ဆောင်းပါး

သူပုန်ကျောင်းသား တဦးရဲ့ ပြည်တော်ပြန် ခရီးစဉ် (၅)

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တနေ့ မနက်မှာတော့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ ရုံးခန်းရှိရာ သင်္ကန်းကျွန်း ဘက်ဆီ ကျနော် ရောက်သွား ပါတယ်။ အင်တာဗျုးလုပ်ဖို့ မဟုတ်ပါ။ ထုတ်ဝေမယ့် ကျနော်ရဲ့ “သူပုန် ကျောင်းသားတဦး ရဲ့ မာရသွန်ခရီး” စာအုပ် မိတ်ဆက်ပွဲမှာ ၈၈ အဖွဲ့ကိုယ်စား တဦးဦးက အမှာ စကားပြော ပေးဖို့ သွားရောက် အကူအညီ တောင်းတာပါ။

အမှန်အတိုင်း ဝန်ခံရရင် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ ထဲမှာ ကျနော်နဲ့ ပုဂ္ဂိုလ်ရေးအရ သိသူ တဦးမှမရှိ။ သူတို့ နေတာက ရန်ကုန်၊ ကျနော်နေတာက ထားဝယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈၈ အဖွဲ့ရဲ့နော်ဝေး ခရီးစဉ် အတွင်း ကိုပြုံးချိုနဲ့ စကားပြောခွင့် ရတဲ့အတွက် သူနဲ့တော့ သိနေပါတယ်။ နောက်တခါ သူ့မိဘတွေ ဟာ သူ ထောင်ကျနေစဉ် ဆယ်စုနှစ် တခုကျော် ကာလတလျှောက်လုံး ကျနော်တို့ DVB က နေ အမြဲတမ်း မေးမြန်း သတင်းလုပ်နေတဲ့အတွက် လူချင်း မတွေ့ဖူးပေမယ့် အသံချင်း ရင်းနှီး နေပြီးသားပါ။

ကိုပြုံးချိုရဲ့ မိတ်ဆက်ပေးမှု အရ ကျနော် စာအုပ်မိတ်ဆက်ပွဲမှာ အမှာစကားပြောဖို့ တာဝန်ပေး ခံရသူက ကိုထွန်းမြင့်အောင်။ သူတို့ ရုံးဆီ ကျနော် ရောက်သွားတော့ ကိုထွန်းမြင့်အောင်က လယ်သမားကိစ္စ သတင်းစာရှင်းလင်းပွဲ လုပ်ရင်းနဲ့ အလုပ်များနေဆဲ။ ရုံးခန်းအတွင်းဝင်ပြီး တွေ့တဲ့လူတွေကို လိုက်နှုတ်ဆက်ရင်းနဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး။ ကိုမင်းဇေယျ၊ ကိုစိုးထွန်း၊ ကိုဘသက်အောင် အပါဝင် လူအတော်များများ နဲ့ တွေ့ခွင့် ရခဲ့ပါတယ်။

“လူထုတွေက သူတို့ အခက်အခဲကို ဘယ်မှာ တင်ပြရမှန်း မသိတော့ ကျနော်တို့ဆီပဲ လာ လာ ပြီး အကူညီ တောင်းနေကြတယ် ဗျ” လို့ ကိုကိုကြီးက ရှင်းပြပါတယ်။ နိုင်ငံရေး ပါတီတွေကလည်း ပါတီအလုပ်တွေနဲ့ရှုပ် နေတာအပြင် အကြောင်းအမျိုးမျိုးကြောင့် လယ်သမားအရေး၊ အလုပ်သမားအရေး အပါအဝင် အောက်ခြေ လူထုရဲ့ နစ်နာမှုတွေကို သိပ်လုပ်ပေးနိုင်တဲ့ အခြေအနေ မရှိဘူးလို့လည်း သူက ထောက်ပြပါတယ်။

ကိုကိုကြီး အခန်းကနေ အပြင်ဘက် အခန်းကျယ်ထဲ ထွက်လာတာ့ 8888 သင်္ကေတကို စားပွဲထောက်တိုင် အဖြစ် ထွင်းထားတဲ့ သစ်သား စားပွဲကြီး တခုကို တွေ့ရပါတယ်။ အဲဒီ စားပွဲမှာ ထိုင်နေတုန်း ကိုထွန်းမြင့်အောင် ဝင်လာပါတယ်။ “ခင်ဗျား စာအုပ်မှာ ဟို…မြောက်ပိုင်းကိစ္စတွေ ဘာတွေ ပါသေးလား” ဆိုပြီးမေးတော့ မပါတဲ့ အကြောင်း အရင်ဆုံး ရှင်းပြရပါ သေးတယ်။ ပြီးတော့ လက်ရှိ ဥက္ကဋ္ဌ ကိုသံခဲ ကိုယ်တိုင် အမှာစာ ရေးပေးထားတဲ့ အကြောင်း၊ အရင်ထုတ်ခဲ့တဲ့ မြောက်ပိုင်း စာအုပ်တွေလို မဟုတ်ကြောင်း ထပ်ဖြည့်ပြော ပြရပါတယ်။

သူတို့ရုံး ကနေ ပြန်အထွက်မှာ တော့ ၈ မိုင် ရှမ်းဘုန်းကြီးကျောင်း အနီးရှိ ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးနဲ့ ဥက္ကဋ္ဌ ခွန်ထွန်းဦး နေအိမ် တည်ရှိရာဆီ ခရီးဆက်ခဲ့ပါတယ်။ ထုံးစံအတိုင်း အင်တာဗျုး လုပ်ဖို့ မဟုတ်။ နှစ်ပေါင်းများစွာ DVB ကနေ သတင်းမေး အင်တာဗျူး လုပ်ခဲ့ဖူးတဲ့ နိုင်ငံရေး ရဲဘော်ရဲဘက် တဦး အနေနဲ့ သွားရောက် တွေ့ဆုံတာပါ။

“လူမျိုးစု အရေးကတော့ မလွယ်သေးပါဘူး ဗျာ။ ဒီ အစိုးရ ကိုင်တွယ်နေပုံက ဟိုနေရာတမျိုး၊ ဒီနေရာ တမျိုး ဖြစ်နေတာ သိပ်ခက်တယ်” ဆိုပြီး ဦးခွန်ထွန်းဦးက ရှမ်းပြည်ရှိ တိုင်းရင်းသားအဖွဲ့တွေ အခြေနေကို စတင် ပြောပြပါတယ်။ ပြီးတော့ မကြာသေးခင် ကမှ လားရှိုးမှာ ကျင်းပ ပြီးစီးသွားတဲ့ ရှမ်းနဲ့ ကယားပြည်နယ်က လူထုတွေရဲ့ ဆန္ဒသဘောထား နဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်မယ့် အစား အသစ်ပြန်ရေးတာက ပို ကောင်းမယ်လို့ သူက ဆိုပါတယ်။

ပြီးတော့ လူမျိုးစု အရေး၊ ဖက်ဒရယ် အရေး ဆွေးနွေးမိတဲ့ အတွက် ထောင်ဒဏ် နှစ် ၁၀၀ နီးပါး အချခံရပုံ၊ လဒ်တီကျု မြင့်လွန်းပြီး ရာသီဥတု ဆိုးဝါးတဲ့ ပူတာအိုထောင် အတွေ့အကြုံတွေ ကိုလည်း သူက ရှင်းပြခဲ့ပါ တယ်။ လက်ရှိ နိုင်ငံရေး အခြေနေတွေ ပြီးတော့ တချိန်က သူတို့ တကူးတက စောင့်ပြီး နားထောင်ခဲ့ဖူးတဲ့၊ ဒီမိုကရေစီ အင်အားစုတွေရဲ့ DVB အသံလွှင့်ဌာန အကြောင်း၊ ကျနော် အပါအဝင် ဝါရင့် သတင်းသမား အားလုံး နီးပါး DVB ကနေ ဘယ်လိုဘယ်ပုံ အလုပ်ထုတ် ခံရတယ် ဆိုတဲ့ အကြောင်းတွေ ကို ရှင်းပြဖြစ်ခဲ့ ပါတယ်။

၈ မိုင်က အပြန်မှာတော့ ထိုင်းသံရုံး အနီးရှိ ငွေလဲကောင်တာဆီ ဝင်ပြီး အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေ လဲ ပါတယ်။ “ဒီအရွက်က မျက်နှာပေါ် ခေါက်ရိုးကျိုးနေတဲ့အတွက် ပြန်လဲပေးပါ” ဆိုပြီး ကောင်တာ ထိုင် အမျိုးသမီးက ပြောတော့ အသံထွက်တဲ့အထိ ကျနော် ရယ်မိပါတယ်။ မြန်မာပြည် သွားတဲ့အခါ ဒေါ်လာ တရာတန် အသစ်တွေ ယူသွားပါ ဆိုပြီး အရင်သွားဖူးတဲ့ ပြည်တော်ပြန်တွေရဲ့ အကြံပေး ချက်အရ ဒေါ်လာ အသစ်တွေချည်း ကျနော် ယူလာတာပါ။

ပိုက်ဆံအိတ်ထဲ ထည့်လာတာ ဆိုတော့ ဘယ် လိုပိုက်ဆံပဲ ဖြစ်ဖြစ် နှစ်ခေါက်တော့ ကျိုးနေမှာပေါ့။ အဲဒါကို ပြန် လဲပေးစရာလား။ “မလဲပေးရင်တော့ ၅ % လျော့ခံရမယ်” လို့ ကောင်တာထိုင် အမျီုးသမီးက ကျနော် ရယ်တာက သူ့ကို တမင်နောက်တယ် ထင်ပြီး မျက်နှာထားတင်းတင်းနဲ့ ထပ်ပြောလိုက်ပါတယ်။ ခေါက်ရိုး သိပ်မကျိုးတဲ့ နောက်တရွက်နဲ့ အစားထိုး ပေးလိုက်တော့ အိုကေ သွားပါတယ်။ တဒေါ်လာကို ၉၀၀ ဝန်းကျင် နှုန်းနဲ့ ဒေါ်လာ ၅၀၀ အတွက် ၅ သိန်းနီးပါး ရပါတယ်။

“အား… မနည်းပါလား” လို့ ပါးစပ်က အလိုလို အသံထွက် သွားပါတယ်။ တထောင်တန်ချည်း ဆိုတော့ အရွက်တရာ စည်း ၅ ထုပ် နီးပါး ဆိုတော့ ပိုက်ဆံအိတ်ထဲ ဘယ်လိုမှ ထည့်လို့ မဆန့်။ ၃ သောင်းလောက်ပဲ ထည့်နိုင်ပြီး ကျန်တာကို ကွန်ပြူတာ အိတ်ထဲ သိမ်းထားရပါတယ်။ “ဒေါ်လာကျတော့ အသစ်မှ လက်ခံပြီး မြန်မာငွေကျ တော့ အဟောင်းတွေချည်း ပေးလိုက်ပါလား” ဆိုပြီး ကျနော်က နောက်တော့ ကောင်တာထိုင် အမျိုးသမီးက ဘာမှ ပြန်မပြော တော့ပါ။

တကယ်ဆိုရင် ဒီကောင်တာမှာ အမေရိကန် ဒေါ်လာအပြင် ယူရိုနဲ့ ထိုင်းဘတ်ငွေ ကိုလည်း လဲပေးနေတာ တွေ့ရပါတယ်။ ဒါပေမယ့် အရင် ပြည်တော်ပြန်တွေ ပြောပြသလောက်က အမေရိကန် ဒေါ်လာ တခုတည်း သာ မြန်မာနိုင်ငံမှာ လဲပေးတယ် လို့ သိထားတဲ့ အတွက် နော်ဝေးငွေကို ယူရိုနဲ့လဲ။ ယူရိုကို ဒေါ်လာနဲ့လဲ စသဖြင့် အဆင့်ဆင့် လဲယူ လာရတာ ဖြစ်ပါတယ်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ၊ နိုင်ငံခြား ဧည့်သည်တွေ အရှိန်အဟုန်နဲ့ ဝင်လာနေပြီ ဖြစ်ပေမယ့် နိုင်ငံခြား ငွေလဲ ကောင်တာတွေ၊ အထူးသဖြင့် နိုင်ငံတကာမှာ လူတိုင်းလိုလို သုံးနေတဲ့ Visa Card, Master Card တွေ မြန်မာနိုင်ငံမှာ အသုံးပြုတာ မတွင်ကျယ်သေး ပါ။ ဥပမာ အိမ်နီးချင်း ထိုင်းနိုင်ငံကို သွားမယ် ဆိုရင် ဘာ ဒေါ်လာမှ ယူသွားစရာ မလို။ ကျေးလက် ဒေသတွေအထိ ရှိနေပြီ ဖြစ်တဲ့ ATM စက်တွေထဲ Visa Card, Master Card တွေကိုထည့်ပြီး လိုသလောက် ထုတ်ယူလိုက် ရုံပါပဲ။

ရန်ကုန်နဲ့ နယ်မြို့တချို့မှာ ATM စက်တွေ တွေ့ရပေမယ့် ဘယ်သူမှ ငွေထုတ်နေတာ မတွေ့မိပါ။ “သွား မလုပ်နဲ့၊ ဒီမှာက ဘာမှ သေချာတာ မဟုတ်ဘူး။ ခင်ဗျားကဒ် ပြန်ထွက် မလာရင် ဘယ်လိုလုပ်မလဲ” လို့ ရန်ကုန်နေ မိတ်ဆွေတွေက ပြောပါတယ်။ ဒီတော့ ခေတ်ဟောင်း နည်းအတိုင်း ငွေထုတ်ပိုက်ပြီး သွားခြင်း ဟာ မြန်မာပြည် အတွက် တခုတည်းသော နည်းအဖြစ် ရှိနေဆဲပေါ့။

စာအုပ်မိတ်ဆက်ပွဲ အပြီးမှာတော့ မိဘနဲ့ ဆွေမျိုးတွေ ရှိရာ ထားဝယ်ဒေသဆီ သွားဖို့ လေယာဉ်လက်မှတ် သွားဝယ်ပါတယ်။ နာမည်ကြီး ကုမ္ပဏီ ဆိုတဲ့အတိုင်း များလိုက်တဲ့ ဝန်ထမ်းတွေ။ ကျနော်ရဲ့ လျှပ်တပြတ် အကြည့် မမှားဘူး ဆိုရင် လေယာဉ်လက်မှတ် ရောင်းတဲ့ ရုံးမှာ ဝန်ထမ်းအင်အား ၂ ဒါဇင်လောက် ရှိပြီး လက်မှတ် လာဝယ်သူက ကျနော် အပါဝင်မှ ၆ ဦးလောက်ပဲ ရှိပါတယ်။ ရန်ကုန်-ထားဝယ် ခရီးစဉ် တခုအတွက် ကျပ်ငွေ ၆ သောင်းကျော် ပေးရပါတယ်။ ဘတ်နဲ့ဆို နှစ်ထောင်ကျော်၊ ဒေါ်လာနဲ့ဆို ၇၀ နီးပါးဆို တော့ ဘန်ကောက်-ရန်ကုန် ခရီးစဉ်ခ နီးပါး ဈေးရှိနေပါတယ်။

မြန်မာနိုင်ငံရဲ့ လေယာဉ်ခရီး အစဉ်လာတွေအရ လေယာဉ် အားလုံး မနက်အစောကြီး ထွက်တယ်လို့ဆို ပါတယ်။ ဒါကြောင့် ချိန်းဆိုချိန်က ၇ နာရီခွဲ။ လေယာဉ် ထွက်ချိန်က ၉ နာရီ။ ဒါပေမယ့် လေယာဉ်ကွင်း ရောက်သွား တော့ ခရီးသည်က သိပ်ရှိတာ မဟုတ်။ မိနစ် ၉၀ ကြိုပြီးလာစရာ မလိုဘူးလို့ ထင်ပါတယ်။ Check In လုပ်တော့လဲ ဘာမှ စနစ်တကျ မရှိ။ ကျနော့် ကွန်ပျူတာအိတ်ထဲ ရေပုလင်းထည့် ထားတာ ကိုတောင် ပြန်ထုတ်စရာ မလိုပါ။

“ညီလေး လက်ဖက်ရည်ဖိုးလေး” လို့ Check In ကောင်တာ ဝန်ထမ်း တဦးက ပြောတော့ ကျနော် ကောင်းကောင်း နားမလည်။ လက်ဖက်ရည်ဖိုး ဆိုတာကို ကျနော် မကြားဖူးတာ ၂၅ နှစ်တောင် ကြာခဲ့ပြီ ပဲလေ။ ဒါပေမယ့် ကျနော့်ကို လိုက်ပို့တဲ့ မိတ်ဆွေက ၅၀၀ တန်တရွက်ကို ထုတ်ပြီး ချက်ချင်း ပေးလိုက်မှ “သြော် ဒီခေတ်မှာလဲ ဒါတွေရှိနေဆဲကိုး” လို့ ကျနော် နားလည် လိုက်ရပါတယ်။ နော်ဝေးမှာ ဆိုရင်တော့ လာဘ်ပေးမှုနဲ့ ကျနော် အဖမ်းခံသွား ရနိုင်ပါတယ်။

Check In ကိုကျော်ပြီး ခရီးသည် အခန်းထဲဝင်လိုက်တော့ ပြည်တွင်း ခရီးစဉ်အဆောင်က နိုင်ငံတကာ ခရီးစဉ် အဆောင်ထက် အတော်ခေတ်နောက်ကျ ကျန်နေတာကို သတိထားမိ ပါတယ်။ အပေါ်ထပ်တက်ပြီး လက်ဖက်ရည် သောက်ရင်းနဲ့ လေယာဉ်တွေကို ဓာတ်ပုံရိုက်မယ် ပြင်တော့ မှန်ပြတင်းက မကြည် မလင်။ စားပွဲပေါ်က တစ်ရှူးကိုယူပြီး သုတ်ပေမယ့် အပြင်ဘက်က ကပ်နေတဲ့ ဖုန်တွေက ကျမသွား။ “လေယာဉ်ကွင်း ပြတင်းပေါက် လေးတော့ သန့်သန့်ပြန့်ပြန့် ဖြစ်နေအောင် လုပ်ထားသင့် ပါတယ်” လို့ စိတ်ထဲက တိုက်တွန်း ရုံမှ တပါး ဘာမှ မတတ်နိုင်။

လေယာဉ် ထွက်တော့မယ်။ Boarding Card နဲ့ မှတ်ပုံတင် ပြပါဆိုတော့ နည်းနည်း လန့်သွားပါတယ်။ ဘာ ကြောင့်လဲ ဆိုရင် ကျနော့်အရင် ထားဝယ် သွားဖူးသူ ပြည်တော်ပြန် တဦးရဲ့ ပြောပြချက်အရ ကျပ်ငွေ ၆ သောင်းကျော် ဟာ မြန်မာ နိုင်ငံသား အတွက်သာ ဖြစ်ပြီး နိုင်ငံခြားသား မှတ်ပုံတင် ကိုင်ထားသူ ဆိုရင် နောက်ထပ် ၆ သောင်းလောက် ထပ်ဆောင်း ပေးရသေးတယ် လို့ ဆိုပါတယ်။ ဒါပေမယ့် ကျနော်က မှတ်ပုံ တင်မပြဘဲ Boarding Card တခုတည်းကို ပြတော့လည်း ကောင်တာဝန်ထမ်းက ဘာမှ ထပ်မမေးပါ။

အဲကွန်း မရှိတဲ့ လေယာဉ်ကွင်း ဘတ်စ်ကို တိုးစီးပြီး လေယာဉ်ရှေ့ ရောက်လာပါတယ်။ လေယာဉ်ပေါ်မှာ လည်း  အဲကွန်းက သိပ်မကောင်း။ ထိုင်ခုံတွေက ခပ်ဟောင်းဟောင်း၊ ပြတင်းပေါက်တွေကလည်း “ဂလုတ်၊ ဂလုတ်” ဆိုပြီး လှုပ်နေပါတယ်။ “ရုရှား အဲဝေး ကျနေတာပဲ” လို့ ကျနော် ညည်းမိ ပါတယ်။ အရင်နှစ် တွေ က အော်စလို-ဘန်ကောက် ခရီးစဉ် အတွင်း ရုရှားအဲလိုင်းကို စီးဖူးခဲ့ ပါတယ်။ ရုရှားနဲ့ မြန်မာဟာ ပထဝီ အနေအထားအရ အလှမ်းဝေးလှ ပေမယ့် နိုင်ငံရေး အရတော့ “ဆိုရှယ်လစ်စနစ်ကနေ ကိုယ့်နည်း ကိုယ့်ဟန် ဒီမိုကရေစီ စနစ်ဆီ” ပြောင်းတာချင်း၊ ဆိုရှယ်လစ်ပိုင် ပစ္စည်းတွေကို ဒီမိုကရေစီ ထုံးဖြူပြန်သုတ်ပြီး သုံးတဲ့ နေရာတွေမှာ တော့ တူနေတယ် လို့ ထင်မိပါတယ်။

ပျံသန်းချိန် တနာရီ ကြာပြီးတဲ့ နောက် လေယာဉ်က ထားဝယ်ကွင်းပေါ် ရောက်လာ ပါတယ်။ တိုးချဲ့ထားတဲ့ ကွင်း၊ အသစ် ဆောက်ထားတဲ့ လေယာဉ်ရုံး။ အရင်က တနေ့ တခေါက်လောက်သာ လေယာဉ်ပြေးဆွဲ ပေမယ့် အခုတော့ တိုးတက် ဝေစည်ဖို့ ပြင်နေတဲ့ ထားဝယ်ဒေသဆီ လေယာဉ် အတက်အဆင်းက အရင်ကထက် ပိုများလာနေတယ် လို့ သိရပါတယ်။

“မိဝေး ဖစု၊ နင် တကယ်ပဲ ပြန်လာတယ် နော်” လို့ အမေက ကျနော့်ကို ဖက်ပြီး ငိုပါတယ်။ ကျနော့် အဖေကတော့ ပုံမှန်ပါပဲ။ သူတို့ ဘေးမှာတော့ ကျနော့်ရွာက အိမ်နားနီးချင်း လူ ၂၀ ခန့်။ အားလုံးက စိတ်လှုပ်ရှားစွာနဲ့ ပြောဆို နှုတ်ဆက်ပါတယ်။ ကျနော်ကတော့ ဖြစ်သလိုနေတာ နှစ်တွေကြာသွား လို့လား မသိပါဘူး၊ ဘာမှ သိပ် ခံစားချက် မရှိတော့ပါ။ ဒီလို နှုတ်ဆက်လို့ ကောင်းတုန်း “မှတ်ပုံတင် ခဏ ပေးပါ“ ဆိုပြီး လေယာဉ်ရုံး ဝန်ထမ်းတဦးက ကျနော်ရဲ့ နော်ဝေး စာအုပ်ကို ယူသွားပါတယ်။ ဒါပေမဲ့ မကြာ ပါဘူး။ ၁၀ မိနစ်လောက် အတွင်း ပြန်လာပေး ပါတယ်။

ကွင်းပြင်ကို ထွက်လိုက်တဲ့ အချိန်မှာ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ (ထားဝယ်) မှ ကိုကျော်သက်၊ ကိုကျော်သောင်းနဲ့ ကိုနေဝင်းအောင်တို့ ၃ ဦး ဖိုးဝှီးကား တစီးနဲ့ ရောက်လာ ပါတယ်။ “ရွာအထိ လိုက်ပို့ မယ်၊ ကားမောင်းရင်းနဲ့ စကား ပြောကြတာပေါ့” လို့ သူတို့က ခေါ်တဲ့ အတွက် သူတို့ကားပေါ် တက်ဖို့ ကျနော် ပြင်လိုက်ပါတယ်။ ဒါပေမယ့် အမေက သိပ် ဘဝင်ကျပုံ မရ။ ၂၅ နှစ်တာ ခွဲနေရတဲ့ သူ့သားနဲ့ ကား တစီးတည်း စီးရင်း စကားပြောချင်တယ် လို့ ဆိုလာပါတယ်။

“၂၅ နှစ်တောင် ခွဲခဲ့ပြီးပြီပဲ အမေရာ။ ၂၅ မိနစ်လောက် ထပ်ခွဲလို့ ဘာမှ မဖြစ်ပါဘူး” လို့ ကိုကျော်သောင်းက အမေ့ကို ပြောရင်း ကျနော်ကို သူတို့ကားပေါ် တက်ခိုင်းလိုက် ပါတယ်။ ထားဝယ် လေယာဉ်ကွင်း အဝင် အထွက် လမ်းတွေက ပြောင်းကုန်ပြီ။ အယင် ကျနော် ပြိုင်ဘီး စီးရင်း ဖြတ်သွားနေတဲ့ ဝဲကျွန်းဘက်က တောလမ်းကြမ်းလေးက အခု ကားလမ်း ဖြစ်နေပြီ။ အဲဒီလမ်း အတိုင်း ဝဲကျွန်းဘက်က ဆင်းလာတော့ ထားဝယ်မြို့သစ် ဆိုတာကို ထင်းကနဲ မြင်လိုက်ရပါတယ်။

အရင်က လယ်ကွင်းတွေသာ ရှိတဲ့ ဝဲကျွန်းနဲ့ ကမြောကင်းလမ်းကြားမှာ အိမ်အသစ်တွေ ပြည့်လို့။ ကမြောကင်းလမ်း ဟိုဘက် လယ်ကွင်းထဲ မှာတော့ ကြံ့ခိုင်ရေးပါတီရုံး နဲ့ တနသာၤရီတိုင်း အစိုးရ ဝန်ကြီးဌာန ရုံးခန်းတွေ အစီအရီ။ အဲဒီ အလွန် ကမြောကင်း တံတားထိပ်နား ရောက်တော့ ကမ်းနားလမ်း အသစ်ကို မြင်ရ ပါတယ်။ “သြော် လယ်ကွင်းတွေ ကုန်လောက်တဲ့ အထိ တိုးတက်နေတဲ့ ထားဝယ်မြို့သစ်ပါလား” လို့ စိတ်ထဲက ပြောမိပါတယ်။

ကမြောကင်း တံတားကို ကျော်ပြီး လောင်းလုံး မြို့နယ်ဘက် ရောက်တော့ ဗိုလ်ဗထူး ကျောက်ရုပ်ကို ရုတ်တရက် မြင်လိုက်ရ ပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်က ဒီအရပ်မှာ ဗိုလ်ဗထူး ကျောက်ရုပ် မရှိသေးပါ။ “သူ့အမျိုးတွေက လေသွန်းခံ (ဗိုလ်ဗထူးမွေးတဲ့ရွာ) မှာ ဆောက်ဖို့တောင်းတာ။ အစိုးရက ခွင့်မပြုဘဲ ဒီမှာ ဆောက်လိုက်တာ” ရွာသားတဦးက ရှင်းပြပါတယ်။ ဘာပဲဖြစ်ဖြစ် ဗိုလ်ဗထူးလို ဖက်ဆစ်တော်လှန်ရေး ခေါင်းဆောင်တဦးကို ဂုဏ်ပြုရကောင်းမှန်း သိတဲ့ လက်ရှိအစိုးရကို အရင်အစိုးရထက် ပိုအမှတ် ပေးသင့် တာပေါ့။

“ခဏရပ်ဦး၊ အိမ်နားနီးပြီထင်တယ်၊ နောက်က ကားကို အရင်တက်ခိုင်း လိုက်ပါ” လို့ ၈၈ အဖွဲ့ကို ကျနော် ပြောပြီး ရပ်ခိုင်းလိုက်တဲ့ နေရာက ကျနော့် အိမ်ရှေ့ တည့်တည့်ဖြစ်နေ ပါတယ်။ ၂၅ နှစ်ဆိုတော့ ကိုယ့်အိမ် ကို မမှတ်မိတော့ပါ။ ရွာလမ်းနဲ့ အိမ်တွေရဲ့အနေထားတွေကလည်း အတော် ပြောင်းလဲ ခဲ့ပြီလေ။ အရင်က ရှိခဲ့ ဖူးတဲ့ ကျနော်တို့ အိမ်ဘေးနားက ရှေးဟောင်း အိမ်ပုလေးတွေ မရှိတော့ပါ။ အားလုံး တိုက်အိမ်တွေ ဖြစ်ကုန်ကြပါပြီ။ လမ်းကလည်း အရင်ကထက် ပိုကောင်း ပိုကျယ်တဲ့ ကတ္တရာလမ်းဖြစ်နေပါပြီ။

“ဒီလမ်းပြင်တာ မကြာသေးဘူး။ ရွေးကောက်ပွဲ ပြီးမှ ပြင်ထားတာ” လို့ ရွာက ငယ်သူငယ်ချင်း တွေက ရှင်းပြ ပါတယ်။ “ငါတို့ရွာက အရင်လို မဟုတ်တော့ဘူး၊ လျှပ်စစ်မီးတွေ၊ တီဗွီတွေ၊ ဆိုင်ကယ်တွေ၊ ကိုယ်ပိုင် ကားတွေနဲ့ ဖြစ်နေပြီ။ စက်ဘီးစီးတဲ့ လူတောင် မရှိတော့ဘူး” လို့ သူတို့က ဆက်ရှင်းပြပါတယ်။ “ကျနော် စက်ဘီးကော ဘယ်မှာလဲ” ဆိုပြီး အမေ့ကို မေးတော့ လှေခါးဘေးက နံရံမှာ ချိတ်ထားတဲ့ ကိုယ်ထည် တခြား၊ ဘီး တခြားဖြစ်နေတဲ့ ကျနော့်ရဲ့ တချိန်က ပြိုင်ဘီးကို ထုတ်ပြ ပါတယ်။

“လှည်းတွေ၊ နွားတွေကော ဘယ်ရောက်ကုန်ပြီလဲ” လို့ ထပ်မေးတော့ လှည်းခေတ် မဟုတ်တော့ဘူး။ ထော်လဂျီ ခေတ်ဖြစ်နေပြီ။ စက်မှုလယ်ယာခေတ် ဖြစ်နေပြီလို့ ပြောပြီး တချိန်က နွားတင်းကုတ် ဖြစ်ခဲ့တဲ့ နေရာမှာ လက်တွန်းလယ်ထွန်စက်နဲ့ စပါးခြွေလှေ့စက်တွေကို တွေ့ရပါတယ်။ “ရွာထဲမှာ နွားတောင် မရှိ တော့ဘူး၊ နွားချေးလည်း မရှိတော့ဘူး၊ အားလုံး ဓာတ်ဆား (ဓာတ်မြေသြဇာ) ပဲ အားကိုး နေရတယ်” လို့ သူတို့က ရှင်းပြပါ တယ်။

“နွားစားကျက်လည်း မရှိတော့ဘူး။ အားလုံး ကော်ခြံ (ရော်ဘာခြံ) ဖြစ်ကုန်ပြီ။ ဗိုလ်ချုပ်သာဝင်းခေတ် ကတည်းက စားကျက်မြေတွေ အကုန်သိမ်းသွားတာ” လို့ ရွာသားတွေက ဆက်ရှင်းပြပါတယ်။ ဗိုလ်ချုပ် သာဝင်း ဆိုတာကတော့ ၁၉၈၈ စစ်တပ်က အာဏာ သိမ်းပြီးချိန်မှာ ပထမဆုံး ထားဝယ်ဒေသ တိုင်းမှုး ဖြစ်လာသူပါ။

ရွာအကြောင်း မေးမြန်းလို့ ကောင်းတုန်းမှာ ရွာတွင်းက NLD ပါတီဝင် တချို့ရောက်လာ ပါတယ်။ NLD ပါတီက ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ လောင်းလုံမြို့နယ် NLD အတွင်းရေးမှူး အဖြစ် တာဝန် ယူနေသူ အပါဝင် ရွာတွင်းရှိ NLD ပါတီဝင် အများစုက အရင် ၈၈ တုန်းက ကျနော်နဲ့ အတူ လက်တွဲ ဆောင်ရွက်ခဲ့ဖူးတဲ့ ရဲဘော် ရဲဘက်တွေ။ “အမေက ကျနော်တို့ကိုတောင် ကျေးဇူးတင်ရဦးမယ်။ ကျနော်တို့် ပို့လိုက်လို့ အမေ့သား နိုင်ငံခြားရောက်သွားတာ” ဆိုပြီး ကျနော်ရဲ့ လုပ်ဖေါ်ကိုင်ဖက် NLD ပါတီ ဝင်တွေက နောက်တော့ “နင်တို့နော်” လို့ ပြောပြီး အမေက ပြုံးနေပါတယ်။

ဒီလို စကားပြောလို့ ကောင်းတုန်းမှာ ဆိုင်ကယ်နှစ်စီး  ကျနော်တို့ အိမ်ဝင်းထဲ ဝင်လာပါတယ်။ “ကျနော်က စရဖ ကပါ” လို့ တဦးက နှုတ်ဆက် ပါတယ်။ နောက်တဦးကတော့ “ကျနော်က နယ်ထိမ်းပါ” ဆိုပြီး ပြောရင်းနဲ့ ကျနော်တို့ စကားဝိုင်းထဲ ဝင်လာပါတယ်။ ပထမတော့ ရွာထဲက လူတချို့က ကျနော့်ကို လာနောက်နေတယ် လို့ ထင်မိပါတယ်။ အသေချာ ပြန်မေးကြည့်တော့မှ သူတို့ဟာ ထားဝယ်စကား မပြောဘဲ ဂံစကား (မြန်မာလို ပြောတာကို ဂံလို ပြောတယ်လို့ ဒေသခံတွေက ခေါ်ပါတယ်) ပြောနေတာကို သတိ ထားမိပါတယ်။

“စိတ်မရှိပါနဲ့။ တာဝန်အရ လာမေးရတာပါ“ လို့ပြောပြီး ကျနော်ရဲ့ မှတ်ပုံတင် နံပတ်တွေ၊ ဗီဇာ နံပတ်တွေ၊ နောက်ခံ သမိုင်းတွေ မေးနေပါတယ်။ “ခင်ဗျားတို့ကလဲဗျာ။ သူက ရန်ကုန်ကနေ တရားဝင် ဝင်လာ တာပဲ၊ ရန်ကုန်ထောက်လှမ်းရေးက ခင်ဗျားတို့ဆီ ဘာမှပို့မထားဘူးလား” ဆိုပြီး NLD ပါတီဝင်တဦးက ဝင်ထောက် လိုက်တော့ စရဖ က နည်းနည်း ရှိန်သွားပုံ ရပါတယ်။ ဒါပေမယ့် နယ်ထိမ်းရဲက လက်မလျော့သေး။ ကျနော်ရဲ့ နိုင်ငံကူးလက်မှတ်ကို မိတ္တူ ကူးပေးဖို့ ပြောနေပြီး ကျနော့်အဖေ၊ အမေတွေရဲ့ မှတ်ပုံတင် နံပတ် တွေ၊ အဖိုးအဖွားတွေ အကြောင်းကိုပါ ထပ်မေးနေ ပြန်ပါတယ်။

သူတို့ မေးနေတာကို ကျနော်တို့ အုပ်စုက ဟာသနှောပြီး နောက်နေပေမယ့် ကျနော့်အမေက မျက်စိမျက်နှာ ပျက်နေပြီ။ မပျက် ဘယ်ခံနိုင်ပါ့ မလဲ။ ကျနော် တောခိုကာစ ၈၈-၈၉ ဝန်းကျင်က ဆိုရင် ဒီလိုမျိုး နေ့စဉ်နီးပါး လာမေးနေပြီး တပတ်တခေါက် လောင်းလုံ ရဲစခန်းဆီသွားပြီး လနဲ့ချီ အစစ်ခံခဲ့ရ ဖူးတယ်လို့ ကျနော် အဖေက ပြန်ပြောပြခဲ့ပါတယ်။

ထောက်လှမ်းရေးတွေ ပြန်သွားပြီး နောက်မှာတော့ “ဒီကောင်တွေက ဘာမှ မဟုတ်ဘူးအမေ၊ အပေါ်က ပြောင်းသွားပေမယ့် အောက်က လူတွေမှာ အရင်အကျင့် မပျောက်သေးလို့ လာ လာ မေးနေတာပါ။ သူတို့ ဘာမှ လုပ်လို့ မရပါဘူး” လို့ NLD ပါတီဝင်တွေက အမေ့ကို အားပေးစကား ပြောပါတယ်။

“ဘန်ကောက်ကနေ ထားဝယ် ရောက်တဲ့အထိ ဘယ်သူကမှ ဘာမှ မစစ်လို့ စိတ်ညစ်နေတာ။ အခုမှပဲ လူရာဝင်နေဆဲမှန်း သိတော့တယ်” ဆိုပြီး ကျနော်က နောက်တော့ အားလုံးဝိုင်းရယ် လိုက်ကြပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading