“မြစ်ကြီးနားမှာ ငြိမ်းချမ်းရေး လက်မှတ်ထိုးလိုက်ပြီ”
အင်တာနက် သတင်းဖတ်နေသော သမီးကြီးက လှမ်းပြောခြင်းဖြစ်၏။
“ဟုတ်လား”
တခွန်းပဲပြောပြီး ကျမဆိုဖာပေါ် ပစ်လှဲလိုက်သည်။ ရင်တွေ တလှပ်လှပ်တုန်နေ၏။ မှိတ်ထားသော မျက်စိထဲမှာ ရုပ်ပုံတွေ ပြေးနေ၏။
အိပ်မက်လား၊ တကယ်ပဲလား၊ ဘာတွေ သဘောတူလိုက်တာလဲ၊ အားလုံး ငြိမ်းချမ်းသွားတာလား၊ ဘာတွေ ကျန်သေးလဲ။ သဘောတူညီချက်များ အတိအကျ မသိရသေးသဖြင့် စိတ်က မယုံရဲ ယုံရဲဖြစ်နေလေသည်။ ရင်ပူနေဆဲ ဖြစ်သည်။
ကချင်ပြည်နယ်ဆိုသည်မှာ ကျမဇာတိ။
ကျမသည် ရွှေကူသူ ဆိုခြင်းထက် ကချင်ပြည်နယ်သူ အဖြစ် ဂုဏ်ယူလေ့ရှိခဲ့သည်။ လူမှန်းသိတတ် ကတည်းက ကချင်လူမျိုး တောထဲ ကြီးပြင်းခဲ့ရသူပဲ။ အဖေက ဗမာစစ်စစ်၊ တောင်တွင်းကြီးသား။ အမေက မိုးကောင်းမိုးညှင်း ရှမ်း။ (ရှမ်းနီ၊ မြေပြန့်ရှမ်း ဟုလည်း ခေါ်သည်) တကယ်ဆို ကျမသည် ဗမာတဝက်၊ ရှမ်းတဝက်သွေး ဖြစ်၏။ သို့သော် ကချင် ပြည်နယ်သူ ဖြစ်ရခြင်းကို ကျေနပ်သည်။
ကျမတို့ ကချင်ပြည်နယ်သည် ပကတိ အေးချမ်းသောမြေပါ။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး အောက်ပြည်အောက်ရွာမှာ ကွန်မြူနစ်တွေ သူပုန်ထသည်။ မြစ်ဝကျွန်းပေါ်မှာ ကရင်သူပုန် ထသည်။ ကျမတို့ပြည်နယ်ကား ရေခဲနှင်းဆောင်း၊ အေးချမ်းငြိမ်သက်လှ၏။
ညဘက် လသာသာမှာ လားဝန်တင်များနှင့် ခရီးနှင်နိုင်ကြသည်။ ကချင်အိမ်တွေ၊ ကချင်ပြည်နယ်က ရှမ်းအိမ်တွေမှာ တံခါးမရှိ။ ရွာတိုင်းလိုလို တံခါးတပ်ရကောင်းမှန်း မပူပန်ကြ။ ပြောရလျှင် ကျမတို့ပြည်နယ်မှာ သူခိုး ဓားပြမရှိ။
မှတ်မှတ်ရရ … ၁၉၆၀ ပြည့်နှစ်။ ကျမ ရန်ကုန်တက္ကသိုလ်မှာ ပညာသင်နေဆဲ။ KIA ဆိုသော ဝေါဟာရ စပြီးကြားရသည်။ Kachin Independent Army တဲ့။ ကချင် လွတ်လပ်ရေး တပ်မတော်။
ဘာဖြစ်တာတဲ့လဲ။
ကျမက သစ်လွင်ကျောင်းသူမို့ သိပ်နားမလည်ပါ။ ကျောင်းသားကြီးများက ရှင်းပြကြသည်။ ဖဆပလ အာဏာရပါတီ၏ ဝန်ကြီးချုပ် ဦးနုက ပါလီမန်မှာ “ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းရန်” အဆို တင်သွင်းသတဲ့။ ကျမ သိသလောက် ဦးနုသည် ကွန်မြူနစ် ဆန့်ကျင်ရေးသမားဖြစ်၏။ ကျမတို့ ၇ တန်းမှာ ဦးနုရေးသော “လူထုအောင်သံ” ပြဇာတ်ကို အလွတ်နီးပါး ကျက်ခဲ့ရ၏။ ကျမတို့က စင်တင်ပြဇာတ်ပင် ကခဲ့ကြသေးသည်။ နောက်တော့ ကမ္ဘာဧ ဘုရား၊ လိုဏ်ဂူတော်ကြီး၊ ဆဋ္ဌသင်္ဂါယနာတင် … စသော အလုပ်တွေဖြင့် ဦးနုသည် သာသနာပြု ပုဂ္ဂိုလ်ကြီးဖြစ်လာသည်။ ယခုတော့ သာသနာပြုလွန်ပြီး နိုင်ငံတော်ဘာသာဟု စိတ်ကူးမြွက်ဆိုလိုက်လေရာ … အားလုံးနီးပါး ခရစ်ယာန်ဘာသာဝင် ဖြစ်သော ကချင်လူထုက ပုန်ကန်ကြတော့၏။ ထို့ကြောင့် KIA ပေါ်လာတာ ဦးနုကြောင့် … ဟု ကျမတို့ နားလည်ခဲ့ရသည်။
နောက်ပိုင်း ရှုပ်ထွေးလာသော လူမျိုးရေး၊ စီးပွားရေး၊ နိုင်ငံရေးတွေ အားလုံးမသိပါ။ စတင်လိုက်တာက ဘာသာရေးပဲ။ နှစ်ပေါင်းများစွာ တထိတ်ထိတ်၊ တလန့်လန့် နေခဲ့ကြရသည်။ မသွားရဲ၊ မပြောရဲသည့် ဘဝ။
နောက်တော့ လက်နက်နှင့် ငြိမ်းချမ်းရေး လဲသည်ဟု ကြားရသည်။ ၁၀ နှစ်အတွင်း ကချင်ပြည်နယ်က သစ်တော၊ ဝါးတော၊ ကြိမ်တော၊ တောမှန်သမျှ ပြောင်သလင်းခါသွားသည်။ ကျောက်စိမ်းတွင်းက တနိုင်တပိုင် မဟုတ်တော့ဘဲ စက် ယန္တယား ကြီးများ မင်းမူကာ တောင်တွေ ရွေ့လျားကွယ်ပျောက်၊ လူမျိုးလည်းပျောက်မတတ်။ ရောဂါနှင့် သေကြ။ လောဘနှင့် သေကြ။ လူမှုရေး ဘဝတွေ ပျက်ခဲ့ရပြီ။ ကျွန်းတောတွေ ကြံတောဖြစ်သွားခဲ့ပြီ။
၁၇ နှစ်ဟု ဆိုကြ၏။ အဲသည်နောက် ပစ်ကြခတ်ကြပြန်သည်။
ဗန်းမော် – လွယ်ဂျယ် – နမ့်ခမ်း – စိန်လုံ၊ ကားလမ်းအားလုံး အမြောက်သံ မစဲတော့ပြီ။ ကချင်ရွာ၊ ရှမ်းရွာ အများစု ထွက်ပြေး ကြရသည်။ ဒုက္ခသည် စခန်းတွေပေါ်လာသည်။ ဘယ်သူမှ ၀၀ မကျွေးနိုင်။ မျက်ရည်များ …။
သည်ကာလအတွင်း ကျမဇာတိသို့ နှစ်ကြိမ်ရောက်ပါ၏။ စာကြည့်တိုက်သို့ စာအုပ်လှူရင်း၊ စာပေ ဟောပြောပွဲလုပ်ရန် ဖြစ်သည်။ စာအုပ်တော့ လှူခွင့်ရ၏။ ဟောပြောပွဲ လုပ်၍မဖြစ်နိုင်။ အဓိက အခက်အခဲက အမြောက်သံတွေ ကြားနေရခြင်း။ လူစုလူဝေးလုပ်၍ မဖြစ်။
မြို့ထဲမှာပင် ဗုံးလာခွဲနေသည်။ ရဲက လုံခြုံရေးမပေးနိုင်။ တခြားမြို့များမှာ ပရိသတ်ထောင်သောင်းနှင့် လျှပ်စစ်မီး တထိန်ထိန်နှင့် ဟောပြောရတိုင်း မဟောရသေးသော ကျမဇာတိမြေအတွက် ကျမကြေကွဲ၍ မဆုံးခဲ့။
သတင်း အချက်အလက်တွေကို အမျိုးမျိုးရပါ၏။ တချို့ အမည်မဖော်ရဲကြပေ။ အသတ်ခံရမှာ ကြောက်သည်။
တချို့က လိုအပ်လျှင် အမည်ဖော်ပါမည်ဟု ဆိုသည်။
မနေ့ကပင် ဦးဝိစာရလမ်းရှိ “မြန်မာ ငြိမ်းချမ်းရေးစင်တာ” သို့ ကျမသွားခဲ့သေးသည်။ ကျမကား တာဝန်ပေးမှ ငြိမ်းချမ်းရေး စကားဝင်ပြောမည်ဟု သဘောမထားနိုင်ပါ။ မြန်မာပြည်သားမှန်လျှင် မြန်မာ့ငြိမ်းချမ်းရေးကို တတ်နိုင်သည့် နေရာက ပါရမှာပေါ့။
ခုတော့ … တပိုင်းတစ အောင်မြင်ပြီ။
အတိအကျအချက်တွေ မသိရသေး။ သည်နေ့ ဇွန်လ ၁ ရက်ပါ။ မည်သည့် အချက်တွေပဲ ဖြစ်ဖြစ်။ အရေးအကြီးဆုံး ဖြစ်သော “စစ်ပွဲ” နားဖို့ပါလျှင် ဝမ်းသာပါမည်။
ခြုံခိုစစ်ပွဲ၊ ရင်ဆိုင်စစ်ပွဲ၊ မိုင်းစစ်ပွဲ၊ အဝေးပစ် လက်နက်ကြီးသုံး စစ်ပွဲ၊ လေကြောင်းစစ်ပွဲ၊ လူမျိုးရေး စစ်ပွဲ။
သည်လိုလူထု ဒုက္ခရောက်မည့် စစ်ပွဲတွေ ရပ်စေချင်ပါပြီ။
နိုင်ငံရေး …
စီးပွားရေး …
စေ့စပ်၍ လုပ်လျှင်ရပါသည်။ ညှိနှိုင်းခွဲဝေ၍ ရနိုင်ကောင်းပါသည်။
လောလောဆယ် မှာရွာသားတွေ ရွာပြန်နိုင်ကြပါစေ။ လယ်သမားတွေ လယ်ပြန်လုပ်နိုင်ကြပါစေ။ ကျောင်းသားတွေ ကျောင်းပြန် တက်နိုင်ကြပါစေ။ မိန်းမတွေ သူတို့ခင်ပွန်းတွေနှင့် ပြန်၍ အတူနေနိုင်ကြပါစေ။ ခရီးသည်တွေ စိတ်အေး လက်အေး ခရီးသွားနိုင်ကြပါစေ။
ကျမတို့လည်း … ကျမတို့ သံယောဇဉ်ကြီးသော ပြည်နယ်သားများအတွက် လူမှုရေး၊ စာပေရေး၊ ဘဝဖွံ့ဖြိုးရေး၊ အရေးကိစ္စ မှန်သမျှ အကြောင်း ကွင်းလုံးပြည့် စာပေဟောပြောပွဲတွေ လုပ်ချင်လှပါပြီ။
အားလုံးကို ကျေးဇူးတင်ပါသည်။ ။