မြန်မာနိုင်ငံတွင် တံခါးဖွင့်ဝါဒ ကျင့်သုံးလိုက်သဖြင့် နိုင်ငံရပ်ခြားမှ အတွေးအခေါ် အယူအဆများ၊ ဖက်ရှင်ဒီဇိုင်းများ နိုင်ငံတွင်းသို့ ဝင်ရောက်လာသည်။ ထို့အတူ နိုင်ငံခြားသားများလည်း နိုင်ငံတွင်းသို့ ပိုဝင်လာနေခဲ့သည်။
မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသားများက မြန်မာ့ယဉ်ကျေးမှုများကို စိတ်ဝင်စားလာကြသဖြင့် မြန်မာ့ရိုးရာ ပုဆိုး လုံချည်များကို ဝတ်ကြည့်ခြင်းသည် ခရီးသွား နိုင်ငံခြားသားများကြား ခေတ်စားလာသည်ဟု ဆိုနိုင်ပါသည်။
လုံချည်ဝတ်ထားသည့် နိုင်ငံခြားသား ခရီးသွား အများအပြားကို ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော်မြတ်ကြီးတွင် တွေ့မြင်နိုင်ပါသည်။
ဒတ်ချ် လူမျိုး ခရီးသွား သော်စတင်းရိုးဘက်က လုံချည်သည် အပူပိုင်းဒေသ အတွက် သင့်တော်သည့် အဝတ်အစားဖြစ်သည်ဟု ချီးမွမ်းသည်။
“ကျနော်တို့ ရွှေတိဂုံစေတီကို လာတုန်းက ဘောင်းဘီနဲ့ဗျ။ ဒါပေမယ့် လုံချည်ဝတ်ရတာ ပိုပြီး သင့်တော်မယ်လို့ ကျနော် ထင်တယ်” ဟု ညီမ ဖြစ်သူနှင့် အတူ ခရီးထွက်လာသည့် ကျောင်းသား လူငယ်တဦးကလည်း ပြောသည်။ သူက “ဒီလို ပူတဲ့ ရာသီမှာ လုံချည်ဝတ်ရတာ ပိုပြီး သက်သောင့် သက်သာရှိတယ်။ နောက်ပြီး လေဝင်လေထွက်လည်း ကောင်းတယ်” ဟူ၍ဆိုသည်။ ဆက်လက်၍ “လုံချည် စ ဝတ်တုန်းကတော့ ခပ်ခက်ခက်ပေါ့။ ခဏခဏ ကျွတ်ကျတယ်။ ဒါပေမယ့် လူတွေက ဝတ်ပုံဝတ်နည်း ပြပေးတယ်။ တခုပဲ ပြောစရာ ရှိတယ်၊ လုံချည်မှာ အိပ်ကပ် မပါတာပဲ” ဟု ၎င်းက ပြောဆိုသေးသည်။
အနောက်နိုင်ငံသား အမျိုးသား တဦးအဖို့ အထည်စနှင့် တူသော အဝတ်အစားကို ဝတ်ဆင်ရသဖြင့် တမျိုး ဖြစ်မနေဘူးလားဟု မေးကြည့်ရာ “ဒါကလည်း အဝတ်အစားနဲ့ ပတ်သက်ပြီး ကိုယ်ဘယ်လို ရှုမြင်သလဲ ဆိုတဲ့ အပေါ် မူတည်တယ်။ စကော့တလန်တွေလည်း မြန်မာလုံချည်နဲ့ တူတဲ့ ဒူးဆစ်လောက် အရှည် Kilt ဆိုတာကို ဝတ်ကြတာပဲ လေ” သော်စတင်းရိုးဘက်က ဆိုသည်။
လုံချည်ဝတ်ဆင်ခြင်းက နိုင်ငံခြားခရီးသွားများအကြား ရေပန်းအစားဆုံး ဖြစ်လာသည်ဟု ရွှေတိဂုံစေတီတော်တွင် အမှတ်တရ ပစ္စည်းနှင့် အဝတ်အစားရောင်းသူ များက ပြောဆိုသည်။
ရွှေတိဂုံစေတီတော် အရှေ့ဘက်စောင်းတန်းရှိ ဆိုင်ပိုင်ရှင် ကိုဇော်မျိုးထက်က “နိုင်ငံခြားသားတွေကို တပတ်မှာ ၇ ထည်လောက် ပုံမှန်ရောင်းရတယ်။ တခါတလေများဆိုရင် ၁၀ ထည် ၁၅ ထည်အထိ ရောင်းရတဲ့ ရက်တွေလည်း ရှိတယ်။ နိုင်ငံခြားသားတွေက အုပ်စုလိုက်ရောက်လာပြီး တယောက် တထည် ဝယ်သွားကြတာပါ” ဟု ပြောသည်။
လုံချည်လာဝယ်တဲ့ နိုင်ငံခြားသား အများစုက သြစတြေးလျ၊ အီတလီနှင့် ပြင်သစ် နိုင်ငံများမှ လာရောက် လည်ပတ်သူများ ဖြစ်တယ်လို့ ဆိုပါတယ်။
“လုံချည် ဘယ်လို ဝတ်ရတယ် ဆိုတာ သူတို့ကို ကျနော်က ပြပေးရတယ်။ ပထမဆုံး လုံချည်ရဲ့ ဘယ်ဘက်ကို ခေါက်လိုက်၊ နောက် ညာဘက်ကို ခေါက် ပြီးတော့ ချည်လိုက် စသဖြင့် ပြောပြပေးရတယ်။ သူတို့ ဘာဖြစ်လို့ လုံချည်ကို ကြိုက်သလဲ ဆိုတော့ လုံချည်ဝတ်ရင် လမ်းလျှောက်ရတာ လွယ်တယ်၊ လေဝင်လေထွက်လည်း ကောင်းတယ်။ မြန်မာနိုင်ငံကို လာလည်တုန်း မြန်မာတွေရဲ့ လူနေမှု ပုံစံကို ခံစားချင်ကြတာ” ဟု ကိုဇော်မျိုးထက်က ရှင်းပြသည်။
မန္တလေးတွင် ရက်လုပ်သည့် လုံချည်တထည် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၃ ဒေါ်လာခန့် ကုန်ကျသည်ဟု ဆိုသည်။
“နိုင်ငံခြားသားတွေ လုံချည်ဝတ်တာ ကြည့်လို့ ကောင်းတယ်။ သူတို့က တောသားတွေလို လုံချည်ကို တိုတို ဝတ်တယ်။ မြို့သားတွေက ခြေမျက်စေ့ အထိ လုံချည်ကို ရှည်ရှည်ဝတ်တယ်လေ” ဟု ကိုဇော်မျိုးထက်နှင့် စပ်တူလုပ်ကိုင်သူ သူငယ်ချင်းက ပြုံးရင်း ပြောသည်။
တိုင်းရင်းသားများ ဒေသများ အပါအဝင် မြန်မာနိုင်ငံ ဒေသ အသီးသီး၌ အမျိုးသမီးရော အမျိုးသားများပါ လုံချည်ဝတ်ဆင်ကြပြီး အထူး အခမ်းအနားများတွင် ပိုးလုံချည် ဝတ်ဆင်လေ့ ရှိသည်။
ထို့အပြင် စစ်အစိုးရ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးများသည် ၂၀၁၀ ပြည့်နှစ် ဇွန်လတွင် ၎င်းတို့၏ စစ်ယူနီဖောင်းမှ တိုက်ပုံအင်္ကျီအဖြူ နှင့် ပိုးလုံချည်ကို ပြောင်းလဲ ဝတ်ဆင်ခဲ့ကြပြီး လွှတ်တော်နှင့် အစိုးရ အခမ်းအနားများတွင် ဝတ်ဆင်လာခဲ့ခြင်းကလည်း လူတကာပြောရသည့် ဖက်ရှင်အပြောင်းအလဲ ဖြစ်သည်။
မြန်မာလူမျိုးများ လက်ရှိ ဝတ်ဆင်နေသည့် လုံချည်မှာ အိန္ဒိယမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ယောက်ျားများ အတွက် ပုဆိုးဟု ခေါ်ပြီး မိန်းကလေးများအတွက် ထဘီဟု ခေါ်ဆိုသည်။
၁၉ ရာစု ကိုလိုနီခေတ်တွင် မြန်မာနိုင်ငံ၌ အုပ်ချုပ်ရေး တာဝန်လာရောက် ထမ်းဆောင်သူ ဂျိမ်းဂျော့စကော့ (James George Scott) က ၎င်း ၁၈၈၂ ခုနှစ်၌ ရေးသားသည့် ဂန္ထဝင်စာအုပ် “မြန်မာ- သူတို့ဘ၀ နှင့် သူတို့ လိုအင်များ” တွင် မြန်မာတို့၏ ရိုးရာအဝတ်အစား အကြောင်းကို ပထမဆုံး ရေးသား ဖော်ပြခဲ့သည်။
မြန်မာ အဝတ်အစားမှာ ရိုးစင်း လှပ၍ ရှုချင်စဖွယ် ရှိကြောင်း၊ ပုဆိုး ဆိုသည်မှာ ပိုးထည်စ ဖြစ်ပြီး ခန္ဓာကိုယ်ကို ပတ်၍ ဝတ်ဆင်ရသည့် အဝတ်အစားမျိုး ဖြစ်သည်။ ခန္ဓာကိုယ် အရှေ့ပိုင်းရှိ ပုဆိုးစကို ကျစ်၍ ကျန်နေသည့် အစကို ပခုံးပေါ် ကြော့မော့စွာ တင်ထားရသည်။ သို့မဟုတ် ခေါက်၍ ခါး၌ ချိတ်ထားရမည် ဟု စကော့က ရေးသားထားသည်။
ဝတ်ဆင်မှုစတိုင် ပြောင်းခဲ့ပြီ ဖြစ်သော်လည်း လုံချည်ဝတ်ဆင်ရသည်ကို တန်ဖိုးထား လက်ခံသည့် နိုင်ငံခြားသား နောက်တဦးမှာ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) မှ ဝက်ဘ်ဆိုက် အယ်ဒီတာ ဒေးဗစ်စတောက် ဖြစ်သည်။
“လုံချည် ဝတ်ရတာ သက်သောင့်သက်သာ ရှိတယ်၊ အေးတယ်၊ ရာသီဥတုနဲ့လည်း လိုက်ဖက်တယ်၊ စတိုင်ကျတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။ ၎င်းက ဆက်၍ “လွန်ခဲ့တဲ့ သုံးနှစ်က အားလပ်ရက်ခရီး အဖြစ် ရန်ကုန်ကို ရောက်တုန်း ရောက်ခိုက် လုံချည် ဝတ်ကြည့်တော့ လွတ်လပ် ပေါ့ပါးတဲ့ လူတယောက်လို ခံစားရတယ်” ဟု ပြောသည်။
“ယောက်ျား တယောက် စကတ်ဝတ်မယ် ဆိုရင် လူတိုင်းက ဒီလူတော့ တခုခု လွဲနေပြီလို့ ယူဆတဲ့ ယဉ်ကျေးမှု ရှိတဲ့ အရပ်က ကျနော် လာတာပါ။ မြန်မာနိုင်ငံမှာတော့ ဒီလို မဟုတ်ဘူး။ ဒီလို ဝတ်တာဟာ မှန်တယ်လို့ ပြောရမယ်” ဟု ဒေးဗစ်စတောက်က ပြောသည်။
၎င်းအပြင် မြန်မာလူမျိုးတို့၏ အကောင်းဘက်က မြင်တတ်တဲ့ သဘာဝကိုလည်း ပြန်ပြောပြပါသည်။
“ကျနော်က အပြာရောင် လုံချည်ကို ဝတ်တယ်၊ ကျနော့် သူငယ်ချင်းက နီညိုရောင် ကို ဝတ်တယ်။ ကျနော်တို့ ၂ ယောက် လမ်းမပေါ် လျှောက်နေတုန်း အမျိုးသား တယောက်ရောက်လာပြီး ချောတယ် လို့ပြောသွားတယ်။ ကျနော် ကတော့ ဒီလို ပြောတာဟာ ကျက်သရေ ရှိလိုက်တာ လို့ ပြောတာလို့ ယူဆပါတယ်” ဟု ဒေးဗစ်စတောက်က ပြောပြသည်။