မနက်ခင်းတခင်းမှာ ၂၅ နှစ်အတွင်း ပထမဆုံး မြန်မာနိုင်ငံရဲ့ မနက်စာကို သုံးဆောင်ဖို့ မြို့လယ်က နာမည်ကြီး လက်ဖက်ရည်ဆိုင်တခုဆီ ကျနော် ရောက်ပါတယ်။ ဘာ စားရင်ကောင်းမလဲဆိုပြီး ဆိုင်နံရံကိုကြည်လိုက်တော့ စားစရာ စာရင်းကို မတွေ့ပဲ ဘုန်းကြီးပုံနဲ့ ဘုန်းကြီးတွေရဲ့ အဆိုအမိန့်တွေကို နံရံ အပြည့် တွေ့ရပါတယ်။
ဥရောပမှာတော့ စားသောက်ဆိုင်လိုနေရာတွေမှာ ဘာသာရေးကိစ္စရေးလေ့မရှိပါ။ ဒါပေမယ့် ထိုင်းနိုင်ငံက နယ်မြို့တချို့မှာတော့ တခါတလေ ဘုန်းကြီးပုံတွေ့ရတတ်တဲ့အတွက် ထိုင်းနဲ့ ဆင်တယ်လို့ ပြောရမယ်။ စားပွဲပေါ်မှာတော့ စမူဆာ၊ ကြက်ကြွပ်ကြော်နဲ့ တခြားမုန့် ၄-၅ မျိုး တင်ထားပါတယ်။ မြန်မာနိုင်ငံမှာ ဥရောပနဲ့ အမေရိကားလို အစားအသောက်တွေကို စံချိန်မှီ မမှီ စစ်ဆေးတဲ့စနစ် မရှိသေးဘူး၊ ရန်ကုန်က ဆီတွေ မသန့်ဘူး၊ ဟင်းသီးဟင်းရွက်တွေမှာလည်း ဓာတုဆေးပါတယ်ဆိုပြီး နာမည်ကြီးနေတဲ့အတွက် မနေ့ညက ဘာမှမစားရဲလို့ ဗိုက်ကလည်း အတော်ဆာနေပါပြီ။
|
ဆာပေမယ့် လျှောက်စားလို့ မဖြစ်သေး။ ကျနော့်အရင် ရန်ကုန်ရောက်ဖူးတဲ့ ပြည်တော်ပြန်တွေဆို ဝက်သားတုတ်ထိုးတွေ၊ အသုတ်စုံတွေ၊ ကြံရည်တွေကြောင့် တချို့ ဝမ်းလျှော ဝမ်းပျက်ဖြစ်ပြီး ဆေးရုံတင်ရတဲ့အထိ အခြေအနေ ဆိုးသွားတယ်။ ဒါ ကြောင့် ကားမတိုက်အောင် ”သွား” သတိထားရသလို၊ ဝမ်းမလျှောအောင် ”စား” သတိလည်း ထားနေရပါတယ်။ အပြင်မှာ အနေကြာသွားတာကြောင့် မြန်မာအစားအသောက်တွေကို ကျနော်တို့လျှာတွေ အရသာခံချင်တိုင်း ကျနော်တို့ ဗိုက်တွေက ခွင့်မပြုတော့ပါဘူး။
”လက်ဖက်ရည်ပဲ အရင်ပေးပါ” လို့ စားပွဲထိုးကိုပြောတော့ ချိုပေါ့၊ ချိုဆိမ့်၊ ပေါ့ကျ ဘယ်ဟာလဲ လို့ထပ်မေးပါတယ်။ နိုင်ငံရပ်ခြားက ကော်ဖီဆိုင်တွေမှာ ကာဖယ်ချီနို၊ ကာဖေးလာတေး၊ အမေရိကာနို၊ အက်စပရက်ဆို စသဖြင့် မှာနေကြပေမယ့် လက်ဖက်ရည်ဆိုင် မထိုင်တာ လက်ဖက်ရည် မသောက်ဖြစ်တာကြာပြီဖြစ်လို့ ဘာမှာရမှန်း ကျနော် ချက်ချင်း မဆုံးဖြတ်နိုင်။ နောက်ဆုံးတော့ သူငယ်ချင်းတွေသောက်တဲ့ ”ပေါ့ကျ” ကိုပဲ မှာပါတယ်။
စမူဆာသုတ်မှာပြီး စားဖို့ပြင်နေတုန်း ဘေးစားပွဲမှာ ထိုင်နေတဲ့ စားသုံးသူတဦးရဲ့ ချောင်းဟန့်သံ၊ ခံတွင်းရှင်းသံ ကြားရလို့ လှည့်ကြည့်မိပါတယ်။ ရေနွေးကြမ်းခွက်နဲ့ ပလုပ်ကျင်းပြီး စားပွဲအောက်က အမှိုက်ပုံးထဲ ”ဗျစ်” ဆိုပြီး ကွမ်းသွေးနဲ့ တခြားအညစ်အကြေးတွေကို ထွေးချလိုက်ပါတယ်။ ပြီးတော့ သလိပ်ဟန့်ပြီး တံတွေးပါ ထပ်ထွေးလိုက်ပြန်ပါတယ်။ ဒီလုပ်ရပ်ကို ကျနော်က အထူးအဆန်း ကြည့် နေပေမယ့် တခြားစားပွဲက လူတွေအတွက်တော့ မထူးတော့တဲ့ နေ့စဉ်မြင်ကွင်း ဖြစ်နေပုံပါ။
နဂိုကတည်းကမှ မသန့်တဲ့ အစားအသောက်ဆိုပြီး အားရပါးရ မစားရဲ ဖြစ်နေတဲ့ ကျနော် ဒီလို မြင်ကွင်းမျိုးကို မြင်ရတဲ့အခါ ဆက်မစားနိုင်တော့ပဲ ရပ်သွားတယ်။ ရေနွေးကြမ်း ပန်းကန်လုံးကို သံသယနဲ့ ကြည့်နေတုန်း ဆေးလိပ်မီးခိုးက ကျနော့် နှာခေါင်းဝထဲ ဝင်လာတယ်။ ဒုက္ခပါပဲ။ စားသောက်ဆိုင်အတွင်း ဆေးလိပ်သောက်တဲ့လူက ဘေးက တခြား စားသုံးသူတွေကို လုံး၀ ဂရုမစိုက်ပါ။ ကိုယ့်အပြုအမူဟာ တခြားလူ အနှောင့်အယှက်ဖြစ်မလား စဉ်းစားဖို့ မြန်မာတွေ မေ့လျော့နေခဲ့တာ ဘယ်လောက် ကြာသွားခဲ့ပြီလဲ။
တကယ်ဆိုရင် လူထုကျန်းမာရေး အရေးတယူလုပ်ကြတဲ့ နိုင်ငံအတော်များများမှာ လူကြား ဆေးလိပ်သောက်ခွင့် မရှိတော့ပါ။ ဘန်ကောက်မှာ မြို့လည်ကောင် ဆေးလိပ်သောက်ချင် သတ်မှတ်ထားတဲ့ နေရာမှာ သောက်၊ ပြီးရင် ဆေးလိပ်ခွက်ထဲပစ်ခဲ့၊ မဟုတ်ရင် ဒဏ်တပ်ခံထိမယ်။ နော်ဝေးမှာတော့ အများပြည်သူနဲ့ဆိုင်တဲ့နေရာတင်မက ကိုယ့်အိမ်ထဲမှာတောင် ဆေးလိပ်သောက်ခွင့်မရှိ။ အသက်မပြည့်သေးတဲ့ ကလေးတွေရှေ့မှာဆို လုံးဝ မသောက်ရပါ။ ရန်ကုန်မှာကတော့ အသက်မပြည့်သေးတဲ့ ကလေးတွေကိုယ်တိုင် ဆေးလိပ်ရောင်းတာ သောက်တာတွေကို တွေ့ရတော့ ကလေးသူငယ်အခွင့်အရေးဆိုတာ အတွေးက ရောက်သွားမိပြန်တယ်။
ပြီးတော့ ကွမ်းတံတွေး။ ကွမ်းစားတာ ထား၊ ထွေးတာက ရန်ကုန်တမြို့လုံး ရဲရဲနီ။ တွေ့တဲ့နေရာ ကွမ်းတံတွေး ထွေးတာတွေကိုလည်း မယဉ်ကျေးတဲ့ လုပ်ရပ်တခုအဖြစ် အစိုးရက ကန့်ကွက်မယ့်ပုံ မတွေ့ရသေးပါ။ ကျနော်ငှားစီးဖူးတဲ့ တက္ကစီသမားတိုင်းလိုလို မီးပွိုင့်လိုနေရာ ဖြစ်ဖြစ်၊ ကားကျပ်လို့ ခဏတဖြုတ် နားတာဖြစ်ဖြစ် တံခါးဖွင့်ပြီး လမ်းမပေါ် ကွမ်းတံတွေး ထွေးချလိုက်တာပါပဲ။ ဘတ်စ်ကားတွေအပါအဝင် နေရာအတော်များများမှာ ”ကွမ်းသွေးမထွေးရ” ဆိုတဲ့ ဆိုင်းဘုတ်တွေရှိပေမယ့် အဲဒီဆိုင်းဘုတ်တွေကိုယ်တိုင် ကွမ်းတံတွေး ပေနေပါတယ်။
ဆေးလိပ်သောက်တာ၊ ကွမ်းစားတာကို အပြစ်မမြင်ကြပေမယ့် အရက်သောက်တာကိုတော့ မြန်မာတွေ မကောင်းမှုလို့ မြင်ကြပါတယ်။ ဘုရားမကြိုက်တဲ့ အလုပ်၊ ၅ ပါးသီလမှာ သူရာမေရိယ ဆိုပြီး ပညတ်ထားလို့ ထင်တယ်။ တနည်းအားဖြင့်ဆိုရင်တော့ အရက်သောက်သုံးမှုကို ကျန်းမာရေးရှုဒေါင့်ကနေ မကြည့်ဘဲ ဘာသာရေးရှုဒေါင့်နဲ့ ချည်းကပ်တဲ့ သဘောမျိုးလို့ ကျနော် ထင်ပါတယ်။
မနက်စာစားပြီး ဟိုတယ်ပြန် အင်တာနက်သုံးတော့ လိုင်းက မချိတ်။ ကောင်တာမှာ သွား ပြောတော့ ”ဒီက ဖြစ်တာမဟုတ်ဘူး အကို။ မြန်မာတယ်လီပို့စ်က ဖြစ်နေတာ။ ကျနော်တို့ ဘာမှ မတတ်နိုင်ဘူး” လို့ ပြောတဲ့အတွက် ကျနော်လည်း ဘာမှမတတ်နိုင်။ ဒါ မြန်မာပြည်၊ ဒီတိုင်းပြည်အတွက် ငါတို့ တိုက်ပွဲဝင်ခဲ့တာလို့ ကိုယ့်ကိုယ်ကို ပြန်နှစ်သိမ့်နေရတယ်။
နောက်တနေ့ တစ်ရက်ကို ဒေါ်လာ ၃၀ တန် သို့မဟုတ် ကျပ်ငွေ ၃ သောင်းတန် ပေးငှားရတဲ့ ဟိုတယ်ခန်းကနေ အလကားနေလို့ရမယ့် မိတ်ဆွေတယောက်ရဲ့ အိမ်ခန်းဆီ ပြောင်းပါတယ်။ မပြောင်းလို့ မဖြစ်။ ဒေါ်လာ ၃၀ ဆိုတာဟာ ဥရောပနဲ့ အမေရိကားက လူတွေအတွက် သိပ်မပြောပလောက်ပေမယ့် ရန်ကုန်က ကျောင်းဆရာတဦးရဲ့ တလဝင်ငွေက ကျပ် ၆ သောင်းသာ ရှိပါတယ်။ သူများ တလဝင်ငွေနဲ့ ညီမျှသောငွေကို ကျနော်က ၂ ရက်တည်းနဲ့ သုံးလိုက်ရတာ စိတ်မသန့်ဖြစ်လာပါတယ်။
ကျနော့်မိတ်ဆွေရဲ့အခန်းက မြို့လယ်လမ်းကြား တနေရာက ၆ ထပ်တိုက် အပေါ်ဆုံးထပ်။ (အလွှာလို့ ရန်ကုန်သားတွေက အသုံးများတယ်)။ ၆ ထပ်ကနေ ၂ ထပ်အထိ ရှိသမျှ အခန်းအားလုံး နိုင်လွန်ကြိုးတွေ တွဲလောင်းချထားပြီး ဧည့်သည်လာရင် အဲဒီကြိုးကို ဆွဲရပါတယ်။ ဒါဆိုရင် အပေါ်မှာ ခေါင်းလောင်းမည်ပြီး အိမ်ရှင်က ဝရံတာကိုထွက်လာ၊ တရပ်ကွက်လုံး ကြားအောင် အောက်ကိုအော်ပြော၊ သေချာပြီဆိုတော့မှ အဲဒီကြိုးကနေတဆင့် သော့ချိတ်ပြီး ချပေး။ ”သြော်… မင်းသိုက်ရဲ့ ကြိုးဆိုတာ ဒီလိုကိုး” ဆိုပြီး ကျနော့်ပါးစပ်က လွှတ်ကနဲ ထွက်သွားတယ်။
ဒါရိုက်တာ မင်းသိုက်ရဲ့ ကြိုးဆိုတာကတော့ ပြီးခဲ့တဲ့နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဦးစီးကျင်းပတဲ့ ဖလင်ပွဲမှာ ပထမ ဆုရသွားတဲ့ ရုပ်ရှင်တိုပါ။ ရန်ကုန်က ဓာတ်လှေကားမရှိ၊ လူခေါ်တဲ့ လျှပ်စစ်ခေါင်းလောင်းနဲ့ စကားပြောစက် မရှိတဲ့ တိုက်ခန်းတွေမို့ မြန်မာ့နည်းမြန်မာ့ဟန် ကြိုးဆွဲစနစ်သုံးတာကို ထိထိမိမိ တင်ပြထားတဲ့ ရုပ်ရှင်ပါ။
အဲဒီတော့ ကျဉ်းမြောင်း ကောက်ကွေ့ ညစ်ထေးလှတဲ့ လှေကားကို ချွေးပြန်တဲ့အထိ တက်ပေတော့။ ဒါကြောင့် ဘန်ကောက်၊ ချင်းမိုင်တို့နဲ့ သန့်ပြန့်မှု အတော်ကွာလို့ နယူးဒေလီနဲ့ တူတယ်လို့ ပြီးခဲ့တဲ့အပတ်က ကျနော် ပြောမိတာပါ။ လူနေတိုက်တန်းတင်မက ရုံးခန်းတွေပေါ်တက်တဲ့ လှေကားတွေမှာလည်း ကွမ်းတံတွေးတွေ၊ ဆေးလိပ်တိုတွေ၊ ဖုံတွေ၊ အမှိုက်တွေနဲ့ ညစ်ထေးနေတာကို တွေ့ခဲ့ရပါတယ်။
ရန်ကုန်က တိုက်တွေ ၆ ထပ်အထိ ဓာတ်လှေကား ဆင်စရာမလိုဘဲ ၆ ထပ်ကျော်မှ ဓာတ်လှေကားဆင်ပေးရတယ်။ ဒါကြောင့် ကန်ထရိုက်တိုက်လို့ ခေါ်တဲ့ တိုက်အများစုဟာ ၆ ထပ်ပဲ ဆောက်ကြတယ်လို့ မိတ်ဆွေက ပြောတယ်။ ဓာတ်လှေကားနဲ့ လေအေးစက်ဟာ ရန်ကုန်မှာ ဇိမ်ခံ ပစ္စည်းလို့လည်း သူက ဆိုပါတယ်။ ”ဓာတ်လှေကားကတော့ မရှိတာပဲ ကောင်းပါတယ်ဗျာ။ ဓာတ်လှေကားစီးရင် မီးပျက်သွားရင် ဒုက္ခများလိမ့်မယ်”တဲ့။
ရန်ကုန်မှာ တနေ့ နှစ်ခါလောက် မီးပျက်တာကို ကျနော် ကြုံပါတယ်။ မြို့ထဲက တိုက်တန်းတွေမှာတင် ပျက်တာမျိုး မဟုတ်။ မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာတောင် ပျက်တယ်လို့ ကြုံဖူးသူတွေက ပြောတော့ အံ့ဩရတယ်။ ကြီးကြီးကျယ်ကျယ် ပြောမယ်ဆိုရင်တော့ နိုင်ငံရဲ့ အခြေခံအဆောက်ဦတွေက ဘာမှ တိုးတက်မှု မရှိသေးလို့ပဲ ကောက်ချက်ဆွဲမိပါတယ်။ မီးက မမှန်၊ ရေက မလာ။ မြို့ပတ်ရထားနဲ့ ဘတ်စ်ကားတွေက ဟောင်းနွမ်း။ လိုရာ အလွယ်တကူ ဝယ်နိုင်မယ့် ၂၄ နာရီဖွင့်တဲ့ ဆဲဗင်းအလဲဗင်းလို ဆိုင်တွေ ရန်ကုန်မှာ မရှိသေးပါ။
ရန်ကုန်မြို့ကြီးရဲ့ လွဲချော်မှု အတော်များများကို ငြီးငြူပြီးတော့ ကျနော်ရောက်သွားတဲ့နေရာက အဲဒီလွဲချော်မှုတွေကို ပြင်မယ်လို့ မျှော်လင့်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးခန်းပါ။ ပါတီ ခေါင်းဆောင်တွေကို အင်တာဗျုးလုပ်ဖို့ သွားခြင်းမဟုတ်။ တချိန်က DVB မှာ တာဝန်ထမ်းစဉ်က နေ့စဉ် တယ်လီဖုန်းခေါ် သတင်းမေးရင်းနဲ့ ရဲဘော်ရဲဘက်တွေလို ရင်းနှီးနေတဲ့ ရုံးအဖွဲ့မှူးနဲ့ မိတ်ဆွေဟောင်းတွေကို တွေ့ဆုံနှုတ်ဆက်ဖို့ပါ။
”အဲဒီ ဖုန်းပေါ့ဗျာ။ ခင်ဗျားတို့ နေ့စဉ်ခေါ်ပြီး ကျနော်တို့ကို ဒုက္ခပေးခဲ့တာ” လို့ ရုံးအဖွဲ့မှုး ဦးသိန်းဦးက ကျနော့်ကို လုပ်ဖေါ်ကိုင်ဖက်တဦးသဘွယ် နှုတ်ဆက်ပါတယ်။ ဦးသိန်းဦး၊ ဦးစိုးဝင်း၊ ဒေါ်လဲ့လဲ့၊ ဒေါ်အေးအေးမာ အပါဝင် NLD ရုံးမှာ တွေ့တဲ့ လူအတော်များများကို ဆယ်နှစ်ဆယ်မိုးလောက် နေ့စဉ်ဖုန်းခေါ်ပြီး သတင်းမေးဖူးပေမယ့် အခုမှ ပထမဆုံးအကြိမ် လူချင်းတွေ့ဖူးတာ ဖြစ်ပါတယ်။ အခုတော့ NLD ဟာ လွန်ခဲ့ တဲ့ ၁၀ နှစ်ကျော် ဒီပဲယင်းကာလကလိုမျိုး အပိတ်ဆို့ခံ အဖမ်းဆီးခံ ပါတီတခု မဟုတ်တော့ပါ။ အလားတူ DVB ကလည်း အရင်လို ပြည်ပအခြေစိုက် အတိုက်အခံ သတင်းဌာန မဟုတ်တော့ပါ။ ဒါကိုပဲ တိုးတက်မှုတခုအဖြစ် သတ်မှတ်ရမလား။
NLD နာယကလည်း ဖြစ် သတင်းစာဆရာကြီးလည်း ဖြစ်သူ ဦးဝင်းတင်နဲ့ တွေ့ချင်ကြောင်းပြောတော့ NLD အလံနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ ကပ်ထားတဲ့ ဖိုးဝှိးကား အနီရောင်ကြီးနဲ့ ဦးဝင်းတင်ရှိရာ ကျောက်မြောင်းကို လိုက်ပို့ပေးပါတယ်။ “ကြည့်လုပ်နော် ကားဆရာ။ စွမ်းအားရှင်တွေနဲ့ လမ်းမှာ တိုးနေပါဦးမယ်” ဆိုပြီး ကျနော်က နောက်တော့ အဲဒီလိုမျိုးတော့ မရှိတော့ပါဘူးလို့ ကားဆရာက ရယ်ပြီးပြောပါတယ်။
ဦးဝင်းတင်က ဗီဒီယိုရီပို့တွေမှာ မြင်ဖူးနေတဲ့အတိုင်းပါပဲ။ ”ပါတီထဲမှာလည်း ပြောရဲဆိုရဲသူ သိပ်မရှိဘူးဗျာ။ နိုင်ငံခြားသတင်းထောက်တွေက ကျနော့်ဆီချည်းပဲ လာ မေးနေကြတယ်” ဆိုပြီး ကျနော့်ကို သတင်းသမားတဦးအဖြစ် သူက ရှုမြင် နှုတ်ဆက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရှေ့မှာ ဘယ်သူကမှ ဆန့်ကျင်ဘက် စကားမပြောရဲဘူးဆိုတဲ့ နိုင်ငံခြားသတင်းစာပါ သူ့မှတ်ချက် စကားတွေအကြောင်း ကျနော်တို့ ဆွေးနွေးဖြစ်ပါတယ်။ ”ကျနော်ကတော့ ကျနော့် အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောနေတာပဲဗျာ။ သူတို့မကြိုက်လည်း မတတ်နိုင်ဘူး” လို့ စစ်သားတပိုင်း အစိုးရ လို့ သူခေါ်တဲ့ လက်ရှိ ဦးသိန်းစိန်အစိုးရအကြောင်းလည်း ဦးဝင်းတင်က ပယ်ပယ်နယ်နယ် ဝေဖန်နေဆဲပါ။
တနေ့တည်းပဲ ညနေ ၆ နာရီမှာ အမျိုးသားသတင်းဆု ချီးမြှင့်တဲ့ အမျိုးသားကဇာတ်ရုံဆီ ကျနော် ရောက်သွားပါတယ်။ အဝင်ဝမှာ ကင်မရာ တကားကားနဲ့စတွေ့တာက DVB သတင်းအဖွဲ့။ ဟိုဖက်ဘေးမှာတော့ စကိုင်းနက်ရုပ်သံက လိုက်ဖ်လွှင့်တဲ့ အသံလွှင့်ကားတွေနဲ့။ တရုတ်အစိုးရက လက်ဆောင်ပေးထားတဲ့ ဇာတ်ရုံထဲ ဝင်လိုက်တော့ ”လေလှိုင်းပေါ်ကလူသတ်သမား”တွေ ဖြစ်ခဲ့တဲ့ ဘီဘီစီ၊ ဗီအိုအေ၊ ဒီဗွီဘီက ညွှန်ကြားရေးမှူးတွေအပါအဝင် မီဒီယာအသီးသီးက တာဝန်ရှိသူတွေ တန်းစီနေရာယူလို့။
”ဆင်ဆာမရှိတော့ဘူးဆိုပေမယ့် မီဒီယာတွေကို ဘယ်သူပိုင်သလဲ။ မီဒီယာ အုံနာရှစ် ပေါ်လစီ မရှိပဲနဲ့ တော့ လွပ်လပ်စွာ ရေးသားခွင့်ရနေပြီလို့ မပြောနိုင်သေးပါဘူး” လို့ အကောင်းဆုံး အယ်ဒီတာ့အာဘော် ဆုရသွားတဲ့ မသီတာ(စမ်းချောင်း)ရဲ့ စကားသံက အားလုံးကို လှုပ်နှိုးလိုက်ပါတယ်။ အရင်က ဒါမျိုး ဘယ်ပြောလို့ ရပါ့မလဲ။ အခုတော့ နိုင်ငံရေး အကျဉ်းသားဟောင်းရေးတဲ့ ”အသွင်မတူမှုနှင့် ပဋိပက္ခအသွင်ပြောင်းခြင်း” ဆိုတဲ့ အယ်ဒီတိုရီရယ် ဆုပေးတယ်ဆိုကတည်းက ဒါ မီဒီယာလောက တိုးတက်မှုတခုလို့ ဆိုသင့်တာပေါ့။
ပြီးတော့ အကောင်းဆုံး သတင်းဆု၊ အကောင်းဆုံး ဆောင်းပါးဆု၊ အကောင်းဆုံး ကာတွန်းဆု၊ အကောင်းဆုံး သတင်းဓာတ်ပုံဆု၊ အကောင်းဆုံး ရုပ်သံဆု စသဖြင့် ကြေငြာပါတယ်။ ”ဘာကြောင့် အကောင်းဆုံး အသံလွှင့်ဆုနဲ့ အကောင်းဆုံး အွန်လိုင်းဆု မပေးတာလဲ” ဆိုပြီး ကျနော်က နောက်တော့ ရှေ့နှစ်ကျရင်ဖြစ်လာမှာပါလို့ ဘေးနားမှာထိုင်တဲ့ သတင်းထောက်တဦးက ပြောပါတယ်။ အကောင်းဆုံး ရုပ်သံဆုကို ဒီနှစ်မှ စပေးတဲ့အတွက် ရှေ့နှစ်ကျရင် အကောင်းဆုံး အသံလွှင့်ဆုနဲ့ အွန်လိုင်းဆု ပါလာနိုင်တယ်လို့ သူက တွက်ပါတယ်။
တကယ်ဆို ဘီဘီစီနဲ့ ဗွီအိုအေ အပါအဝင် လိုင်းတိုရေဒီယိုတွေကို နားထောင်နေတဲ့ ပရိတ်သတ်က ဂျာနယ်နဲ့ သတင်းစာ ဖတ်တဲ့ ပရိတ်သတ်ထက် ဆယ်ဆမက များတယ်ဆိုတာ ဆုရွေးချယ်ရေးအဖွဲ့ဝင်တွေ မသိပဲနေပါ့မလား။ Facebook အပါဝင် အွန်လိုင်းအသုံးပြုပြီး သတင်းရယူနေတဲ့ မြန်မာပရိတ်သတ်လည်း တိုးလာနေတယ်ဆိုတာကိုလည်း သူတို့သိမှာပါ။
ပွဲပြီးလို့ အိမ်ပြန်တဲ့အခါမှာတော့ မသီတာပြောတဲ့ ဒီနေ့ မြန်မာမီဒီယာတွေကို ဘယ်သူတွေက ပိုင်ဆိုင်ထားပါသလဲဆိုတဲ့ မီဒီယာ အုံနာရှစ်ကိစ္စက ကျနော် ခေါင်းထဲ ကပ်ပါလာပါတယ်။သူပုန်လူထွက် သတင်းထောက်ဆိုတော့ သိက္ခာကို ရိက္ခာလဲရတဲ့အဖြစ်မျိုး ဘယ်တော့မှ မလုပ်နိုင်။ အစိုးရပြန်ကြားရေးဌာနမှာ တာဝန်ထမ်းဖို့ လုံးဝစိတ်ကူးမရှိ။ ခရိုနီ၊ ခရိုပြာတွေပိုင်တဲ့ မီဒီယာမှာလည်းလုပ်ဖို့ စိတ်မဝင်စား။ ဒိုနာတွေ ကြော်ညာတွေပေါ် မှီခိုနေရတဲ့ မီဒီယာသမား ဘဝမျိုးကိုလည်း စိတ်က သိပ်မလိုလား။ ကိုယ်ပိုင်မီဒီယာထောင်ဖို့တော့ ဝေလာဝေး အရင်းအနှီးက မရှိသေး။ လွတ်လပ်တဲ့ ဖရီးလန့်စ် ဂျာနယ်လစ်တဦးအဖြစ် ရန်ကုန်မီဒီယာလောကမှာ ရပ်တည်ဖို့ ဆိုတာရော ကျနော့်အတွက် နေရာရှိနေသေးသလား။