[irrawaddy_gallery]
တညလုံး မိုးရွာထားလို့ မေလ ၃၀ ရက်နေ့ လားရှိုးမြို့ မြင်ကွင်းဟာ စိမ်းစို လတ်ဆတ်နေပါတယ်။ ကုန်ထမ်းသူကထမ်း၊ သုံးဘီးမောင်းသူက မောင်း၊ မြို့ထဲမှာလည်း ဥဒဟို သွားလာနေကြတာ ဘာမှ မဖြစ်ခဲ့သလိုပါပဲ။ ဒါပေမယ့် ဈေးဆိုင် အများစုကတော့ ပိတ်ထားကြဆဲ ဖြစ်ပါတယ်။
“အခုက မနက်ပိုင်းမို့လို့ ငြိမ်နေတာ။ နေ့လယ် ထမင်းစားချိန်ကျော်တာနဲ့ ရုတ်ရုတ် ရုတ်ရုတ် ထဖြစ်တာပဲ။ ကျနော်တို့တောင် မနက်ပိုင်း မို့လို့ သုံးဘီးထွက် မောင်းရဲတာ” လို့ သုံးဘီးသမားက ဆေးပေါ့လိပ်ကို ပါးစောင်ဘက် ပို့ရင်းပြောတယ်။ သူ့ မျက်နှာမှာလည်း ထိတ်လန့်မှုကို အထင်းသား တွေ့မြင်ရပါတယ်။ လားရှိုးမှာ သူနေခဲ့တဲ့ သက်တမ်း တလျှောက် ဒီလို အဖြစ်မျိုး ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ သူက ဆိုပြန်တယ်။
နေရာက လားရှိုးမြို့ ရပ်ကွက်ကြီး ၃၊ သုံးထပ် မြို့မဈေးကြီးနဲ့ ကပ်လျက်တည်ရှိနေတဲ့ ဂျာမေ ဗလီဟာ ဗလီတခုလုံး မီးရှို့ ခံထားရတာကြောင့် မဲမှောင်နေပါတယ်။ ဗလီရဲ့ အောက်ထပ် ဆိုင်ခန်းတွေဆီက ညှော်နံ့ တလူလူ မီးခိုးနံ့ တလူလူ မီးလောင်ပြင်တွေ ကြားမှာ အမျိုးသမီး တချို့ အလုပ်များနေတယ်။ မီးသတ်ကားတွေကို အရေးပေါ် ဖြစ်လာမယ့် နေရာတွေ အတွက် စီစဉ်ထားရလို့ ဒီနေရာတွေမှာ အပြီးသတ် မီးမငြိမ်းနိုင်ဘဲ အခုလို မီးခိုးငွေ့ တဝေဝေ ဖြစ်နေတာလို့ စောင့်ကြည့်နေတဲ့ အရံမီးသတ် တပ်ဖွဲ့ဝင်တဦးက ဆိုတယ်။ ဆိုင်ခန်းတွေထဲက အမျိုးသမီးတွေကတော့ တငွေ့ငွေ့လောင်နေတဲ့ ဘာပစ္စည်း တွေမှန်း ရုပ်မပေါ်တော့တဲ့ မီးကျွမ်းပစ္စည်းတွေကြားထဲကို ရေလောင်းလိုက်၊ ပစ္စည်းတွေ ကောက်လိုက်နဲ့ အလုပ်များနေကြတယ်။
အရင်ကတော့ ဒီဂျာမေဗလီရဲ့ အောက်ထပ်မှာ ဈေးဆိုင်ခန်း ၅ ခန်း ဖွဲ့ထားပြီး ဘယ်ဘက်အစွန် နှစ်ခန်းတွဲဟာ နှစ်ပေါင်း ၅၀ ကျော်အထိ အဓွန့်ရှည်လာခဲ့တဲ့ မြန်မာ ဗုဒ္ဓဘာသာပိုင် ရွှေဗဟိုစည် တေးသံသွင်းဆိုင်လို့ သိရပါတယ်။ ရွှေဗဟိုစည် တေးသံတွင်းဟာ ၁၉၅၆ ခုနှစ် ဗလီ စတင် တည်ဆောက်ပြီးချိန်ကတည်းက ဆိုင်ခန်းအပြတ်ဝယ်၊ ဗလီအတွက် လစဉ် အလှူငွေ ထည့်သွင်းပြီး ဆိုင်ဖွင့်ခဲ့တာလို့ ဆိုင်ပိုင်ရှင် မဆွေဆွေသန်းက ဆိုတယ်။
“ဗလီက လူတွေနဲ့ ဘေးခန်းက လူတွေက ဆွေမျိုးလိုနေတာ၊ မိသားစုလို နေခဲ့တာ။ လုံး၀ ရန်သူ မဟုတ်ဘူး၊ ဖြစ်လာချိန်မှာ ကျမတို့ ဘာမှ လုပ်ချိန်မရဘူး။ ပိုးသတ်ဆေး ထည့်တဲ့ ပလတ်စတစ် ပိုက်ထဲမှာ ဂတ်စ်တွေ ထည့်ထားပြီး ဆိုင်တွေကို လာဖျန်းတယ်။ သုံးစက္ကန့်ပဲ။ ကိုယ့်အသက်ကိုယ် လုပြေးခဲ့ရတာ။ ကျမတို့ ဆိုင်နီးချင်းတွေ၊ မိတ်ဆွေတွေ ဘယ်ရောက်ကုန်လဲ ကျမ မသိဘူး” လို့ သူက ဆိုပါတယ်။
ရွှေဗဟိုစည် တေးသံသွင်းဟာ သီချင်းခွေ၊ ဗီဒီယိုခွေတွေတင် မက ဂီတ တူရိယာ ပစ္စည်းတွေပါ ရောင်းချတဲ့ ဆိုင်လို့ သိရပါတယ်။ ဒါအပြင် မြန်မာနိုင်ငံ အရပ်ရပ်က ထွက်လာသမျှ တရားခွေတွေကို ရှမ်းပြည်နယ် မြောက်ပိုင်းအတွက် ဒိုင်ခံ ဖြန့်ပေးနေတဲ့ ဖြန့်ချိရေး လုပ်ငန်းနဲ့ ဘုရားရုပ်ပွားတော်၊ ဆင်းတုတော်၊ စတာတွေကိုပါ တွဲဖက်ရောင်းချတယ်လို့ ဆိုပါတယ်။ အစ္စလမ် ဘာသာဝင်တွေရဲ့ ဗလီအောက်မှာ ဒီလို ဗုဒ္ဓဘာသာနဲ့ ပတ်သတ်တဲ့ အသုံးအဆောင်တွေ၊ တရားတော်တွေ ရောင်းချခဲ့တဲ့ အတွက် နှစ်ပေါင်းငါးဆယ်ကျော် ဘာပြဿနာမှ မရှိဘဲ ဆွေမျိုးသားချင်းလို နေခဲ့ကြတယ်လို့ လားရှိုးမြို့ခံတွေက ထောက်ခံ ပြောဆိုပါတယ်။
အချင်းချင်း ဘာပြဿနာမှ မရှိပေမယ့် အခုအချိန်မှာတော့ ဂျာမေဗလီဟာ မီးရှို့ခံရပြီး ဆိုင်ခန်းတွေ အားလုံးလည်း ပြာကျကုန်ပါပြီ။ ဆိုင်ခန်း ငါးခန်းအနက် သုံးခန်းမှာ ရောင်းချနေတဲ့ အစ္စလမ် ဘာသာဝင်တွေကတော့ အသက်လုပြေးရလို့ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း မသိပေမယ့် ရွှေဗဟိုစည်တေးသံသွင်းဆိုင်ပိုင်ရှင် မဆွေဆွေသန်း ကတော့ သူ့ဆိုင်ထဲက မီးမလောင်ဘဲ ကျန်ရစ်မယ့် ဘုရားဆင်းတုတော် တွေကို လိုက်လံရှာဖွေ သိမ်းဆည်း နေပါတယ်။
မစည်ကား အပ်သော အရပ်တွေထဲမှာ ဆေးရုံ ပါပေမယ့် လားရှိုးမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးမှာတော့ စည်ကားနေပါတယ်။ ဆေးရုံကြီးမှာ တက်ရောက် ကုသနေရတဲ့ မီးရှို့ခံရသူ မအေးအေးဝင်းကို တွေ့မြင်လိုသူ မီဒီယာသမား တချို့ ဆေးရုံကြီးရှေ့မှာ ရစ်သီ ရစ်သီ လုပ်နေကြတယ်။ ခွဲစိတ်ဆောင် ဒုတိယထပ်ရဲ့ ထောင့်ဆုံးခန်းကိုတော့ အထဲက ချက်ထိုးပြီး ပိတ်ထားပါတယ်။ လူနာလဲလျောင်းနေတဲ့ နေရာကို ဆေးရုံသုံး ကန့်လန့်ကာတွေနဲ့ ပိတ်ထားပြီးတော့ အခန်းအဝင်ဝက ခုံတွေပေါ်မှာတော့ အမျိုးသမီးငယ် ၂ ယောက် ထိုင်နေပါတယ်။ သူတို့က မအေးအေးဝင်းရဲ့ မိသားစုဝင်တွေပါ။ တကိုယ်လုံး မီးလောင်ဒဏ်ရာ ရထားတဲ့ မအေးအေးဝင်းဟာ ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေပြီး သူ့အမျိုးသားကတော့ ကုတင်ဘေးမှာ မတ်တပ်ရပ်နေပါတယ်။ မီဒီယာသမားတချို့ လူနာခန်းထဲ ဝင်လာတာကို သူက ကြိုက်ပုံမရပါဘူး။
“ကျမတို့ မိသားစုမှာ ဘာရန်ငြိုးမှ မရှိပါဘူး။ ကျမတို့ အစ်မက မိသားစုထဲမှာ သဘောအကောင်းဆုံးပါ။ လုပ်သွားတဲ့ သူကိုလည်း ကျမတို့ မြင်တောင် မမြင်ဖူးခဲ့ဘူး။ အစ်မကလည်း ဝေဒနာသာ ခံစားနေရတာ အပြင်မှာ ဘာတွေဖြစ်နေပြီလဲ၊ မီးရှို့ လူသတ်တာတွေ မလုပ်ပါနဲ့တော့ ဆိုတာမျိုးပဲ ပြောနေတယ်” လို့ မအေးအေးဝင်းရဲ့ ညီမ တဦးက ဆိုပါတယ်။
အင်တာနက်နဲ့ သတင်းဌာန တချို့မှာ ဖော်ပြနေတဲ့ သတင်းနဲ့ သတင်းဓာတ်ပုံ အများစုဟာလည်း မှားယွင်းနေတယ်လို့ သူက ဆိုပါတယ်။ တကိုယ်လုံး မီးလောင်ဒဏ်ရာ ရရှိထားတဲ့ မအေးအေးဝင်းဟာ မီးလောင်ခံရပြီး သုံးရက်မြောက်တဲ့ မေ ၃၀ ရက်နေ့ မှာတော့ ဝေဒနာကနေ အနည်းငယ် သက်သာလာတယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။
ပစ်စလက်ခတ် ဆောက်လုပ်ထားတဲ့ အကာမပါ တဲကြီး နှစ်လုံးအောက်မှာ အစ္စလမ်ဘာသာဝင် ယောက်ျား၊ မိန်းမ၊ ကလေး တရာကျော် ကျပ်ကျပ်တည်းတည်း ထိုင်နေကြတယ်။ မွန်းတည့်နေက စူးစူးရဲရဲ ပူနေတာကြောင့် တဲအရိပ်ကို ကုပ်ကပ် ခိုနေကြရတာပါ။ အချိန်က မွန်းတည့်ကျော်ပြီဖြစ်လို့ ထမင်းမစားရသေးတဲ့ ကလေးတွေက နားမခံသာအောင် အော်ဟစ် ငိုယိုနေကြသလို၊ မိဘတွေရဲ့ ရာသီဥတု ပူလောင်မှု၊ ဆာလောင်မှု၊ မလုံခြုံမှုတွေကြားက စိတ်မရှည် ဒေါသဖြစ်မှုတွေက ကလေးတွေအပေါ် ကျရောက် ကုန်ပါတယ်။ သူတို့ကတော့ လားရှိုးမြို့ ရပ်ကွက် ၉ က အစ္စလမ် ဘာသာဝင်တွေပါ။ အခုအချိန် မှာတော့ သူတို့ကို အမှတ် ၉ နယ်မြေရဲကင်းထဲမှာ လုံခြုံရေးနဲ့တကွ နေရာချထားပေးပါတယ်။ ရုတ်တရက် စီစဉ်ရတာကြောင့် ရပ်ကွက်တွေထဲက ခေါ်လာတဲ့ အစ္စလမ်ဘာသာဝင် ဒုက္ခသည်တွေကို ကျွေးမွေးဖို့ ဘာမှ မစီစဉ်ရသေးသလို၊ အစီအစဉ်လည်း ရှိပုံ မပေါ်ပါဘူး။ မွန်းလွဲပိုင်းမှာတော့ ဒီလူတွေကို မန်ဆူ ရှမ်းဘုန်းကြီးကျောင်းကို ပို့ဖို့ စီစဉ်နေတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
“စဖြစ်တာနဲ့ ကျနော်တို့မှာ ခိုကိုးရာမဲ့ပါ။ ကလေးတွေနဲ့ ဘယ်မှ မသွားတတ် မလာတတ်၊ တနေ့လုပ် တနေ့စားတွေဆိုတော့ ပိုက်ဆံက လက်ထဲ မရှိဘူး။ ပိုက်ဆံ တတ်နိုင်သူတွေကတော့ ပြန်ကုန်ပြီ။ စဖြစ်တဲ့ နေ့ကတည်းက ဟိုနားရှောင်၊ ဒီနားရှောင်၊ ဟိုးနားပုန်း၊ ဒီနားပုန်း နေခဲ့ရတယ်။ ကျနော်တို့က တကွဲတပြားစီ ဖြစ်နေတော့ ဒီက လာခေါ်မှ ရောက်လာတာ။ ဘာမှ မစားရသေးဘူး။ လောလောဆယ် ရပ်ကွက်ထဲက တချို့ အမျိုးသမီးတွေတော့ လာဝေတယ်။ ဒါပေမယ့် မလောက်ဘူး။ ကလေးတွေ၊ မိန်းမတွေကို ဦးစားပေးနေရတယ်” လို ပဲခူးတိုင်း ဝေါမြို့နယ်ကနေ လားရှိုးမှာ ဈေးရောင်းဈေးဝယ် လုပ်နေတဲ့ ရပ်ကွက် ၉ မှာနေထိုင်သူ တဦးက ဆိုသည်။
နေ့လယ် ၁ နာရီကျော်အထိ ရရှိတဲ့ သတင်းတွေအရ အမှတ် ၉ နယ်မြေ ရဲကင်းမှာ အစ္စလမ် ဒုက္ခသည် ၁၁၈ ဦးကို ခေါ်ယူထားပြီး ညနေပိုင်းမှာ သူတို့ကို မန်ဆူ ရှမ်းကျောင်းကို ပို့မယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်တွေကို စတင်ဖန်တီးခဲ့သူ၊ အပြစ်မဲ့ အရပ်သူ အမျိုးသမီးငယ်တဦးကို အကြောင်းမဲ့ ဓာတ်ဆီနဲ့ပက် မီးရှို့ခဲ့သူ ကိုနေဝင်း ဆိုသူကိုတော့ လားရှိုးထောင်မှာ ထိန်းသိမ်းထားပါပြီ။ သူ့ကို ထိန်းသိမ်းထားနိုင်ပေမယ့် သူမွှေးခဲ့တဲ့ မီးကတော့ ဆက်လောင် နေခဲ့ပါတယ်။ လားရှိုးပဋိပက္ခကို စတင်ခဲ့သူ ကိုနေဝင်းဟာ ကျိုင်းတုံနဲ့ တောင်ကြီးမြို့တွေမှာလည်း ပဋိပက္ခဖြစ်စေဖို့ အမျိုးမျိုး ကြံရွယ် လုပ်ဆောင်ခဲ့တယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းက ပြောဆို ထားပါတယ်။
၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ရခိုင်ပြည်နယ်မှာ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့နောက် ၂၀၁၂ အောက်တိုဘာမှာ ရခိုင်ပြည်နယ်မှာ ဒုတိယ အကြိမ်၊ ၂၀၁၃ မှာတော့ မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာနဲ့ ပဲခူးတိုင်းဒေသကြီး ဥက္ကံမြို့တို့မှာ ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။ လားရှိုးမြို့မှာ ဒီလို အဓိကရုဏ်း ဖြစ်ပွားတာတာ ပထမဆုံးအကြိမ်လို့ လားရှိုး မြို့ခံတွေက ဆိုပါတယ်။