[irrawaddy_gallery]
ဒဟပ်ပင် ရေနံမှော် …၊ မကွေးတိုင်းဒေသကြီး ထဲက မင်းလှမြို့နဲ့ဆိုရင် ၂၂ မိုင်လောက် အကွာမှာ ရှိတယ်၊ မင်းလှ – သရက် အဝေးပြေး ကားလမ်းပေါ်မှာ ဆိုပေမယ့် အဲဒီနေရာတွေက တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေတဲ့ နေရာလို့ မြန်မာ့ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ လုပ်ငန်းက တာဝန်ရှိတဲ့သူ ကိုယ်တိုင်က ပြောခဲ့ပါတယ်။
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားလို့ ရေနံစိမ်း မှောင်ခိုလုပ်တဲ့သူတွေကို ဥပဒေအရ အပြစ်ပေးမယ်လို့ ရေနံမှော် အဝမှာ ဆိုင်းဘုတ် တင်ထားတာ တွေ့ရတယ်။
“ကျနော်တို့ အုပ်ချုပ်မှုအောက်မှာ အရင်က ရှိခဲ့တာ ထန်းကိုင်း ရေနံလုပ်ကွက်နဲ့ ဒဟပ်ပင် ရေနံလုပ်ကွက် ၂ ခုရှိခဲ့တယ်။ အခုတော့ ကျနော်တို့နဲ့ တွဲလုပ်တဲ့ ကုမ္ပဏီလည်း ပြန်ပြေးပြီ။ ကျနော်တို့လည်း ဘာမှ အလုပ်မလုပ်တော့ဘူး။ ရေနံ လုပ်ကွက် ကတော့ ရှိနေသေးတယ်။ တရားမဝင် လုပ်နေတာ” လို့ မင်းလှမြို့နယ် ထန်းကိုင်းရွာမှာ အခြေစိုက်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) ရဲ့ ဒုတိယ အင်ဂျင်နီယာက ပြောပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်ကျော် ကတော့ ဒီနေရာက မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ ပုဂ္ဂလိက ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းလုပ်ရာကနေ တွင်းသမားတွေဆီက ရေနံစိမ်းဝယ်တဲ့အခါ ဈေးနှိမ်ပြီး မှောင်ခိုသမားတွေကို ဈေးမြင့်မြင့်နဲ့ ပြန်ရောင်း၊ တွင်းသမားတွေက မှောင်ခိုသမားတွေဆီမှာ သွားရောင်းပြန်တော့လည်း ဖမ်းဆီးခံရတာနဲ့ ရေနံစိမ်း တွင်းသမားတွေက မခံမရပ်နိုင်တော့ဘဲ ပြဿနာတက်ရာကနေ ကုမ္ပဏီရုံးခန်းကို မီးရှို့တဲ့ အဆင့်ထိ ဖြစ်ခဲ့ရတယ်လို့ သိရတယ်။
အခုအချိန်မှာ ဒေသအနှံ့က လာတူးတဲ့ သူတွေရော၊ ရေနံစိမ်း ရောင်းဝယ်နေကြတဲ့ သူတွေနဲ့ တကယ့်ကို ရွာအကြီးကြီးဖြစ်နေ ပြီ။ ရန်ဖြစ်လို့ ဘယ်ကိုမှ တိုင်စရာ မလိုတော့သလို၊ ဖြစ်တိုင်းလည်း အနည်းဆုံးက ဓားခုတ်မှုပဲ။ အဲဒီ နေရာမှာ ဘာ လိုချင်သလဲ … အရက်၊ မိန်းမ၊ မူးယစ်ဆေး အစုံရတယ်လို့ ဒေသခံတွေက ပြောကြတယ်။
ဒီရေနံမှော်က မြကင်းတောင်ကို ဗဟိုပြုလို့ ၂၅ မိုင်လောက်အထိ ကျယ်တယ်။ ရေနံစိမ်း တူးကြတဲ့ နေရာမှာလည်း လက်တွင်းရော၊ စက်တွင်းပါ ရှိတယ်။
“ဒီနေရာမှာ အခုဆိုရင် တွင်းပေါင်း ၄ သောင်းခွဲကျော် ရှိနေပြီ။ ဒီမှာ တူးနေကြတဲ့ သူတွေကလည်း ဒေသအစုံပဲ။ လူစုံတဲ့ အတွက်လည်း ပြဿနာတွေက အစုံပဲ။ ဒါပေမယ့် ကိုယ့်အလုပ် ကိုယ်လုပ်၊ သူများတွေ ဘာဖြစ်နေနေ ဝင်မပါရင် ပြီးတာပဲ ” လို့ ထန်းကိုင်းရွာက ဒဟပ်ပင် ရေနံမှော်မှာ ရေနံစိမ်းလာ တူးနေတဲ့ ကိုသော်ဇင်က ပြောပြတယ်။
လက်တွင်းတတွင်းကို တူးမယ်ဆိုရင် မြေရှင်ကို ပေးရတာက ကျပ် ၁ သိန်းကနေ ၁၅ သိန်း ဝန်းကျင်လောက် အထိရှိတယ်။ ရေနံထွက်တဲ့အပေါ် မူတည်တယ်။ ဒဟပ်ပင်က တွင်းတတွင်းမှာ တရက်ကို အနည်းဆုံး ၃ ဂါလံကနေ ၅ ဂါလံပုံး ၁ ပုံး၊ ၃ ပုံး၊ ၁ ပေပါစည် စသဖြင့်၊ တချို့တွင်းတွေဆို တရက်ထဲမှာ ၂၅ ပေပါ ထွက်တာမျိုးလည်းရှိတယ်လို့ သာစည်ဘက်ကနေ ရေနံလာ တူးတဲ့ ကိုမင်းကိုလတ်က ဆိုတယ်။
ရေနံစိမ်းထွက်လာတဲ့ တွင်းပေါ်မူတည်လို့ ရောင်းဝယ်လို့လည်း ရတယ်။ ရေနံစိမ်းထွက်တဲ့ နှုန်းပေါ်မူတည်လို့ တူးပြီးသား တွင်း ၁ တွင်း ကို ကျပ် ၃ သိန်းကနေ သိန်း ၁၂၀ လောက်အထိ ဈေးပေါက်တယ်။
“ကျနော်တို့လို ဒေသခံတွင်းတူး၊ ရေနံစိမ်း ခပ်သမားတွေက တနေ့မှ ပျမ်းမျှ တသောင်းကျပ် ဆိုတာလောက်ပဲ။ တကယ် ချမ်းသာတာက ငွေရှင်ကြေးရှင်တွေဖြစ်တဲ့ အဝယ်ဒိုင်တွေ” လို့ သာစည်မြို့နယ်ကနေ ဒဟပ်ပင်မှာ ရေနံစိမ်း လာတူးနေတဲ့ ကိုမင်းကိုလတ်က ပြောပြတယ်။
မင်းလှနယ် တဝိုက်မှာ ရွာသေးသေးလေးတွေ ကအစ ပေါင်းလိုက်ရင် ရေနံမှော်ပေါင်းက ၁၀၀ ကျော်ရှိတယ်။ တချို့နေရာ တွေက ရေလမ်းနဲ့ နီးလို့ ရေလမ်းကနေ သယ်ကြသလို တချို့ ရေနံမှော်တွေကတော့ အဝေးပြေး ကားလမ်းကနေပဲ သယ် ကြပါတယ်။ ထွက်သမျှ ရေနံစိမ်းတွေကို မုံရွာမှာ သွားပြန် ရောင်းကြတယ်။ အဲဒီနေရာမှာ ရေနံချက်စက်ရုံ ၁၀ ရုံ လောက် ရှိတယ်။
ဒီဒေသ တဝိုက်က ထွက်သမျှ ရေနံစိမ်းတွေကို ကုန်းလမ်းကနေ သယ်မယ်ဆိုရင် ထန်းကိုင်းရွာက MOGE ရုံးခန်းရှေ့ကနေပဲ သယ်ယူနေကြတာပါ။ တနေ့ ကို အနည်းဆုံး ရေနံစိမ်း စည်ပေါင်း ၁၀၀ ကျော်လောက် ထွက်နေတယ်လို့ သိရတယ်။
“ကုန်းလမ်းကထွက်တဲ့ ရေနံစိမ်းသယ် ကားတွေက ဒီကနေပဲ ဖြတ်သွားတာပါ။ ဒါပေမယ့် ကျနော်တို့မှာက ဖမ်းပိုင်ခွင့်မရှိ ပါဘူး။ နေ့တိုင်းမြင်နေရတာပဲ။ ဒါတွေ လုပ်ရမှာက လုံခြုံရေးအပိုင်းက လုပ်ရမှာ” လို့ ထန်းကိုင်းရွာက MOGE ရဲ့ တာဝန်ရှိသူ တဦးက ပြောပြတာပါ။
ထန်းကိုင်းရွာက မင်းလှမြို့နဲ့ဆိုရင် ၇ မိုင်လောက် ဝေးတယ်။ ထန်းကိုင်း ရေနံလုပ်ကွက် ဆိုတာလည်း လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ် မတိုင်ခင်က ဒေသခံတွေ စမ်းတူးရာကနေ ရေနံစိမ်း ထွက်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီအခါကြတော့ MOGE က မြေတွေ သိမ်းယူလို့ ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ အကျိုးတူ ရေနံစိမ်းထုတ်ပါတယ်။ ဒါပေမယ့် ဒေသခံ လယ်သမားတွေကိုတော့ ဘာမှ အကျိုးအမြတ်မပေးခဲ့ဘူးလို့ သိရတယ်။
တချို့ဆို ရေနံတူးထားတဲ့ တွင်းဖိုးတွေတောင် ဆုံးရှုံးလိုက်ကြရတယ်။ တွင်းစတူးတဲ့ အချိန်ကနေ ရေနံစိမ်းထွက်တဲ့အထိ ကုန်ကျစရိတ်က အနည်းဆုံး ကျပ် ၂ သိန်းခွဲလောက်ရှိတဲ့အတွက် လုပ်အား ဆုံးရှုံးရုံတင် မကဘူး၊ လယ်လဲဆုံး၊ ရေနံစိမ်း ထွက်တယ် ဆိုလို့ တွင်းတူးခဲ့တဲ့အတွက် တချို့ဆို ပိုင်ဆိုင်ထားတဲ့ နွားတွေပါ ဆုံးခဲ့ကြတယ်။
အဲဒီလို ဆုံးခဲ့တာကို မကျေနပ်လို့ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာတဲ့နောက်မှာ အဆင့်ဆင့် တိုင်ကြားခဲ့တဲ့အတွက် ဒီနှစ် ဧပြီလမှာ MOGE က လယ်တွေကို ပြန်ပေးခဲ့တယ်။ ဒါပေမယ့် နဂိုရေနံတွင်းတွေ ရှိနေတာကြောင့် ဒီဒေသတဝိုက် ရွာတွေက လာခပ်ကြတာပါပဲ။ MOGE က လယ်တွေ ပြန်ပေးပေမယ့် လယ်ယာမြေမှာ ရေနံစိမ်း တူးခွင့်မပေးတော့ဘူး၊ ရှိပြီးသားတွင်း ပေါက်တွေကိုလည်း လယ်ပိုင်ရှင်တွေက ကိုယ့်ဘာသာ ပြန်ပိတ်ရမယ်လို့ အမိန့်ထုတ်ခဲ့ကြောင်း သိရတယ်။
အဲဒီတော့ ရေနံစိမ်း လာခပ်တဲ့သူတွေနဲ့ တွင်းပေါက် ပိတ်တဲ့သူတွေ ပဋိပက္ခဖြစ်ကြ၊ ထပ်မပိတ်ရဲတော့ဘဲ သက်ဆိုင်ရာကို စာတင်ကြ ဆိုပေမယ့် ဒီနေ့အထိ ဘာမှ ထူခြားမလာသေးပါဘူး။ လယ်လည်း စိုက်လို့မရ၊ ကိုယ်ပိုင်တဲ့လယ်က မြေ သယံဇာတ ကိုလည်း အကျိုးမခံစားရနဲ့ လယ်သမားတွေက ဒုက္ခရောက်ကြရတယ်လို့ ဆိုပါတယ်။
“ပွင့်ပွင့်လင်းလင်း ပြောရရင် သူများတွေ ရေနံစိမ်းခပ်စားနေသလို ကျနော်တို့လည်း အကျိုးခံစားချင်တယ်။ လယ်ပြန်ပေးတဲ့ အချိန်မှာ … ရေနံစိမ်းမတူးရတဲ့၊ တူးနေ၊ ခပ်နေတဲ့ သူတွေဆီကလည်း တွင်းခမရဘူး။ သူတို့လုပ်တော့ လယ်လည်း စိုက်မရ ဘူး။ ကျနော်တို့က အခါခါ နာနေရတဲ့ဘဝတွေပါ” လို့ ထန်းကိုင်းရွာသား ကိုအောင်မိုးဟိန်းက ပြောတယ်။
ထန်းကိုင်းရွာရဲ့ ရေနံမှော်က တရားမဝင် တူးနေကြတာ ဖြစ်တဲ့အပြင် လာတူးတဲ့သူတွေရဲ့ ခါးမှာက ဓားတွေ အဆင်သင့် ပါနေတယ်။ တောဓလေ့မို့ ဓားဆောင်ထားတာ ဆိုပေမယ့် အဲဒီလို လယ်ပိုင်ရှင်တွေနဲ့ ပဋိပက္ခ ဖြစ်တဲ့အချိန်အတွင်း ဓားခုတ်မှု ၃ ခု ဖြစ်ခဲ့ပါသေးတယ်။
“ကျမတို့က မြို့နယ် အုပ်ချုပ်ရေးမှူးကို သွားပြောတော့ သူက အထက်ကို တင်ပြထားတယ်၊ စောင့်ပါဦးတဲ့။ ကျမတို့က ထွန်တုံးနဲ့ စောင့်နေရမှာလား၊ ရေနံတွင်းတူးတဲ့ သံပိုက်နဲ့ စောင့်နေရမှာလားလို့ ပြန်ပြောလိုက်တယ်” လို့ ထန်းကိုင်းရွာက ဒေသခံ ကိုကျော်မင်းလတ်က ဆိုတယ်။
ဒါကြောင့်ပဲ ထန်းကိုင်းရွာ ဇာတိဖြစ်ပေမယ့် ဒဟပ်ပင် ရေနံမှော်မှာ လာလုပ်နေရတဲ့ အကြောင်း ကိုသော်ဇင်က ပြောပါတယ်။ တကယ်လို့များ ထန်းကိုင်းရွာမှာသာ ရေနံတူးပိုင်ခွင့် ရမယ်ဆိုရင် ကိုယ့်ရွာမှာပဲ ကိုယ်လုပ်ချင်တယ်လို့ သူက ဆက်ပြောတယ်။
အဲဒါတင် မကဘူး။ တရားမဝင်တဲ့ ရေနံမှော် တခုဖြစ်တဲ့ မင်းလှမြို့နဲ့ ၂၈ မိုင်ဝေးတဲ့ ရေနံမ ရေနံမှော်ဆိုရင် ဧပြီလ ၃ ရက် နေ့က မီးလောင်ခဲ့တဲ့ အတွက် နေအိမ် ၁၀၀ ကျော် မီးထဲပါ ပျက်စီးခဲ့တယ်။
အဲဒီရေနံမ ရေနံမှော်ဆိုရင် ရွာထဲက အိမ်ဝိုင်းတိုင်းလိုလို ရေနံစိမ်း တူးနေကြတာကို တွေ့ရတယ်။ မီးစလောင်တာက ရေနံ စိမ်းခပ်ခွက်ရဲ့ အောက်ခြေ အဆို့ရှင်ကို ပြင်ရာကနေ စလောင်တာ ဖြစ်ပေမယ့် အိမ်တိုင်းလိုလိုမှာ ရေနံစိမ်း လှောင်ထားတဲ့ အတွက် မီးက ထိန်းမနိုင် ဖြစ်ခဲ့တာလို့ ရေနံမရွာ အပြင်ဘက်မှာ ရေနံစိမ်းအဝယ်ဒိုင် ဖွင့်ထားတဲ့ ရေနံစိမ်းကုန်သည် တဦးက ပြောပြတယ်။
“ဒီမှော်မှာက မြေရှင်နဲ့ အဆင်ပြေရင် ကြိုက်သလို တူးလို့ရတယ်။ ထွက်သမျှ ရေနံတွေကိုလည်း ကိုယ်ကြိုက်တဲ့ အဝယ်ဒိုင်မှာ သွားရောင်းလို့ ရတယ်။ ဘယ်သူမှ မဖမ်းဘူး။ ဆီရောင်းဝယ်တာလည်း သူ့လိုင်းကြေးနဲ့သူ ပေးလိုက်ရင် အဆင်ပြေတယ်” လို့ အဲဒီ ရေနံစိမ်းကုန်သည်က ဆိုပါတယ်။
ရေနံစိမ်း ကုန်သည်တွေအနေနဲ့ တလကို ဌာနပေါင်းစုံ အတွက် ကျပ် ၃ သိန်းခွဲ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး အတွက်က တလကို ကျပ် ၃ သောင်း၊ တခြား ဌာနဆိုင်ရာက ဝန်ထမ်းတွေရဲ့ လူမှုရေးအရ ပြန်ကြည့်ရတာတွေနဲ့ ဆိုရင် တလကို ကျပ် ၅ သိန်း လောက် ကုန်တယ်။ နောက်ထပ် ဆီဘောက်ဆာ တစီးထွက်တာနဲ့ ကုန်သည်တွေက ဌာနအားလုံးအတွက် ကျပ် ၂ သိန်း ၄ သောင်း ပေးရတယ်။
ရေနံစိမ်းကို တရားဝင် တင်ဒါနဲ့ သွားမယ်ဆိုရင်တော့ ဆီဘောက်ဆာ တစီးစာ တင်ဒါတစောင်ကို ကျပ် ၇ သိန်းပေး ရတယ်။ ဆီဘောက်ဆာပိုင်ရှင်တွေက ဘောက်ဆာတစီးကို မုံရွာအထိအရောက် လမ်းမှာ ရှင်းသွားဖို့ လိုင်းကြေး ကျပ် ၄ သိန်း ၉ သောင်းကို ကားပိုင်ရှင်က ထည့်ပေးလိုက်ရတယ်။ ဒါ ယာဉ်မောင်းရဲ့ မောင်းကြေးနဲ့ ယာဉ်နောက်လိုက်ကြေး မပါသေးဘူး။
ဒါကြောင့်လည်း ဒီလောကမှာ ရေနံစိမ်း ကုန်သည်တိုင်းက ကိုယ်ပိုင် ဘောက်ဆာကားတွေနဲ့ပဲ လုပ်နေကြတာ များတယ်။ သယ်တဲ့ကား သက်သက် လုပ်စားရင် သိပ်တွက်ခြေ မကိုက်ဘူးလို့ သိရတယ်။
“ကျနော်တို့ လမ်းကြောင်းကြေးကို ဒီရွာက ရဲကိုပဲ ပေးလိုက်ရတယ်။ သူကတဆင့် သက်ဆိုင်ရာ ဌာနတွေကို ခွဲဝေပေးတယ်။ ဟိုးအရင် ကတော့ ဘယ်ဌာနအတွက် ဘယ်လောက်ဆိုတာ ပြသေးတယ်။ ဒီနောက်ပိုင်းတော့ မပြတော့ဘူး” လို့ ရေနံမ ရွာက အမည်မဖော်လိုတဲ့ ဆီကုန် သည်တဦးက ဆိုတယ်။
မင်းလှမြို့နဲ့ ၃၂ မိုင်သာ ဝေးတဲ့ ရနောင်မုန်း ရေနံမှော်ဆိုရင် အခုအချိန်ထိ MOGE ကနေ ပုဂ္ဂလိက ကုမ္ပဏီကို လုပ်ပိုင် ခွင့်ပေးထားတဲ့ တရားဝင် နေရာ။ တူးချင်တဲ့သူတွေက မြေယာရှင်တွေနဲ့ညှိပြီး လာတူးလို့ ရတယ်။ ထွက်သမျှ ရေနံကိုလည်း ကုမ္ပဏီက ကာလပေါက်ဈေးထက် သိပ်မနှိမ်ဘူး။ ဒါကြောင့် ဒီနေရာက တကယ့်ကို အေးချမ်းတယ်လို့ တွင်းပိုင်ရှင်တွေက ပြောကြတယ်။
တွင်းပိုင်ရှင်တွေကလည်း မြေတူး အငှားလိုက်တဲ့သူတွေကို ငှားတယ်၊ ထွက်သမျှ ရေနံစိမ်းကိုလည်း ခပ်ဖို့ နေ့စားငှားတဲ့သူ ငှားတယ်။ ကိုယ်တိုင်လုပ်တဲ့သူ လုပ်တယ်။ အမျိုးမျိုးရှိတယ်။ ဒါပေမယ့် ဘာပြဿနာမှ မဖြစ်ကြဘူး။
မြေတူးသူ ငှားတာကလည်း မြေအနက်ပေါ် မူတည်တယ်။ အနက်ပေ ၇၀၀ ဝန်းကျင်ဆိုရင် ကျပ် ၈ သိန်းလောက် ပေးရတယ်။ အဲဒီထက် ပိုနက်ရင် ကြေးပိုထပ်ရတယ်။
“ရေနံတွင်း တတွင်း တူးတော့မယ်ဆိုရင် မြေရှင်ကို ညှိတဲ့အခါ သူ့မြေကွက် ဝန်းကျင်မှာ ရေနံဘယ်လောက် ထွက်သလဲဆိုတဲ့ အပေါ် မူတည်လို့ ကျပ် ၁ သိန်းကနေ ၆ သိန်းကျော် ရှိတယ်။ တွင်းတူးတာလည်း စက်နဲ့တူးတော့ တရက်ပဲကြာတယ်” လို့ ရနောင်မုန်းက တွင်းပိုင်ရှင် ဦးထွန်းမြင့်က ပြောပြတယ်။
ရေနံစိမ်း ခပ်တဲ့သူတွေ ငှားရင်လည်း တရက်ကို ကျပ် ၅ ထောင် ပေးရတယ်။ အခုဆိုရင် တွင်းတူးတဲ့ နေရာက ရနောင်မုန်း ရွာရဲ့ အနီးနားက ရွာတွေအထိ တူးနေကြပြီ။ အားလုံးကတော့ လုပ်ခွင့် ပါမစ်ရထားတဲ့ ကုမ္ပဏီကိုပဲ ရောင်းရတယ်။ ည ဘက်မှာ ဆိုရင်တော့ ရေနံမ ဘက်ကို ခိုးရောင်းတဲ့သူ အနည်းငယ်တော့ ရှိနေသေးတာ တွေ့ရတယ်။
မင်းလှ မြို့နယ်က ရနောင်မုန်း ရေနံမှော်ကို ကျန်တဲ့မှော်တွေ ဥပမာ ယူသင့်တယ်လို့ ရေနံမရွာက အမည်မဖော်လိုတဲ့ ရေနံ စိမ်း ကုန်သည်တဦးက ပြောတယ်။ ရနောင်မုန်းက တရားဝင်တူး၊ တရားဝင်ရောင်းဝယ်၊ အခွန်ဆောင်တယ်။ နိုင်ငံတော် အတွက်လည်း အကျိုးဖြစ်တယ်။
ကျန်တဲ့ ရေနံမှော်တွေက တရားမဝင် တူးကြ၊ ရောင်းဝယ်ကြနဲ့။ ကုန်သည်တွေကျတော့ ပိုက်ဆံကုန်ရတာချင်း အတူတူပဲ။ တူးတဲ့ သူတွေမှာလည်း ဥပဒေနဲ့ မလွတ်ကင်းတော့ ဘယ်အချိန် ဘာဖြစ်မလဲဆိုတာ ဘာအာမခံချက်မှ မရှိဘူး။
တရားမဝင် ဒေသဖြစ်လာတဲ့ အတွက်လည်း နယ်မြေ ဥပဒေ စိုးမိုးရေးမှာ ထိန်းချုပ်လို့ မရဘူးဖြစ်တဲ့အကြောင်း သူကဆက် ပြောတယ်။
“ပိုက်ဆံ ပေးရတာချင်းအတူတူ ကျနော်တို့က နိုင်ငံတော်ကိုပဲ စားစေချင်တယ်။ အခုက အစိုးရလည်း ပိုက်ဆံမရ၊ ကျ နော်တို့လည်း ပိုက်ဆံကုန်ရတာပဲ။ ပိုက်ဆံကုန်ရတာချင်း အတူတူ တရားဝင်ပဲ လုပ်ချင်တယ်” လို့ သူက ပြောပြခဲ့တယ်။
တကယ်တော့ ဒီမင်းလှမြို့နယ်က ရေနံမှော်တွေဟာ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး စီးပွားဖြစ် ထုတ်လုပ်လို့ မရတဲ့ နေရာတွေပါ။ ရေနံစိမ်းက မြေလွှာရဲ့အပေါ်ယံမှာသာ စိမ့်ထွက်နေတာ။ မြေအောက်မှာ ရေနံသိုက်လို ရှိနေတာ မဟုတ်ဘူးလို့ သိရတယ်။ နိုင်ငံတော် စီမံကိန်းအနေနဲ့ လုပ်ကိုင်ဖို့ ခက်တဲ့နေရာတွေပါ။ ဒေသခံတွေ အတွက်တော့ တကယ်လို့များ တိတိကျ ကျနဲ့ လုပ်ပိုင်ခွင့်ရခဲ့မယ် ဆိုရင် ဒေသဖွံ့ဖြိုးရေးမှာ တော်တော်လေး ထိရောက်မယ့် အကြောင်း မင်းလှမြို့ပေါ်က အမည်မ ဖော်လိုတဲ့ ရေနံစိမ်းကုန်သည်တဦးက ဆိုပါတယ်။
အခုဆိုရင် ရေနံတူးနေတဲ့နေရာက လယ်ပိုင်ရှင်တွေဆိုရင် ကားစီးနိုင်၊ လှူဒါန်းနိုင်တဲ့ အနေအထားကို ရောက်နေတာ တွေ့ရတယ်။ ဒီ အပူပိုင်းဒေသက ဒေသခံတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း တခုလို ဖြစ်နေတဲ့အတွက် စီးပွားရေး ချောင်လည်ကြတယ်။
မင်းလှနယ် တဝိုက်က နေရာတော်တော်များများမှာ ဒီလိုရေနံစိမ်း ထွက်နိုင်ချေ နေရာတွေ အများကြီးရှိတယ်လို့ သိရတယ်၊ လုပ်ပိုင်ခွင့်သာ လိုတာလို့ အဲဒီ ရေနံစိမ်း ကုန်သည်က ဆက်ပြောတယ်။
“တကယ်တော့ ကျနော်တို့လို ဘာမှ ဖွံ့ဖြိုးမှုမရှိတဲ့ ဒေသမှာ မြေအောက် သယံဇာတတွေ ရှိနေပြီးတော့ ကျနော်တို့ ဒေသခံတွေက ဆင်းရဲတွင်းက မတက်ဘူး။ အကျိုးခံစားနေရတဲ့ နေရာတွေမှာလို ကျနော်တို့လည်း ခံစားချင်တယ်။ ဒီလို ကျနော်တို့ဒေသမှာ ဖြစ်ပျက်နေတာတွေကို နိုင်ငံတော် လူကြီးတွေ သိစေချင်တယ်” လို့ ထန်းကိုင်းရွာသား ကိုအောင်မိုးဟိန်းက ဆိုပါတယ်။