မြန်မာနိုင်ငံရဲ့ ခရီးသွား သယ်ယူပို့ဆောင်ရေး လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း ဒီ ၃ မျိုးထဲမှာ ရပ်ဝေး၊ ရပ်နည်း ခရီးသည်တွေ အသုံးများတာ ကုန်းလမ်းခရီးဖြစ်ပြီး ကုန်းလမ်းခရီးမှာလည်း ကားနဲ့ ရထားဟာ အဓိက အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဒီနှစ်မျိုးထဲကမှ မီးရထားကို ကုန်ပစ္စည်းတင်ပြီး အလွယ်တကူ သယ်ဆောင်နိုင်ဖို့နဲ့ သက်သောင့်သက်သာ စီးနင်းလိုက်ပါနိုင်ကြဖို့ အတွက်ကို ရွေးချယ် ကြတာတွေလည်း ရှိပါတယ်။
၁၉၈၈ ခုနှစ် မတိုင်မီက ရထားသံလမ်း မိုင် ၂၇၉၃ မိုင် ဖောက်လုပ်ခဲ့ပြီး ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလအထိ ရထားသံလမ်းမိုင် ၄၂၈၈ မိုင်အထိ ဖောက်လုပ် ပြီးစီးခဲ့ပြီဖြစ်ကြောင်းနဲ့ ယခုအခါ ရထားလမ်းသစ်များကို National Railway Network အဖြစ် စီမံကိန်းချပြီး တိုးချဲ့ ဖောက်လုပ်နေကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လက်ရှိမှာ မြန်မာ့မီးရထားကို အရာထမ်း ၄၀၀ ကျော်၊ အမှုထမ်း ၃ သောင်းကျော်နဲ့ လည်ပတ်လျက်ရှိကြောင်း သိရပါတယ်။
ပုဂ္ဂလိက လက်အောက်မှာဖြစ်တဲ့ ကားနဲ့ ခရီးသည် ပို့ဆောင်ရေးလမ်းကြောင်းဟာ အခုနောက်ပိုင်းမှာ သူ့ထက်ငါ ဝန်ဆောင်မှု အမျိုးမျိုး ပြုလုပ်ပေးနေကြတော့ ခရီးသည်တွေအတွက် ပိုမို အဆင်ပြေလာတာတွေ့ရပေမယ့် အစိုးရလက်အောက်မှာ ရှိတဲ့ မြန်မာ့ မီးရထားလိုင်း တချို့ကတော့ ထူးထူးခြားခြား တိုးတက်ပြောင်းလဲမှု မရှိတာ တွေ့ရပါတယ်။။
ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ပြဌာန်းထားတဲ့ ရည်ရွယ်ချက်နဲ့ တာဝန် (၁၁) ချက်ထဲမှာ “ခရီးသည်နှင့် ကုန်စည်ပို့ဆောင်သူများ စိတ်ချမ်းမြေ့ အဆင်ပြေရေး” နဲ့ “မသမာမှု ကင်းရှင်းပပျောက်ရေး” ဆိုတဲ့ အချက်နှစ်ချက်ကို အတိအလင်း ထည့်သွင်း ပြဌာန်းထားပေမယ့် ဒီအချက်တွေကို မီးရထားလိုင်းတချို့ ဝန်ထမ်းတွေ လိုက်နာ ဆောင်ရွက်မှု မရှိတာကို ကြုံတွေ့ရပါတယ်။
မီးရထား ဝန်ထမ်းတချို့ရဲ့ အကျင့်ပျက် ခြစားမှုတွေဟာ နှစ်ပေါင်းကြာမြင့်ခဲ့ပြီဖြစ်တဲ့ ရန်ကုန် ဘူတာကြီးကနေ ၂၀၀၀ ပြည့်နှစ် ဝန်းကျင်ကမှ အသစ်ဖွင့်တဲ့ ပုံဂံ ကလို ဘူတာတွေအထိ ဘူတာရုံးခန်းတွေမှာ အထိုင်တာဝန်ကျနေတဲ့ မီးရထား ဝန်ထမ်းတချို့တင် မကဘဲ သံလမ်းတွေပေါ်မှာ ပြေးဆွဲ ခုတ်မောင်းနေတဲ့ ရထားတွဲပေါ်က ဝန်ထမ်းတွေအထိ ကူးစက် လှိုက်စားနေတုန်းပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လပိုင်းက ပုဂံ ဘူတာကနေ နေပြည်တော်ကို တတွဲတည်းသာ ပြေးဆွဲတဲ့ ပုဂံ-နေပြည်တော် အမြန်ရထားကို လက်မှတ် ဝယ်ယူဖို့အတွက် ခရီးမထွက်မီ တရက်အလိုမှာ ပုဂံဘူတာမှာရှိတဲ့ ရုံပိုင်ရဲ့ရုံးခန်းကို ရထားအချိန်နဲ့ လက်မှတ်ဈေး သွားစုံစမ်းခဲ့ပါတယ်။ နေပြည်တော် အမြန်ရထားက မနက် ၅ နာရီမှာ ပုဂံ ဘူတာက ထွက်မှာဖြစ်တဲ့အကြောင်းနဲ့ ခရီးသည် ဆင်းမယ့် ကြားဘူတာကို လက်မှတ်ခ ကျပ်ငွေ ၇၅၀ ဖြစ်ကြောင်း တရားဝင် သတ်မှတ်ထားတဲ့ ဈေးနှုန်းစာရွက်ကိုပါ ထောက်ပြပါတယ်။
နောက်တနေ့ ဘူတာသွားပြီး ရထားလက်မှတ်ဝယ်တဲ့အခါ လက်မှတ်ရောင်းတဲ့ ဝန်ထမ်းက “ရိုးရိုးတန်း ယူမှာလား၊ အထက်တန်း ယူမှာလား၊ ရိုးရိုးတန်းယူရင် ၁၅၀၀၊ အထက်တန်းယူရင် ၃၀၀၀ ကျမယ်။ ခင်ဗျားဆင်းမယ့် ဘူတာက ရထားရပ်မယ့် ဘူတာထဲမှာ မပါဘူး။ ရပ်ချင်ရင် ရထားမောင်းတဲ့လူနဲ့ နားလည်မှုယူဖို့အတွက် လက်ဖက်ရည်ဖိုး ပေးရမယ်၊ ဘယ်လိုလဲ” ဆိုပြီး မေးငေါ့ကာ မေးမြန်းပါတယ်။
လက်မှတ်ဈေးနှုန်းနဲ့ ပတ်သက်ပြီး ယမန်နေ့က လာရောက် စုံစမ်းထားကြောင်းနဲ့ နေပြည်တော် အမြန်ရထားက တတွဲပဲရှိတာမို့ ဘယ်လိုဖြစ်လို့ ရိုးရိုးတန်းနဲ့ အထက်တန်းဆိုပြီး နှစ်မျိုးနှစ်စား ရှိနေတာလဲလို့ အဲဒီဝန်ထမ်းကို ပြန်မေးတော့ “ရထားက တတွဲပဲတော့ မှန်တယ်၊ ရိုးရိုးတန်းယူရင်တော့ မတ်တပ်ရပ် စီးရမယ်၊ အထက်တန်းယူရင်တော့ ထိုင်စီးရမယ်” လို့ ဆိုပါတယ်။
နောက်ဆုံး ရထားအချိန်နဲ့ အစိုးရက သတ်မှတ်တဲ့ တရားဝင်ဈေးနှုန်းကို ရုံပိုင်ကြီးထံမှာ မေးမြန်းစုံစမ်းထားကြောင်း၊ ဆင်းမယ့် ရထားဘူတာကလည်း ပုဂံကနေ ၂ နာရီကျော်သာ မောင်းရပြီး မီးရထားဝန်ကြီးဌာနရဲ့ တရားဝင် ရပ်ရခွင့်ရထားတဲ့ ဘူတာဖြစ်ကြောင်း ပြောပြမှ အဲဒီ ရထားဝန်ထမ်းက မျက်နှာခပ်တင်းတင်းနဲ့ ရထားလက်မှတ်တွေကို တရားဝင် သတ်မှတ်ဈေးနှုန်းနဲ့ တံဆိပ်ထုပြီး ရောင်းပေးပါတယ်။
ရထားပေါ်ရောက်တော့ တတွဲလုံးမှာ ခရီးသည် ၁၅ ယောက်လောက်သာ ပါပြီး ထိုင်ခုံတွေဆိုရင် လူမပါလို့ အိပ်ချင်ရင်တောင် လှဲအိပ်ပြီး လိုက်လို့ရတဲ့ အနေအထားကို တွေ့ရပါတယ်။ ဒါကြောင့် “ရိုးရိုးတန်းယူရင်တော့ မတ်တပ်ရပ် စီးရမယ်၊ အထက်တန်းယူရင်တော့ ထိုင်စီးရမယ်” ဆိုတဲ့ လက်မှတ်ရောင်း ဝန်ထမ်းရဲ့ စကားကို နားမလည်နိုင်အောင် ဖြစ်ရပါတယ်။ ရာသီဥတု အေးတာတာကြောင့် ရထားစီး ခရီးသည်တွေက ပြတင်းတံခါးတွေကို လေမဝင်အောင် အားလုံးပိတ်ထားကြပြီး အကျႌထူထူတွေလည်း ဝတ်ထားကြပါတယ်။
ပုဂံဘူတာက အထွက်မှာ ရထားက စက်နှိုးပြီး မောင်းလို့ မထွက်တဲ့အတွက် ရထားတွဲရဲ့ အလယ်လူသွားလမ်းကို ဖွင့်ပြီးတော့ လီဘာလို အရာဝတ္ထုကို ရထားဝန်ထမ်းတယောက်က ခြေထောက်နဲ့ နင်းပြီး ကျောက်ပန်းတောင်း ဘူတာကျော်တဲ့အထိ ခက်ခက်ခဲခဲ မောင်းနေရတာကိုတွေ့ရပါတယ်။
ပုဂံ-နေပြည်တော် အမြန်ရဲ့ အတွင်းနံရံမှာ ကပ်ထားတဲ့ စာတန်းတခုကတော့ “ခရီးသွားပြည်သူများ စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေးအတွက် တွဲအတွင်း အမှိုက်စွန့်ပစ်ခြင်း၊ ကွမ်းတံတွေးထွေးခြင်း၊ ဆေးလိပ်သောက်ခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်” လို့ရေးထားတဲ့ စည်းကမ်းချက် သတိပေးစာကို တွေ့မိပါတယ်။
ဒါပေမယ့် ရထားပေါ်မှာ ပါလာတဲ့ တာဝန်ကျ မီးရထားဝန်ထမ်း ၅ ယောက်စလုံးက အဲဒီစည်းကမ်းချက်တွေကို အကုန်ဆန့်ကျင် နေထိုင်နေတာ တွေ့ရပါတယ်။ တွဲတံခါးတွေ ပိတ်ထားတဲ့တွက် ရထားတစီးလုံး မီးရထားဝန်ထမ်းတွေရဲ့ ဆေးလိပ်မီးခိုးတွေနဲ့ မွှန်ထူနေပါတယ်။ လျှောက်လမ်း အဖုံးကိုဖွင့်ပြီး ရထားကို မောင်းနှင်နေရတဲ့အတွက် ရထားခုတ်သံတွေက အဲဒီ အပေါက်ကနေတဆင့် တတွဲလုံး ဆူညံနေပါတယ်။
မီးရထားစီး အတွေ့အကြုံက ဒီလောက်နဲ့တင် မပြီးသေးပါဘူး။ ရန်ကုန်-ပုဂံ အမြန် ရထားလက်မှတ်ကို ရန်ကုန် ဘူတာကြီးမှာ ဝင်ဝယ်တဲ့အခါ ရန်ကုန်ကနေ ပုဂံအထိ လူတဦးလျှင် ရိုးရိုးတန်းကို ၃၀၀၀ ကျပ်၊ ဒုတိယတန်းကို ၆၀၀၀ ကျပ်နဲ့ အထက်တန်းကို ၁၂၀၀၀ ကျပ်နှုန်း ရောင်းပေးတဲ့အကြောင်းနဲ့ အသက် ၃ နှစ်အထက် ကလေးတွေကို ကလေး လက်မှတ် တစောင် ၆၀၀၀ ကျပ်နှုန်းနဲ့ ဖြတ်ရမယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ကလေးလက်မှတ်ဟာ ထိုင်ခုံမပေးဘူးလို့ ဆိုပါတယ်။ ထိုင်ခုံလိုချင်ရင်တော့ လူကြီးလက်မှတ် ဖြတ်ရမယ်လို့ သတ်မှတ်ထားကြောင်း လက်မှတ်အရောင်းဝန်ထမ်းတွေက ပြောပါတယ်။
ဒီရထားလမ်းကြောင်းတွေကို သိကျွမ်းနေတဲ့ ကုန်သည်တွေနဲ့ တခြားခရီးသည် အများစုကတော့ ရိုးရိုးတန်း လက်မှတ်တွေကိုပဲ ဖြတ်ကြပြီး ရထားပေါ်ရောက်မှ ဒုတိယတန်းနဲ့ အထက်တန်းတွဲတွေက တွဲစောင့်တွေ၊ လက်မှတ်စစ်တွေကို ငွေပေးညှိနှိုင်းပြီး စီးကြတာ များကြောင်း သိရပါတယ်။
ရန်ကုန်-ပုဂံ အမြန်ရထားက ရထားစက်ခေါင်း အပါအဝင် ၈ တွဲလောက် ရှိပါတယ်။ အထက်တန်းတွဲကို စီးတဲ့လူက အနည်းဆုံးဖြစ်ပြီး ဒုတိယ အနည်းဆုံးကတော့ ဒုတိယတန်းပဲ ဖြစ်ပါတယ်။ ခရီးသည် အများဆုံး ကြိတ်တိုးပြီး စီးနေကြတာကတော့ ရိုးရိုးတန်းမှာပဲ တွေ့ရပါတယ်။
ရန်ကုန်-ပုဂံ အမြန် အထက်တန်းတွဲပေါ်ရဲ့ နံရံမှာတော့ “မူးယစ်ဆေးဝါး၊ ဆေးလိပ်နဲ့ အရက်သေစာ သောက်စားခြင်း မပြုရ” ဆိုတဲ့ သတိပေးချက်တွေ တွေ့မြင်ရပေမယ့် အဲဒီစာတမ်းတွေရဲ့အောက်မှာ အုပ်စုဖွဲ့ပြီး အရက်ထိုင်သောက် နေကြတာကတော့ ရထားတွဲက ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။
အထက်တန်းက ထိုင်ခုံတွေကောင်းတဲ့အတွက် တခြား အတွဲတွေမှာ တာဝန်ကျသူတွေကလည်း အထက်တန်းတွဲမှာ စုပြီးသောက်နေကြရင်း ရထားလမ်းဘေး တလျှောက်မှာ တွေ့ရတဲ့ မိန်းကလေးတွေကိုလည်း ယိသဲ့သဲ့နဲ့ လှမ်းလှမ်းပြီးလည်း အော်ဟစ် နောက်ပြောင်ကြပါသေးတယ်။
မြန်မာ့ မီးရထားဝန်ကြီးဌာနကတော့ သူတို့ ပြဌာန်းထားတဲ့ “ခရီးသည်နှင့် ကုန်စည်ပို့ဆောင်သူများ စိတ်ချမ်းမြေ့ အဆင်ပြေရေး” နဲ့ “မသမာမှု ကင်းရှင်းပပျောက်ရေး” ဆိုတဲ့ အချက်တွေကို အောက်ခြေ ဝန်ထမ်းတွေ လိုက်နာလာအောင် မစွမ်းဆောင်နိုင်တာ တွေ့ရပါတယ်။
သမ္မတ ဦးသိန်းစိန်အစိုးရ တာဝန်ယူပြီးတဲ့နောက် ကောင်းမွန်တဲ့အုပ်ချုပ်မှုစနစ်နဲ့ သန့်ရှင်းတဲ့ အစိုးရဖြစ်ပေါ်ရေးအတွက် အစိုးရ အဖွဲ့အစည်းတွေအတွင်း အဂတိ တရားကင်းရှင်းရေးနဲ့ လာဘ်ပေးလာဘ်ယူမှုတွေ ပပျောက်စေရေး အတွက် ဆိုပြီး “လာဘ်ပေး လာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီ” ကို ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဦးဆောင်ပြီး အစိုးရအဖွဲ့ဝင် ၉ ဦးနဲ့ ယခုနှစ် အစောပိုင်းမှာ ဖွဲ့စည်းခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်ကတော့ ပြုပြင်ပြောင်းလဲရေးတွေကို တောက်လျှောက် အကောင်အထည် ဖော်နေပြီး ပြည်သူနဲ့ တိုက်ရိုက် ထိတွေ့ရတဲ့ အစိုးရ ဝန်ထမ်းတွေ အနေနဲ့ ပြည်သူနဲ့ ဆက်ဆံရာမှာ အရေးအကြီးဆုံး ဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။ သမ္မတ ဦးသိန်းစိန်က ဒီလို ညွှန်ကြားနေပေမယ့်လည်း ဝန်ကြီးဌာနတွေရဲ့ အဆင့်ဆင့်တိုင်းမှာတော့ ပြုပြင်ပြောင်းလဲမှုတွေအတိုင်း လိုက်နာအောင် မလုပ်ဆောင်နိုင်သေးတာ၊ အာဏာစက် မထိရောက်သေးတာ တွေ့နေရဆဲ ဖြစ်ပြီး အခု မြန်မာ့ မီးရထား ဝန်ထမ်းတချို့ရဲ့ စည်းကမ်းပျက်မှုမျိုးကို နမူနာအဖြစ် တွေ့မြင်နေရဆဲပါ။