တနေ့မနက် ရွာရှေ့က ရော်ဘာတောနဲ့ လယ်ကွင်းတွေ တချိန်က ကျနော် ထွန်ခဲ့ဖူးတဲ့ လယ်ကွင်းထဲ ဆင်းဖို့ ပြင်ပါတယ်။ ”ခြေကျင်သွားမလို့လား။ ဘယ်သူမှ ကုန်းကြောင်း မလျှောက်တော့ဘူး။ အားလုံး ဆိုင်ကယ်နဲ့ချည်းပဲ”လို့ ကျနော်နဲ့ အဖော်လိုက်မယ့် သူငယ်ချင်းက ပြောတော့ သူဆိုင်ကယ်ပေါ် တက်လိုက်ပါတယ်။
ဟုတ်ပါတယ်။ တချိန်က ကျနော် ခြေကျင်လျှောက်တဲ့လမ်း နွားလှည်းမောင်းခဲ့တဲ့ တောလမ်းတွေဟာ အ ခု ထော်လာဂျီလမ်း၊ ဆိုင်ကယ်လမ်း ဖြစ်နေပါပြီ ထော်လာဂျီ လမ်းကျဉ်းကျဉ်းလေးကလွဲလို့ ကျန်မြေအားလုံးမှာ ရော်ဘာပင်တွေ စိုက်ထားတာတွေ့ရပါတယ်။ တနေရာမှာတော့ မိုးရာသီအမှီ ဟင်းသီးဟင်း ရွက်စိုက်ဖို့ တောင်ယာငယ်တခု ပြင်နေတာ တွေ့ရပါတယ်။ ”အရင်လိုမဟုတ်တော့ဘူး ဖစုဝေး။ ကော်ခြံ သူဌေးဆီမှာ ခွင့်ပြုချက် တောင်းပြီးမှ ဒါလေးလုပ်ခွင့်ရတာ” လို့ စိုက်ခင်းပြင်နေတဲ့ ရွာသူက ပြောပါတယ်။
|
ကျနော် ထွန်ခဲ့ဖူးတဲ့ လယ်ကွင်းနဲ့ တက်ခဲ့ဖူးတဲ့ ထန်းပင်တန်းဖက်ရောက်တော့ မြင်ကွင်းက အတော် ပြောင်းနေပြီ။ လယ်ကွင်းနဲ့ တောစပ်ကြား အရင်က နွားစားကျက် မြက်ခင်းတွေ မရှိတော့။ အားလုံး ရော်ဘာပင်တွေ နေရာယူထားလိုက်ပြီ။ ပေ ၅၀ လောက် အကျယ်ရှိတဲ့ ကျွဲလူးအိုင်လည်း ၅ ပေလောက် ကျယ်တဲ့ ခြေဆေးအိုင်လေး ဖြစ်သွားခဲ့ပြီ။ ”ကျွဲလည်း တကောင်မှ မရှိတော့ဘူး။ အရင်လို ကျွဲချေးကောက်ဖို့လည်း မလိုတော့ဘူး။ လယ်ကွင်းတွေလည်း မြေနုတင်သူ မရှိတော့ဘူး။ အားလုံး ဓာတ်ဆားပဲ” လို့ ရွာခံ သူငယ်ချင်းက ပြောပြတယ်။
ကျနော်တို့ လယ်လုပ်စဉ်ကဆို ဒီအချိန် ရေငန်ဓာတ်ရှိတဲ့ နုံးတင်မြေနုတွေကို လှည်းနဲ့သယ်ပြီး လယ်ကွင်းတွေထဲ တင်တဲ့အချိန်ပေါ့။ အခုတော့ အဲဒီလို ဘယ်သူမှ မလုပ်တော့ဘဲ ဓာတ်မြေသြဇာပဲ အားကိုးနေကြတယ်လို့ ဆိုပါတယ်။ ပြီးတော့ ထန်းပင်တန်းတွေ။ အရင်က ထန်းလျက်ဈေးကောင်းလို့ တာရိုးတွေပေါ် ထန်းပင်တွေစိုက်ကြပေမယ့် အခုတော့ အဲဒီထန်းပင်တွေကို ခုတ်လှဲထားတာတွေ့ ရပါတယ်။ ကျနော်တို့ လယ်ကိုကျော်ပြီး ဆက်လျှောက်သွားတော့ ထန်းတက်နေဆဲ၊ ထန်းလျက်ချက်နေဆဲ တဲတလုံးကို တွေ့ပါတယ်။
”အုန်းထညက်လား။ အရောင်တောက်အောင် ဆေးထည့်ထားသေးလား” ဆိုပြီး မေးကြည့်တော့ သဘာဝအတိုင်းပါ။ ဘာဆေးမှ ထည့်မထားဘူးလို့ သူတို့က ဖြေပါတယ်။ ဒါပေမယ့် ထန်းသမားတွေဟာ အရင်လို သဘာဝအတိုင်း မဟုတ် ထန်းလျက် အရောင်လှအောင် ကြာကြာ အထားခံအောင် ဓာတုဆေးတွေ သုံးနေကြတယ်ဆိုတာကို ကျနော် ကြားဖူးခဲ့ပြီးသားပါ။
ရော်ဘာတောထဲ ခဏဝင်ပြီး လေ့လာကြည့်တော့ ရော်ဘာပင်တွေက ကျနော်တို့ခေတ်ကလို သဘာ၀ အပင်ကြီးတွေ မဟုတ်တော့။ ခြေသလုံးသာသာလောက်သာ ရှိတဲ့အရွယ်မှာတောင် ရော်ဘာ အခြစ်ခံထားရပြီးပြီ။ ”ဒါက မျိုးသန့်လေ။ အကိုတို့ခေတ်ကလို အရိုင်းပင်တွေ မဟုတ်တော့ဘူး။ ၅ နှစ်ဆို ခြစ်လို့ရပြီ။ အစေး သိပ်ထွက်တာ” လို့ ခြံလုပ်သားတဦးက ပြောပါတယ်။ ဒါပေမဲ့ လောလောဆယ် ရော်ဘာဈေး သိပ်မကောင်းဘူးလို့လည်း သူက ညည်းပါသေးတယ်။
”တောမှာက လယ်နဲ့ခြံပဲ ရှိတာကွာ။ အစိုးရက ငါတို့တောရွာက အလုပ်တွေကို မေ့ထားပြီး မြို့ကိုချည်းပဲ ဦးစားပေးနေတယ်” လို့ မဆလ ခေတ်က ရွာသူကြီးလုပ်ဖူးသူ အသက် ၇၀ အရွယ် ဦးကြီးတဦးက ပြောပါတယ်။ ”မြို့မှာက မီးမလာရင် အော်တဲ့လူ ရှိတယ်၊ ရေမလာရင်လည်း အော်တယ်၊ မြေသိမ်းခံရရင်လည်း အော်တယ်။ ဒီမှာက အဲဒီလို အော်ပေးမယ့်သူ မရှိသေးဘူး” လို့ အဲဒီတာဝန်တွေကို ကျနော်ယူသင့်သလိုလို ဆိုလိုပုံရတဲ့ လေသံနဲ့ ဆိုတယ်။
“ရွာက လူငယ်တွေ လယ်တွေ ခြံတွေကိုပစ်ပြီး ရှမ်းထဲ သွားတာကိုလည်း အပြစ်မဆိုနဲ့လေ (Siam, ထိုင်းကို ရှမ်းလို့ဒေသခံတွေကခေါ်ပါ တယ်)။ လက်ရှိ စပါးဈေးက သုံးသိန်းတောင် (တင်းတရာကို) မရဘူး။ အရင်ကဆိုရင် စပါးတင်းတရာရောင်းလို့ ရတဲ့ငွေနဲ့ ရွှေတကျပ်သား၊ ကျွဲတကောင် ဝယ်လို့ရတယ်။ အခု ရွှေတကျပ်သားက ၇ သိန်း လောက်ဖြစ်နေပြီ” လို့ သူက တွက်ပြပါတယ်။
”ဒီ တိုက်အိမ်သစ်တွေ အားလုံးက ထိုင်းနဲ့မလေးက ပြန်လာသူတွေရဲ့ အိမ်တွေချည်းပဲ။ ဒီမှာ လယ်စိုက်၊ ခြံစိုက် ရိုးရိုးနဲ့တော့ ဒါမျိုး အိမ်မဆောက်နိုင်ဘူး” လို့ ရွာတပတ် ဆိုင်ကယ်နဲ့ လှည့်စဉ် ကျနော့်သူငယ်ချင်းက ရှင်းပြပါတယ်။ ”လူငယ်တွေ အားလုံး ရှမ်းမှာချည်းပဲ။ ဒီမှာ ကလေးနဲ့ လူအိုပဲ ရှိတယ်” လို့လည်း သူက ဆိုပါတယ်။ ဟုတ်ပါတယ်။ ကျနော်တို့အိမ်ဘေးက အိမ်တွေမှာဆိုရင် အဖိုးအဖွားနဲ့မြေးတွေပဲ အိမ်မှာကျန်ပြီး ကျနော်နဲ့ သက်တူတွေ၊ သူတို့ ကလေးတွေအားလုံးက ထိုင်းမှာသွားပြီး ငွေရှာနေကြပါတယ်။
သူတို့ကလေးတွေရဲ့ ပညာရေးအခြေအနေကို သိနိုင်ဖို့ မူကြိုကျောင်းဆီ ကျနော်ရောက်သွားခဲ့ပါတယ်။ ”ကလေးသူငယ်များ ပြုစုပျိုးထောင်ရေးဌာန၊ ရဲတံခွန် လူမှုစီးပွား ဖွံ့ဖြိုးရေးစီမံချက်” လို့ ဆိုင်းဘုတ်တင်ထားတာကို တွေ့ရတော့ ကျနော် အံသြမိပါတယ်။ မိုင် ၅၀ ကျော်အကွာရှိ ကံပေါက်ဒေသမှာ ဓာတ်ငွေ့တူးနေတဲ့ ဒီကုမ္ပဏီတွေဟာ ကျနော့်တို့ရွာအထိ ရောက်နေလိမ့်မယ်လို့ ထင်မထားမိခဲ့လို့ပါ။
”ကလေးတွေ ကစားဖို့တောင် အချိန်မရှိဘူး၊ မူကြိုကတည်းက ကျုရှင်တက်နေရတာ” ဆိုပြီး သူငယ်ချင်းကပြောတော့ ကျနော်က သူနောက်နေတယ်လို့ပဲ ထင်မိပါတယ်။ ကျောင်းပိတ်ချိန်မှာ ကျုရှင်သင်နေတဲ့ မူလတန်းကျောင်းတခုကို ရောက်မှ တကယ်ဆိုတာ ယုံသွားပါတယ်။ ဆရာမ တဦးရဲ့ လစာက တသိန်းတောင် မပြည့်တော့ ကျုရှင်သင်ပြီး အပိုဝင်ငွေ ရှာတယ်။ ကျောင်းသား အားလုံးနီးပါး မူကြိုလွန်တာနဲ့ သူငယ်တန်းကနေ ဘွဲရတဲ့အထိ ကျုရှင်တက်နေကြရတယ်လို့ သိလာရတယ်။
နော်ဝေမှာဆို ကလေးတွေကို မူကြိုမှာ စာမသင်ပဲ ကစားတာကိုသာ အဓိက လုပ်ခိုင်းပါတယ်။ ပြီးတော့ ကျုရှင်ဆိုတာကို မကြားဖူးပါ။ ကျန်းမာရေးက အဓိက၊ ပညာရေးက ဒုတိယပါ။ နောက် အစားအသောက်။ နော်ဝေးက လူတွေ မနက်စာအတွက် နွားနို့ကို အဓိကထားသောက်ပြီး ကြက်ဥနဲ့ ပေါင်မုန့်လို အာဟာရရှိတဲ့ အစာတွေကို စားကြပါတယ်။ ”နွားမှ မရှိတော့တာကွာ၊ နွားနို့လည်း ဘယ်ရှိတော့မလဲ” ဆိုပြီး သူငယ်ချင်းက နောက်ပေမယ့် တကယ်က နွားရှိစဉ်ကလည်း နွားနို့ကို သောက်တဲ့ အလေ့အထ ကျနော်တို့မှာ မရှိခဲ့ပါ။ အခုတော့ ထိုင်းကလာတဲ့ ကော်ဖီမစ်တွေ၊ ကျွဲရိုင်းတံဆိပ် အားဖြည့်အချိုရည်တွေ၊ ဘီယာတွေနဲ့တော့ ကျနော်တို့ ရွာသားတွေ အတော်ယဉ်ပါးနေတာ တွေ့ရပါတယ်။
ပြီးတော့ ယဉ်ကျေးမှု ကွာခြားချက်။ အနောက်က privacy ကိုယ်ပိုင်နေရာကို အလေးထားပြီး အရှေ့ကတော့ community ရပ်ရွာအသိုင်းအဝိုင်းကို အလေးထားတယ်လို့ ကျနော် ထင်ပါတယ်။ နော်ဝေးမှာ မိတ်ဆွေအချင်းချင်း တွေ့မယ်ဆို တယ်လီဖုန်းနဲ့ အရင်ချိန်းပြီးမှတွေ့ကြပေမယ့် ရွာမှာတော့ အဲဒီလိုချိန်းဖို့ တယ်လီဖုန်း အလုံအလောက် မရှိသေးပါ။ ပြီးရင် ဒါမျိုး ကိန်းကြီးခန်းကြီး လုပ်ရင် အဆဲခံရဖွယ် ရှိပါတယ်။ ဒီတော့ ညသန်းကောင် လူအိပ်ချိန်မှအပ ကျန်တဲ့အချိန်ဆို လာချင်တဲ့လူက လာချင်တဲ့အချိန် ဘာမှကြိုမပြောပဲ အိမ်ထဲ ဝင်လာတာပါပဲ။
နော်ဝေမှာ ရေချိုးရင် ရေချိုးခန်းထဲ ဂျပန်ရေချိုးနည်းနဲ့ ယဉ်ပါးနေတဲ့ ကျနော်ဟာ ရွာကရေတွင်းမှာ ရေချိုးတဲ့အချိန် ရှက်ကိုးရှက်ကန်း ဖြစ်နေပါတယ်။ ပြီးတော့ ထိုင်ခုံမပါတဲ့ အိမ်သာမှာ တက်ရတဲ့ ဒုက္ခ။ မိသားစု ထမင်းဝိုင်း ဟင်းချိုးပန်းကန်မှာ ဇွန်းတချောင်းတည်းနဲ့ ဝိုင်းခတ်သောက်တဲ့စနစ်တွေက ကျနော့်ကို ပုံစံပေးနေပါတယ်။ နောက် နော်ဝေမှာ အထူးဧည့်သည်ကို အိမ်ဖိတ်ပြီး ကိုယ်တိုင်ချက်ပြုတ် ထမင်းကျွေးတာ ဂုဏ်ယူကြပေမယ့် ရွာမှာတော့ ပြောင်းပြန်။ ကျနော်ကို အထူးဧည့်သည်အဖြစ် ထမင်းဖိတ်ကြွေးသူအားလုံးက ထားဝယ် မြို့ပေါ်တက်ပြီး ဈေးကြီးတဲ့ တရုတ်ဆိုင်မှာ ကျွေးကြပါတယ်။
ငါးပိ၊ တို့စရာနဲ့ ငါးခြောက်ဖုတ်တွေက ကျနော်အတွက် ထူးထူးရှယ်ဖြစ်နေပေမယ့် သူတို့အတွက်တော့ ဒါတွေ နေ့တိုင်းစားနေရလို့ ဆီပြန်ဟင်းနဲ့ တရုတ်ဟင်းတွေကမှ ထူးထူးရှယ်။ ”ဓာတ်ဆားမပါတဲ့အစာဆိုလို့ လံကော်ရွက် (ဒေသအေခေါ် ဖြစ်ပါတယ်။ တောင်ပိုင်းမှာပဲ ပေါက်တယ်၊ ထိုင်း တောင်ပိုင်းမှာလည်း တွေ့ဖူးပါတယ်) ပဲ ရှိတယ်။ အဲဒါကိုသာ များများစား” ဆိုပြီး အနောက်ခံရတဲ့အထိ ကျနော်ကလည်း ဓာတ်မြေဩဇာသုံး ဟင်းသီးဟင်းရွက်တွေ၊ ဆီပါတဲ့အစာတွေကို ရှောင်ပါတယ်။
ကျန်းမာရေးအခြေအနေဖက်ကို လှည့်ရမယ်ဆိုရင်တော့ ရွာက လူအတော်များများဟာ အသက် ၅၀ ဝန်းကျင်ရောက်တာနဲ့ ရောဂါတခုမဟုတ် တခုစွဲနေပြီး ဆေးဝါးမှီဝဲနေရတာ တွေ့ရပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလုပ်ပြီး ကျန်းမာအောင် လေ့ကျင့်နေထိုင်ဖို့ထက် ဆေးဝါးမှီဝဲပြီး အသက်ရှင် နေထိုင်ရေးကို ပိုအားသန်ပါတယ်။ ကျနော်နဲ့ သက်တူရွယ်တူ အတော်များများဟာ ဆံဖြူသွားကျိုး ဖြစ်နေပြီး အဖိုးကြီးတွေလို နေနေကြတာကို တွေ့ရပါတယ်။ ပြီးတော့ ဆေးကုသမှုစရိတ်။ ကျနော်တို့ အိမ်နားက လူလတ်ပိုင်းတဦး ထားဝယ်မြို့ အထွေထွေဆေးရုံကြီးမှာ တင်ထားရတယ်ဆိုတဲ့အတွက် ညနေ တညနေမှာ သွားကြည့်မိပါတယ်။
”ဆေးရုံက ငွေရုံဖြစ်သွားပြီ။ ငွေမပေးနိုင်ရင် သေဖို့ပဲရှိတယ်” ဆိုပြီး လူနာက ကျနော်ကို ပြောပါတယ်။ သူရဲ့အပြောတိုင်းဆို သူနေတဲ့အခန်းခက တရက် ၂၀၀၀ ကျပ်လို့ ဆိုပါတယ်။ တခြားလူနာ တယောက်နဲ့အတူ တွဲနေရပြီး အခန်းအဝင်ဝမှာတော့ အထူးခန်းလို့ ရေးထားတာ တွေ့ရပါတယ်။ အပေါ်ကို ကြည့်လိုက်တော့ ပင့်ကူအိမ်တချို့နဲ့ အိမ်မြောင်တကောင်။ အဲကွန်းမရှိ၊ ပန်ကာမရှိ။ အပြင်ဖက်က လေပူတချက်တချက် ဝင်လာရုံမှတပါး လေကောင်းလေသန့်လည်း မရ။ ကြမ်းပြင်ကလည်း ညစ်ပေလို့။ ”အော်ပရေးရှင်း လုပ်တဲ့အချိန်ဆို ပိုဆိုးတယ်။ ပိုက်ဆံကြိုမပေးနိုင်ရင် ခွဲစိပ်တာကိုတောင် မလုပ်ပေးဘူး” လို့ ခွဲစိပ်ခံထားရတဲ့လူနာက ဆိုပါသေးတယ်။ တဆက်တည်း နော်ဝေးမှာ ဒီလိုပဲ ပိုက်ဆံပေးရလားဆိုပြီး သူကမေးတော့ ကျနော် အတော် အဖြေရကျပ်သွားတယ်။
နော်ဝေးမှာက ပညာရေး၊ ကျန်းမာရေး အားလုံး အခမဲ့။ မိဘက ကျောင်းမထားနိုင်လို့ ကျောင်းမတက်နိုင်တဲ့ကလေးမျိုး မရှိစေရပါ။ ၁၈ နှစ်အထိ အစိုးရက တာဝန်ယူ ကျောင်းထားပေးပါတယ်။ ကျန်းမာရေးမှာ ခရိုနာ ၂၀၀၀ (ဒေါ်လာ ၃၀၀) ကျော်သွားရင် ကာယကံရှင်က ပေးစရာ မလိုတော့ပါ။ အစိုးရက အားလုံး တာဝန်ယူ ကုသပေးတယ်လို့ပြောပြတော့ သူတို့ သိပ်မယုံကြပါ။
ပြီးတော့ DVB က အလုပ်ဖြုတ်ခံရပြီးနောက်ပိုင်း လစာရဲ့ ၆၅ ရာခိုင်နှုန်းနဲ့ ၂ နှစ်အထိ ကျနော် ခံစားခွင့်ရနေဆဲဖြစ်တဲ့အကြောင်း၊ အသက် ၆၇ ဆိုရင် လူတိုင်း သက်ပြည့် ပင်စင်ရတဲ့အကြောင်းကလည်း သူတို့အတွက် ယုံတမ်းစကားလို ဖြစ်နေပုံ ရပါတယ်။ ”အစိုးရဝန်ထမ်းလည်း မဟုတ်ပဲနဲ့ ဘာလို့ပင်စင်ရတာလဲ” လို့ လူနာက ပြန်မေးပါတယ်။
ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ အစားအသောက်ကိစ္စမှာ ပြင်ဆင်စရာတွေ အများကြီးရှိနေဆဲဖြစ်ပေမယ့် ပရဟိတစိတ်ဓာတ်ကတော့ ကျနော်တို့ မြန်မာတွေ မပျက်ဆီးသွားဘူး။ ကျနော်တို့ရွာက ”နာရေးကူညီမှုအသင်း”မှာ လူငယ်အတော်များများ ပါဝင်ကြပြီး နာရေးကိစ္စတွေမှာ စိတ်အားထက်သန်စွာ ကူညီနေတာ တွေ့ရပါတယ်။
ကျနော် တခု မရှင်းတာ ဘာသာရေး။ ကျနော်တို့တရွာလုံး ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပေမယ့် ကိုးကွယ်တဲ့ဘုန်းကြီးကျောင်းတွေက မတူ။ အိမ်ခြေ ၁၀၀၀ လောက်ရှိတဲ့ရွာမှာ ဘုန်းကြီးကျောင်း ၆ ကျောင်း ရှိပါတယ်။ ဘာကြောင့် တကျောင်းတည်း အတူမနေနိုင်သလဲ၊ တကျောင်းနဲ့ တကျောင်း ဘာကြောင့် ပြိုင်ဆိုင်နေကြသလဲဆိုတာကိုတော့ ကျနော် နားမလည်ပါ။
နောက် ကျနော် တွေ့ဖူးသမျှ ကျေးလက်ဒေသ ဘုန်းတော်ကြီး အတော်များများဟာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို သိပ်အလေးမထား။ ဗုဒ္ဒဘာသာတခုတည်းသာ မှန်ကန်ပြီး ကျန်တဲ့ဘာသာတွေက အယူလွဲနေသူတွေအဖြစ် ပြောတာမျိုးကိုသာ ကြုံခဲ့ရပါတယ်။ ကျနော်ကတော့ ဒီမိုကရေစီကို ယုံကြည်သူဆိုတော့ ကျန်တဲ့သူတွေ သူကြိုက်တာ သူ ကိုးကွယ်ပါစေပေါ့။ ဒါပေမယ့် ကျနော်တို့ရွာမှာက ဗုဒ္ဒဘာသာ တမျိုးတည်းသာ ရှိတဲ့အတွက် တခြားဘာသာတွေအကြောင်းကို လေ့လာဖို့ အခွင့်အရေး မရတော့ သို့မဟုတ် လေ့လာရကောင်းမှန်း မသိတော့ပါ။
နည်းပညာနဲ့ မီဒီယာဆိုရင် ကျနော်တို့ရွာမှာ လျှပ်စစ်မီးကို အချိန်ပိုင်းနဲ့ ရပါတယ်။ လက်ရှိအစိုးရသစ်နဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာအနိုင်ရတဲ့ NLD ပါတီက လုပ်ပေးထားတယ်လို့ မထင် လိုက်ပါနဲ့။ စီးပွားရေးသမားတွေက မီးစက်ထောင်စားပြီး တယူနစ်ကို ကျပ်ငွေ ၅၀၀ အထိ ယူပြီး ပေးနေတာ ဖြစ်ပါတယ်။ (ရန်ကုန်မှာ တယူနစ်ကို အစိုးရဈေး ၅၀ ကျပ်ပဲ ပေးရတယ်လို့ သိရပါတယ်)။ မီးလာချိန်ကလဲ အလုပ်ကိစ္စထက် ဘာသာရေးကိစ္စ၊ ကိုးရီးယားကားတွေနဲ့ ဆက်စပ်နေသလိုပါပဲ။ မနက် အာရုံဆွမ်းချက်ချိန် ၄ နာရီကနေ ၆ နာရီ အထိ၊ နေ့လည် ၁၁ နာရီက ၂ နာရီအထိ၊ ညနေရုပ်ရှင်ကြည့်ချိန် ၆ နာရီ ကနေ ၁၀ နာရီခွဲအထိ မီးပေးပါတယ်။
ရွာမှာ လက်ကိုင်ဖုန်းနဲ့ အင်တာနက် တွဲသုံးတဲ့စနစ်က အတော်ခေတ်စားနေပါပြီ။ အိမ်အတော်များများမှာ ၂ သိန်းတန် လက်ကိုင်ဖုန်းတွေ ရှိနေကြပြီး Handset ကတော့ ရှမ်းကမ်း (ထိုင်းဖက်ကမ်း)က ပါလာတဲ့ အဟောင်းတွေက များပါတယ်။ တသိန်းလောက်ပေးရတဲ့ တရုတ် Handset နဲ့ Facebook သုံးနေသူ၊ သတင်းထူးတွေကို ကျနော်ဆီ လာလာပြလေ့ရှိတဲ့ လူငယ်တွေနဲ့လည်း တွေ့ခဲ့ရပါတယ်။
ဒါပေမယ့် သတင်းစာနဲ့ ဂျာနယ်ဖတ်သူကိုတော့ ကျနော်မတွေ့မိသလောက်ပါပဲ။ NLD ပါတီက ထုတ်တဲ့ ဒီလှိုင်းစာစောင်တခုကိုပဲ တွေ့ရပါတယ်။ တရွာလုံးနီးပါး NLD ထောက်ခံတဲ့နေရာဆိုတော့ ဒီလှိုင်းတခုတည်းကို ရွာသားတွေ အားပေးနေတာ သိပ်တော့လည်း မဆန်းလှပါ။ ကျနော့်အိမ်အပါအဝင် အိမ်အတော်များများမှာ အလကားရတဲ့ မြန်မာ တီဗွီကို ကြည့်ပြီး ငွေကြေးအဆင်ပြေသူ အနည်းအကျဉ်းက DVB အတွက် စလောင်းတွေ တပ်ထားတာတွေ့ရပါတယ်။ နောက်တခါ စကိုင်းနက်တီဗွီ စလောင်း အသေးလေး ၃-၄ ခုလောက် တပ်ထားတာကိုလည်း တွေ့ရပါတယ်။
သတိထားမိတာက ”တော်လှန်ရေး ဘာကြောင့် မအောင်တာလဲ” ဆိုပြီး ကျနော့်ကို မေးလာသူ တဦးမှ မရှိပါ။ ဆယ်နှစ် ဆယ်မိုးကျော် အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်ခဲ့ရတဲ့ ကျနော်ရဲ့ တောတွင်းဘ၀ ABSDF နဲ့ ကျောင်းသားတပ်မတော်ကိစ္စကို သူတို့ သိပ်မသိ၊ သိပ်စိတ်မဝင်စားကြပါ။ ကျနော် အခုလို ပြန်လာနိုင်တာကိုပဲ အောင်မြင်မှုတခုအဖြစ် ရွာသားတွေက ထင်နေပုံရပါတယ်။ လခစားအလုပ်ဖြစ်တဲ့ နော်ဝေးအခြေစိုက် DVB မှာ တာဝန်ထမ်းတာခဲ့တာကိုသာ ရွာသားတွေက ပိုသိနေ၊ ပိုဂုဏ်ယူပါတယ်။ တနသာၤရီမြစ်ရိုးတလျောက် အခြေအနေထက် နော်ဝေက ဆီးနှင်းတောင်တွေ၊ နေမဝင်ညတွေ၊ ဥရောပရဲ့ လူ့အခွင့်ရေးအခြေအနေတွေကိုသာ သူတို့က ပို စိတ်ဝင်စားကြပါတယ်။
”မင်းလုပ်ချင်တာတွေကို ၂၅ နှစ်တောင် လုပ်ခဲ့ပြီးပြီပဲကွာ။ အခုတော့ မင်းမိဘတွေနဲ့အတူနေဖို့ အချိန်တန်ပါပြီ။ မိဘတွေလည်း အိုနေပြီမဟုတ်လား” လို့ ကျနော်ရဲ့ ကျောင်းနေဖက်သူငယ်ချင်းတဦးက ကျနော့်ကို နော်ဝေးမပြန်တော့ပဲ ရွာမှာပဲ တခါတည်းနေလိုက်ဖို့ နားချလာပါတယ်။ ”ဖစုက ငါပြောတာ နားမထောင်တော့ဘူး။ သူက ငါ့သား မဟုတ်တော့ဘူးလေ။ နိုင်ငံခြားသားဖြစ်သွားပြီ” လို့ အမေက ဝင်ပြောတော့ ကျနော် ငိုချင်သလို ဖြစ်သွားပါတယ်။
ရွာခံ NLD ခေါင်းဆောင်တဦးကတော့ ”မင်းရဲ့ နိုင်ငံရေးနဲ့ မီဒီယာအတွ့အကြုံတွေကို ငါတို့ရွာ ဖွံဖြိုးရေးအတွက် အသုံးချစေချင်တယ်။ ငါတို့ရွာကို နော်ဝေလိုဖြစ်လာအောင် မင်းကြိုးစားမလား။ ငါတို့ရွာကို ပစ်ပြီး နော်ဝေးကိုပြန်သွားသင့်သလား။ မင်းစဉ်းစားပေါ့ကွာ” လို့ ပြောလိုက်တဲ့ စကားက ကျနော့်ကို တိတ်ဆိတ်သွားစေခဲ့တယ်။ ။