ဆောင်းပါး

အဆုံးမသတ်နိုင်သေးတဲ့ မူးယစ်မှောင်ခိုလောက

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အချိန်က ည ၇ နာရီ ခန့်။ နေဝင်သွားပြီဖြစ်လို့ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ အမှောင်ထု ဖုံးလွှမ်းလာတယ်။ ချင်းမိုင် ပြည်နယ် ဖန်ခရိုင်ကို သွားတဲ့ လမ်းဘေးနားက  တောင်ပေါ် တိုင်းရင်းသား ကျေးရွာတခုမှာ ကျနော်တို့ကား ရပ်လိုက်တယ် ဆိုရင်ပဲ အသက် ၁၃ နှစ်ကနေ  ၁၇ နှစ်အရွယ်ရှိတဲ့ ဆယ်ကျော်သက် လူငယ်တစု ကားနားကို ရောက်လာကြတယ်။

ကားပြတင်းမှန်တံခါးကို ဆွဲချလိုက်တာနဲ့ ဆယ်ကျော်သက်လူငယ်တွေက တုံ့ဆိုင်းမနေဘဲ  “အစ်ကို ဘာလိုချင်လဲ” ၊ “ဘယ်လောက် လိုချင်လဲ”လို့  အဆက်မပြတ် မေးခွန်းထုတ်တယ်။

“ဘာရှိလဲ” ဟု ကျနော်မေးလိုက်ချိန်မှာတော့ လူငယ်တဦးက  ဒေသအခေါ်  ရာဘ လို့ လူသိများတဲ့ မက်သာအဖက်တမင်း (Methamphetamine) စိတ်ကြွဆေး အထုပ်ကလေးတထုပ်ကို ထုတ်ပြတယ်။

“ဘယ်လောက်လဲ”လို့  ဆေးပြားဝယ်ဖို့  စိတ်ဝင်စားပုံပြပြီး မေးလိုက်တော့ လူငယ်တဦးက “တပြားကို ဘတ် ၁၅၀” လို့ ခပ်သုတ်သုတ် ပြန်ဖြေတယ်။
အဲဒီနောက်မှာပဲ  ကားခဏရပ်နားတာပါလို့ ပြောပြီး ကျနော်တို့ ကားကို မြန်မြန်မောင်းထွက်ခဲ့တယ်။ ထိုင်း မြောက်ပိုင်း နယ်စပ်မြို့တွေဖြစ်တဲ့ ချင်းဒေါင်၊ ချင်းရိုင်၊ ဖန်၊ ဒွိုင်အကန်၊ မယ်အီ၊ မယ်ဆွေနဲ့ မယ်ဟောင်ဆောင် ပြည်နယ်ရှိ မယ်ဆူရင်း မြို့တွေကို မကြာ ခဏဆိုသလို ခရီးထွက်ဖြစ်တဲ့ ကျနော့်အဖို့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေက ပွင့်လင်းလျှို့ဝှက် အမြတ်များတဲ့ လုပ်ငန်းတွေဖြစ် နေတယ်ဆိုတာ သိလာရတယ်။

အဲဒီဒေသတွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ရေး လုပ်ငန်းတွေက တိုးတိုးတိတ်တိတ် မဟုတ်တော့တဲ့ လုပ်ငန်းတွေဖြစ်နေတယ် ဆိုတာ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေ၊ ဆေးစွဲသူတွေ၊ ဆေးသုံးခဲ့ဖူးသူတွေနဲ့ တွေ့ဆုံစကားပြောဆိုရင်း သိလာရတယ်။

မူယစ်ဆေးဝါး ရောင်းဝယ်မှု အမြစ်ပြတ် ချေမှုန်းရေး ကြိုးပမ်းမှုတွေရှိနေပေမယ့် မှောင်ခို မူးယစ်ကုန်သွယ်မှုတွေက မြင်ကွင်းမှာ သိသိသာသာ ပျောက်သွားတာမျိုး မရှိသေးဘူး။

ဖန်မြို့မှာ နေထိုင်တဲ့ ဆေးသမားအိုက်ချိုင်း (အမည်လွှဲထားသည်) က ရာဘ  ဆေးပြား ရောင်းတဲ့အလုပ်က ဝင်ငွေကောင်းပြီး သူကိုယ်တိုင် အပင်ပန်းခံနိုင်ဖို့ ဆေးသုံးတယ်လို့ပြောတယ်။

ခြေတွေ၊ လက်တွေမှာ တက်တူး အပြည့်ထိုးထားတဲ့ အိုက်ချိုင်းက မူးယစ်ဆေးဝါးတွေက ကာယလုပ်သားတွေအတွက် စွမ်းဆောင် ရည်မြင့်စေတယ်လို့ ဆိုတယ်။

“ဒီမှာ ရှိနေတဲ့ လယ်သမားတွေက အလုပ်ကြမ်း လုပ်နိုင်အောင် ရာဘ  ကို သုံးကြတယ်။ ဒါပေမယ့် ဆေးလာဝယ်သူ တချို့က ဆယ်ကျော်သက်တွေ။ ဒီမှာက  ဘယ်သူက ဆေးရောင်းတယ်၊ ဘယ်မှာ ဝယ်လို့ရတယ် ဆိုတာ အားလုံးသိကြပါတယ်။ ဒါပေမယ့် ဒါကိုလည်း ဘယ်သူကမှ မပြောကြဘူး။ ဒါက ပုံမှန်အလေ့အထ တခုလိုဖြစ်နေပြီ” လို့ အိုက်ချိုင်းက ဆိုတယ်။

မူးဆေးဝါးရောင်းသူတွေဟာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးထောင်ချ ခံရတာမျိုးတွေလည်း ကြုံရပါတယ်။ တချို့ဆိုရင် မကြာခဏ ဆိုသလို အဖမ်းခံရပြီး ဆေးနည်းနည်းလောက်ရောင်းတဲ့သူတွေတောင် ဖမ်းဆီးထောင်ချခံရပါတယ်။ ဒါပေမယ့် သူတို့ပြန်လည် လွတ်မြောက် လာကြပါတယ်။
သူလည်း တကြိမ် အဖမ်းခံခဲ့ရပြီး ခဏတာ အထိန်းသိမ်းခံခဲ့ရပေမယ့် သူ့အမေနဲ့ အစ်မက ရဲတွေကို လာဘ်ထိုးလိုက်တဲ့ အခါမှာတော့ သူ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ အိုက်ချိုင်းက ပြောတယ်။

အိုက်ချိုင်းရဲ့ အိမ်နီးချင်း ချန်နတ်(အမည်ရင်းမဟုတ်) ကလည်း အိုက်ချိုင်းပြောတာတွေ မှန်တယ်လို့ ထောက်ခံတယ်။ သူ့အိမ်နား က  အိမ်ကြီးအိမ်ကောင်းတွေကို လက်ညှိုးထိုးပြရင်း အိမ်ပိုင်ရှင်တွေအားလုံးက ရာဘ ရောင်းကြတဲ့ သူတွေဖြစ်ကြောင်း ပြော တယ်။
“သူတို့အားလုံး ရာဘ ရောင်းရင်း ပိုင်ဆိုင်မှုတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ချမ်းသာလာကြတယ်။ ကျမရဲ့ အဒေါ်ကလည်း ဒီ မူးယစ် ဆေးဝါး ရောင်းရင်းကပဲ ချမ်းသာလာတာ။ ကျမ အဒေါ်ယောကျာ်က ရာဘရောင်းတဲ့ ကုန်သည်ကြီးလေ။ သူ့နောက်ကို ရဲတွေလိုက် နေလို့ အမြဲ လျှို့ဝှက်ပုန်းခိုနေရတယ်”လို့ ချန်နတ်က ဆိုတယ်။

ချန်နတ်အတွက်လည်း ရာဘရောင်းတဲ့ လုပ်ငန်းက မိသားစုလုပ်ငန်းတခုလိုပါပဲ။

“ကျမ ဦးလေးက မူးယစ်ဆေးကုန်သည်ကြီး။ သူက မြန်မာပြည်ရဲ့ဘိန်းဘုရင် ခွန်ဆာ(၂၀၀၇ တွင် ကွယ်လွန်သွားခဲ့သူ) နဲ့တွေ့ဆုံ ခဲ့တယ်။ အခုဆိုရင် သူ ဒီအလုပ်ကို မလုပ်ဘဲ နေလို့မရတော့ဘူး ။ လုပ်ငန်းရပ်လိုက်ရင် သူ့ရဲ့ အပေါင်းအသင်းတွေက သူ့ကို သတ် မှာ။ ဘာဖြစ်လို့လဲဆိုတော့ သူက မူးယစ်ဆေးဝါး ရောင်းဝယ်ရေး ကွန်ရက်တွေကို  ကောင်းကောင်း သိထားတယ်”လို့ ချန်နတ်က ဆိုတယ်။

မြန်မာ၊ ထိုင်းနဲ့ လာအို သုံးနိုင်ငံ နယ်စပ် ရွှေတြိဂံ နယ်မြေမှာ ဘိန်းရောင်းဝယ်ရေးလုပ်ငန်းကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ကိုင်နေတဲ့ ဦးခွန်ဆာက ဘိန်းဘုရင် လို့ နာမည်ကျော်ကြားသူပါ။ ရွှေတြိဂံဆိုတာက  အာရှတိုက်မှာ ဘိန်း အများဆုံး ထုတ်လုပ်တဲ့ နယ်မြေလို့ နာမည်ကြီးတဲ့ နယ်မြေတခုလည်းဖြစ်ပါတယ်။

ရွှေတြိဂံနယ်မြေ

မက်သာအဖက်တမင်း ဆေးပြားတွေက အိမ်နီးချင်း မြန်မာနိုင်ငံက လာတာဖြစ်တယ်လို့ ဆေးရောင်းဝယ်သူ ဆူယွတ်(အမည်လွှဲ) က ပြောတယ်။ ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း တောတောင်တွေ ဖြတ်ပြီး ထိုင်းနယ်စပ်မြို့တွေဖြစ်တဲ့ မယ်အီ၊ ဒွိုင် အကန်၊ မယ်ဆွေနဲ့ ဖန်မြို့တွေကနေ တဆင့် မူးယစ်ဆေးဝါးတွေက လျှို့ဝှက်သယ်ယူ ရောက်ရှိလာတာပါ။

မြန်မာနိုင်ငံက ထွက်ရှိတဲ့ မူးယစ်ဆေးဝါးတွေက ထိုင်းနိုင်ငံမြောက်ပိုင်းကို ဖြတ်ပြီး ချင်းမိုင်၊ ဘန်ကောက်မြို့နဲ့ ထိုင်းနိုင်ငံတောင်ပိုင်း တွေဆီကို အလုံးအရင်းနဲ့ ဝင်ရောက်ကြတယ်။ အဲဒီနောက် ထိုင်းတောင်ပိုင်းကနေပြီးတော့ အရှေ့အာရှ အိမ်နီးချင်းနိုင်ငံတွေကို မူးယစ်ဆေးဝါးတွေ ခရီးဆန့် ပါတယ်။ အများဆုံး ရောက်ရှိသွားတဲ့ နိုင်ငံက မလေးရှားနိုင်ငံပါ။

ဘန်ကောက်အခြေစိုက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဌာန ညွှန်ကြားရေးမှူး ဆီရီပွန်(Siripong) က နယ်စပ်မြို့တွေဖြစ်တဲ့ မယ်အီ၊ ဖန်နဲ့ ချင်းမိုင်၊ ချင်းရိုင်၊ မယ်ဖာလန်း မြို့တွေက မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေ အဓိက အသုံးပြုတဲ့ လမ်းကြောင်း ဖြစ် တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တချို့မူးယစ်ဆေးဝါးတွေက မယ်ဟောင်ဆောင် ပြည်နယ်မှာရှိတဲ့ နယ်စပ်မြို့တွေက တဆင့် သယ်ဆောင်ဖြန့်ဖြူးတာဖြစ်တယ်လို့ သူက ဆက်ပြောတယ်။
မူးယစ်ဆေးဝါးတွေက ချင်းမိုင်ကနေပြီး ထိုင်းနိုင်ငံအလယ်ပိုင်း၊ ဘန်ကောက်နဲ့ ထိုင်းတောင်ပိုင်းဘက်စွန်း ဒေသတွေကို မော်တော် ယာဉ်တွေနဲ့ သယ်ဆောင်ကြတာဖြစ်ပြီး အဲဒီကနေတဆင့် နယ်စပ်ဒေသတွေထပ်ဖြတ်လို့ မလေးရှားနိုင်ငံအထိ လျှို့ဝှက် သယ်ယူ ရောင်းဝယ်ကြတယ်လို့ ဆီရီပွန်က ပြောပါတယ်။

နယ်စပ်ဖြတ်ကျော်လာတဲ့ မူးယစ်ဆေးဝါးတွေထဲမှာ အဓိကအားဖြင့် မက်သာအဖက်တမင်း ဆေးပြားတွေက ထိုင်းနိုင်ငံမှာ တွင်တွင် ကျယ်ကျယ်ရောင်းဝယ်ဖောက်ကားကြပါတယ်။

“ရာဘက ထိုင်းနိုင်ငံမှာ အများဆုံးရောင်းဝယ်ကြတာပေါ့။ အိုက်စ်(Ice) လို့ခေါ်တဲ့ မက်သာအဖက်တမင်း ပုံဆောင်ခဲနဲ့ ဘိန်းဖြူတွေကတော့ ထိုင်းနိုင်ငံတောင်ပိုင်း၊ မလေးရှားနိုင်ငံနဲ့ အခြား တတိယနိုင်ငံတွေဆီ ဆက် ဖြန့်ကြတယ်”လို့ ဆီရီပွန်က ဆိုတယ်။

တချို့ မူးယစ်ဆေးဝါးတွေက ရွှေတြိဂံ နယ်မြေထဲမှာရှိတဲ့ လာအိုနိုင်ငံက မြို့တွေထဲကို သယ်ဆောင်ကြတာတွေ ရှိတယ်လို့လည်း သိရပါတယ်။ အဲဒီနောက် လာအိုကနေပြီးတော့ မဲခေါင်မြစ်ကြောင်းကနေတဆင့် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း နယ်စပ်မြို့တွေဆီကို ခရီးဆန့်ရောက်ရှိပါတယ်။

ထိုင်းအစိုးရ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးရုံး(Thailand’s Office of the Narcotics Control Board–OCNB) က ၂၀၁၁ ခုနှစ်၊ သြ ဂုတ်လမှာ ထိုင်း-မြန်မာ နှစ်နိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးပွဲတရပ်ကို ပတ္တယားမြို့မှာ ကျင်းပခဲ့ပြီး မူးယစ်မှောင်ခိုတွေရဲ့ သတင်းအချက်အလက် ဖလှယ်ရေး၊ နယ်စပ်ဖြတ်ကျော်မှုဆိုင်ရာ သတင်းအချက် အလက် ဖလှယ်ရေးတွေကို နှစ်နိုင်ငံတာဝန်ရှိသူတွေ ဆွေးနွေးသဘောတူညီခဲ့ကြပါတယ်။

“မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွေမှာ မြန်မာ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်နေပါတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ် သူတွေကို နှိမ်နင်းဖို့၊ နောက်ပြီး ရရှိတဲ့သတင်းအချက်အလက်တွေ ဖလှယ်ဖို့ လက်တွဲ လုပ်ဆောင်နေပါတယ်။ အချိန်တိုအတွင်းမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေ ချက်ချင်း အောင်မြင်မယ်လို့တော့ မပြောနိုင်သေးပါဘူး။ အချိန်တော့ ယူရမှာပါ”လို့ ဆီရီပွန်က ပြောတယ်။

မြန်မာ၊ လာအို၊ မလေးရှား စတဲ့ နိုင်ငံတွေနဲ့ အာရှတိုက်ရဲ့ အဓိက ဘိန်းထုတ်လုပ်ရာ ဒေသတွေက ဘိန်းမှောင်ခိုတွေက ထိုင်းနိုင်ငံ ကို ကြားခံ ကုန်သွယ်ရေးဒေသအဖြစ် အသုံးချနေကြတယ်လို့သူက ပြောတယ်။

ထိုင်းအရာရှိတွေရဲ့အဆိုအရ တချို့သော မက်သာအဖက်တမင်း ဆေးပြားတွေက အီရန်နိုင်ငံကလာတဲ့ ဆေးပြားတွေဖြစ်တယ်လို့ သိရပါတယ်။ ရွှေလခြမ်းဒေသလို့ ခေါ်တဲ့ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် အီရန်နိုင်ငံရဲ့ နယ်စပ်တွေကတဆင့် ဘိန်းဖြူတွေကို လေ ကြောင်းလမ်းတွေကနေ ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက “ဝ” တိုင်းရင်းသားနဲ့ ကိုးကန့် လက်နက်ကိုင်အဖွဲ့တွေဟာလည်း ဒေသတွင်း မူးယစ်ဆေးဝါးအဓိက ထုတ်လုပ်တဲ့ သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလက်နက်ကိုင်အဖွဲ့တွေက ဘိန်းထုတ်လုပ် သန့်စင်ရေးစက်ရုံတွေ၊ မက်သာအဖက်တမင်း ဆေးပြားထုတ်လုပ်တဲ့ ဓာတ်ခွဲခန်းတွေနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်နေတယ်လို့ ဆီရီပွန်က ဆိုတယ်။

မြန်မာ့ရေးရာကျွမ်းကျင်သူ ဆွီဒီနိုင်ငံသား သတင်းစာဆရာ ဘာတေး လစ်တ်နာ (Bertil Lintner) က “မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ် ဖောက်ကားမှုတွေ ဆက်လက်ရှိနေတာက ဒီ ရာဘ နဲ့ ဘိန်းဖြူ ဓာတ်ခွဲခန်းတွေ တလျှောက်လုံး “ဝ”နယ်မြေတွေထဲမှာရှိနေတာကြောင့်ဖြစ်တဲ့အပြင် “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကို ငွေပေးလိုက်ရင် မူးယစ်ဆေးဝါး ထုတ်လုပ် ကုန်သွယ်မှုတွေ လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်တာတွေကြောင့် မူးယစ်ဆေး ထုတ်လုပ်သူတွေ ရောင်းဝယ်သူတွေ သက်ဆိုးရှည် နေတာဖြစ်တယ်။ UWSA ခေါင်းဆောင်တွေကိုယ်တိုင် ပိုင်ဆိုင်တဲ့ မူးယစ်ဆေးဝါး ဓာတ်ခွဲခန်းတွေရှိတဲ့အပြင် သူတို့ ကိုယ်တိုင် လည်း မူးယစ်ဆေးဝါး ထုတ်လုပ်နေတယ်”လို့ ပြောတယ်။

ဘာတေး လစ်တ်နာက မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်က စတင်လာတဲ့ ဘိန်းနဲ့ သောင်းကျန်းသူတွေ အကြောင်း ဖော်ပြ ထားတဲ့ မြန်မာ့ပုန်ကန်မှု စာအုပ်ရေးသားသူလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အကြောင်း နှစ်ပေါင်း ၂၀ ကျော် တစိုက်မတ်မတ်လေ့လာနေသူ ဘာတေး လစ်တ်နာက “သွေးစည်း ညီအစ်ကိုများ” (Blood Brothers) ဆိုတဲ့ နာမည်နဲ့ ၁၉၉၉ ခုနှစ်က UWSA ထိန်းချုပ် နယ်မြေ ဒေသအတွင်း သွားရောက်လည်ပတ်ခဲ့တဲ့ ခရီးစဉ် အကြောင်း ရေးသားခဲ့တယ်။

နိုင်ငံခြားသား သတင်းစာဆရာတွေပါဝင်တဲ့ အဖွဲ့တဖွဲ့ကို ကိုးကန့် လက်နက်ကိုင်တွေရဲ့ မိုင်းလား ဌာနချုပ် စခန်း၊ UWSA ဌာနချုပ် ပန်ဆိုင်းမြို့ စတဲ့နေရာတွေကို ခေါ်သွားတဲ့ အကြောင်း၊ ကွယ်လွန်သွားပြီဖြစ်တဲ့ ကိုးကန့် ခေါင်းဆောင် တပ်မှူး လင်မင်ဇီယန်း (Lim Mingxian) ၊  “ဝ”ခေါင်းဆောင် ပေါက်ယူချန်း (Pao Yuqiang) တို့နဲ့ သတင်းစာဆရာတွေကို မိတ်ဆက်ပေးခဲ့ပါတယ်။

ဒီလို မိတ်ဆက်ခေါ်ဆောင်မှုရဲ့ ရည်ရွယ်ချက်ကတော့ မူးယစ်ဆေးဝါး တိုက်ဖျက်မှု စစ်ဆင်ရေးတွေရဲ့ တိုးတက်မှု ပြသဖို့ပါ။ “ဝ”နဲ့ကိုးကန့် ခေါင်းဆောင်တွေကတော့ သူတို့အနေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားတာတွေနဲ့ မပတ်သက်ပါဘူးလို့ ငြင်းခဲ့ကြ တယ်။
“ဘိန်းမှောင်ခိုတွေက ဘိန်းမထုတ်ပါဘူး၊ ဆေးပြားမထုတ်ပါဘူး၊ ဘိန်းရောင်းဝယ်ကုန်သွယ်မှုတွေ မလုပ်ပါဘူးလို့ ငြင်းတာကတော့ အံ့သြစရာမဟုတ်ဘူး”လို့ ဘာတေး လစ်တ်နာ က သူ့စာအုပ်မှာ ရေးသားပါတယ်။

ထိုင်း အစိုးရက မြန်မာနဲ့ လာအို အစိုးရတွေနဲ့ ပူးပေါင်းပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေကို အမျိုးသား အဆင့် လုပ် ငန်း အဖြစ် သတ်မှတ် လုပ်ဆောင်လာပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် လက်ထက်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအနေနဲ့ ရောင်းဝယ် ဖောက်ကားသူ ၃၀၀၀ ကျော်ကို သုတ်သင်ရှင်းလင်း နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလုပ်ဆောင်မှုက မူးယစ် ဆေးဝါး ဘေးအန္တရာယ်ကို အပြည့်အ၀ မနှိမ်နင်းနိုင်ခဲ့ပါဘူး။

ဘာတေး လစ်တ်နာ ကတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် နိုင်ငံတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်တာကို သံသယရှိပါတယ်။

“ဒီ နိုင်ငံတွေ (ထိုင်း၊ မြန်မာ၊ လာအို)က အမှန်တကယ် ပူးပေါင်းလုပ်ကိုင်ကြတယ်လို့ ကျနော် မထင်ဘူး။ စကားတွေပဲ ပြောနေကြ တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က တဖက်နဲ့ တဖက် မယုံကြည်ကြဘူး။ စည်းဝေးပွဲတွေ လုပ်နေတယ်၊ ဆွေးနွေးတာတွေ လုပ် နေတယ် ဆိုပေမယ့် တကယ့်လက်တွေ့မှာ ပူးပေါင်းမှုနည်းတယ်၊ ဘာပူးပေါင်း ဆောင်ရွက်မှုတွေမှ မရှိဘူးဖြစ်နေတယ်”လို့ သူက ပြောပါတယ်။

ထိုင်း ဒုတိယဝန်ကြီးချုပ် ချာလမ်းယူဘန်ရန်း ( Chalerm Yubamrung) က ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးနဲ့ ဆက်စပ် အလိုရှိနေသူ ၂၅ ဦးအနက် တဦးဦးကို ဖမ်းမိရင် ဆုငွေ ဘတ် ၂ သန်း  ဆုချီးမြှင့်မယ်လို့ ၂၀၁၂ ခုနှစ် ဧပြီ ၂၀ ရက်နေ့က ကြေညာခဲ့တယ်။
အဲဒီလို ကြေညာပြီးတဲ့နောက် မကြာခင်မှာပဲ မဲခေါင်မြစ်တလျှောက် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မူးယစ်ရာဇာ ရှမ်း တိုင်းရင်းသား စိုင်းနော်ခမ်းကို တရုတ်နိုင်ငံက ဖမ်းဆီးရမိပြီး သေဒဏ်ချမှတ် ကွပ်မျက်လိုက်တယ်။

နော်ခမ်းက မဲခေါင်မြစ်တလျှောက် သွားလာနေတဲ့ လှေ၊ သင်္ဘောတွေကို အကြမ်းဖက် တိုက်ခိုက်လာတာ ၅ နှစ်ကျော်လောက်ရှိပါပြီ။ အဲဒီကာလ အတွင်း တရုတ်ကုန်တင် သင်္ဘော အများစုကို အကြမ်းဖက် လုယက်ခဲ့ပြီး တရုတ်နိုင်ငံသားတွေကို သတ်ဖြတ် တာ တွေ လည်း လုပ်ခဲ့တယ်။ သူက လာအိုနဲ့ မြန်မာနိုင်ငံ အကြားမှာရှိတဲ့ မဲခေါင် မြစ်ကျဉ်းမှာ အဓိကလှုပ်ရှားခဲ့တာပါ။

သက်တမ်းရင့်လာတဲ့ မူးယစ်မှောင်ခို လုပ်ငန်း

ခေတ်ကာလ ရှည်လျားစွာ ဖြစ်တည်လာခဲ့တဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို အပြီးသတ် သုတ်သင် ရှင်းလင်းရေးမှာ မဖြစ်နိုင်သေး ဘူးလို့ လေ့လာသူတွေနဲ့ ကျွမ်းကျင်သူတွေက ပြောဆိုပါတယ်။

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်းမှာ သာမန် အရပ်သားတွေ ပါဝင်မှု နည်းပါးပြီး ရဲတပ်ဖွဲ့ဝင်တွေ၊ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် အဖွဲ့အစည်းတွေက တရားမဝင် မှောင် ခို ရောင်းဝယ်တဲ့ လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေကြတယ်။

ထိုင်းနိုင်ငံ ဖန်ခရိုင် ချိုင်ပရာကန်မြို့မှာ နေထိုင်တဲ့ ထိုင်းလူမျိုး မူးယစ်ဆေးဝါး ရောင်းဝယ်သူ တဦးက မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ လုပ်ငန်းက အဆုံးသတ်ဖို့ ခက်တဲ့ စီးပွားရေး လုပ်ငန်းဖြစ်တယ်လို့ ဆိုတယ်။

“ဒီလုပ်ငန်းနဲ့ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်မိပြီ ဆိုတာနဲ့ ဒီအလုပ်ကို ရပ်လို့ မရတော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ပိုပြီးချမ်းသာ ကြွယ်၀ လာမယ်၊ ပြီးတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အဆက်အသွယ်တွေလည်း ကြီးကြီးမားမားတွေ ရှိလာနေလို့ပဲ။ တကယ်လို့ အရောင်းအဝယ် လုပ်ငန်းကို ရပ်လိုက်မယ်ဆိုရင် အန္တရာယ်က ရောက်လာမှာ အသေအချာပဲ။ မူးယစ် ဆေးဝါး ဂိုဏ်းကြီးတွေက ကိုယ့်ကို သိနေတယ်လေ။ ကိုယ်က ရပ်ချင်တာတောင် ရပ်ခွင့်ပြုမှာ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ အရောင်းအဝယ် အဆက်အသွယ်နဲ့ အဆက်အဆံလုပ်တာအားလုံး သိနေတာကြောင့်ပဲ။ သူတို့က နောက်ကွယ်က လိုက်လံ စောင့်ကြည့်မယ်၊ ပြီး တော့ သတ်ပစ်တဲ့ အထိ လုပ်ကြမှာပဲ”လို့ သူက ဆိုတယ်။

ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S)မှာ အမှုထမ်းခဲ့ဖူးတဲ့ ရဲဘော်တဦးက သူတို့တွေ ရှမ်းပြည်နယ်နဲ့ ထိုင်း နယ်စပ်အနီးမှာ လုံခြုံရေးအတွက် ကင်းလှည့်တိုင်း လက်နက်ကိုင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေတဲ့ ဂိုဏ်းတွေနဲ့ မကြာခဏဆိုသလို တိုက်ပွဲဖြစ်တယ်လို့ ဆိုတယ်။

အဲဒီဂိုဏ်းတွေက ရာဘ ဆေးပြားတွေကို ရှမ်းပြည်နယ်ထဲကနေ ထိုင်းနိုင်ငံမြောက်ပိုင်းနယ်စပ်မြို့တွေ ဆီ သယ်ဆောင်ကြတယ်လို့ ဆိုတယ်။

လက်နက်ကိုင် မူးယစ်ဂိုဏ်းတွေက မူးယစ်ဆေးဝါး သယ်ဆောင်တဲ့ လမ်းကြောင်းပေါ်မှာ တွေ့ရတဲ့ မည်သူ့ကိုမဆို လမ်းကြောင်းရှင်း ဖို့ သတ်ဖြတ်ပစ်ကြတယ်။

“ရွာသူရွာသားပဲဖြစ်ဖြစ်၊ လယ်သမားပဲဖြစ်ဖြစ်၊ အမျိုးသမီး၊ အမျိုးသားမရွေးဘူး သတ်ပစ်ကြတယ်။ ကလေးတွေ တောင်မချန်ဘူး။ အကုန်သတ်တာ”လို့ အဲဒီ ရဲဘော်က ဆိုတယ်။

ဘယ်လ်ဂျီယမ် နိုင်ငံသား သယ်ရီ ဖောလစ်(Thierry Falise)က  ဘန်ကောက်အခြေစိုက် ဝါရင့်ဓာတ်ပုံသတင်းစာဆရာတဦး ဖြစ်ပြီး နှစ်ပေါင်း ၂၀ ကျော် မြန်မာနိုင်ငံအကြောင်း သတင်းတွေ၊ ဓာတ်ပုံတွေ ရိုက်ကူးရေးသားခဲ့သူဖြစ်ပါတယ်။ သူက “ဝ” ပိုင်နက်ဒေသမှာရှိတဲ့ ဘိန်းစိုက်ခင်းတွေကို သွားရောက် လေ့လာခွင့် ရခဲ့တယ်။

သူက “ဝ”လူမျိုးစုတွေဟာ မျိုးဆက်ပေါင်းများစွာကတည်းက ဘိန်းထုတ်လုပ်ခဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဝ” ဒေသဟာ ဗြိတိသျှတို့ အုပ်ချုပ်တဲ့ ကိုလိုနီခေတ်ကဆိုရင် လူသူမနေတဲ့ အရပ်ဖြစ်ခဲ့ပြီး ခေါင်းဖြတ် လူရိုင်းများ သောင်းကျန်းတဲ့ အရပ်ဖြစ်လို့ တရုတ်ရော ဗြိတိသျှတို့ပါ မအုပ်ချုပ်ချင်တဲ့ ဒေသတခု ဖြစ်ခဲ့တယ်လို့ သူက ပြောပါတယ်။

“UWSA မှာ ကိုယ်ပိုင် မူးယစ်ဆေးဝါး စက်ရုံ ရှိတယ်ဆိုတာက ဖြစ်နိုင်တယ်ဆိုတာထက် ပိုပါတယ်။ ရာဘ ဆေးပြားထုတ် စက်ရုံတခု ဆိုတာကလည်း သစ် သို့မဟုတ် ဝါးနဲ့ ဆောက်လုပ်ထားတဲ့ တဲတခုသာ ဖြစ်လို့ ဖုံးကွယ်ထားဖို့ အင်မတန်လွယ်ကူပါတယ်။ ဘိန်းဖြူစက်ရုံတွေကို ချောင်း သို့မဟုတ် မြစ်ကမ်းပါး တလျှောက်မှာ ခပ်သေးသေးပဲ ဆောက်လုပ်ထားတာမို့ မြင်ကွင်းမှာ ဖျောက် ထားဖို့ အရမ်းလွယ်ကူတယ်”လို့ သယ်ရီ ဖောလစ်က ဆိုတယ်။

သယ်ရီ ဖောလစ်နဲ့ SSA-S လက်နက်ကိုင်အဖွဲ့က ရဲဘော်တချို့ ၂၀၀၃ ခုနှစ်အတွင်း ရှမ်းပြည်နယ်အတွင်း လှည့်လည်ခဲ့တဲ့ ခရီးစဉ် တခုအတွင်းမှာ ဘိန်းစက်ရုံဆောက်လုပ်နေတဲ့ တရုတ်လုပ်သားတစုကို မြင်တွေ့ရခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီဒေသက မြန်မာ အာဏာပိုင်တွေ ထိန်းချုပ်တဲ့ နေရာဖြစ်နေတယ်လို့ ဆိုပါတယ်။

“ဝါးတွေနဲ့ ဆောက်ထားတဲ့ တဲလေးပေါ့။ ဘိန်းတွေကို သန့်စင်ထုတ်လုပ်ဖို့ မြစ်ကမ်းပါးမှာ တွင်းတွေတူးထားတယ်”လို့ သယ်ရီ ဖောလစ် က ပြောပါတယ်။
၁၉၉၃ ခုနှစ်က “ဝ” ဒေသကို သွားရောက်လည်ပတ်ခဲ့တဲ့ ခရီးစဉ်အတွင်း “ဝ” လက်နက်ကိုင်နဲ့ SSA-S လက်နက်ကိုင် အဖွဲ့ တွေဆီက ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေ လုပ်ခဲ့ပြီးတဲ့နောက်ပိုင်း သူခေတ္တ တည်းခိုနေတဲ့ နေရာ တွေမှာတောင် ဘိန်းသန့်စင် ထုတ်လုပ်တဲ့ ဓာတ်ခွဲခန်းတွေရှိနေတယ်ဆိုတာ သိလာရတယ်လို့ သယ်ရီ ဖောလစ်က ဆိုတယ်။

“ကျနော် ရောက်နေတဲ့နေရာမှာ ဘိန်းဖြူဓာတ်ခွဲခန်းတွေ ရှိနေတာသိရတော့ ဓာတ်ခွဲခန်းတွေကို ကျနော် လေ့လာချင်တယ်လို့ ပြော တော့ သူတို့ ထိပ်ပိုင်းခေါင်းဆောင်တွေ အချင်းချင်း တိုင်ပင်ကြတယ်။ ခဏအကြာမှာ ကျနော်ပြောတဲ့ စက်ရုံမျိုး သူတို့ဆီမှာ မရှိဘူး လို့ ပြောတယ်။ အဲဒီမှာ သဘောပေါက်လာတာက ဘိန်းချက်စက်ရုံကို ကျနော် မြင်တွေ့ခွင့် မရနိုင်တော့ဘူးဆိုတာ သိလာရတယ်” လို့ သယ်ရီ ဖောလစ်က ပြောပါတယ်။
၁၉၉၀ ပြည့် နှစ်လယ်လောက်စပြီး မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုရဲ့အများစုက ဒေသတွင်းဈေးကွက်ကို ဦးတည်တဲ့  ရာဘ ဆေးပြားတွေ ဖြစ်လာတယ်။ ဘိန်းဖြူထုတ်လုပ်မှုတွေ အရမ်းများခဲ့တဲ့ ၁၉၉၀ မတိုင်မီကာလတွေက အနောက်နိုင်ငံတွေက ဘိန်းဖြူထွက်ကုန် အဓိကဈေးကွက်ကြီးတွေ ဖြစ်ခဲ့တယ်။

အမြတ်များတဲ့ လုပ်ငန်း

ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးရုံး(UNODC)ရဲ့ မကြာသေးခင်က ထုတ်ပြန်ချက် အရ အာရှ-ပစိဖိတ် ဒေသ တွင်း ဖြစ်ပွားခဲ့တဲ့ လူမှောင်ခို ကုန်ကူးမှုများ၊ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှုများ၊ သားရိုင်းတရိစ္ဆာန် ရောင်းဝယ်မှု စတဲ့ ရာဇဝတ်မှုတွေက ရရှိတဲ့ ငွေပမာဏက တနှစ်ကို အမေရိကန်ဒေါ်လာ ဘီလီယံ ၉၀ လောက် ရှိတယ်လို့ဆို တယ်။ အဲဒီ ပမာဏဟာ မြန်မာ တနိုင်ငံလုံး ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုး ရဲ့ ၂ ဆ ပမာဏ ရှိတယ်လို့ သိရပါတယ်။

နိုင်ငံတကာမှာ ဖြစ်ပွားနေတဲ့ ရာဇဝတ်မှုခင်းတွေရဲ့ ၃ ပုံ ၁ပုံက မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုတွေဖြစ်တယ်လို့ ထုတ်ပြန် ချက်က ဆိုတယ်။ ၂၀၁၁ ခုနှစ်မှာ ကမ္ဘာ့ဈေးကွက်အတွင်းကို အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိတဲ့ မက်ထရစ် တန်ချိန် ၆၅ တန်လောက်ရှိတဲ့ ဘိန်းဖြူတွေ ဝင်ရောက်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီ ဘိန်းဖြူတွေရဲ့ ၃ ပုံ ၂ ပုံကို “ဝ” လက်နက်ကိုင်၊ ရှမ်းလက်နက်ကိုင်တွေနဲ့ အစိုးရက ကျောထောက် နောက်ခံပေးထားတဲ့ ပြည်သူ့ စစ်တွေ ကြီးစိုးတဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်က ထုတ်လုပ်တာဖြစ်တယ်လို့လည်း အစီရင်ခံစာက ဖော်ပြတယ်။

ဒီ့အပြင် အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ တန်ဖိုးရှိ ရာဘ ဆေးပြား တွေကို မြန်မာနိုင်ငံ အရှေ့ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသ တွေ မှာ ထုတ်လုပ်တယ်လို့ လည်း အစီရင်ခံစာက ဆိုပါတယ်။

UNODC အရှေ့တောင် အာရှနဲ့ ပစိဖိတ် ဒေသ ဆိုင်ရာ ကိုယ်စားလှယ် ဂျယ်ရမီ ဒေါက်ဂလတ်စ် (Jeremy Douglas) က “နိုင်ငံ တကာမှာ ကြီးမားကျယ်ပြန်လာတဲ့ ဒီ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေက တကမ္ဘာလုံးအတွက် စိုးရိမ်စရာပါ”လို့ အစီရင် ခံစာမှာ ရေးသားဖော်ပြထားပါတယ်။

၂၀၁၂ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ မြောက်မြားစွာသော မူးယစ်ဆေးဝါးတွေကို မကြာခဏဆိုသလို ဖမ်းဆီးရမိခဲ့တယ်။ မနှစ်က ဇန်နဝါရီလ အတွင်း ဘန်ကောက်မှာ ဘတ်ငွေ ၁ ဘီလီယံ (အမေရိကန် ဒေါ်လာ ၃၄ သန်း) တန်ဖိုးရှိ မက်သာအဖက်တမင်း ဆေးပြား ၃ ဒသမ ၈ သန်း ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်။

ဒီဖမ်းဆီးမှုက နှစ်ပေါင်းများစွာအတွင်း ပမာဏ အများဆုံးသော မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုကြီးတခုလည်း ဖြစ်ပါတယ်။ အဲဒီ ၃ ဒသမ ၈ သန်းရှိတဲ့ မက်သာအဖက်တမင်း ဆေးပြား နဲ့ ၇၂ ကီလိုရှိတဲ့ မက်သာအဖက်တမင်း ပုံဆောင်ခဲတွေကို ဘန်ကောက်မြို့ပြင် က အိမ်တအိမ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ထိုင်းအခြေစိုက် ရှမ်းသံတော်ဆင့် သတင်းအေဂျင်စီရဲ့ ဝါရင့် အယ်ဒီတာ ခွန်စိုင်းဂျာယန်း(Khunsai Jaiyen) က ဒေသတွင်း မူးယစ် ဆေးဝါး သတင်းနဲ့ ဆက်စပ်တဲ့ သတင်းတွေကို အမြဲလိုလို ရေးသားဖော်ပြခဲ့တယ်။

ရှမ်းလက်နက်ကိုင်တွေနဲ့ ဗမာစစ်တပ်တို့ အပစ်အခတ်ရပ်စဲပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ ပူးတွဲလုပ်ဆောင်ကြပေမယ့် ၆ လကျော်ကြာ လာတဲ့အချိန်အထိ ဘာတိုးတက်မှုမှ မရှိခဲ့ဘူးလို့ သူက ဆိုတယ်။

မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဟာ နိုင်ငံရေးနဲ့ ဆက်စပ်နေတယ်လို့လည်း ခွန်စိုင်းဂျာယန်း က ပြောတယ်။

မြန်မာအစိုးရနဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေ နိုင်ငံရေး ဆွေးနွေးမှုတွေ မအောင်မြင်တာကြောင့်မို့  လူနည်းစု လက်နက်ကိုင်တွေက လူသစ် စုဆောင်းဖို့၊ အင်အားတိုးချဲ့ဖို့နဲ့ စစ်တိုက်ဖို့အတွက် ရန်ပုံငွေရှာရင်း မူးယစ်ဆေးဝါးလို အမြတ်များတဲ့ မှောင်ခိုလုပ်ငန်း တွေ လုပ်ကြတယ်လို့ ခွန်စိုင်းဂျာယန်းက ဝေဖန် ထောက်ပြပါတယ်။

ခွန်စိုင်းဂျာယန်းကတော့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုလုပ်ငန်းတွေ ရှင်သန်ကြီးထွားနေရတာက ပြည်သူ့စစ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်ာမာ အစိုးရ စစ်တပ်တွေ အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးကြောင့်လို့ အပြစ်တင်ပါတယ်။ အစိုးရနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကြား နိုင်ငံရေးအရ သဘောတူညီချက်တွေ ရှိလာရင်တော့ ဒီမူးယစ်ဆေးဝါးလုပ်ငန်းတွေ အဆုံးသတ်နိုင်မယ်လို့ သူက အကောင်းမြင်မှုနဲ့ သုံးသပ်တယ်။

“နိုင်ငံရေး သဘောတူညီချက်တွေ မဖြစ်မနေ ရဖို့လိုတယ်”လို့ ခွန်စိုင်း ဂျာယန်း က ဆိုတယ်။

ဓာတ်ပုံသတင်းထောက် သယ်ရီ ဖောလစ်က မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ထိုင်းနယ်စပ်အကုန်လုံးက အထူးသဖြင့် ထိုင်းမြောက်ပိုင်းဒေသက မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းတွေအတွက် ဆယ်စုနှစ်ပေါင်းများစွာ အဓိက အသုံးပြုတဲ့ လမ်းကြောင်း တွေဖြစ်တယ်လို့ ပြောတယ်။

“နယ်စပ်က ထောင်ချီရှိတဲ့ လမ်းကြောင်းတွေ၊ တောလမ်းတွေ၊ တောင်ကြားလမ်းတွေ၊ တောင်တက်လမ်းတွေ၊ လမ်းမကြီးတွေအားလုံးကို ထိန်းချုပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး”လို့ သယ်ရီ ဖောလစ် က ပြောပါတယ်။

ဒေသတွင်းမူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေက မူးယစ်မြို့တော် ဖန်ခရိုင် အပြင်ဘက် ကမ္ဘာတဝန်းဒေသတွေအထိ ရောက်ရှိနေပြီ လို့ ဂျယ်ရမီ ဒေါက်ဂလတ်စ် က ပြောပါတယ်။

“အရှေ့အာရှနဲ့ ပဖိတ် ဒေသတွေမှာဖြစ်ပွားနေတဲ့ တရားမဝင် ရာဇဝတ်မှု လုပ်ငန်းတွေက ရရှိလာတဲ့ အမြတ်ငွေတွေက ကမ္ဘာတဝန်း ရှိ လူ့အဖွဲ့အစည်းကို မတည်မငြိမ် ဖြစ်စေတယ်။ အရှေ့အာရှက တရားမဝင် ငွေတွေနဲ့ ပိုင်ဆိုင်မှုတွေ၊ ကုမ္ပဏီတွေ ဝယ် မယ်။ ပြီးတော့ နေရာတိုင်းမှာ လာဘ်ပေး လာဘ်ယူတွေဖြစ်စေတယ်”လို့လည်း သူက ပြောပါတယ်။

“ကျနော်တို့ စကားပြောဆွေးနွေး ဖို့လိုပြီ။ စည်းစည်းလုံးလုံး ရှိရမယ်၊ ပူးပေါင်းပြီး တုံ့ပြန်ဖို့လိုပြီ မူးယစ် ကွန်ရက်ကို ထိန်းချုပ် နှိမ် နင်းနိုင်မယ့် ညီညွတ်တဲ့ ကွန်ရက်တခု လိုနေပါပြီ”လို့ ဂျယ်ရမီ ဒေါက်ဂလတ်စ် က ပြောဆိုပါတယ်။   ။

(An Open Secret, an Illicit Trade without End By SAW YAN NAING ကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading