အခုတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းဟာ အသစ်။ လွန်ခဲ့တဲ့ ၂၅ နှစ် ကျနော် ရန်ကုန်က မထွက်ခင် ဒီနေရာမှာ ဘာမှမရှိသေး။ တိုးချဲ့ရုံးဆောက်မယ်ဆိုပြီး မြေနေရာရှင်းနေတုန်း။ အပြင်ဖက် ထွက်လိုက်တော့မှ အရင်က ကျနော် ရန်ကုန်-ထားဝယ် သွားနေကြ၊ ပြည်တွင်းရုံးဟောင်းကို ဟိုဖက် ခပ်လှမ်းလှမ်းမှာ လှမ်းမြင်ရပါတယ်။
လေယာဉ်ကွင်းကနေ မြို့ထဲထွက်လာတော့ ထပ်ချဲ့ထားတဲ့ လမ်းမနဲ့ ဆေးသုတ်ထားတဲ့ ပလက်ဖောင်းတွေကို တိုးတက်မှုအဖြစ် သတိထားမိပါတယ်။ ”ရန်ကုန် လမ်းတွေက ပိုကောင်း ပို ကျယ်လာသလိုပဲ” လို့ ကျနော်က ပြောမိပါတယ်။ ”ချီးကျူးဖို့ သိပ် ဆန္ဒမစောနဲ့လေ၊ ပြည်လမ်းလောက်ပဲ ကောင်းတာ။ မြို့ထဲရောက်ရင် ခင်ဗျားတွေ့ပါလိမ့်မယ်” လို့ ကျနော့်ကို လိုက်ပို့တဲ့ သူငယ်ချင်းက ကောက်ချက်ပေးပါတယ်။
စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသား လက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး DVB ၏ သတင်းထောက် ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက် ရှိသည် |
“သစ်ပင်တွေ များတာကတော့ ဂုဏ်ယူစရာပဲဗျ။ ဒီတချက် တည်းနဲ့တင် ရန်ကုန်က ဘန်ကောက်ထက် သာသွားပြီ” လို့ ကျနော်က ထပ်ပြော မိပြန်ပါတယ်။ ”ဒါတောင် နာဂစ်တုန်းက အပင်ကြီးတွေ ကုန်သွားလို့” ဆိုပြီး သူငယ်ချင်းက တုံ့ပြန်ပါတယ်။ ဒီလိုနဲ့ ၈ မိုင်လမ်းဆုံ၊ အင်းလျား ကန်ဘေးက တံတားနီကို ဖြတ်ပြီး တက္ကသိုလ်ရှေ့ ရောက်လာ ပါတယ်။ ရန်ကုန် တက္ကသိုလ် ဆိုတဲ့ ဆိုင်းဘုတ်နဲ့ ဂျက်ဆင်ကို ငေးနေတုန်း ကားက လှည်းတန်း ကုန်းကျော် တံတားပေါ် ရောက်လာပါတယ်။
“ဒါ ဒီမိုကရေစီ ခေတ်ရဲ့ ပထမဆုံး ကုန်းကျော် တံတားပေါ့” လို့ ကားဆရာက ရှင်းပြပါတယ်။ ဒီတံတား သစ်ကြောင့် ယဉ်ကျော ပိတ်ဆို့မှု အတော် သက်သာ သွားတယ် လို့လည်း သူက ဆိုပါတယ်။ ဒါပေမယ့် ကျနော့် မျက်စိထဲမှာတော့ ဒီတံတားဖွင့်ကာစ ပြီးခဲ့တဲ့ သင်္ကြန်ကာလ အတွင်း တံတားပေါ် ကားပိတ်ရပ်ပြီး ဂီတာတီး အရက်သောက်နေတဲ့ Facebook ပေါ်က ဓာတ်ပုံကို ပြေးမြင်မိတယ်။ ”လွတ်လပ်ရေး ရတယ်ဆိုပြီး လမ်းမပေါ်ဆေးလှန်းတဲ့ လူတွေ” လို့ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့ဖူးတဲ့ စကားလုံးကိုလဲ သွားသတိရမိ ပါတယ်။
”ဒါ ဆေး ၁ လေ။ လိပ်ခုံးတော့ မရှိတော့ဘူး” လို့ သူငယ်ချင်းက ဆေးတက္ကသိုလ်ဟောင်းကို လက်ညှိုးထိုးပြီး ပြောပါတယ်။ ပြီးတော့ ဦးဝိစာရလမ်း။ ”ဒီ တော်လှန်ရေးပန်းခြံက ပိတ်ထားတာ ကြာပြီ။ အာဇာနည်ကုန်းလည်း အများပြည်သူ ဝင်ခွင့်မရသေးဘူး” လို့ သူက ဆက်တိုက် ရှင်းပြနေပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်ဆိုတဲ့ လက်ရှိအစိုးရခေတ်မှာ ပြန်မရနိုင်မယ့် ပျောက်ဆုံးမှုတွေ၊ ပိတ်ထားတာတွေ၊ မရသေးတာတွေ အများကြီးပါလားလို့ စဉ်းစားရင်းနဲ့ ကားက မြို့ထဲရောက်လာပါတယ်။
ကျနော်စိတ်ထဲမှာတော့ ရန်ကုန်ဟာ သူ့အရှေ့အရပ်က ဘန်ကောက်နဲ့မတူပဲ သူ့အနောက်က နယူးဒေလီနဲ့ ပိုတူနေသလိုပဲ။ အဆောက်အဦတွေက ဟောင်းနွမ်းချေးထူ။ ကွမ်းသွေးတွေက နေရာတကာ။ ကားဟွန်းသံကတညံညံ၊ လမ်းဖြတ်ကူးသူတွေက စည်းကမ်းမရှိ။ လမ်းမပေါ်နွားရှိတာနဲ့ မရှိတာပဲ ကွာတယ်ဆိုပြီး ကျနော်က ထင်မြင်ချက်ပေးတော့ ”ဒါတောင် ဟွန်းမတီးရ ဇုံလုပ်ထားတာ” ဆိုပြီး ကားဆရာက ဝင်ပြောပါတယ်။
ကျနော်ပဲ ဥရောပမှာ အနေကြာသွားလို့လားတော့ မသိပါဘူး။ ရန်ကုန်က လူတွေ လမ်းကူးတာ တကယ့်ကို ကြောက်စရာ။ လူကူးမျဉ်းကြားရှိပေမယ့် ကားတွေက ရပ်ပေးတာမဟုတ်။ လူကူး မျဉ်းကျားပေါ်အထိ တက်ရပ်တာမျိုး။ လုံး၀ ရပ်မပေးပဲ ရှောင်မောင်းတာမျိုးတွေ တွေ့ရပါတယ်။ ”အော်စလိုက လူတွေကို ရန်ကုန်မှာ လမ်းကူးခိုင်းရင်တော့ အားလုံး ကားတိုက်သေကုန်မယ်” လို့ ကျနော် တွေးမိပါတယ်။ ဘာကြောင့်လဲဆိုရင် အော်စလိုမှာ လမ်းကူးသူတွေက ကားလာ မလာကိုတောင် မကြည့်ပါ။ မျဉ်းကြား တွေ့တာနဲ့ ဒီတိုင်း ကူးချလိုက်တာပါပဲ။ သက်ဆိုင်ရာကားက မျဉ်းကြားနဲ့ ၃ ပေအကွာလောက်ကနေ ရပ်စောင့်ပေတော့။ အဲဒီလိုမစောင့်ရင် ကားသမား လိုင်စင်အသိမ်းခံရပြီသာ မှတ်။
အရှေ့နဲ့အနောက် ကွာခြားမှုတွေအကြောင်း ပြောရင်းပွားရင်းနဲ့ ကမ်းနားလမ်းပေါ်က ကျနော်တည်းမယ့် ဟိုတယ်တလုံးဆီ ရောက်လာပါတယ်။ ဟိုတယ် လော်ဘီနဲ့ ကားရပ်နေရာ အပါအဝင် ဓာတ်လှေကားစောင့်တဲ့ အင်အားပါပေါင်းလိုက်ရင် ဟိုတယ်ဝန်ထမ်းဦးရေက ထိုင်းရဲ့နှစ်ဆ၊ နော်ဝေ ရဲ့ ၅ ဆလောက်ရှိမယ်။ အခန်းထဲရောက်ပြီး လေအေးစက်ဖွင့်လိုက်တော့လည်း ဖုန်နံ့ အလာဂျီ ရှိတဲ့ ကျနော့် နှာခေါင်းက ဒီအခန်း မသန့်ဘူးဆိုတာ ချက်ချင်းသိလိုက်ပါတယ်။ ပြူတင်းပေါက် ဖွင့်ပြီး ရန်ကုန်မြစ်ဖက် လှမ်းကြည့်မယ်ပြင်တော့ ပြူတင်းပေါက်နံရံပေါ်မှာ ဖုန်တွေအများကြီး။ လိုက်ကာကလည်း အနက်ရောင်နဲ့။ တီဗွီ၊ ရေခဲသေတ္တာနဲ့ ရေချိုးခန်းက ရေပူ-ရေအေး စက်တွေ အားလုံးမှာ ဝိုင်ယာကြိုးတွေ၊ အဒပ်ပတာတွေနဲ့ ရှုပ်ထွေးနေပါတယ်။
ဒေါ်လာ ၃၀ တန် အခန်းဆိုတော့ ဒီလောက်ပဲ ရမှာပေါ့လေဆိုပြီး စိတ်ထဲဖြေရပါတယ်။ ဒါပေမယ့် ဘန်ကောက်မှာ ကျနော်တည်းခဲ့တဲ့ ဘတ် ၉၀၀ တန် (ဒေါ်လာ ၃၀ တန်) အခန်းက ဒီထက်သာတယ် ဆိုတာ ကျနော်သိနေတာပဲလေ။ နောက် ”မြန်မာနိုင်ငံက ဟိုတယ်တွေက ဈေးကြီးပြီး ဘာ ဆားဗစ်မှ မရှိဘူး” လို့ တခြားလူတွေ ငြီးတာကြားဖူးနေတာ အခုတော့ ကျနော်သိပြီ။
ဟိုတယ်မှာ အထုပ်အပိုးထားပြီး ကျနော်တို့ ပထမဆုံးသွားဖို့ ရွေးချယ်တဲ့နေရာက ရွှေတိဂုံစေတီ။ တက္ကစီငှားတော့ ၁၅၀၀ တဲ့။ ဈေးအတော်ကြီးတယ်လို့ ထင်လိုက်ပေမယ့် ဘတ်နဲ့တွက်တော့ ၅၀ (၂ ဒေါ်လာ) ထက်မပို။ တံခါးဆွဲဖွင့်ပြီး ဝင်ထိုင်မယ်ပြင်တော့ တံခါးက အလွယ်တကူမပွင့်။ နေကလည်း ပူလိုက်တာ ၄၀ ဒီဂရီစင်တီဂရိတ်တောင် ရှိပါတယ်။ အပူချိန် ၅ ဒီဂရီလောက်သာရှိတဲ့ အော်စလိုကို မေ့ထားလိုက်တော့။ အပူချိန် ၃၅ ရှိတဲ့ ဘန်ကောက်ထက်တောင် ရန်ကုန်က ပိုပူနေပါလား။
ရန်ကုန်နေပူပူမှာ လေအေးစက်မရှိတဲ့ တက္ကစီပေါ် တံခါးကို ခဲရာခဲဆစ်ဖွင်ြ့ပီး တက်လိုက်တော့ ထိုင်ခုံမှာ ခါးပတ်မရှိ။ ကားသမားကိုပြောတော့ သူကိုယ်တိုင်လည်း ခါးပတ် မရှိ။ ဒါ မြန်မာပြည်ပဲလေ။ ”အဲကွန်းဖွင့်ရင် ၅၀၀ ပိုပေးရတယ်ဆိုတာ ဟုတ်လား” လို့ ကျနော်က ကားသမားကို နောက်ပြီးမေးတော့ ”ဟုတ်ပါတယ်။ ဒါပေမယ့် ကျနော်ကားက ဖွင့်စရာ အဲကွန်း မရှိဘူး။ သဘာဝအတိုင်းပေါ့” တဲ့။
တောင်ဖက်မုခ်မှာ ဖိနပ်အပ်ပြီး ဘုရားပေါ်တက်လာတော့ ”Please camera fee” ဆိုပြီး အကျီအဖြူရောင် ကော်လာကတုံး ဝတ်ထားတဲ့လူငယ် ၂ ဦးက ကျနော်ကို တားပြီး ဝင်ကြေး တောင်းပါတယ်။ ”နိုင်ငံခြားသား မဟုတ်ဘူး၊ မြန်မာပဲလေ” လို့ ပြောပြီး စည်းရုံးပေမယ့် မရ။ နိုင်ငံခြားသား မှတ်ပုံတင်ကိုင်ထားလို့ နိုင်ငံခြားသားလို့ အဲဒီအလှူခံပုဂ္ဂိုလ်တွေက ဆိုပါတယ်။ ”ဘုရားအတွက် လှူတာပဲ အကိုရာ၊ ကုသိုလ် ရပါတယ်” လို့တောင် ကျနော်ကို ချည်လိုက်တယ်။
”ဒီငွေတွေ ဘုရားဆီရောက်တာ သေချာရဲ့လား” ဆိုပြီး ကျနော်က နောက်သလိုလိုပြောလိုက်တာကိုတော့ သူတို့ သိပ်ကြိုက်ပုံမရ။ ဒီအရပ်မှာ ဒီလိုမေးခွန်းမေးလေ့ရှိပုံ မရပါ။ တကယ်လို့ ကျနော်က ဗုဒ္ဓဘာသာမဟုတ်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ဘုရားပေါ်တက်လာသူတိုင်းကို အလှူငွေထည့်ဖို့၊ ဘုရားဖူးဖို့ လာသူချည်းလို့ ပုံသေတွက်ထားလို့ ဘယ်ဖြစ်မလဲ။ နိုင်ငံခြားသားအများစုက ခရစ်ယာန်တွေ၊ ဘာသာမဲ့တွေ၊ ဘာသာကွဲတွေ ဆိုတော့ ဘုရားဖူးဖို့လာတယ် ဆိုတာထက် ထူးခြားတဲ့ သမိုင်းဝင်နေရာတခုကို လေ့လာချင်လို့ လာကြတာဖြစ်မယ်လို့ ထင်မထားသင့်ဘူးလား။
လောလောဆယ်တော့ ဘာမှမတတ်နိုင်။ သူတို့တောင်းတဲ့အတိုင်း ၅ ဒေါ်လာ ထုတ်ပေးလိုက်ပါတယ်။ ဒါပေမယ့် ဒေါ်လာ ၂၀ တန်ကို ပြန်အမ်းဖို့မရှိဘူးဆိုတဲ့အတွက် ကျနော့်သူငယ်ချင်းကပဲ ကျပ်ငွေ ၅၀၀၀ ထုတ်ပေးလိုက်ရတယ်။ ဘန်ကောက်က မြဘုရားဝင်ကြေး ဘတ် ၂၀၀ နဲ့ယှဉ်ပြီး ပြန်တွက်ကြည့်တော့ ၅ ဒေါ်လာဆိုတာ ဘတ် ၁၅၀ လောက်ပဲ ရှိပါတယ်။ ဘန်ကောက်ရောက်တိုင်း မြဘုရားကို ဘတ် ၂၀၀ ပေးပြီးဖူးစဉ်က ဈေးများတယ်လို့ တခါမှ မထင်ခဲ့တဲ့ကျနော် ရွှေတိဂုံမှာ ဘတ် ၁၅၀ ကောက်တာကို ဘာလို့ဈေးကြီးတယ်လို့ ထင်နေပါလိမ့်။
ဘန်ကောက်က မြဘုရားဝင်းထဲမှာ နိုင်ငံခြားသား ထောင်နဲ့ချီ တိုးဝှေ့ဝင်နေတာ တွေ့ရပေမယ့် ရွှေတိဂုံပေါ်မှာတော့ နိုင်ငံခြားခရီးသည် သိပ်မများဘူးလို့ ကျနော်ထင်ပါတယ်။ အောင်ပွဲမပါပဲ ပြန်လာတဲ့ ကျနော်ဟာ အောင်မြေနင်းဖို့တော့ သတိရသား။ အောင်မြေနင်းပြီး အာဇာနည်ကုန်းနဲ့ ပြည်သူ့လွှတ်တော်(အခု ရန်ကုန်တိုင်း လွှတ်တော်) ဖက်လှမ်းကြည့်တော့ သစ်ပင်တွေ ကြီးလာလို့ဖြစ်မယ် အရင်လို မမြင်ရတော့ပါ။ တပတ်ပြည့်လို့ တောင်ဖက်မုခ်နား ပြန်ရောက်တော့ ကျောင်းသားခေါင်းဆောင်တွေရဲ့ သမိုင်းဝင်ကျောက်တိုင် ဝင်ကြည့်တယ်။ တကယ်တော့ ရွှေတိဂုံဆိုတာဟာ ဘာသာရေးပြယုဂ် သက်သက်မဟုတ်။ ကိုလိုနီခေတ်ကစပြီး ၈ လေးလုံး အရေးတော်ပုံ၊ ရွှေဝါရောင်တော်လှန်ရေး ခေတ်တွေအထိ ဖိနှိပ်သူတွေကို တွန်းလှန်ဖို့ ကျောင်းသားတွေ လူစုခဲ့တဲ့နေရာပါ။
တောင်ဖက်မုခ်စောင်းတန်းက အဆင်း ခေါင်မိုးဆေးရေး ပန်းချီတွေကို ကြည့်ပြီး ကျနော့်သူငယ်ချင်းက “နှမျောဖို့ သိပ်ကောင်းတာဗျာ။ မူလရှေးလက်ရာ ဗုဒ္ဓဝင်ခန်းတွေ ဘာမှမရှိတော့ဘူး။ အားလုံး အသစ်လုပ် ဆေးသုတ်ထားတာပဲ ကျန်တော့တယ်” လို့ ပြောပါတယ်။ ဘယ်လိုဖြစ်တာလဲလို့ ဆက်မေးကြည့်တော့ ၁၉၈၈ စစ်တပ်က အာဏာသိမ်းပြီးစအချိန်မှာ ရွှေတိဂုံစောင်းတန်းပေါ်က နံရံပန်းချီတွေကို ဖြုတ်လဲပစ်ခဲ့တယ်လို့ ဆိုပါတယ်။
ရွှေတိဂုံကနေ ရန်ကုန်တက္ကသိုလ်ဆီ တက္ကစီငှားတော့ ၂၅၀၀ တောင်းပါတယ်။ တကယ်က ပထမ ငှားစဉ်က တက္ကသိုလ်ကို မဟုတ်။ တက္ကသိုလ်နောက်က အင်းလျားကန်စောင်း စားသောက်ဆိုင်တွေကိုပါ။ ကားသမားနဲ့ စကားစပ်ရင်း တက္ကသိုလ်ထဲ ဝင်ခွင့်ပေးနေပြီဆိုလို့ အရေးပေါ်လမ်းကြောင်းပြောင်းခဲ့တယ်။ ”ဝင်ခွင့်ရတာ မကြာသေးဘူးဗျ။ အိုဘားမား မလာခင်လေးကမှ ရတာ” ဆိုပြီး ကားသမားက ရှင်းပြပါတယ်။ အဓိပတိလမ်းအတိုင်းမောင်း ဘွဲ့နှင်းသဘင်ရှေ့မှာ ရပ်ပြီး ကျနော်နဲ့ ကျနော်သူငယ်ချင်း တယောက်တလှည့် ကျနော်တို့ တက်ခွင့်မရလိုက်တဲ့ ဘွဲ့နှင်းသဘင်ကြီးနဲ့ဓာတ်ပုံရိုက်ကြတယ်။
ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်တော့ လူတဦးစ နှစ်ဦးစထက် မပို။ သစ်ပုတ်ပင်အပါအဝင် သစ်ပင်ကြီးတွေကို ဖြတ်ပြီး ဥဩတွန်သံက လွင့်လာတယ်။ ရန်ကုန်နေတောင် အဓိပတိလမ်းပေါ် အပူချိန်လျှော့ကျသွားတယ်လို့ ခံစားမိတယ်။ ဝိဇ္ဇာခန်းမဖက်ကနေ ဂျက်ဆင်ဖက်ကိုဖြတ်လျှောက်ပြီး သီရိဆောင်ရှေ့က ရေတမာပင်တွေအောက် ကျနော်တို့ ရောက်တယ်။ ”ဂျက်ဆင်ထိပ်က လရိပ်ပြာ”နဲ့ ”မောင့်သီရိမေ” သီချင်းတွေကို သွားသတိရမိပါတယ်။
ပြည်လမ်းဖက် ထွက်လာတော့ မာလာဆောင်က ကျောင်းသူတွေ နေတဲ့အဆောင် မဟုတ်တော့ပဲ နိုင်ငံခြားဘာသာသင်တဲ့ အဆောင်အဖြစ် အသွင်ပြောင်းခံလိုက်ရပြီ။ ”အဆောင်သရဲလည်း ဘုံပျောက်ပြီ ထင်ပါရဲ့” လို့စဉ်းစားရင်း တချိန်တုန်းက တက္ကသိုလ်ဆီ တမ်းတမိပါတယ်။ မာလာဆောင်ရှေ့ကနေ အင်းလျားကန်ဘောင်ဖက် တက်မယ်ပြင်လိုက်တော့ အရင်လို ထီးကာထားတဲ့အတွဲလေးတွေ သစ်ပင်အောက်မှာ ရှိနေတုန်း။
အင်းလျားကန်စောင်းက အရင်လို တက္ကသိုလ်အငွေ့အသက် မရှိတော့။ မဟာဆန်သူတွေ၊ ဣန္ဒြေရှင်တွေကို မမြင်ရတော့။ ထမိန်တိုတိုခေတ်ကိုတောင် ကျော်ပြီး ဒီနေ့ခေတ်သစ် ဘောင်းဘီတိုတို ခေတ်ကို မြင်လိုက်ရတယ်။ ကောင်မလေးတွေ လက်ဖက်ရည်ဆိုင် ထိုင်သင့် မသင့် အငြင်းပွားခဲ့ဖူးတဲ့ ကျနော်တို့ခေတ်ဟာ အဝေးကြီး ကျန်ခဲ့ပြီပဲ။ သြော် အခုတော့လည်း ဘောင်းဘီတို ကောင်မလေးတွေက ဘီယာဝိုင်းမှာ ထိုင်လို့။
လူတွေရဲ့ တန်ဖိုးထားမှု၊ စံသတ်မှတ်မှု ဆိုတာတွေဟာ ခေတ်နဲ့အညီ ပြောင်းလဲသွားတတ်တဲ့ သဘောလား။ ဒါမှမဟုတ် တစုံတဦး၊ တဖွဲ့ဖွဲ့က အတင်းအကြပ် ပြောင်းလဲလိုက်တာကို ကျနော်တို့ ခံလိုက်ရတာလား။ သေချာတာကတော့ အင်းလျားကန်ဟာ လွန်ခဲ့တဲ့ ၂၅ နှစ်ကလို တက္ကသိုလ်နယ်မြေ မဟုတ်တော့ပါ။ အရင်ကရှိခဲ့ဖူးတဲ့ ဘူးသီးကြော်ဆိုင်မှာ ဘီယာဆိုင်တွေ၊ စားသောက်ဆိုင်တွေ အခိုင်အမာ နေရာယူထားလိုက်ပါပြီ။
ဒီနားက ဆိုင်မှာထိုင်နေသူတွေ၊ ကန်ဘောင်ပေါ် လမ်းလျှောက်နေသူတွေထဲမှာ အင်းလျား ရာဇဝင်နဲ့ တံတားနီ နောက်ခံသမိုင်းကို သိသူ ဘယ်နှစ်ဦးရှိလဲ။ လွန်ခဲ့တဲ့ ၂၅ နှစ်က ဖြစ်ပွားခဲ့တဲ့ ကျနော်တို့မျိုးဆက်ရဲ့ တိုက်ပွဲဝင်မှုတွေ၊ ပေးဆပ်မှုတွေကို ဒီကန်ဘောင်ပေါ်မှာ ထိုင်နေတဲ့ အသက် ၂၀ တန်း လူငယ်တွေ တကယ်ပဲ မေ့ကုန်ကြပြီလား။
သမိုင်းခေတ် များစွာကို ဖြတ်သန်း ခဲ့ဖူးတဲ့ အင်းလျားရဲ့ ကန်ဘောင်ပေါ် လမ်းလျှောက်ရင်း တခါက တက္ကသိုလ် ညနေခင်းတွေ၊ တွဲလျှောက် ခဲ့ဖူးတဲ့ သူငယ်ချင်းတွေ၊ ၃/၈၈ အင်းလျား သီချင်းထဲက ရဲဘော် သူငယ်ချင်းတွေ၊ ပြီးတော့ … ဘယ်တော့မှ အိမ်ပြန်ခွင့် မရနိုင်တော့ဘဲ တက္ကသိုလ် နယ်မြေနဲ့ အဝေး တောတောင် တွေထဲ ထာဝရ လမ်းခွဲသွား ရရှာတဲ့ ရဲဘော် သူငယ်ချင်း များစွာကို ကျနော် လွမ်းနေ မိတော့တယ်။