ချက်ချ လိုက်ပါတယ်။

နောက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာ မဲဆောက်ဘုန်းကြီးကျောင်းဆီ ကျနော် ရောက်သွားတော့ ကိုမောင်မောင်ကြီး ဈာပန အခမ်းအနားက စတင်နေပါပြီ။ ABSDF ဥက္ကဌ ကိုသံခဲနဲ့ တခြားအဖွဲ့အစည်း အသီးသီးက ရဲ ဘော်တချို့ကို ခန်းမရှေ့က ခုံတန်းမှာ ထိုင်နေတာတွေ့ရပြီး အခမ်းအနားတွင်းမှာတော့ ဒု ဥက္ကဌ ကိုမျိုးဝင်းက ကိုမောင်မောင်ကြီးအတွက် အမှတ်တရ စကားပြောနေပါတယ်။ ပြီးတော့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီက ကိုငွေလင်း၊ NDD (ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု) က ကိုစိုင်းမြင့်သူ၊ AAPP (နိုင်ငံရေး အကျဉ်းသားများ ကူညီရေးအဖွဲ့) က ကိုတိတ်နိုင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေက ကိုထွန်းအောင်ကျော် စသဖြင့် ၈၈ မျိုးဆက် နိုင်ငံရေးအင်အားစု အသီးသီးရဲ့ ကိုယ်စားလှယ်တွေက အမှတ်တရ စကားပြောတာ၊ သဝဏ်လွှာ ဖတ်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။

ထုံးစံအတိုင်း သူတို့ပြောတာတွေထဲမှာ ကိုမောင်မောင်ကြီးအတွက် အမှတ်တရ စကားလုံးတွေအပြင် လက်ရှိနိုင်ငံရေးအပေါ် ထင်မြင်ချက် ဝေဖန်ချက်တွေလည်း ပါဝင်ပါတယ်။ အထူးသဖြင့် “ရန်သူရဲ့လှည့်ကွက်၊ ရန်သူရဲ့ ကစားကွက်” ဆိုတဲ့ စကားလုံးကို မကြာခဏ ကြားရတဲ့အတွက် သူတို့မှာ ရန်သူရှိနေဆဲ၊ ရန်သူ မပျောက်သေးဘူးလို့ နားလည်ရပါတယ်။

ဒါပေမယ့် ဒီလို အမှာစကား ပြောနေသူတွေထဲက တချို့ဟာ အဲဒီရန်သူလို့ သူတို့ခေါ်နေဆဲဖြစ်တဲ့ လက်ရှိ ဦးသိန်းစိန်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ရန်ကုန်အထိ သွားရောက် လေ့လာခဲ့ကြပြီး ဖြစ်ပါတယ်။ အမှတ်တရ စကားပြောပြီးလို့ ထမင်းစားချိန်မှာ ရဲဘော်ဟောင်းတွေနဲ့ စကားလိုက်ပြောကြည့်တဲ့ အခါမှာတော့ “ရန်သူရဲ့ လှည့်ကွက်၊ ရန်သူရဲ့ကစားကွက်” ဆိုတဲ့ လက်ရှိအစိုးရကလုပ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးပုံသဏ္ဍန်တွေအပေါ် မယုံကြည်တဲ့ စကားလုံးကိုပဲ ထပ်ကာထပ်ကာ ကြားခဲ့ရပြန်ပါတယ်။

“အခြေအနေက မလွယ်သေးဘူးဗျ။ KIA နဲ့လည်း တိုက်ပွဲက မပြီးသေးဘူး။ အခုဆိုရင် ရှမ်း-မြောက်မှာတောင် သေနတ်ပြန်ပေါက်နေပြီ။ ၀ ကလည်း ပြင်နေပြီဆိုတော့ ကျနော်တို့အားလုံး တော်လှန်ရေးသတိ ရှိဖို့ လိုလိမ့်မယ်” ဆိုပြီး ABSDF ဗဟိုကော်မတီဝင်တဦးက ပြောပါတယ်။

မဲဆောက်နဲ့ ချင်းမိုင်ရှိ တော်လှန်ရေးရဲဘော်တွေ၊ သတင်းနယ်ပယ်က လုပ်ဖော် ကိုင်ဖက်တွေနဲ့ ဆွေးနွေးပြီးတဲ့နောက် မေလ ၁ ရက်နေ့မှာတော့ ကျနော်ရဲ့ ရန်ကုန်ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့  နှစ် ၂၀ ကာလတွေအတွင်း နိုင်ငံအတော်များများဆီ ခရီးသွားဖူးပြီးဖြစ်ပေမယ့် အခု ရန်ကုန်ခရီးစဉ်ကတော့ တကယ့်ကို ရင်ခုန်စရာပါ။ ဒါပေမယ့် လေယာဉ်ကောင်တာ ဖြတ်တော့လည်း သံရုံးဗီဇာဌာနလို ဘာမှကို အမေးအမြန်း မလုပ်တော့ပါဘူး။

ဒါဟာ ကျနော်ကိုင်ထားတဲ့ နော်ဝေနိုင်ငံသား (Passport) စာအုပ် ကြောင့်များလားလို့ တွေးမိပြီး အရင်တုန်းက မြန်မာစာအုပ်အတုနဲ့ ခရီးသွားစဉ်က ကြုံခဲ့ဖူးတဲ့ စစ်ဆေးမေးမြန်းမှုတွေကို သွားသတိရမိပါတယ်။ မြန်မာစာအုပ်ဆိုရင် အစစ်အဆေး အမေးအမြန်း ထူလှတဲ့ ဘန်ကောက် လေယာဉ်ကွင်း ဝန်ထမ်းတွေဟာ အခုတော့ ဘာမှ အမေးအမြန်း မလုပ်တော့ဘဲ “ဆရာဝါဒီခပ်” လောက်နဲ့ ပြီးသွားပါတယ်။ တနည်း လူတယောက်ရဲ့ Identity ဆိုတာဟာ အဲဒီလူကိုင်ထားတဲ့ စာအုပ်၊ နေထိုင်တဲ့နိုင်ငံဆီ လိုက်ပြီး တန်ဖိုးပြောင်းသွားတဲ့သဘော ရှိသလား။

ဒီလိုစဉ်းစားရင်း ရန်ကုန်ပျံမယ့် D 4-5 ဂိတ်တွေဆီ ရောက်လာတော့ နိုင်ငံခြားခရီးသည် အတော်များများကို တွေ့ရပါတယ်။ အများစုဟာ အာရှဒေသကဖြစ်ပြီး အနောက်တိုင်းသား တချို့ကိုလည်း တွေ့ရပါတယ်။ မြန်မာ စကားပြောနေတဲ့ လူတချို့ထဲမှာတော့ ဘန်ကောက်မှာ ဆေးလာကုတဲ့ သက်ကြီးရွယ်အို ၃-၄ ဦးကို ဘီးတပ် ကုလားထိုင်တွေနဲ့ တွေ့ရပါတယ်။ ပြီးတော့ စီးပွားရေးသမားလို့ ယူဆရတဲ့ လူတချို့နဲ့ လူငယ်တချို့လည်း တွေ့ရတယ်။

“အဲဒါက အပိုတွေပါဗျာ။ အရင်က ဒီဖောင်တွေ ဖြည့်စရာ မလိုဘူး” ဆိုပြီး အသက် ၂၀ ကျော် လူငယ်တဦးက ကျနော် ဟိုလှန်ဒီလှန် လုပ်ရင်း ခေါင်းစားနေတဲ့ ကာစတန်ဖောင်ကို ကြည့်ပြီး ပြောလိုက်တယ်။ တကယ်က ဒီဖောင်ကို ဖြည့်စရာ လိုတယ်လို့ ကျနော်က မထင်။ ကာစတန်ဖောင်ဆိုတာ ကိုယ့်မှာကြေညာစရာ ပစ္စည်းပါမှ ဖြည့်ရတာမျိုး မဟုတ်လား။ ဒါပေမယ့် ဒီဖောင်ထဲမှာတော့ ကိုယ့်မှာ နိုင်ငံခြားငွေ ပါလာရင် မပျက်မကွက် ထည့်သွင်း ဖော်ပြရမယ်လို့ ဆိုထားပါတယ်။

“သူတို့ပဲ ဒေါ်လာအသစ်တွေ ယူလာရမယ်လို့ ပြောထားပြီး ဘာကြောင်တာလဲ” လို့ အဲဒီလူငယ်နဲ့ သဘောတူကြောင်း ကျနော်က ပြန်ပြောလိုက်တယ်။ ဒါပေမယ့် ဖောင်ကို အသေအချာ ဖတ်ကြည့်တဲ့ အခါမှာတော့ ခရီးသည်အားလုံးကို ဆိုလိုတာ မဟုတ်။ မြန်မာနိုင်ငံကူး လက်မှတ်ကိုင်ထားသူတွေကိုသာ ဆိုလိုပြီး နိုင်ငံခြားသားတွေ နိုင်ငံခြားငွေကိုင်တာ ကြေညာစရာ မလိုပါ။

“အင်း … ကိုယ်က နိုင်ငံခြားသား ဖြစ်နေပြီပဲလေ”

မကြာခင် ဘန်ကောက်နေ ရန်ကုန်ခရီးစဉ် စတယ်။ အရင် မြန်မာစာအုပ်အတု ကိုင်တုန်းကဆိုရင် ဘန်ကောက် လေယာဉ်ကွင်းမှာ အတင်းအကျပ် ဖမ်းဆီးပြီး ရန်ကုန်သွားမယ့် လေယာဉ်ပေါ် အတင်းတင်ပေးလိုက်မှာကို စိုးရိမ်ပူပန်ခဲ့ဖူးတဲ့ ကျနော်ဟာ အခုတော့ အဲဒီလေယာဉ်ကို အခကြေးငွေပေးပြီး ကျေနပ်စွာ လိုက်ပါစီးနင်းလို့ပေါ့။ ဒါဟာ နိုင်ငံရေး အခြေအနေ ပြောင်းလဲသွားတာလား။ ကျနော်ကိုယ်တိုင် အပြောင်းအလဲ လုပ်ခံလိုက်ရတာလား။ သိပ်မကွဲပြားလှ။

“စွန်တန် အရွိုင်မိုင်”။ ကျနော် အတွေးနယ်ချဲ့နေတုန်း ထိုင်းလေကြောင်း လေယာဉ်မယ်လေးက သူတို့ ကျွေးတဲ့ သဘောၤသီးသုပ် စားကောင်းလားလို့ ထိုင်းဘာသာနဲ့ မေးပါတယ်။ “အရွိုင်ဒီး” လို့ လက်မထောင်ပြရင်းနဲ့ ထိုင်းတွေရဲ့ သူတို့ရိုးရာကို လူသိများအောင် ကြော်ငြာတတ်တဲ့ ပညာကို ကျနော် စဉ်းစားမိပြန်ပါတယ်။ သိပ်စပ်တယ်လို့ နာမည်ကြီးလှတဲ့ ဘန်ကောက် လမ်းဘေးဆိုင်တွေက သင်္ဘောသီးသုပ်ဟာ အခု လေယာဉ်ပေါ်မှာတော့ နိုင်ငံတကာဧည့်သည်တွေ စားနိုင်အောင် အစပ်တွေကို လျှော့ထားပါတယ်။

အတွေးစကို ခဏနားပြီး လေယာဉ်ပြူတင်းပေါက်ကနေ အောက်ကို လှမ်းကြည့်လိုက်တော့ ထိုင်းနယ်စပ်ကိုကျော်ပြီး မြန်မာနယ်မြေ မွန်ပြည်နယ်ထဲ ရောက်နေပြီ။ ပြီးတော့ မုတ္တမပင်လယ်ကွေ့ကိုဖြတ် ရန်ကုန်မြို့ဆီ ဦးတည်လို့။ ရန်ကုန် ဆင်းကာနီး လေယာဉ်ကွင်းဝန်းကျင် အခင်းအကျင်းက ဘန်ကောက်နဲ့ တခြားစီ။ လယ်ကွင်းတွေ၊ ခပ်နိမ့်နိမ့် အိမ်လေး၊ တဲလေးတွေကိုသာ တွေ့ရပြီး မြို့ပြလက္ခဏာကို မတွေ့မိ။

နောက်ဆုံးတော့ လေယာဉ်က “ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်” ကို ဆိုက်ရောက်ခဲ့တယ်။ အခင်းအကျင်းက ချင်းမိုင် လေယဉ်ကွင်းလောက်တောင် မသားနား။ အထုတ်အပိုး ဆွဲပြီး အများနည်းတူ လမ်းလျှောက်လာတော့ အစောင့်တွေ သိပ်မတွေ့ရ။ တွေ့မယ့်တွေ့တော့ အိမ်သာထဲမှာ အစောင့်ဝန်ထမ်းက နှစ်ယောက်။ အိမ်သာထဲက ထွက်ပြီး အောက်ထပ်ကို ဆင်းလိုက်တာနဲ့ Arrival အခန်းကို ရောက်ပြီ။ မှန်နံရံ အပြင်ဖက်မှာ ကျနော့်ကို လာကြိုတဲ့ တောပြန်ရဲဘော်တချို့၊ ထားဝယ်သားတချို့နဲ့ အသိမိတ်ဆွေ အနည်းအကျဉ်းကို တွေ့ရတယ်။

သူတို့ကို လက်ပြနှုတ်ဆက်ရင်း မှန်နံရံ နားကပ်သွားတော့ တောပြန်ရဲဘော်တဦးက ကျနော့်ကို လက်ထိပ်ခတ်ပြီး ပြည်နှင်ဒဏ်ပေးနိုင်တယ်ဆိုတဲ့ သင်္ကေတ လုပ်ပြပြီး နောက်ပါတယ်။ သူက နောက်နေပေမယ့် ကျနော်က ခပ်လန့်လန့်။ မတော် ပြန်ပို့လိုက်ရင် ဒုက္ခလို့ တွေးမိပြီး ထောက်လှမ်းရေးတွေ မျက်စိ နောက်နိုင်တဲ့ လည်ပင်းက ကင်မရာကို ဖြုတ်သိမ်းပြီး အိတ်ထဲ ထည့်လိုက်ပါတယ်။ ပြီးတော့ Passport Control မှာ တန်းစီပေါ့။

နှေးသလား မမေးနဲ့။ တကယ်က စက်တွေနှေးတာ ဖြစ်ဖို့ များပါတယ်။ ကျနော် တန်းစီတဲ့ ကောင်တာမှာ Passport ကော်ပီကူးတဲ့ စက်ပျက်သွားလို့ ဝန်ထမ်းတဦး ညည်းညူနေပြီး ဟိုပြင် ဒီပြင် လုပ်နေတာ တွေ့ရပါတယ်။ ဘန်ကောက်လို လူတွေ ထောင်သောင်းချီ ဝင်လာတဲ့ နေရာမျိုးမှာသာဆို သေပြီဆရာပဲ။ ထူးခြားတာကတော့ နိုင်ငံခြားသား Passport ကို စစ်တဲ့ ဝန်ထမ်းအားလုံးက အမျိုးသမီးတွေဖြစ်နေပြီး မြန်မာ Passport စစ်တဲ့ဖက်က ဝန်ထမ်းတွေက အမျိုးသားတွေပါ။

ကျနော်ဟိုငေး ဒီငေးလုပ်နေတုန်း “ကျေးဇူးပြုပြီး သတ်မှတ်နေရာမှာ ရပ်ပေးပါ” လို့ လဝက အရာရှိ အမျိုးသမီးက ပြောပါတယ်။ အသေအချာကြည့်တော့မှ ရန်ကုန်လေဆိပ်လည်း နိုင်ငံတကာ လေဆိပ်တွေလို ဗီဒီယို ကင်မရာနဲ့ ဓာတ်ပုံရိုက် မှတ်တမ်းတင်တာမျိုး ရှိနေမှန်း သတိပြုမိတယ်။ ဒါပေမယ့် လဝက ဝန်ထမ်းကလည်း သံရုံးဝန်ထမ်းလို ဘာမှမမေး။ သူ လုပ်စရာရှိတာတွေကို လုပ်ပြီး “ဒုန်း” ကနဲ “တုံး” ထုပေးလိုက်ပါတယ်။

အထုတ်အပိုး ရွေးတဲ့နေရာဆီပြေး တွန်းလှည်းပေါ် ပစ္စည်းတွေတင်ပြီး ထွက်လာတော့ ကာစတန်ဖြတ်ရပါတယ်။ ပစ္စည်းတွေကို Xray ရိုက်၊ လက်ဆွဲအိတ်ကို စစ်ဆေးပေါ့။ ဒီတော့မှ ပြဿနာ တက်ပါလေရော။ ကျနော်က ဘာမှကြေညာစရာ ပစ္စည်းမပါဘူးဆိုပြီး ကာစတန် ဖောင်မှာ ဘာမှရေးမထားတော့ “ကြေညာစရာရှိရှိ မရှိရှိ လူတိုင်းဖြည့်ရတယ် အစ်ကို” ဆိုပြီး ကာစတန်ဝန်ထမ်းက ပြောပါတယ်။

ဒီတော့မှ ကတိုက်ကရိုက်နဲ့ ဖောင်ဖြည့်ပေးရပါတယ်။ ကျနော့်ကိုမှ ရွေးပြီး တကူးတက ရစ်နေတဲ့ပုံမျိုး မဟုတ်။ မြန်မာပြည်ရဲ့ လုပ်ထုံးလုပ်နည်းတွေ ရှည်လျားထွေပြားမှုတွေက တခြားနိုင်ငံက လူတွေအဖို့ ရစ်နေသလို ဖြစ်နေတာမျိုးလို့ ထင်ပါတယ် ။ ပြီးတော့ အပြင်ထွက်လို့ ရပါပြီ။

“အောင်ပွဲမပါပဲ ပြန်လာသူပေါ့ဗျာ” လို့ အပြင်ကို ရောက်ရောက်ချင်း ကျနော်ရဲ့ တောပြန်ရဲဘော်တွေကို အော်ပြီး နှုတ်ဆက်လိုက်ပါတယ်။ ကျနော့်ရွာကနေ လာကြိုနေသူတွေကတော့ ကျနော်တို့ ဘာတွေပြောနေမှန်း နားလည်ပုံ မရ။ ချက်ချင်းဆိုသလို ရွာက မိတ်ဆွေတွေက အမေ့ဆီကို ဖုန်းခေါ်ပြီး လှမ်းနှုတ်ဆက်ခိုင်းပါတယ်။ “မီးဝေး… ဖစု နန် ကွန်းပဲ ပလ္လန်လာပီလာ” (သြော် သားလေး နင်တကယ်ပဲ ပြန်လာပြီ နော်) လို့ ကျနော့်အမေက ထားဝယ်လိုပြောပြီး ဖုန်းထဲမှာ ငိုပါတော့တယ်။

ကျနော် ပြန်လာတော့ ကျနော့်အမေ ဝမ်းသာသလို တနိုင်ငံလုံးက သားနဲ့ဝေးနေခဲ့တဲ့ တခြား အမေတွေရော ဝမ်းသာဖို့ အချိန်ရောက်ပြီလား။ အိမ်ပြန်ချိန် နောက်ကျခဲ့တဲ့ သားသမီးများစွာ အဝေးတနေရာမှာ ကျန်နေဆဲဆိုတာကိုတော့ ကျနော်သိနေခဲ့တယ်။ ပြီးတော့ လုံး၀ အိမ်ပြန်လာခွင့်မရတော့တဲ့… ဘယ်တော့မှ အိမ်ပြန် မလာနိုင်တော့တဲ့ သားသမီးတွေ… ၂၅ နှစ်တာ တော်လှန်ရေး ခရီးရှည်အတွင်း ဒီမိုကရေစီရေး အတွက် အသက်ပေးသွားတဲ့ ABSDF တပ်ဖွဲ့ဝင် ရဲဘော် သူငယ်ချင်း ၆၀၀ ကျော်။ အဲဒီလို သားပျောက် သမီးပျောက် မိခင်တွေထက်စာရင် ကျနော်တို့က ဇာတ်ပြန်ပေါင်း နိုင်ပါသေးတယ် အမေလို့ စိတ်ထဲက ကိုယ့်ကိုယ်ကို ဖြေပေမယ့် အလွမ်းတွေ တပုံတပင်နဲ့ ရန်ကုန်မြေကို ကျနော် နင်းခဲ့ပြီ။

(စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသားလက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်းဖြစ်ပြီး DVB ၏ သတင်းထောက်ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက်ရှိသည်)

Loading