စစ်စွပ်ကျယ်၊ ပုဆိုးခါးတောင်းကျိုက်နဲ့ ရေသန့် ၆ ဘူးတကတ်တွဲ ၂ တွဲကို လက်တဘက်တချက် ကိုင်ထားရင်း နဖူးကချွေးတွေကို လက်မောင်းရင်းနဲ့ ခပ်ကြမ်းကြမ်း သုတ်လိုက်သူကတော့ တချိန်က စစ်အစိုးရလက်ထက် တနိုင်ငံလုံးရဲ့ စာရင်းစစ်ချုပ် ရာထူးကို ပိုင်ဆိုင်ခဲ့ဖူးသူ အရင်က ဗိုလ်ချုပ်လွန်းမောင် ဆိုပြီး နာမည်ကျော်ခဲ့သူပဲ ဖြစ်ပါတယ်။
ရေသန့်ဘူးတွေကို ရေခဲသေတ္တာထဲ အစီအရီ ထည့်ဖို့ပြင်နေတဲ့ အသက် ၆၀ ကျော်အရွယ် ဦးလွန်းမောင်ရဲ့ ပုံစံဟာ တချိန်က ဘုန်းမီးနေလ ထွန်းတောက်ခဲ့သူ သူတဦးလို့ ထင်စရာ မရှိပါဘူး။ လက်ရှိအချိန်မှာတော့ ထမင်းဆိုင်ပိုင်ရှင် ဦးလွန်းမောင် အဖြစ်နဲ့ မွန်ပြည်နယ် ဘီးလင်းမြို့မှာ အခြေချနေပါပြီ။
ဦးလွန်းမောင်ဟာ ရေခဲသေတ္တာထဲကို ရေသန့်ဘူးတွေ အစီအရီထည့်ပြီး မကြာခင်မှာပဲ ထမင်းစားပွဲခုံ အလုံး ၄၀ ကျော်ကို ရေစိုအဝတ်နဲ့ လိုက်လံ သုတ်နေပြန်ပါတယ်။ ဘေးက ကြည့်နေသူတွေကတော့ သူ့အသက်အရွယ်နဲ့ မလိုက်အောင် လုပ်ကိုင်နေပုံကို အံ့သြနေပုံရပါတယ်။
အင်တာနက်စာမျက်နှာ ပေါ်မှာ ဗိုလ်ချုပ်ဟောင်း လွန်းမောင်တယောက် ထမင်းဆိုင် ဖွင့်ထားတယ်၊ ရိုးစင်းတဲ့ ဘဝကို ဖြတ်သန်းနေတယ် စသည်ဖြင့် သတင်းတွေနဲ့အတူ သတင်းတချို့မှာ ရေးသားထားတဲ့ “ဦးလွန်းမောင် တယောက် မှန်လွန်းတဲ့အတွက် ရွာပြင်ထုတ် ခံခဲ့ရတယ်” ဆိုတဲ့ အချက်နဲ့ ပတ်သက်လို့ စိတ်ဝင်စားမိတာနဲ့ ရန်ကုန်ကနေ ဘီလင်းအထိ ခြေဆန့်လာခဲ့တာပါ။ တမြို့လုံးမှာ သေသေချာချာ ရှာဖွေ ရေကြည့်လို့ လက် ၃ ချောင်းတောင် မပြည့်တဲ့ တည်းခိုခန်း အခက်အခဲကို ဖြစ်သလို ကျော်ဖြတ်ရင်း ၂ ရက်ကြာအောင် ဦးလွန်းမောင်ရဲ့ နေ့စဉ်ဘ၀ ဖြတ်သန်းမှုကို လေ့လာကြည့်ခွင့် ရခဲ့ပါတယ်။
သူ့တနေ့တာ ဖြတ်သန်းမှုကို ၂ ရက်အကြာ လေ့လာပြီးချိန်မှာတော့ သူ့ကို မိတ်ဖွဲ့ရင်း စကားပြောခွင့် ရပါပြီ။
“တနေကုန် အလုပ်နဲ့ လက်နဲ့ မပြတ်ဘူး။ ဗိုလ်ချုပ်ဘဝကတောင် ဂေါ့ဖ်ရိုက်ဖို့ အချိန်ဆိုတာ ရှိသေးတယ်။ ဒီမှာကျတော့ ဂေါ့ဖ်ရိုက်ဖို့ မပြောနဲ့ ကိုယ်ပိုင်အချိန်တောင် တော်တော်ကလေး ရှားတယ်။ ဒါပေမယ့် ဒီဘဝလေးက ရိုးစင်းပါတယ်” လို့ ဦးလွန်းမောင်က စကားစပါတယ်။
တချိန်က လွတ်လပ်ရေး မရခင်မှာ ဂျပန်တပ်တွေ အခိုင်အမာတပ်စွဲခဲ့လို့ ဂျပန်တောင်ဆိုပြီး နာမည်ကြီးခဲ့တဲ့ နေရာက တပ်ရင်းမှာ တာဝန် ထမ်းဆောင်ချိန်က သူတည်ခဲ့တဲ့ ဂျပန်တောင်ဘုရား ခြေတော်ရင်းမှာ ထမင်းဆိုင်ဖွင့်ဖို့ စိတ်ကူးရခဲ့ သူကတော့ သူ့ဇနီးသည်ပါပဲလို့ ပြောရင်း အခုလို ရိုးစင်းစွာ ဖြတ်သန်းနေရတဲ့ သူ့ဘဝကို ကျေနပ်တယ်လို့ ဆိုပါတယ်။
“ကျနော်က ငယ်ငယ်ကတည်းက ဆင်းရဲခဲ့တဲ့ မိသားစုက ဆင်းသက်လာသူပါ။ ဒီအချိန်က ငယ်ငယ်က ဘဝကြမ်းသလောက် မကြမ်းပါဘူး။ ပျော်ပါတယ်။ အံဝင်ခွင်ကျ ရှိတယ်ဆိုတာထက် လူတိုင်းက သူရတဲ့ဘဝမှာ နေပျော်ဖို့ လိုပါတယ်” လို့လည်း ဘုရားဒါယကာ ဦးလွန်းမောင်က ဆက်ပြောပါတယ်။
အနှစ် ၄၀ လောက် လျှမ်းလျှမ်းတောက် အာဏာရှိခဲ့သူ၊ စစ်တပ်မှာ ရာထူးကြီးကြီးနဲ့ တာဝန်ထမ်းဆောင်ခဲ့သူ အဖြစ်ကနေ ဒီလို ဈေးသည်တယောက် အနေနဲ့ ကျန်ရှိတဲ့ ဘဝကို ဖြတ်သန်း နေတာကတော့ ဘေးလူတွေအမြင် အံ့သြစရာ ဖြစ်နေပုံပါပဲ။
အောင်ပြည့်စုံ ဆိုတဲ့ နာမည်နဲ့ ဘီ်းလင်းမြို့အဝင်မှာ ထမင်း၊ ဟင်းနဲ့ တခြား စားသောက်စရာတွေ ရောင်းချနေတဲ့ ဦးလွန်းမောင်ရဲ့ ဆိုင်ကို ကြည့်လိုက်တာနဲ့ ရင်းနှီးထားတဲ့ ပမာဏ မနည်းလောက်ဘူး ဆိုတာ ဘယ်သူမဆို ခန့်မှန်းနိုင်ပါတယ်။
မနက် ၁၀ နာရီကနေ နောက်တနေ့ မနက် ၃ နာရီအထိ ထမင်း၊ ဟင်းနဲ့ တခြား စားသောက်ဖွယ်ရာတွေကို ရောင်းချသလို ည ၉ နာရီကနေ စတင်ပြီး စင်တင်ဂီတပါတဲ့ စားသောက်ဆိုင်ကိုလည်း အောင်ပြည့်စုံ ထမင်းဆိုင်ဝန်းထဲမှာ ဆိုင်တဆိုင် ခွဲလို့ ရောင်းချနေတာ တွေ့ခဲ့ရပါတယ်။
“ကျနော် လည်ပင်း ကင်ဆာဖြစ်တော့ အမျိုးသမီးက ကလေးတွေ ရှေ့ရေးအတွက် ဒီမှာ ဝါးတဲလေး စထိုး ဈေးရောင်းခဲ့ တာပေါ့။ နောက်ပိုင်းကျမှ အခုလို ဖြစ်လာခဲ့တာပါ” လို့ ဦးလွန်းမောင်က ပြောပြပါတယ်။
လွန်ခဲ့တဲ့ ၁၂ နှစ်တာ ကာလကတည်းက စတင်ဖွင့်လှစ်ခဲ့တဲ့ ဒီဆိုင်ဟာ သူ့ဇနီး ဒေါ်မြမြစိန်ရဲ့ စိတ်ကူးနဲ့ တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ သူက ဂုဏ်ယူစွာနဲ့ ဆိုပါသေးတယ်။
စိတ်တူကိုယ်တူ ဇနီးမောင်နှံတွေ ဖြစ်တာကြောင့် လက်ရှိ ဖြတ်သန်းနေရတဲ့ ဘဝကို ဇနီးသည်ဖြစ်သူကလည်း ကျေနပ်နေ တယ်လို့ ဦးလွန်းမောင်က ပြောပြနေချိန်မှာ အပွင့်ကျဲကျဲ ပါတိတ်ထမီ၊ လိမ္မော်ရောင် ဘလောက်စ် အကျႌ ဝတ်ဆင်ထားတဲ့ ဒေါ်မြမြစိန်က လက်ကြားမှာ စီးကရက်ညှပ်ထားရင်း စကားဝိုင်းထဲ ဝင်ရောက် လာခဲ့ပါတယ်။
“အန်တီတို့က ပွင့်ပွင့်လင်းလင်းပဲ၊ ဘယ်သူ့ကိုမှလည်း ဒေါသမဖြစ်ဘူး။ ဒီဘဝကိုလည်း ကျေနပ်တယ်၊ ကိုယ့်ကို လုပ်သွားတဲ့ သူကိုလည်း ခွင့်လွှတ်တယ်။ ဘာပဲပြောပြော ဝဋ်ရှိလို့ခံရတယ်ပဲ မှတ်တယ်။ တရားနဲ့ဖြေလို့ အခုလို နေနိုင်တာ။ နို့မို့ မဖြေနိုင်ရင် ဘယ်လွယ်မလဲ” လို့ ဗိုလ်ချုပ်ဟောင်းရဲ့ ဇနီးသည်က ဆိုလာပါတယ်။
ဦးလွန်းမောင်တယောက် စာရင်းစစ်ချုပ် ဘဝကနေ အငြိမ်းစားပေးခံရစဉ် ကာလကို ဒေါ်မြမြစိန်က ရည်ရွယ်ဟန် တူပါတယ်။ ဦးလွန်းမောင်ဟာ နိုင်ငံတော် စာရင်းစစ်ချုပ်အဖြစ် စစ်အုပ်ချုပ်ရေးကာလ ဗိုလ်ချုပ်လွန်းမောင် ဘဝ ကတည်းက တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း ဦးလွန်းမောင် အဖြစ် စာရင်းစစ်ချုပ် တာဝန်ကို ဆက်ယူခဲ့ရသူပါ။ လက်ရှိအစိုးရ လက်ထက်မှာ ၁ နှစ်ကျော်ကာလ တာဝန်ထမ်းဆောင်ပြီး သူ့ရဲ့ စာရင်းစစ်ချုပ် သက်တမ်း ၉ နှစ်ပြည့်ချိန်မှာတော့ ၂၀၁၂ သြဂုတ်လ ၂၈ ရက်နေ့မှာ သမ္မတက သူ့ကို အငြိမ်းစား ပေးလိုက်တာ ဖြစ်ပါတယ်။
ဒေါ်မြမြစိန်ရဲ့ စကားက ဘာကိုရည်ရွယ်သလဲ ဆိုတာ တွေးနေမိစဉ်မှာပဲ ဦးလွန်းမောင်က သောက်လက်စ ရေနွေးခွက်ကို လက်ကနေချရင်း ပြုံးပြီး “ ဒီကိစ္စတွေကို ပြန်မပြောချင်တော့ဘူး။ စေတနာ အမှားပေါ့။ တချို့သော သူတွေက ကိုယ့်စေတနာကို ကိုယ်ကျိုးအတွက် သုံးခဲ့ကြတော့ ကိုယ်က ခံရတာပေါ့။ ဒီအပေါ် ဘာအာဃာတမှ မထားဘူး။ သမ္မတ ဘက်က ကြည့်တော့ မှန်တာပေါ့” လို့ ဖြည့်စွက်ပြန်ပါတယ်။
စကားလက်ဆုံကျနေရင်း ဆိုင်မှာ အလုပ်လုပ်နေတဲ့ ကလေးမလေးက “ဘဘ … ဓာတ်မီး” လို့ ပြောလိုက်ချိန်မှာ ဦးလွန်းမောင်က အကြားလွဲပြီး “ညစာ ထမင်းမစားရသေးဘူး၊ ၈ နာရီမှ စားတာပေါ့။ ကန်စွန်းရွက် ကြော်ခိုင်းထားလိုက်လေ” လို့ ပြောလိုက်တဲ့ အတွက် ဆိုင်မှာ ရှိနေတဲ့ အလုပ်သမား မိန်းကလေးတွေအားလုံး ဝါးလုံးကွဲ ရယ်မော ကြပါတော့တယ်။
ရယ်တာကို ဘာမှ မာန်မဲမနေဘဲ “ဘာလို့ ရယ်နေတာလဲ” လို့ ဦးလွန်းမောင်က မသိနားမလည်တဲ့ ပုံစံနဲ့ ပြန်မေးတာကို အလုပ်သမားတွေ ဆက်လက် ရယ်မောနေကြ ပြန်ပါတယ်။
သူ့ရဲ့အဖြေ အလွဲကို သူဘာသာ သိသွားတဲ့ ဦးလွန်းမောင်ကတော့ “ဒီလို ဘဝမျိုးကို ရခဲတယ်လို့ ပြောရမယ်၊ အရင်ကဆို ကိုယ့်ကို ဘယ်သူမှ ပြန်မပြောရဲဘူး။ အခုတော့ ကိုယ်က ကလေးလိုပဲ။ ကလေးတွေနဲ့ နောက်ပြောင်နေတော့ အသက် ရှည်တယ်” လို့ ဆိုပါတယ်။
အာဏာဆိုတာ ဘိန်းလိုပဲဆိုတဲ့ တချိန်က အငြိမ်းစား ညွှန်ကြားရေးမှူး တဦးရဲ့ အပြောကို သတိရမိတာကြောင့် ဦးလွန်းမောင် တယောက် ဒီဘိန်းနဲ့တူတဲ့ အာဏာရှင်စိတ်ကို ဘယ်လို ဖြတ်ခဲ့လေသလဲလို့ စဉ်းစားမိပါတယ်။
ဗိုလ်ချုပ်ဟောင်းတဦးရဲ့ ပိုင်ဆိုင်မှုဆိုတာကလည်း တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်၊ လက်ရှိမှာ ရာဘာခြံတွေ ပိုင်ဆိုင်ထားတယ် ဆိုပေမယ့် ပိုင်ဆိုင်ထားတဲ့ ဧကဟာ အရေအတွက် ၂၀ မပြည့်ဘူးလို့ ဘီလင်းမြို့ခံ တဦးက ဆိုပါတယ်။
“စိတ်ဝင်စားစရာပဲ။ သူ့ ပိုင်ဆိုင်မှုတွေကိုပဲ ဖွက်ထားနိုင်တာလား၊ တကယ်ပဲ မရှိတာလားတော့ မသိဘူး။ သူရောက်နေတာ ၁ နှစ်ကျော် ၂ နှစ် နီးပါး ဆိုပေမယ့် ဒီအတိုင်းပဲ။ စ ရောက်လာတဲ့ အချိန်နဲ့ ဘာမှမထူးဘူး။ သူပိုင်လို့ ပြောရရင် အခု အောင်ပြည့်စုံ ထမင်းဆိုင် ဝန်းရယ်၊ သူ့သား လုပ်နေတဲ့ ရာဘာခြံရယ်၊ တောင်းအေ့စ်လိုလို ကားတစီးရယ်၊ ဆိုင်ကယ်ရယ် ဒါပဲ တွေ့တယ်။ ဦးလွန်းမောင် မြို့ထဲလာတာလည်း နည်းတယ်” လို့ သူက ဆက်ပြောပါတယ်။
ဦးလွန်းမောင်နဲ့ တော်တော်လေး ရာထူးကွာခြားတဲ့ စစ်တပ်အရာရှိ ဒုတိယ ဗိုလ်မှူးကြီး အဆင့်လောက်သာရှိသူ၊ နိုင်ငံတော် လုံခြုံရေးနဲ့ ရာဇဝတ်သားတွေ ဖော်ထုတ် ကာကွယ်နေတဲ့ အဖွဲ့အစည်းက ပုဂ္ဂိုလ်တဦးရဲ့ မော်လမြိုင်ဘက်မှာ ပိုင်ဆိုင်ထားတဲ့ ရော်ဘာခြံတွေဟာ ဧက ၄၀ လောက် ရှိတယ်လို့ သိထားဖူးတော့ တကယ်ပဲ ဦးလွန်းမောင် ရိုးသားခဲ့ လေသလား၊ လျှို့ဝှက် နာမည်ဝှက်တွေနဲ့ပဲ ပိုင်ဆိုင်မှုတွေ ထားလေသလား ဆိုတာကိုတော့ ကာယကံရှင်ကပဲ သေသေချာချာ သိနိုင်မှာပါ။
တချိန်က စစ်ဗိုလ်တဦးရဲ့ မာန်ကို သူ ဘယ်လိုများ ချခဲ့လေမလဲဆိုတာ သိချင်လို့ မေးမိတော့ အာဏာအတွက် ဆန္ဒ ရှိနေသူတွေကြောင့် သူ့အနေနဲ့ ဘာခံစားချက်မှ မရှိခဲ့သလို၊ ဘဝနာခဲ့တဲ့ ကိုယ့်ဘဝကို မမေ့ခဲ့ဘူးလို့ ဆိုပါတယ်။ ဗမာစကား တလုံးမှ မတတ်တဲ့ ရှမ်းတိုင်းရင်းသား မိဘတွေက ဖွားမြင်ခဲ့တဲ့ သူဟာ ဗမာစကားသင်ပြီး ကျောင်းတက်ဖို့တောင် ခက်ခဲ ခဲ့ပါတယ်လို့ ပြောပြတယ်။ ဗမာစာ သင်ချိန်မှာ ကိုယ်ပိုင် တိုင်းရင်းသားစာပေကို မေ့သွားမှာစိုးတဲ့အတွက် မိဘ အရိုက် ခံခဲ့ရသေးတယ် ဆိုတဲ့အကြောင်း၊ ဗမာပြည်မှာ နေတဲ့ တိုင်းရင်းသား တယောက်ရဲ့ ဘဝခက်ခဲမှုက ဗမာတွေ ကလည်း တိုင်းရင်းသားကို လူထူးဆန်းလို့ တွေးသလို၊ တိုင်းရင်းသား အချင်းချင်း ကလည်း ဗမာဖြစ်ချင်သူလို့ မြင်တာမျိုးတွေ ရှိခဲ့၊ ကြုံခဲ့ရကြောင်း ဦးလွန်းမောင်က ဆိုပါတယ်။
စကားပြောနေရင်း ခရီးသည် ကားတစင်း ဝင်လာချိန်မှာတော့ ဦးလွန်းမောင်က စကားစ ခဏ ဖြတ်ပြီး စားပွဲ သွားထိုး နေပါတယ်။ စားပွဲဝိုင်းတဝိုင်းက အသက် ၄၀ ကျော် အမျိုးသားတဦးက ဦးလွန်းမောင်ဆီ ဦးတည်လာပြီး ကားရေဆေးဖို့ မေးမြန်း ချိန်မှာ သွက်လက်စွာနဲ့ နေရာပြပြီး သူ့လုပ်လက်စ စားပွဲဝိုင်းတွေဆီကို ထမင်းပန်ကန်တွေ ကိုယ်တိုင်ချပေးနေတုန်း နောက်ဘက် ဝိုင်းက အမျိုးသမီးတဦးနဲ့ ဆိုင်က စားပွဲထိုး မိန်းကလေးတို့ စကားအချေအတင် ဖြစ်နေတဲ့ နေရာဆီ ဦးလွန်းမောင် သွားရောက် ဖြေရှင်း နေတာကို တွေ့ရပါတယ်။
“လာတဲ့သူ တချို့ကတော့ ကိုယ့်ကို သာမန်ဈေးသည် အနေနဲ့ ဆက်ဆံတာတွေ ရှိတယ်။ တော်တော်ကို မာနချနိုင်လို့ တော်တာ။ စော်ကား ခံရတာတွေ အရမ်းများတယ်၊ တော်တော် သည်းခံရတယ်။ ဟိုးတချိန် တုန်းက လုပ်ခဲ့တဲ့ ဗိုလ်ချုပ်တို့၊ စာရင်းစစ်ချုပ်တို့ ဒါတွေကို အကုန် မေ့လိုက်တော့မယ်၊ ငါ အခုဈေးသည်၊ ဒီလိုကို မနည်း ခံယူရတယ်။ ဒီထက်ဆိုးတဲ့ စော်ကားမှုတွေတောင် ရှိပါတယ်။ တခါတလေ ကိုယ့်ကို ကျွန် တယောက်လို ငေါက်ငမ်း သွားတာမျိုး တွေတောင် ရှိတယ်။ တချို့ကတော့ ကိုယ့်ဘက်က ကလေးတွေမှားတာ၊ တချို့ကျတော့ သက်သက် ပြဿနာ ရှာတာတွေ ရှိတယ်။ ဘာပြောပြော ကိုယ်ကပဲ သည်းခံလိုက်တယ်” လို့ ဦးလွန်းမောင်က ပြောပါတယ်။
နှစ် ၄၀ ကြာအောင် တိုင်းပြည် အုပ်ချုပ်ခဲ့တဲ့ စစ်တပ်က သြဇာရှိသူတွေထဲမှာ တယောက်အပါအဝင် ဖြစ်ခဲ့သူ တဦးအနေနဲ့ လက်ရှိ အခြေအနေအပေါ် ကြိုးစား လက်ခံနေပုံ ရပါတယ်။ ဦးလွန်းမောင်ကတော့ ဆိုင်မှာရှိနေတဲ့ ကလေးတသိုက်ကို ရယ်ရင်း မောရင်းနဲ့ တီဗီမှာလာနေတဲ့ ကိုရီးယားဇာတ်ကား “ကြာပန်းနီနီ” အကြောင်း ပြောပြနေဟန်က ခုနက ပြဿနာ ဖြစ်ထားတာကိုတောင် မေ့လျော့နေတဲ့ ပုံစံပါ။
“ကလေးတွေက ဒီနားက ခြေလျင်တပ်ရင်း ၈ က ကလေးတွေလည်း ရှိတယ်။ တနယ်တကြေးက လာလုပ်ကြတဲ့ သူတွေလည်း ရှိတယ်။ သူတို့လေးတွေက ကိုယ့် မြေးအရွယ်လေးတွေလေ။ မိန်းမက စနစ်ကြီးတော့ မိန်းမကို ပိုကြောက်ကြတယ်” လို့ ဦးလွန်းမောင်က ဆိုပါသေးတယ်။
စကားဆိုနေရင်း ခရီးသည်ကား နောက်ထပ် ဝင်မလာခင်မှာ ထမင်းစားဖို့ ပြင်ပေးဖို့ ဦးလွန်းမောင်က လှမ်းပြော လိုက်ပါတယ်။ ဒီအချိန်မှာ ၁၅၊ ၁၆ အရွယ် မိန်းကလေး တဦးက မြန်မာဘီယာ ခွက်ကို ဦးလွန်းမောင်ရှေ့ လာချပေးတာ မြင်တွေ့ရပါတယ်။
နာမည်ကျော် တံဆိပ်နဲ့ အရက်တွေ ပလူပျံနေတဲ့ ဧည့်ခံပွဲကြီးတွေမှာ ကျင်လည်ခဲ့ဖူးသူ၊ တချိန်က ဘေးကနေ ပြုစုချင်သူတွေ ဝိုင်းဝိုင်းလည်နေခဲ့ ဖူးသူ တဦးရဲ့ လက်ရှိ ထမင်းစားပွဲက ဘယ်လို ဖြစ်လေမလဲ ဆိုတာ အကဲခတ်နေစဉ်မှာပဲ မိန်းကလေးက ကြက်သား ခပ်ရွယ်ရွယ် ၂ တုံးပါတဲ့ ပန်းကန်လုံး တလုံး၊ ထမင်းပန်းကန်၊ ခရီးသည်တွေကို ချပေးတဲ့ သီးစုံပဲဟင်း၊ ကန်စွန်း ရွက်ကြော် တပန်းကန်တို့ကို လာချပေးတာ တွေ့လိုက်ရပါတယ်။
ဇွန်းနဲ့ ထမင်းခပ်နေတဲ့ ဦးလွန်းမောင်က သူ့ကို စူးစမ်းနေတာကို သတိထားမိတဲ့ အလား “ဟိုနေ့ တွေကတည်းက လာလာ ထိုင်နေတာ သတိထားမိတယ်။ ဧည့်သည်ပဲ ထင်နေတာ။ တရက်၊ နှစ်ရက်မက၊ ညကော နေ့ကော လာလာထိုင်နေတော့ ထူးဆန်းတယ်လို့ တွေးနေတာ၊ မိန်းမကိုတောင် ပြောနေတာ။ ဒါတွေကိုကော ရေးမှာလား” လို့ မေးခွန်းထုတ်ပါတယ်။
တိုင်းပြည်မှာ တာဝန်ကြီးကြီး ယူခဲ့သူ တဦးရဲ့ ကြိုမြင် အကဲခပ်နိုင်မှုကို သတိထားမိတယ်။
စာရင်းစစ်ချုပ် မဖြစ်ခင်ကတည်းက ဇနီးသည် ဦးဆောင်ဖွင့်ခဲ့ပြီး ၁၁ နှစ်ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ဒီအောင်ပြည့်စုံ ထမင်းဆိုင်ဟာ ဦးလွန်းမောင် လည်ပင်းကင်ဆာ ခံစားရချိန် သားသမီးတွေ ရှေ့ရေးအတွက် ကိုယ်မရှိချိန် ဘာလုပ်မလဲ ဆိုတဲ့ အတွေးနဲ့ ဇနီးသည် ဒေါ်မြမြစိန်က ဦးစီး ဖွင့်ခဲ့တာ ဖြစ်တယ်လို့ ဦးလွန်းမောင်က ဆိုပါတယ်။ အခုတော့ သူ့ရဲ့ လည်ပင်း ကင်ဆာ ရောဂါကို ကုသခဲ့ပြီးလို့ ရောဂါ မရှိတော့ဘူးလို့ သိရပါတယ်။
ဦးလွန်းမောင် ဗိုလ်ချုပ်ဘ၀ ကတည်းက နိုင်ငံတော် ဧည့်ခံပွဲ တော်တော်များများမှာ ဇနီးသည်နဲ့အတူ တက်ရောက်မှု နည်းတယ်လို့ ကြားဖူးလို့ မေးကြည့်တော့ ဦးလွန်းမောင်က “ဇနီးက ၁၉၇၀ လောက်ကတည်းက ယူထားတဲ့ဇနီး၊ ငယ်ပေါင်းပါ။ စိတ်ကလည်း ကိုယ်နဲ့ တထပ်တည်းကျတဲ့ လူဆိုတော့ အရင်ကတည်းက ကတော်အသိုင်းအဝိုင်းမှာ သိပ်မတွေ့ဘူး။ ဦးသန်းရွှေတို့၊ သူရ ဦးရွှေမန်းတို့ဆိုရင် ခဏခဏ မေးတယ်။ ဘယ်ပွဲမှာမှ မတက်တော့ မေးရင် ပထမတော့ ဖြီးရတာပေါ့။ နောက်တော့ မတတ်နိုင်တော့ဘူး။ သူက အနေအေးတာထက် အဲဒီလို ဘဝမျိုးကို မနှစ်သက်တာ။ ကိုယ့်မိန်းမအကြောင်း ကိုယ်ပဲ သိတာပေါ့။ သူက ပွင့်ပွင့်ဘွင်းဘွင်း နေတာမျိုး။ ဆိုင်စဖွင့်ပြီဆိုတော့ ဒီထဲမှာပဲ ဆိုင်က ကလေးတွေနဲ့ ပျော်နေရတာ ကြိုက်တဲ့လူမျိုး။ ဟိတ်ဟန်တွေနဲ့ မနေတတ်ခဲ့ဘူး။ ဒီတော့ ပွဲတော်တော်များများ မတက်ဘူး” လို့ ရှင်းပြပါတယ်။
အရင် စစ်စာရင်းစစ်ချုပ်ရုံးမှာ လုပ်ခဲ့ပြီး အငြိမ်းစားယူခဲ့တဲ့ အရာထမ်းဟောင်း တဦးကလည်း ဦးလွန်းမောင် ဇနီးဟာ တကယ်ပဲ ဟိတ်ဟန် ထုတ်တဲ့သူမျိုး မဟုတ်ဘူးလို့ ပြောခဲ့ဖူးပါတယ်။
“ဦးလွန်းမောင်ထက် သူ့မိန်းမက ပိုပြီး အနေအေးတယ် ပြောရမယ်။ သူက တခြားကတော်တွေလို ပြင်ပြင်ဆင်ဆင် မနေဘူး။ ဟိတ်ဟန်လည်း မရှိဘူး။ ဘွင်းဘွင်းပဲ။ တပ်ထဲမှာ ဒု တပ်ရင်းမှူး ကတော်တွေ၊ တပ်ရင်းမှူး ကတော်တွေ ဟိတ်ဟန်နဲ့ နေတယ်၊ သူက အဲဒီလို မဟုတ်ဘူး။ သစ်ပင်စိုက်လိုက်၊ ဟိုဟာလေး ဒီဟာလေး လုပ်လိုက်။ ကြည့်လိုက်ရင် ဘယ်သူမှ သူ့ကို ဗိုလ်ချုပ် ကတော် တယောက်လို့ မထင်ဘူး” လို့ အဲဒီ အရာထမ်းဟောင်းက ဆိုပါတယ်။
စကားပြောလိုက်၊ ခရီးသည် ဝင်လာရင် အလုပ်ထလုပ်လိုက်နဲ့ မအားရတဲ့ ဦးလွန်းမောင်ရဲ့ ဆိုင်ရှေ့ ခရီးသည်တင် ကားတစီး လာရောက်ရပ်နားပါတယ်။ အဲဒီမှာ ဦးလွန်းမောင်က ခပ်သွက်သွက် ဆိုင်ပြင်ထွက်ပြီး ရေပိုက်ကို ကားဆရာ လက်ထဲ ထည့်နေတာ မြင်ရပါတယ်။
တဖြည်းဖြည်းနဲ့ ညဉ့်လည်း နက်လာပါပြီ။ ဒီဆိုင်ထဲမှာပဲ သူတို့ မိသားစုတစုလုံး နေကြတယ်လို့ သိရတယ်။ သစ်သားကွပ်ပြစ် တခုပေါ် သာမန် မွေ့ယာပါးလေး ခင်းထားတဲ့ အိပ်ရာလေးက သူ့ဇနီးသည်ရဲ့ အိပ်စရာနေရာလို့ သူက ဆိုပါတယ်။
“သူက ကလေးတွေနဲ့ အတူတူ အိပ်တယ်လေ။ ကလေးတွေက ဆိုင်စားပွဲဆက် အိပ်တယ်။ ကိုယ်က အနောက်ဘက်မှာ အိပ်တယ်” လို့ ဦးလွန်းမောင်က ပြောပါတယ်။
သူ့မှာ သားနှစ်ယောက်၊ သမီးတယောက် ရှိပြီး သားတဦး ကတော့ ဘီလင်းမြို့ထဲမှာ နာရေးပရဟိတတွေ လုပ်သလို ရော်ဘာခြံ စိုက်ပျိုးရေးအပိုင်း ကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ကျန်တဲ့ သားနဲ့ သမီးကတော့ နေပြည်တော်မှာ ကိုယ်စီ နိုင်ငံ့ဝန်ထမ်း အဖြစ် အလုပ်လုပ်နေ ကြပါတယ်။
လက်တွေ့ ဘဝမှာတော့ အေးချမ်းနေပါတယ်လို့ ဆိုတဲ့ ဦးလွန်းမောင်က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်လို ပုံစံနဲ့မှ ဝင်ရောက်ဖို့ မရှိဘူးလို့ ပြောပါတယ်။
“တိုက်ပုံ ဘယ်တော့မှ မဝတ်တော့ဘူး” လို့ ပြတ်ပြတ်သားသား ဆိုအပြီး မှာတော့ ဦးလွန်းမောင်ဟာ သူ့ရဲ့ ငွေသိမ်းကောင်တာ ဘက်ကို ခပ်သွက်သွက် လျှောက်သွား ပါတော့တယ်။