မြေစိုက် ထရံကာ အိမ်ကြီးရှေ့တွင် “ဦးဖာ ဝါးဝယ်ရောင်းလုပ်သည် ၀၉၉ ….” ဆိုသည့် ပလတ်စတစ်လောင်း ဆိုင်းဘုတ်တခု ချိတ်ဆွဲထားသည်၊ ထိုဆိုင်းဘုတ်ရှေ့တွင် ကွပ်ပျစ် ကုတင်တခု၊ ခြံရှေ့ မြေကွက်လပ်တွင်တော့ လတ်လတ်ဆတ်ဆတ် ခုတ်ခဲ့သည့် မျှင်ဝါးလုံးရှည် အရွယ်ညီများ စီထပ်ထားသည်။ အိမ်ဘေးတွင် ကုန်ကားတစင်း ရပ်နားထားသည်ကို တွေ့ရသည်။
ကွပ်ပျစ်ပေါ်တွင် ဗြောင်းဆန်အောင် ဆော့ကစားနေသည့် ၁ နှစ်နှင့်၊ ၂ နှစ်အရွယ် ယောက်ျားလေး ၂ ဦးကို သနပ်ခါး ပါးကွက်ကျားနှင့် အမျိုးသမီး တဦးက ထမင်းခွံ့ကျွေးနေသည်။ ဘေးတွင်တော့ အသားညိုညို တုတ်တုတ်ခိုင်ခိုင် လူရွယ်တဦးက အပြုံးဖြင့် ရပ်ကြည့်နေသည်။
“ကျနော်က B.Sc ဘွဲ့ရဗျ။ မန္တလေးတက္ကသိုလ်မှာ ပထမနှစ် တနှစ် မီလိုက်တယ်။ ကျန်တဲ့ ၃ နှစ်ကတော့ ရတနာပုံ တက္ကသိုလ်မှာ တက်ခဲ့တယ်။ အခုတော့ ဟောဒီစခန်းထဲမှာ လူမှုရေးကိစ္စ မှန်သမျှ လုပ်တယ်” ဟု ထို အသားညိုညို လူကပြောသည်။
သူ့နာမည်က ဦးဖာ၊ အသက် ၃၈ နှစ်။ မန္တလေးတိုင်း မတ္တရာမြို့နယ် ရေနံ့သာရွာတွင် ရှိသည့် နံ့သာမြိုင် အနာကြီးရောဂါသည် စခန်းတွင် နေထိုင်သည်။ သူ့ဖခင်နှင့် မိခင် အပါအဝင် သူ့ဆွေမျိုးသားချင်း ဦးကြီး ဒေါ်ကြီးများက အနာကြီးရောဂါ ဝေဒနာရှင်များ ဖြစ်သည်။ ဦးဖာတို့ မျိုးဆက်ကျတော့ အနာကြီးရောဂါ မခံစားရတော့ပေ။
၁၉၉၀ ပြည့်နှစ် မတ်လက မန္တလေးတိုင်း တိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည် လက်ထက်တွင် မန္တလေးမြို့ကို မြို့အင်္ဂါရပ်နှင့် ညီစေရန် ဟုဆိုကာ အနာကြီးရောဂါ ဝေဒနာရှင်များကို နံ့သာမြိုင် အနာကြီးရောဂါသည် စခန်းသို့ ရွှေ့ပြောင်းစေခဲ့သည်။ ထိုစဉ် အချိန်တွင် ဦးဖာက ၁၀ တန်းကျောင်းသား၊ ကျောင်းတက်လက်စ ဖြစ်နေသောကြောင့် မိခင်ဖခင် အပါအဝင် ကျန် ဝေဒနာရှင်များနှင့် မလိုက်ပါဘဲ မန္တလေးအိမ်ဝိုင်းတွင် တဦးတည်း ကျန်ရစ်ခဲ့သည်။ မိဘများက အနာကြီးရောဂါ ဝေဒနာ ရှင်များ ဖြစ်သော်လည်း သားသမီးများတွင် ထိုရောဂါ ကူးစက်ခြင်း မရှိဟု သူကဆိုသည်။ ၁၀ တန်းအောင်သော်လည်း နံ့သာမြိုင်သို့ လိုက်မသွားဘဲ တက္ကသိုလ်ဆက်တက်ခဲ့သည်။
ဦးဖာ၏ မိဘဆွေမျိုးများက ကုန်ကားပိုင်ဆိုင်သည်၊ ကုန်ကားမောင်းကြသည်။ ထို့ကြောင့် ကားနှင့် ငယ်စဉ်ကတည်းက ရင်းနှီးပြီးဖြစ်သော ဦးဖာက ကျောင်းပြီးသည်နှင့် ကားမောင်းသည့် အလုပ်ကို ဆက်လုပ်သည်။ ဝင်ငွေဖြောင့်သည်။ ကျောင်းပြီး၍ မိဘများရှိရာ နံ့သာမြိုင်စခန်းသို့ ရောက်လာချိန်တွင်တော့ အနာကြီးရောဂါသည်များ၏ ရောဂါမကူးစက်သော သားသမီးများ၏ ဘဝကို စာနာမိရာမှ ထိုစခန်းရှိ လူငယ်များ၏ ဘဝကို လက်တွေ့ကျကျ မြှင့်တင်ပေးချင်စိတ် ဖြစ်ပေါ်ခဲ့သည်။
ကျောင်းပြီးခါစက နံ့သာမြိုင်အနာကြီးရောဂါသည် ဆေးရုံတွင် ဓာတ်ခွဲခန်းမှူး အလုပ်လုပ်ရန် ဦးဖာ ကြိုးစားခဲ့သေးသည်။ ဓာတ်ခွဲခန်း သင်တန်းလည်း အောင်မြင်ခဲ့သည်။ သို့သော် ဓာတ်ခွဲခန်းမှူး တယောက်အဖြစ် ဝေဒနာရှင် မိသားစုများကို အပြည့်အဝ ကူညီရန် တတ်နိုင်မည် မဟုတ်ဟု ဆုံးဖြတ်ကာ ထိုအလုပ်ကို ဆက်မလုပ်ဘဲ စီးပွားရှာရန် သူ ကြိုးစားတော့သည်။
“ကျနော်က အခြေခံကျကျပဲ စဉ်းစားတယ်။ ဓာတ်ခွဲခန်းမှူး လုပ်ရင် လူနာတွေရဲ့ ရောဂါဝေဒနာတွေ ရှိမရှိ၊ အကင်းသေမသေ ဒါလောက်ပဲ ကျနော် လုပ်ပေးနိုင်မယ်။ ဒါက ကျနော်မှမဟုတ်ဘူး တတ်တဲ့သူတိုင်း လုပ်နိုင်တယ်။ နောက်တခုက အစိုးရက စာတွေပေတွေနဲ့ ဟိုတင်ဒီတင်၊ ဟိုက ကျဖို့စောင့်ရ၊ ဒီကကျဖို့ မျှော်ရ အဲဒါမျိုး ကျနော် စိတ်မရှည်ဘူး” ဟု ဦးဖာက ဆိုသည်။

အစိုးရထံမှ သင်ယူခဲ့သော ပညာဖြင့် အသက်မွေးဝမ်းကျောင်း မပြုသော်လည်း ဘွဲ့ရ ပညာတတ်တဦး ဖြစ်သော ဦးဖာ အနေဖြင့် ဆင်ခြင်တုံတရားရှိသည်၊ အမှားအမှန်ကို ခွဲခြားသိမြင်နိုင်သည်၊ စခန်းရှိ လူငယ်အများစုမှာ ကျောင်းမနေနိုင်ကြ၊ မိဘများက ဝေဒနာရှင်များ ဖြစ်သောကြောင့် အိမ်စားဝတ်နေရေးအတွက် ငွေရှာရေးတခုသာ စဉ်းစားနိုင်ကြသည်ဟု ဦးဖာက ပြောပြသည်။
“သူတို့ကို ပညာ တတ်စေချင်ပါတယ်ဗျာ။ ဒီမှာ ကျောင်းလည်း ဖွင့်ပေးထားပါတယ်။ ဒါပေမယ့် သူတို့ပညာသွားသင်ရင် သူတို့အိမ်မှာ ဘာနဲ့သွားစားမလဲ။ အဲဒီတော့ ကျနော်စဉ်းစားတယ် ဒီလူငယ်တွေက ငွေပဲရှာတော့၊ သူတို့အောက် ငယ်တဲ့ ကလေးတွေ ကျမှ စာကို သေသေချာချာ သင်ကြပေါ့” ဟု သူက ဆိုသည်။
အစိုးရက ၅ နှစ်၊ ၁၀ နှစ် စီမံကိန်းဆို၍ စီမံကိန်းများ ပြုလုပ်နေသကဲ့သို့ သူ့အနေဖြင့် စခန်းတွင်းရှိ လူငယ်များ ဘဝ မြင့်တက်စေရန် မျိုးဆက် နှစ်ဆက် စီမံကိန်းဟု စီမံကိန်းချ ဆောင်ရွက်သည်ဟု ပြောပြသည်။
ဝါးဝယ်သည့် အလုပ်ကို လုပ်ရခြင်းမှာလည်း စခန်းတွင်းရှိ လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းတခု ဖန်တီးပေးခြင်းဟု သူက ဆိုသည်။ စခန်းတွင်းရှိ သန်မာသူ လူငယ်လူကြီးအားလုံး တောင်ပေါ်တက်ခါ ဝါးခုတ်သည်။ ထိုဝါးများကို တလုံး ကျပ် ၁၅၀ ဖြင့် သူက ပြန်ဝယ်ပေးသည်။ သူ့ဝါးများ၏ ဝယ်လက်ကတော့ မတ္တရာတဝိုက်ရှိ ကွမ်းစိုက် တောင်သူများ ဖြစ်သည်ဟု သိရသည်။
နံ့သာမြိုင်စခန်းရှိ ကြီးကြီးငယ်ငယ်၊ ယောက်ျား မိန်းမမရွေး သန်မာသူအားလုံး နံနက် ၄ နာရီထ၍ တောင်ပေါ် တက်ကြရသည်။ တတောင်မတွေ့ တတောင် ဝါးတောရှာကာ ဝါးခုတ်ကြသည်။ လူငယ်ပိုင်းကတော့ အလုပ်သိမ်းချိန် စောသည်။ နေ့လယ် ၂ နာရီလောက်ဆို ဦးဖာအိမ်ရှေ့ ဝါးစည်းများထမ်း၍ ရောက်လာကြပြီ။ လူကြီးများနှင့် အမျိုးသမီး များကတော့ ညနေ ၅ နာရီလောက်မှ ပြန်ရောက်ကြသည်။ လူတဦးလျှင် ဝါး ၉ လုံး၊ ၁၀ လုံးခန့်တော့ ထမ်းပြန်လာကြမြဲ ဖြစ်သည်။ ခုတ်ပါများသော တောင်ပေါ်ဝါးတောများ တဖြည်းဖြည်း နည်းပါးလာသဖြင့် ပို၍ ဝေးသော တောင်ဆီသို့ အချိန်ပေးကာ သွားရောက်ရှာဖွေကြရသည်ဟု ဝါးခုတ်ရာမှ ပြန်လာသူတို့က ဆိုသည်။
အနာကြီးရောဂါ ဝေဒနာရှင်များနှင့် သူတို့၏ သားသမီး၊ ဆွေမျိုးသားချင်းများ ဖြစ်သောကြောင့် တခြား သာမန်လူများနှင့် ရောယှက်ခြင်း မရှိဘဲ သူတို့ စခန်းက သီးခြားကမ္ဘာ တခုလိုဖြစ်နေ၏။ သူတို့ရွာတွင် ဝေဒနာခံစားနေရသူ ဦးအေဝမ်း ဖွင့်ထားသည့် နောင်ရိုး လက်ဖက်ရည်ဆိုင် ရှိသည်၊ စာရေးဆရာ ချစ်စံဝင်း ထူထောင်ပေးထားသည့် ကြာပန်းရေစင် စာကြည့်တိုက်ကလေး ရှိသည်၊ ဆံပင်ညှပ်ဆိုင်၊ တီဗီအောက်စက် ပြင်ဆိုင်၊ လေထိုးကျွတ်ဖာဆိုင်နှင့် ကလေးများ အတွက် သားရေစာ မုန့်ဆိုင်ကလေးများ ရှိသည်။ မနက်ခင်းတွင် အမျိုးသမီးတချို့က အနီးအနားရှိ ရွာဈေးသို့ စက်ဘီးဖြင့်သွားကာ ဟင်းသီးဟင်းရွက် သားငါး ကုန်တိုက်သည်။ ထိုသူများ ပြန်လာလျှင် စခန်းသူ စခန်းသားများက မိမိချက်လိုရာများကို အကြွေး ဝယ်ယူကြသည်၊ ဝါးခုတ်ပြန်လာသူများ ဦးဖာဆီ ဝါးပြန်သွင်း၍ ပိုက်ဆံထုတ်လာမှ နံနက်က ဟင်းဖိုးများ ရှင်းကြသည်။ လက်ဖက်ရည် သောက်သူလည်း အကြွေး၊ လေထိုးကျွတ်ဖာ၊ စက်ပြင်ချင်လည်း အကြွေး၊ အားလုံး ညနေရှင်းပဲ ဖြစ်သည်။ ထိုသို့ လည်ပတ်နေသည်မှာ သူတို့ရွာ၌ အကျင့်ဖြစ်နေပြီ။ ချက်ခြင်းရှင်း စနစ်ကို သူတို့ရွာသား အများစု မကျင့်သုံးနိုင်ကြ။ သို့သော် အကြွေးစနစ်ဖြင့် လည်ပတ်သည့်အတွက် မည်သည့် ပြဿနာ တစုံတခုမှ မတက်ဟု သိရသည်။

ဦးဖာက ကုန်ကားမောင်း အလုပ်တဘက်၊ ဝါးဒိုင်တဘက်ဖြင့် ရွာထဲရှိ သာရေး၊ နာရေး မှန်သမျှ အားလုံး လုပ်သည်၊ ကူညီ စောင့်ရှောက်သည်။ စာကြည့်တိုက်မှူး အဖြစ်လည်း နှစ်အတန်ကြာ လုပ်ပေးခဲ့သေးသည်။ လက်ရှိတွင်တော့ အလုပ် များလာသည့် အတွက် စာကြည့်တိုက်မှူး အဖြစ်က နားလိုက်ပြီ။
“ကျနော့်မှာ ဘဏ်စာရင်းလည်း ရှိတယ်ဗျာ၊ ကုန်ကားတစီးလည်း ပိုင်တယ်။ မန္တလေးမြို့ပေါ်မှာ စီးပွားရေးလုပ်စားလို့ ရပါတယ်။ ဒါပေမယ့် ဒီက ကလေးတွေ စာမတတ်ပေမတတ်၊ စားရမဲ့ သောက်ရမဲ့ဘဝ ဖြစ်ပြီး အနာဂတ်မရှိ ဖြစ်နေတာကို မကြည့်ရက်လို့ ဒီမှာကိုလာအခြေချပြီး လုပ်နိုင်သလောက် လုပ်ပေးနေတာ” ဟု ဦးဖာက ပြောသည်။
ဦးဖာက ၎င်းထက် အသက် တနှစ် ငယ်သူများကိုပင် “သား” “သမီး” ဟု သုံးနှုန်း ခေါ်ဝေါ်သည်။ သူ၏ သားသမီး များကဲ့သို့ မေတ္တာစေတနာ ထားသည်၊ မေတ္တာ ပေးဝေသည် ဆိုသည်ကို အနာကြီးရောဂါသည်များ၏ သားသမီး ကလေး လူငယ်များ သိစေရန် ထိုသို့ သုံးနှုန်းခြင်းဖြစ်ကြောင်း ရှင်းပြသည်။
မန္တလေးမြို့ပေါ်တွင် ဦးဖာ၏ ဆွေမျိုးများ ရှိကြသည်။ ပညာတတ်၊ ငွေကြေး ချမ်းသာသူများ ဖြစ်သည်။ သို့သော် ဦးဖာနှင့် ဝမ်းကွဲ တော်စပ်သူ ညီအစ်ကို မောင်နှများ အားလုံး အိမ်ထောင်မပြုကြဟု သူကဆိုသည်။
“ကျနော်ဆို ဒီမှာနေတယ်။ ဒီက မိန်းမ ဘယ်မိန်းမနဲ့ဖြစ်ဖြစ် ယူလို့ရတယ်။ မြို့က ကျနော့်အစ်မတွေ အစ်ကိုတွေ အားလုံး အပျိုကြီး၊ လူပျိုကြီးတွေ ချည်းပဲ။ အလုပ်တွေလည်း ကောင်းကြတယ်။ အစ်မတယောက်ဆို ဘဏ်မန်နေဂျာ။ ဒါပေမယ့် ဘယ်သူမှ အိမ်ထောင် မပြုကြဘူး။ သူတို့မိဘတွေက အနာကြီးရောဂါသည်တွေ၊ ပွဲတက် မကောင်းဘူးဆိုတဲ့ စိတ်နဲ့ အိမ်ထောင် မပြုကြတာ၊ ဒီလူတွေရဲ့ ဘဝတွေက ဒါမျိုးတွေချည်းပဲ၊ ဆိုးတယ်” ဟု ဦးဖာက ရှင်းပြသည်။
နံ့သာမြိုင်စခန်းတွင်းရှိ အိမ်ဝိုင်းများမှာ အနာကြီးရောဂါ ဝေဒနာသည်များ အတွက်သာဖြစ်သည်။ ဗိုလ်ချုပ်ထွန်းကြည် လက်ထက်က ဝေဒနာသည် တအိမ်ထောင်လျှင် ပေ ၄၀၊ ၆၀ အိမ်ဝိုင်းတဝိုင်းနှင့် လယ်တဧကစီ ပေးဝေခဲ့သည်။ ဦးဖာတို့လို ဝေဒနာသည် မဟုတ်သူများကတော့ အိမ်ဝိုင်းမရ။ ထို့ကြောင့် တခြားသူထံမှ အိမ်ဝိုင်းကို ငှားရမ်းနေထိုင်ရသည်။
ဝေဒနာသည်များထဲတွင် ဦးဖာ၏ ဦးလေးတော်စပ်သူ ဦးအေဝမ်းက အသက်အငယ်ဆုံး ဖြစ်ပြီး ဝေဒနာသည်များ၏ သားသမီး များမှာ အများသောအားဖြင့် ရောဂါကင်းစင်သူများ ဖြစ်ကြသည်။ ဝေဒနာသည်များ သေဆုံးသွားလျှင် ၎င်းတို့နေထိုင်ခဲ့သည့် စခန်းတွင်းမှ အိမ်ဝိုင်းကို စာရင်းဖျက်လိုက်သဖြင့် သားမြေးများ ဆက်လက် နေထိုင်ခွင့် မရှိပေ။ မန္တလေးမြို့မှ ထိုစခန်းသို့ ပြောင်းရွှေ့လာစတွင် အိမ်ထောင်စု ၄၆၅ စု ရှိခဲ့သော်လည်း ယခုအခါ အိမ်ထောင်စု ၂၀၀ သာရှိတော့ကြောင်း သိရသည်။ အိမ်ရှိ ဝေဒနာရှင် အားလုံး ကွယ်လွန်သွားချိန်တွင် လွတ်သွားသည့် ထိုအိမ်ကို အသုံးမပြုဘဲ ထားလိုက်သည်၊ မည်သူမှလည်း နေထိုင်ခြင်း မပြုရတော့။ သို့ရာတွင် နံ့သာမြိုင် အနာကြီးဆေးရုံ ဝန်ထမ်းများအဖြစ် အမှုထမ်းနေသော ဝေဒနာ ပျောက်ကင်း သွားသူများ ပင်စင်ယူသည့် အခါတွင်တော့ ထိုအိမ်လွတ်ကို ပေးနေသည်ဟု သိရသည်။
“ကျနော့် ဦးလေး ဦးအေဝမ်းဆို ဒီစခန်းက ရောဂါသည်တွေထဲမှာ အငယ်ဆုံးပဲ။ သူသေရင် ဒီစခန်းပြုတ်ပြီ။ အနာကြီး ရောဂါသည် မျိုးဆက်လည်း ပြုတ်ပြီ” ဟု ဦးဖာက ဆိုသည်။
ရောဂါသည်များမှာ အများသောအားဖြင့် အလုပ်အကိုင် မလုပ်နိုင်ကြသောကြောင့် ၎င်းတို့၏ သားသမီးများက တတ်စွမ်းသရွေ့ ရှာဖွေကျွေးမွေးကြရာ အများစုမှာ စာသင်ကြားရန် အခွင့်အရေး မရကြပေ။ ရွာ မူလတန်းကျောင်းတွင် ကျောင်းတက်ကြ သော်လည်း အသက် ၁၂၊ ၁၃ နှစ်ခန့်တွင် ကျောင်းထွက်၍ တောင်ယာခုတ်ခြင်း၊ ဝါးခုတ်ခြင်းများ လုပ်ကိုင်ကြပြီး တချို့ စာအနည်းငယ် တတ်သူများမှာ မန္တလေးမြို့ပေါ်တွင် စားပွဲထိုးခြင်း၊ အလှပြင်ဆိုင်တွင် အကူလုပ်ခြင်းဖြင့် မိဘကို အထောက် အပံ့ပြုကြရသည်။ မန္တလေးမြို့ပေါ်ရှိ တချို့သော ဆိုင်များက ဝေဒနာရှင်များ၏ သားသမီးများဟု သိရှိကာ စာနာထောက်ထား ကူညီ၍ အလုပ်ပေးကြသော်လည်း တချို့ကိုမူ အနာကြီးရောဂါသည် များ၏ သားသမီးဖြစ်ကြောင်း မပြောဝံ့ကြဟု သိရသည်။
ဝေဒနာသည်များသည် လယ်ဧက တဧကစီ ပိုင်ဆိုင်ကြသော်လည်း လယ်လုပ်နိုင်သည့် အနေအထား မရှိသူ များသောကြောင့် လုပ်ကိုင်နိုင်သူများကို တနှစ် သီးစားခ ကျပ် ၂၀၀၀၀ ခန့်ဖြင့် ငှားစားကြရသည်။
၁၉၉၀ ပြည့်နှစ် မန္တလေးမှ ပြောင်းရွှေ့လာစဉ် ကျန်ခဲ့သော ခြံဝိုင်းများကို ရောင်းချ၍ ရရှိငွေအား ဘဏ်တွင် အပ်နှံထားကာ ရလာသည့် အတိုးဖြင့် အနာကြီးဝေဒနာသည် များကို ထောက်ပံ့ပေးထားသည်။ အသက် ၆၀ အထက် ဝေဒနာရှင် အတွက် တလ ၆၀၀ ကျပ်၊ ၆၀ အောက် ဝေဒနာရှင်အတွက် တလ ၄၀၀ ကျပ် ထောက်ပံ့ပေးခြင်းမှာ ၁၉၉၀ မှ ယခုတိုင်ဖြစ်သည်။
“ကလေးတွေ အတွက်က ပိုက်ဆံရှာဖို့ အဓိကပဲ။ သူတို့မှာ စားစရာမှ မရှိတာ။ လက်မှု လုပ်ဖို့ကျပြန်တော့လည်း ကုန်ကြမ်း ပံ့ပိုးမယ့်သူ၊ ပညာသင်ပေးမယ့်သူ၊ ကုန်ချောဝယ်မယ့်သူ မရှိဘူး။ မြို့သွား အလုပ်လုပ်ဖို့ ကျပြန်တော့ လမ်းစရိတ် မရှိဘူး၊ လိုင်းကားလည်း မရှိဘူး။ ဒီတော့ သူတို့မှာ တောခုတ်၊ ဝါးခုတ်ပဲ လုပ်တတ်တယ်။ ကျနော် မျှော်လင့်တာတော့ သူတို့ရဲ့ ညီတွေ၊ ညီမတွေ လက်ထက်ကျမှ ပညာ ပြည့်ပြည့်ဝဝ သင်ကြဖို့ပဲ။ အခု လက်ရှိ လူငယ်တွေကတော့ ပညာသင်ဖို့ မဖြစ်နိုင်တော့ဘူး။ ဒါ အခြေခံကျတယ်လို့ မြင်တယ်” ဟု ဦးဖာက ဆိုသည်။
မြို့ပေါ်မှ ငွေကြေးချမ်းသာသူ တချို့က စာနာမှုဖြင့် ပညာရေးအတွက် တချို့သော ကျောင်းသားများကို ပံ့ပိုးပေးခြင်းများ ရှိသော်လည်း ထို လူငယ်များမှာ ကျောင်းဆက်တက်ရေးထက် ငွေရှာဖို့ကိုသာ စဉ်းစားကြရကြောင်း၊ တချို့မှာ ၁၀ တန်း အောင်သည်အထိ ကျောင်းတက်သော်လည်း တက္ကသိုလ် ဆက်မတက်ဘဲ နွားမွေး၊ တောခုတ် စသည်တို့ကိုသာ ပြန်လုပ် ကြကြောင်း ၎င်းက ဆက်ပြောသည်။
“စခန်းကို လာပြီး ကူညီတဲ့ အလှူရှင်တွေ ရှိပါတယ်၊ အစိုးရ တာဝန်ရှိသူတွေ ထဲကလည်း လာကြတယ်။ သူတို့ကိုတော့ လေးစားပါတယ်။ ဒါပေမယ့် ကျနော်မြင်တာကတော့ တယောက်မှ အခြေခံကျကျ မကူညီဘူး။ အဓိကက စီးပွားရေးပဲ။ ဒီကလူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းကို မဖန်တီးပေးနိုင် ဘဲနဲ့တော့ ဘာမှ လုပ်လို့မရဘူးလို့ ကျနော် မြင်တယ်” ဟု ဦးဖာက ဆိုသည်။
နံ့သာမြိုင် အနာကြီး ရောဂါသည် စခန်းအကြောင်း မီဒီယာများက ဖော်ပြကြသော်လည်း သတင်းများတွင် အလှူရှင်များ၊ လှူဒါန်းမှုများကိုသာ ဖော်ပြကြောင်း၊ အခြေခံကျကျ အတွင်းကျကျ ရေးသားဖော်ပြသည်ကို မမြင်ဘူးကြောင်း၊ ၎င်းတို့မှာ လူမှုရေးအရ လူ့အဖွဲ့အစည်း အပြင်ဘက်သို့ ရောက်ရှိ နေရသည့်အပြင် စားဝတ်နေရေး၊ ကလေးများ၏ ပညာရေးနှင့် မိဘများ ရောဂါဖြင့် သေဆုံးသွားပါက ကျန်ခဲ့သည့် ကလေးလူငယ်များ၏ ဘဝရပ်တည်ရေး၊ ရှေ့ရေးများအတွက် အနာဂတ်မရှိကြောင်း သူက ပြောပြသည်။
“ဘယ်သူက ဘယ်လိုလှူသွားပါတယ် ဆိုတာမျိုးပဲ မီဒီယာမှာ မြင်ရတယ်။ ကျနော် အဲဒါ မလိုချင်ဘူးဗျာ။ ဒီစခန်းမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာကို အတွင်းကျကျ ရေးပေးစေချင်တယ်။ အလှူရှင်ကို စော်ကားတာတော့ မဟုတ်ပါဘူး။ စေတနာရှင် သူဌေးတွေ ဒီကို လာခဲ့ပါ၊ ငွေပေးဖို့ မလိုဘူး၊ အလုပ်အကိုင်အခွင့်အလမ်း၊ ဝင်ငွေရဖို့ စီးပွားရေး အခြေအနေလေး တခုခု ဖန်တီး ပေးစေချင်တာပါ” ဟု ဦးဖာက ရှင်းပြသည်။
ဦးဖာက ၎င်းကဲ့သို့သော စီးပွားတောင့်တင်း၍ စေတနာ ထားနိုင်သူ အယောက် ၂၀ ခန့်ရှိလျှင် ဤရွာအတွက် စားဝတ်နေရေး ပူပန်ရန် မလိုတော့ဟု သူက ဆိုသည်။
“ကျနော် အလုပ်ပေးထားပြီး စောင့်ရှောက်ထားတဲ့အတွက် အိမ်ထောင်စု ၅၀ လောက်တော့ စားဝတ်နေရေး ပြေလည်တယ်။ ကျနော်လိုလူ ၂၀ လောက်ဆို တရွာလုံး ပြေလည်ပြီ။ တကယ်တော့ အစိုးရပေးတဲ့ စီးပွားရေး စွမ်းဆောင်ရှင်ဆု ဆိုတာကို ကျနော့်ကို ပေးရမှာဗျ” ဟု ဦးဖာက ရယ်မောရင်း ပြောသည်။