မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ် အတွင်းမှာရှိတဲ့ နံ့သာမြိုင် အနာကြီးရောဂါသည် စခန်းရဲ့ မေလဆန်း မွန်းတည့်နေက ခြစ်ခြစ်တောက် ပူလောင်နေပါတယ်။ အဲဒီအချိန်မှာပဲ ရွာလယ် တောင်တက်လမ်း တလျှောက် ဝါးစည်းတွေ ထမ်းပြီး ပြန်လာတဲ့ လူငယ်လေး ၄၊ ၅ ဦးလောက်ကို တွေ့လိုက်ရပါတယ်။
နေပူပူ ထဲမှာဝါးစည်းကြီးတွေ ထမ်းပြီး တန်းစီပြန်လာကြတဲ့ လူငယ်လေးတွေရဲ့ မျက်နှာပေါ်မှာတော့ သူတို့ရခဲ့တဲ့ ဝါးစည်းရဲ့ အရေ အတွက်လိုက် ရမယ့် ငွေကို တွက်ဆပြီး ပျော်နေကြတဲ့ပုံပါ။ မျက်နှာတွေမှာတော့ ချွေးတွေပြန်၊ နေအပူရှိန်ကြောင့် နီရဲနေကြတာ ပါပဲ။
ရွာထဲမှာတော့ သူတို့တတွေ ခုတ်လို့ရလာတဲ့ ဝါးတွေကို ဒိုင်အနေနဲ့ ဝယ်ပေးနေတဲ့ ဝါးရောင်းဝယ်ရေး နေရာတခုရှိပါတယ်၊ ဒါကလည်း အနာကြီးရောဂါသည် စခန်းထဲမှာပဲ ဖွင့်ထားတာပါ၊ “ဦးဖာ ဝါးရောင်းဝယ်ရေး” လို့ ဆိုင်းဘုတ် ချိတ်ထားပါတယ်။
ဝါးစည်းထမ်း ပြန်လာတဲ့ ကောင်လေးတွေ အားလုံးက ဝါးစည်းတွေကို ဦးဖာရဲ့ နေအိမ်ခြံဝန်းတွင်းမှာ ပစ်ချပြီး ရေသောက် အမောဖြေကြပါတယ်၊ ဦးဖာရဲ့ ဇနီးကတော့ ကောင်လေးတွေကို ရေတိုက်ပြီးချိန်မှာ သူတို့သည်လာတဲ့ ဝါးစည်းတွေကို ဖြည်၊ ရေတွက်ပြီး ကျသင့်ငွေကို ရှင်းပေးဖို့ ပြင်ဆင်နေပါတယ်။
နံ့သာမြိုင် အနာကြီးရောဂါသည် စခန်းက ကျေးရွာကြီးတရွာရဲ့ အတိုင်းအတာ လောက်ကို ကျယ်ဝန်းပြီး အိမ်ထောင်စု ၃၁၈ စု၊ လူဦးရေ ၁၀၀၀ ကျော်နေထိုင်တဲ့ စခန်းတခု ဖြစ်ပါတယ်၊ မြန်မာ့ ခရီးသွားနှစ် မတိုင်ခင် ၁၉၉၄ ခုနှစ်လောက်က အုပ်စိုးခဲ့တဲ့ စစ်အစိုးရဟာ လူမြင်ကွင်းမှာ မသင့်တော်တဲ့ အနာကြီးရောဂါသည်တွေကို မန္တလေးမြို့နဲ့ မိုင် ၅၀ ကျော်ကွာဝေးတဲ့ မတ္တရာ မြို့နယ် အတွင်းမှာ ရှိတဲ့ ရေနံ့သာကျေးရွာအနီးမှာရှိတဲ့ ကွင်းပြင် ကြီးထဲကို အိမ်ဆောက်ပြီး ပြောင်းရွှေ့နေထိုင်စေခဲ့တာပါ။
လူသူဝေးလံတဲ့ နေရာဖြစ်သလို၊ တောင်ယာ စိုက်ပျိုးလို့လည်း မဖြစ်ထွန်းတာကြောင့် စခန်းမှာ နေထိုင်သူတွေရဲ့ စားဝတ်နေ ရေးက ဒီဘက်ခေတ် ရောက်တဲ့အခါမှာ ပိုပြီးတော့ခက်ခဲ လာကြတာပါ။ စားဝတ်နေရေးတောင် မဖြေရှင်းနိုင်တော့ နောက်ထပ် မျိုးဆက်သစ်တွေ ဖြစ်တဲ့ သူတို့ရဲ့ သားသမီးတွေကို ပညာသင်ပေးဖို့ အရေးထက် စားဝတ်နေရေးကို ဖြေရှင်းဖို့ ကိုသာ ပိုပြီး အာရုံစိုက် နေကြရတယ်လို့ သိရပါတယ်။ သားသမီးတွေကလည်း မိဘတွေကို ငဲ့ညာတဲ့အနေနဲ့ ပညာမသင်ကြတော့ဘဲ အနာကြီး ရောဂါသည်စခန်းရဲ့ အနီးနားမှာရှိတဲ့ တောင်တွေပေါ်ကို တက်ပြီး ထင်းခွေ ဝါးခုတ်လို့ စားဝတ်နေရေး ပြဿနာကို ဖြေရှင်းပြီး ပညာရေးကို လုံးဝ မေ့ထားကြရတာပါ။
အသက် ၁၃ နှစ် အရွယ်ရှိပြီး အနာကြီး ရောဂါသည်အဘွားတဦးရဲ့ မြေးဖြစ်သူ သတ္တမတန်း အောင်မြင်ထားတဲ့ မောင်အောင်ဇော်မင်းက “ သားက ပညာတွေ အများကြီး သင်ချင်တာပါ၊ ဒါပေမယ့် သားရဲ့အဖွားကို ရှာကျွေးမယ့်သူ မရှိဘူး၊ ကျောင်းတက်ဖို့လည်း ပညာသင်စရိတ် မတတ်နိုင်တော့ နောက်နှစ် ကျောင်းဆက်မတက်နိုင်တော့ဘူး၊ ဝါးခုတ်ပြီးပဲ အသက်မွေးတော့မှာပါ” လို့ ပြောပြ ပါတယ်။
မောင်အောင်ဇော်မင်းရဲ့ မိဘနှစ်ပါးက အိမ်ထောင်ကွဲပြီး တရုတ်ပြည်နယ်စပ် ရွှေလီနဲ့ မူဆယ်မြို့တွေမှာ သွားရောက် အလုပ်လုပ်ကိုင် နေကြသလို သူ့ရဲ့ အစ်ကို အစ်မတွေကလည်း အားလုံး သေဆုံးသွားတာကြောင့် အဘွားဖြစ်သူနဲ့ အသက် ၄ နှစ်သား လောက်ကတည်းက နေလာခဲ့တာပါ။ ဦးလေးဖြစ်သူက ရှာဖွေ ကျွေးမွေးခဲ့ပေမယ့် သူ ခုနှစ်တန်း အောင်မြင်ပြီးတဲ့ အချိန် ဦးလေးဖြစ်သူက အိမ်ထောင်ပြု သွားတာကြောင့် အဘွားဖြစ်သူနဲ့ သူကိုယ်တိုင်ရဲ့ အသက်ရှင် ရပ်တည်ဖို့အတွက် ပညာရေးကို ရပ်ဆိုင်းပစ်လိုက်ရ ပါတယ်။ ဘာအလုပ်အကိုင်မှ မယ်မယ်ရရ လုပ်လို့မရတဲ့ နံ့သာမြိုင် အနာကြီးရောဂါသည် စခန်းမှာ နေထိုင်နေကြရတဲ့ ကလေးတွေက ပညာသင်ကြားရမယ့် အချိန်မှာ မိဘတွေရဲ့ အလုပ်အကိုင် အဆင်မပြေခြင်း တွေကြောင့် ပညာသင်ရမှာ မေ့ထားပြီး ကိုယ်တိုင်ငွေရှာကြလို့ မိဘတွေကို ကူညီပေးနေကြတာ ဖြစ်ပါတယ်။
“ဆရာဝန်ကြီး တယောက် ဖြစ်ချင်ခဲ့တာ၊ တနှစ်တတန်းလည်း ပုံမှန်အောင်ခဲ့တာပါပဲ။ ဒါပေမယ့် သားက ဘာအလုပ်မှ မလုပ်ဘူးဆိုရင် အဘွားကို ဘယ်သူက ကြည့်တော့မှာလဲ” ဆိုပြီး မောင်အောင်ဇော်မင်းက ပြောပြပါတယ်။
နံ့သာမြိုင် အနာကြီးရောဂါသည် စခန်းမှာ မောင်အောင်ဇော်မင်းလိုမျိုး ပညာသင်ဖို့ အခွင့်အရေး ဆုံးရှုံးနေကြရတဲ့ ကလေး တွေ အများကြီးရှိတယ်လို့ စခန်းရဲ့ တာဝန်ရှိသူ တဦးဖြစ်တဲ့ ကိုကျော်ကျော်က ပြောပြတယ်။
“ကျနော်တို့ရွာမှာ အောင်ဇော်မင်းတို့လို ကလေးတွေ အများကြီးပဲ၊ ပညာသင် စရိတ်တွေကို ထောက်ပံ့ပေးဖို့ အကူအညီ တွေကလည်း မရဘူးလေ။ ရွာမှာက ဝါးခုတ်တဲ့ အလုပ်တခုပဲ လုပ်လို့ရတော့ မိသားစုတွေကများ၊ စားလို့ကမလောက်နဲ့ ပညာရေးက သူတို့နဲ့ အဝေးကြီးပဲ” ဟု သူက ရှင်းပြတယ်။
မြန်မာနိုင်ငံမှာ ရှိနေတဲ့ အနာကြီးရောဂါသည် စခန်းတွေကို ပညာရေး ထောက်ပံံ့မှု အစီအစဉ်အနေနဲ့ ၁၉၉၉ ခုနှစ်ကတည်းက ဆောင်ရွက်လာတဲ့ စာရေးဆရာ ချစ်စံဝင်းကတော့ မြန်မာနိုင်ငံမှာ အနာကြီးရောဂါသည် တွေအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်း အစီအစဉ်တွေ မရှိဘဲနဲ့ ဆေးကုသ လိုက်တာဟာ ရက်စက်မှုတခုပဲလို့ ကမ္ဘာ့နိုင်ငံတွေကလည်း ဝေဖန်ကြတယ်လို့ ဆိုပါတယ်။
“အနာကြီး ရောဂါသည်တွေက ဘဝနေထိုင်မှုအတွက် ရှာစားဖို့က ခက်နေတယ်၊ ကျနော်တို့က တစ် ရာခိုင်နှုန်းလောက် ကိုပဲ ဝိုင်းပြီး ကူပေးလို့ရတယ်၊ ကျန်တဲ့ ၉၉ ရာခိုင်နှုန်းကတော့ မကူနိုင်ဘူး။ သူတို့ ကွယ်လွန်သွားမှပဲ အားလုံး ပျောက်သွားမှာပဲ” လို့ သူက ပြောပြတယ်။
ဆက်လက်ပြီး စာရေးဆရာ ချစ်စံဝင်းက လက်ရှိအချိန်အထိ ရောဂါသည်တွေထဲမှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူ ၁၀၀ ကျော်ရှိလာပြီ၊ ဘွဲ့ရပညာတတ်သူတွေ ၃၀ ကနေ ၄၀ အထိ ရှိလာပြီလို့ ဆိုပါတယ်။
သူ့အနေနဲ့ ပညာသင် ထောက်ပံ့မှု ဆောင်ရွက် တာကိုတော့ ကလေးတယောက်ရဲ့ ကျောင်းအပ်ချိန်မှာ လိုအပ်တဲ့ ကျောင်းဝင်ကြေး၊ ဖတ်စာအုပ်၊ ဗလာ စာအုပ်စတာတွေကို အလှူရှင်တွေ ရှာပေးပြီး လှူဒါန်းပေးတာမျိုး လုပ်ပေးနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ပညာသင်စရိတ် ထောက်ပံ့ပေးနေတဲ့ ကလေး ၁၅၀၀ ကျော်ရှိပြီး တဦးစီ မူလတန်းအတွက် ၅၀၀၀ ကျပ်၊ အလယ်တန်း အတွက် ၆၀၀၀ ကျပ်နဲ့ အထက်တန်း အတွက် ၇၀၀၀ ကျပ်ကို ကျောင်းဖွင့်ချိန်တွေမှာ မိဘနဲ့ ကျောင်းသား လက်ထဲကို တိုက်ရိုက်ထောက်ပံ့ နေတယ်လို့ ဦးချစ်စံဝင်းက ရှင်းပြပါတယ်။
“ရွာတွေကို ဖုန်းဆက်ပြီးတော့ ထောက်ပံ့ကြေး လိုချင်တဲ့ ကလေးတွေရဲ့ နာမည်တွေ ရလာတယ်။ ရောဂါသည်ရဲ့ သားသမီး၊ ဒါမှမဟုတ် မြေး ဆိုတာ ပါတယ်။ ဒါကို သက်ဆိုင်ရာ ကျောင်းအုပ်တွေက စာရင်းတင်တယ်၊ ကလေးတွေရဲ့ ဓာတ်ပုံရိုက်ပြီး ပို့ပေးတယ်။ လက်ရှိမှာ အစိုးရက ကျောင်းဝင်ကြေး တချို့ကို ကင်းလွတ်ခွင့် ပေးတယ်ဆိုတော့ ထောက်ပံ့ငွေကို မိဘတွေ လက်ထဲ တိုက်ရိုက်ထည့်ပေးတယ်” လို့ သူက ဆိုတယ်။
အနာကြီး ရောဂါသည် တသိန်းလောက်က ဆေးကုသမှု ခံယူပြီးဖြစ်တာကြောင့် ရောဂါပျောက်ကင်းနေပြီး လက္ခဏာတွေပဲ ကျန်တော့ကြောင်း၊ ရောဂါ မပျောက်ကင်းခင်က တောင်းရမ်း စားသောက်ခွင့် ရသေးပေမယ့်လည်း ရောဂါ ပျောက်ကင်း သွားချိန်မှာတော့ လူတွေက မလှူချင်၊ ကျန်နေခဲ့တဲ့ ရောဂါ လက္ခဏာတွေကလည်း သူတို့တွေကို ခွဲခြားဆက်ဆံ ခံရဖို့ ဆက်လက် ဖြစ်နေသလို ရောဂါသည်တွေရဲ့ သားသမီးတွေကလည်း ပစ်ပယ်ခံရဆဲ ဖြစ်တယ်လို့ ဦးချစ်စံဝင်းက ရှင်းပြတယ်။
မန္တလေးတိုင်းဒေသကြီးမှာ နံ့သာမြိုင် အနာကြီးရောဂါသည်စခန်း၊ မရမ်းချောင်း အနာကြီး ရောဂါသည်စခန်း၊ စစ်ကိုင်းတိုင်း ဒေသကြီးမှာ မြရတနာ အနာကြီးရောဂါသည်စခန်း၊ မော်လမြိုင်မြို့မှာ တောင်ဝိုင်း အနာကြီးရောဂါသည် စခန်း တွေအပြင် တောမ၊ ၇ အိမ်တန်း၊ အိုးတလုံး စသည်ဖြင့် အနာကြီးရောဂါသည်စခန်း ၇ စခန်း ရှိပြီး ရောဂါသည်တွေရဲ့ သားသမီးပေါင်း ၁၅၀၀ ကျော် ပညာသင်ယူ နေကြတယ်လို့ သိရပါတယ်။
နံ့သာမြိုင် အနာကြီးရောဂါသည် စခန်းမှာရှိတဲ့ စခန်း တာဝန်ခံလည်းဖြစ်ပြီး ကိုယ်တိုင်လည်း အနာကြီးရောဂါကို ခံစားခဲ့ရတဲ့ ဦးတင်ထွဋ်က သူ့ရဲ့ သားသမီးတွေဟာ မြို့ပေါ်မှာ အလှပြင်ဆိုင်၊ လက်ဖက်ရည်ဆိုင် စသည်ဖြင့် ဆိုင်တွေမှာ ဝမ်းရေးအတွက် သွွားရောက် အလုပ်လုပ်ကိုင်နေကြပြီး ရွာကို ငွေပြန် ထောက်ပံ့နေကြတယ်လို့ ဆိုပါတယ်၊ ဒါပေမယ့် သူ့သားသမီးတွေက အနာကြီး ရောဂါသည် စခန်းက လာတယ်ဆိုတာကိုတော့ အခြေအနေတွေအရ ဖုံးကွယ်ရတာတွေ ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိ အချိန်ထိကို အနာကြီးရောဂါသည်ဆိုတာ သိတာနဲ့ နှာခေါင်းရှုံ့၊ နှိမ့်ချတဲ့ အကြည့်တွေနဲ့ ရှောင်နေကြဆဲပဲလို့ ပြောပြပါတယ်။
“ဝါးခုတ်စားလာတာ ၈ နှစ်ကျော်ပြီ၊ မွေးချင်းထဲမှာ အကြီးဆုံးဆိုတော့ ကျောင်းထွက်ပြီး ဝါးခုတ်ခဲ့တာ၊ ဝါးတွေကလည်း ရှားကုန်ပါပြီ၊ တနေ့ကို ၁၅ လုံး၊ အလုံး ၂၀ လောက်ရဖို့အရေး တောင်သုံးတောင်လောက် တက်လိုက် ဆင်းလိုက် ဝါးရှာ လိုက်လုပ်ရတယ်” လို့ ၈ တန်းနဲ့ ကျောင်းထွက်ပြီး ဝါးခုတ်စားလာတဲ့ မောင်ဇော်မင်းလွင်က ဆိုပါတယ်။ တနေ့ကို ဝါးလုံး ၂၀ လောက်တော့ ခုတ်လို့ရပြီး ဝင်ငွေကတော့ တနေ့ကို ၂၀၀၀ ကျပ်နဲ့ ၂၅၀၀ ကျပ် ပုံမှန်ဝင်တယ်လို့ သိရပါတယ်၊
အနာကြီး ရောဂါသည်စခန်း တာဝန်ခံ ကိုကျော်ကျော်က “ ကျနော်တို့ရွာကို တချို့လုပ်ငန်းရှင်တွေက အလုပ်အကိုင် ရဖို့ ဆိုပြီး လာကြည့် သွားလိုက်၊ စကားပြောပြီး ပြန်သွားလိုက်ပဲရှိတာ၊ ဘာမှဖြစ်မလာဘူး။ ကလေးတွေရဲ့ ပညာရေးကတော့ မြင်တဲ့ အတိုင်းပါပဲ။ တတ်နိုင်သလောက်တော့ ရန်ပုံငွေ ထောင်တာ၊ ရှာတာ လုပ်ပေးပေမယ့် ရွာမှာရှိတဲ့ ကလေးတွေ အားလုံး အတွက်တော့ မတတ်နိုင်ဘူးလေ” လို့ ပြောပါတယ်။
ဝါးခုတ်ရာက ပြန်လာတဲ့ မောင်သန်းနိုင်ကလည်း သူ့အနေနဲ့ မြို့ပေါ်တက်ပြီး အလုပ်လုပ်ချင်ပေမယ့် ငယ်စဉ်ကတ ည်းက ကျောင်းထွက် ဝါးခုတ်နေခဲ့တာကြောင့် ဘာပညာအရည်အချင်းမှမရှိတဲ့ သူ့ကို အလုပ်မခန့်မှာ စိုးရိမ်တာကြောင့် တရက်လုံး မိုးမလင်းခင် တောင်ပေါ်တက် မွန်းလွှဲ ၃နာရီလောက်မှ ပြန်ရောက်တဲ့ ဝါးခုတ် တဲ့အလုပ်ကိုပဲ လုပ်နေရတာဖြစ်တဲ့အကြောင်း၊ သူတို့ရဲ့ အနာကြီးရောဂါသည် စခန်းတည်ရှိရာ ရွာမှာသာ လုပ်ကိုင်စားသောက်လို့ ရမယ့် အလုပ်တခုခု ရှိမယ်ဆိုရင် လုပ်ချင်တဲ့အကြောင်း၊ စက်ပြင်တာမျိုးနဲ့ လက်မှုလုပ်ငန်းတွေကိုလည်း လုပ်ချင်တဲ့အကြောင်း ပြောပြပါတယ်။
“ကျနော် မြို့ပေါ်မတက်ချင်ဘူးဗျ၊ ဘာအရည်အချင်းမှမှ မရှိတာ။ အလုပ်အကိုင် အဆင်မပြေနိုင်ဘူးလေ၊ ကိုယ့်နေရာမှာပဲ ပုံမှန် လုပ်နေကျအလုပ်ကို ထမင်းစားလောက်ရုံ ရှာနေရတာပေါ့” လို့ မောင်သန်းနိုင်က ဆိုပါတယ်။
နံ့သာမြိုင် အနာကြီးရောဂါသည် စခန်းမှာရှိတဲ့ ပညာသင်အရွယ် ကလေးတွေထဲက ၃ ပုံ ၂ ပုံဟာ ကျောင်းထွက် အလုပ်လုပ်နေရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။
ကလေး ၅ ယောက် မိခင်ဖြစ်တဲ့ မလဲ့လဲ့ကြူကတော့ သူ့ရဲ့ သမီးအကြီးဆုံးက ၁၀ တန်း တက်မှာဖြစ်ပေမယ့် မိသားစု စားဝတ်နေရေးကြောင့် ဖခင်ဖြစ်သူနဲ့အတူ တောထဲမှာ ဝါးခုတ်နေရကြောင်း၊ ရွယ်တူ အတန်းဖော်တွေက ရေနံ့သာ ကျေးရွာမှာ ၁၀ တန်းအတွက် စာကြိုသင်ယူနေကြပေမယ့်လည်း သူကတော့ ပညာဆက်သင်ဖို့ မလိုလားတော့ဘဲ မိသားစုကို ငဲ့နေရတဲ့ အကြောင်း ပြောပြပါတယ်။
“သမီးကို ပညာတတ် ဖြစ်စေချင်ပေမယ့်လည်း သူက မိသားစုကို ပြန်ငဲ့နေပုံရတယ်။ မိသားစု တစုလုံးမှာလည်း နောက်ထပ် ကျောင်းသား ၃ ယောက်ရှိနေသေးတော့ သူက အနစ်နာခံပြီး ကျောင်းထွက်ပစ်ဖို့ စဉ်းစားနေတာ။ ကျမတို့ကလည်း ဘယ်လို ဆက်လုပ်ရမယ်မှန်းတော့ မသိသေးဘူး” လို့ မလဲ့လဲ့ကြူက ဆိုပါတယ်။ သူ့ပုံစံကတော့ သူ့သမီးဖြစ်သူရဲ့ ရှေ့ရေးအတွက် ရင်လေးနေပုံပါပဲ။
နံ့သာမြိုင် အနာကြီးရောဂါသည် စခန်းမှာ ဝါးရောင်းဝယ်ရေး လုပ်နေတဲ့ ဦးဖာက “နိုင်ငံတော်က ၅ နှစ် ၁၀ နှစ် စီမံကိန်းတွေ လုပ်နေသလို ကျနော်တို့လည်း အသက်နှစ်သက် စီမံကိန်း လုပ်နေရတာ။ ပထမမျိုးဆက်က ပညာရေးနဲ့ ဝေးနေတော့ သူတို့ရဲ့ နောက်ထပ် မျိုးဆက်မှာ ပညာသင်နိုင်အောင် အလုပ်တွေလုပ်နေရတာ” လို့ ပြောပါတယ်။
အနာကြီးရောဂါသည် စခန်းတွေမှာ ဘွဲ့ရ ပညာတတ် တချို့ ရှိပေမယ့် အများစုကတော့ တက္ကသိုလ်ပညာရေး တပိုင်းတစ၊ အခြေခံ ကျောင်းပညာရေး တပိုင်းတစနဲ့ပဲ ဘဝကို ရုန်းကန် လုပ်ရှားပြီး အသက်ဆက်ရှင်ဖို့ကိုသာ လုံးပန်းနေကြဆဲ ဆိုတာ တွေ့ခဲ့ရပါတယ်။ ။