စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်ဟာ နေအိမ်အကျယ်ချုပ် ကျခံနေရာကနေ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့ပြီးတဲ့နောက် သူအရင် နေထိုင်ခဲ့တဲ့ ခြံဝန်းကြီးထဲမှာ နဝဒေး ပန်ချီပြခန်း နဝဒေး ကော်ဖီကော်နာနဲ့ နဝဒေး အမှတ်တရ ပစ္စည်းဆိုင်တွေကို ဖွင့်လှစ်ခဲ့ပါတယ်။
ဒီဆိုင်တွေကို ကျပ်သိန်းထောင်ချီ အကုန်အကျခံ တည်ဆောက်ခဲ့တဲ့ ဦးခင်ညွန့်က “ဘဘ ချမ်းသာတဲ့ သူမဟုတ်ဘူး” လို့ ပြောဆိုခဲ့ပေမယ့် နိုင်ငံရေးယုံကြည်ချက်နဲ့ ထောင်ကျပြီး လွတ်မြောက်လာခဲ့သူတွေနဲ့ စာရင် စစ်ဗိုလ်ချုပ်ကြီးဟောင်း က တိုက်တာ ခြံဝန်းတွေနဲ့ စည်းစိမ် မပြတ်နေနိုင်တာ တွေ့ရပါတယ်။
စစ်အစိုးရ လက်ထက် ထောက်လှမ်းရေး ညွှန်မှူး၊ အတွင်းရေးမှူး ၁ နဲ့ ဝန်ကြီးချုပ်တာဝန်တွေကို ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ဟာ သြဇာ အရှိန်အဝါ ကြီးထွားခဲ့သူ တဦးဖြစ်ခဲ့ပြီး သူ့လက်ထက်မှာ ရာထောင်ချီတဲ့ နိုင်ငံရေး သမားတွေ၊ တက်ကြွ လှုပ်ရှားသူတွေနဲ့ ရဟန်း သံဃာတွေကို အာဏာ အလွဲသုံးစားလုပ်ပြီး လက်လွတ်စပယ် အကျဉ်းထောင်တွေထဲ ပို့ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့လည်း နာမည်ကျော်ကြားသူဖြစ်ပါတယ်။
အဲဒီလို ယုံကြည်ချက်နဲ့ လှုပ်ရှားနေတဲ့ သူတွေကို ဖမ်းဆီး နှိပ်စက်ပြီး နှစ်ရှည် ထောင်ဒဏ်တွေချ၊ နှိပ်ကွပ် တာတွေကြောင့် အကျဉ်း ကျနေသူတွေဟာ မိသားစုတွေနဲ့ အိမ်ထောင်ကွဲသူတွေ၊ သားသမီး မိသားစုတွေနဲ့ ကွဲသူတွေ၊ သေကွဲကွဲသူတွေ၊ ရှင်ကွဲကွဲသူတွေ၊ ပညာရေး၊ စီးပွားရေး၊ ကျမ်းမာရေးနဲ့ လူမှုရေး စတဲ့ ကဏ္ဍအသီးသီးမှာ နည်းအမျိုးမျိုး ထိခိုက် ပျက်စီးမှု တွေကို ခါးစည်းခံခဲ့ကြရပါတယ်။
ဦးခင်ညွန့် အကျဉ်းထောင်က လွတ်လာပြီး တင့်တင့်တယ်တယ် နေထိုင်နိုင်ပေမယ့် သူ့လက်ထက်မှာ နှိပ်ကွပ်ခံခဲ့ရသူတွေ ကတော့ လွတ်မြောက်လာပြီးတဲ့နောက် အများစုက အပြင်လောကမှာ စီးပွားရေး၊ ပညာရေး၊ လူမှုရေးနဲ့ ဘဝရပ်တည်ဖို့ အခက် အခဲတွေ ရင်ဆိုင်နေရကြတာလည်း မနည်းပါဘူး။
အဲဒီအထဲမှာ ၁၉၈၉ ခုနှစ်က သံလျင်ရေနံချက်စက်ရုံ ဗုံးခွဲမှုနဲ့ လွဲမှား အကျဉ်းချခံခဲ့ရပြီး ၂၃ နှစ်ကြာမှ လွတ်မြောက်လာခဲ့ရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ် ကိုသန်းဇော်လည်း ပါဝင်ပါတယ်၊ သူထောင်ကျနေစဉ် အချိန်မှာပဲ မိဘ နှစ်ပါး ဆုံးပါးသွားခဲ့သလို ထောင်က လွတ်လာတဲ့ အချိန်ကတည်းက ခုချိန်အထိ နေစရာအိမ် အတည်တကျ မရှိသေးသလို၊ အလုပ်အကိုင်အတွက်လည်း အခက်ကြုံ နေရပါတယ်။
လောလောဆယ် ညီမဖြစ်သူ အိမ်နဲ့ သူငယ်ချင်းတွေအိမ်မှာ ခိုကပ်နေပြီး ထောင်ထဲမှာ နှစ်ရှည် အကျဉ်းစံခဲ့ရတဲ့ သူ့အတွက် အပြင်လောကက လုပ်ငန်းတွေ၊ အတတ်ပညာတွေနဲ့ အံဝင်မှု မရှိတော့ ဝမ်းရေးအတွက်၊ အတည်တကျ မရှိတဲ့ ကြုံရာ ကျပန်း အလုပ်တွေကိုပဲ ရှာဖွေ လုပ်ကိုင် နေရသူ ဖြစ်ပါတယ်။
“ကျနော့်ဘဝက မပျက်စီးဘူးလို့ပြောရင် လိမ်ရာကျမယ်၊ အခုလောလောဆယ်ကို ကျနော့်မှာ နေစရာ အိမ်မရှိဘူး။ အဖေရော၊ အမေရော ဆုံးရှုံးသွားရတယ်၊ အခု ညီမအိမ်နဲ့ အပေါင်းအသင်းတွေ အိမ်မှာ ကုပ်ကတ်နေတယ်၊ ကျနော်က ယောက်ျားဗျနော်၊ အလုပ်လုပ် ချင်တယ်၊ ဒါပေမယ့် အလုပ်အကိုင်က မရှိဘူး၊ ကျနော့်ဘဝကြီးက ပျက်တာထက် ဆိုးတာပေါ့ဗျာ။ စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကုန်ပျက်စီးတာပေါ့” လို့ ကိုသန်းဇော် က သူ့အခြေအနေကို ပြောပြပါတယ်။
ထောင်က လွတ်လာပြီးတဲ့နောက် NLD ကထုတ်ဝေတဲ့ ဒီလှိုင်းဂျာနယ်မှာ စေတနာ့ဝန်ထမ်း အဖြစ် လုပ်ကိုင်ပေးခဲ့ပေမယ့် သူ့ရဲ့ ဝမ်းရေးအတွက် ကျပန်းလုပ်ငန်းတွေ ရှာကြံ လုပ်ကိုင်နေရတာကြောင့် သွားပြီး မကူညီနိုင်တော့တာ ၂ လလောက် တောင် ရှိပြီလို့ ဆိုပါတယ်။
ဒီအခြေအနေ မျိုးတွေဟာ ကိုသန်းဇော် တယောက်တည်း ဒီလိုကြုံနေရတာတော့ မဟုတ်ပါဘူး၊ သူနဲ့အတူ အမှုတွဲ တခုတည်းနဲ့ ထောင်အတူတူ ကျခဲ့ကြတဲ့ သန်လျင်က NLD လူငယ် ခေါင်းဆောင်တွေဖြစ်တဲ့ ကိုညီညီဦးနဲ့ ကိုမိုးကျော်သူ တို့လည်း ထောင်က လွတ်လာပြီးတဲ့နောက် အလားတူ အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
သူတို့ ၃ ဦးကို ၁၉၈၉ ခုနှစ် ဇူလိုင်လထဲမှာ ဦးခင်ညွန့်ရဲ့ ထောက်လှမ်းရေး တပ်ဖွဲ့တွေက သန်လျင် ရေနံချက်စက်ရုံဗုံးခွဲမှု သံသယနဲ့ ဖမ်းဆီးခဲ့ရာက ငရဲခန်းလို့ နာမည်ကြီးလှတဲ့ ရေကြည်အိုင် စစ်ကြောရေးစခန်းမှာ နည်းလမ်းပေါင်းစုံနဲ့ ညှဉ်းပန်းနှိပ်စက်ပြီး ဗုံးခွဲ တရားခံဖြစ်ကြောင်း အတင်းအဓမ္မ ဝန်ခံခိုင်းခဲ့တယ်၊ ပြီးတော့ သေဒဏ် ချမှတ်ခဲ့တယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။
နောက်ပိုင်းမှာ သန်လျင်ရေနံချက်စက်ရုံနဲ့ ရန်ကုန်မြို့တော် ခန်းမကို ဗုံးခွဲတယ်ဆိုတဲ့ တရားခံ အစစ်ကို ဖမ်းမိခဲ့ပါတယ်၊ ကာယကံရှင် ကလည်း သူဖောက်ခွဲကြောင်း ဝန်ခံခဲ့တဲ့အတွက် သေဒဏ် ချမှတ်ခဲ့ပါတယ်၊ ဒါပေမယ့် လွဲမှား ဖမ်းဆီးခဲ့တဲ့ သူတို့ ၃ ယောက်ကိုတော့ ပြန်လွှတ်ပေးခြင်းမရှိဘဲ မြေအောက် လှုပ်ရှားတဲ့ အဖွဲ့တွေနဲ့ ဆက်သွယ်တယ် ဆိုပြီး နောက်တမှု ဖွင့်ပြီး ထောင်ဒဏ် စီယင်ခဲ့တာကို ခံခဲ့ကြရပြန်ပါတယ်။
လူငယ်တယောက်ရဲ့ ဘဝ အညွန့်တလူလူ တက်စ အသက် ၂၀ ဝန်းကျင် ကာလမှာ တရားခံ အစစ်မဟုတ်ဘဲ ညှဉ်းပန်း နှိပ်စက်ခံခဲ့ရပြီး နှစ်ပေါင်း ၂၀ ကျော်ကြာ အကျဉ်းချ ခံခဲ့ရတဲ့အတွက် သူတို့ဘဝတွေဟာ စိတ်ပိုင်းကော၊ ရုပ်ပိုင်းဆိုင်ရာပါ ပျက်စီးခဲ့တာ ဖြစ်ပါတယ်။ သူတို့လို အလားတူ ခံစားခဲ့ရသူတွေ ဦးခင်ညွန့် လက်ထက်မှာ ရာချီ ရှိပေမယ့် ဦးခင်ညွန့် အပေါ် အာဃာတ မထားကြပါဘူးလို့ ကိုသန်းဇော်က ပြောပါတယ်။
“ကျနော်တို့ ကတော့ ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပဲ အာဃာတ တရားမထားဘူး၊ မေတ္တာနဲ့ပဲ အတတ်နိုင်ဆုံး ကြိုးစား ပြီးတော့ နေတယ်။ သူ (ဦးခင်ညွန့်) အဆင့်မြင့်နေလို့၊ ဇိမ်ကျနေလို့ မနာလိုဝန်တိုတာလည်း မရှိဘူး၊ တခုတော့ ရှိတာပေါ့၊ သူလုပ်ခဲ့တာတွေဟာ ကျနော်အပါအဝင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ ဆင်းရဲဒုက္ခ ရောက်ကြရတာ ရှိတာပေါ့၊ သူလုပ်ခဲ့တာ တွေဟာ တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိပါ။ သူကိုယ်တိုင်လည်း အသိဆုံးပါ။ ဒါ လိမ်လို့မရပါဘူး၊ လူဆိုတာ ကံဇာတာ ရှိတုန်း စံနိုင်သလို၊ ဝဋ်လည်ရင်လည်း ခံရမှာပဲ” လို့ သူက ဆိုပါတယ်။
ဦးခင်ညွန့်ဟာ ကွယ်လွန်သူ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ လက်ရင်း လူယုံ တဦးဖြစ်ပြီးနောက် စစ်ထောက်လှမ်းရေး အကြီးအကဲ ဖြစ်လာခဲ့တာပါ။ သူ့ကို ၁၉၈၈ ခုနှစ်က လူထု အုံကြွမှုတွေမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ညှဉ်းပန်းနှိပ်စက်၊ ဖမ်းဆီးထောင်ချတဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူ အဖြစ်လည်း အများက ပြောဆိုခဲ့ကြပါတယ်။
၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့မှာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခဲ့တဲ့ ဦးခင်ညွန့်ဟာ ၁၉၈၈ ခုနှစ် စက်တင်ဘာလ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အစိုးရ အတွင်းရေးမှူး (၁) တာဝန်၊ အဲဒီနောက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) စစ်အစိုးရ လက်ထက် ဝန်ကြီးချုပ် တာဝန်တွေကို ယူခဲ့တာပါ။
သူဟာ ၂၀၀၄ ခုနှစ် အောက်တိုဘာလထဲမှာ သူနဲ့ လက်အောက်ခံ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ၃၈ ဦးကို လာဘ်ပေး လာဘ်ယူမှု၊ အာဏာ အလွဲသုံးစား လုပ်မှုတွေနဲ့ ထောင်ဒဏ် အနှစ် ၂၀ ကနေ ၁၆၀ နှစ်အထိ ချမှတ်ခံခဲ့ရပေမယ့် ဦးခင်ညွန့် ကိုတော့ ဆိုင်းငံ့ပြစ်ဒဏ် ၄၄ နှစ် ချမှတ်ခဲ့ပြီး နေအိမ် အကျယ်ချုပ်နဲ့ ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။
ဦးခင်ညွန့်ဟာ သူ့လက်ထက် လူပုဂ္ဂိုလ်တွေတင် မကဘဲ ရဟန်းသံဃာတော်တွေကိုပါ ဖမ်းဆီးနှိပ်စက် အကျဉ်းချမှုတွေ ရှိခဲ့ပါတယ်။ သူ့လက်ထက် ၁၉၈၈ လူထု အရေးတော်ပုံအပြီး ၁၉၉၁ ခုနှစ်မှာ သြဇာတိက္ကမ ကြီးမားတဲ့ ရဟန်းသံဃာတွေကို ဖမ်းဆီး ညှဉ်းပန်းနှိပ်စက် ထောင်ချမှုတွေ ပြုလုပ်ခဲ့ပြီး အဲဒီအထဲမှာ မဟာဂန္ဓာရုံ တိပိဋကဓရ ဆရာတော် အရှင် သုမင်္ဂလာလင်္ကာရလို့ ထင်ရှားတဲ့ ဆရာတော် တွေလည်း ပါဝင်ခဲ့ပါတယ်။ မစိုးရိမ်ဆရာတော်ကြီး အရှင် ရာဇဓမ္မာဘိဝံသ၊ အင်းစိန် ရွာမဆရာတော် အရှင် တိလောကာဘိဝံသ တို့ကိုလည်း ထောင်းသွင်း အကျဉ်းချဖူးပါတယ်။
အခုတလော ပန်းချီပြခန်း၊ ကော်ဖီကော်နာနဲ့ အမှတ်တရ ပစ္စည်း ဆိုင်ခန်းတွေဖွင့်တာကို အကြောင်းပြပြီး ဦးခင်ညွန့်ရဲ့ ရုပ်ပုံတွေဟာ သတင်းစာတွေ၊ ဂျာနယ်တွေ၊ ရုပ်သံတွေနဲ့ အင်တာနက် စာမျက်နှာတွေပေါ်မှာ နေရာယူလာတာကို တွေ့ရပါတယ်။
သတင်း မီဒီယာသမားတွေနဲ့ တွေ့တဲ့အခါ သူဟာ ချမ်းသာသူ မဟုတ်တဲ့အကြောင်း၊ ပန်းစိုက်ပြီး အိမ်စရိတ် ရှာဖွေသူ ဖြစ်ကြောင်း ပြောဆိုလေ့ရှိပါတယ်။ မကြာသေးခင်က ဧရာဝတီ သတင်းထောက်တွေနဲ့ တွေ့ဆုံတုန်းကလည်း အဲဒီလိုပဲ သူ ပြောခဲ့ပါတယ်။
“ဘဘချမ်းသာတဲ့ သူမဟုတ်ဘူး။ ဘဘ တချိန်တုန်းက လာဘ်စား ခဲ့တဲ့သူလည်း မဟုတ်ဘူး။ အမြတ်ကြီးစား လုပ်ခဲ့တဲ့ သူလည်း မဟုတ်ဘူး။ စီးပွားရေး သမားတွေကို ပေါင်းဖော်ပြီးတော့မှ စီးပွားဖြစ်အောင် လုပ်ခဲ့တဲ့ လူစားလည်း မဟုတ်ဘူး” လို့ ဦးခင်ညွန့်က ပြောဆိုနေပေမယ့် လက်ရှိနေထိုင်နေတဲ့ ခြံဝင်းကြီးနဲ့ တိုက်ကြီးဟာ စစ်သား တယောက်ရဲ့ လစာနဲ့ ဝယ်ယူနိုင်ဖို့ မလွယ်ကူဘူးလို့ ဝေဖန်သူတွေ များနေပါတယ်။
သတင်းမီဒီယာတွေက ဦးခင်ညွန့်နဲ့ တိုက်ရိုက် တွေ့ဆုံမေးမြန်းခွင့်တွေ ရခဲ့ကြပေမယ့် သူဖွင့်ထားတဲ့ ဆိုင်တွေ အကြောင်း ကိုသာ မေးခွင့်ရှိပြီး သူ စစ်ထောက်လှမ်းရေးဘဝက လုပ်ကိုင်ခဲ့တဲ့ အကြောင်းတွေကိုတော့ မေးခွင့် မပေးပါဘူး၊ အဲဒီ အတွက်လည်း ဟန့်တားပါတယ်၊ အဲဒီလို မေးခွန်းတွေမေးမယ့် သတင်းမီဒီယာ အဖွဲ့တွေဆိုရင်လည်း အင်တာဗျူး မပေးဘူးဆိုပြီး ကြိုတင် ပြောဆိုပါတယ်။
သတင်းမီဒီယာတွေပေါ်မှာ ဦးခင်ညွန့် ပုံတွေကို တွေ့မြင်လာရတော့ စစ်အစိုးရ လက်ထက်က နှိပ်ကွပ်ခဲ့တာတွေကို ကာယကံ ရှင်တွေက သတိပြန်ရမိစေ ခဲ့တယ်လို့ ဦးခင်ညွန့် လက်ထက် ဖမ်းဆီးထောင်ချခံရပြီး ၁၉၉၁ ခုနှစ် ထောင်တွင်းမှာ သေဆုံး သွားခဲ့တဲ့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲ ခရမ်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်လှိုင်ကြူ က ပြောပါတယ်။
“အင်တာနက် စာမျက်နှာတွေမှာ တွေ့လာရတယ်၊ စိတ်ထဲမှာတော့ သြော်၊ ဒီလူကြီးတော့ ပြန်ပေါ်လာပြီပေါ့လို့ တွေးမိပါတယ်။ ဒီလူတွေပဲ ဖြစ်နေတာပဲပေါ့၊ ကိုယ့်မှာတော့ ဆုံးရှုံးရတယ်ပေါ့၊ အိမ်ထောင်စု တခုမှာ အိမ်ထောင်ဦးစီး ဆုံးရှုံးခဲ့ရတဲ့ ခံစားမှု ဖြစ်တာပေါ့။ သားတွေ၊ သမီးတွေနဲ့ အန်တီတို့မှာ ရုန်းကန်ခဲ့ရတာ” လို့ ဒေါ်ခင်လှိုင်ကြူက ပြောရင်း စိတ်မထိန်းနိုင်ဘဲ ငိုပါတယ်။
ဦးတင်မောင်ဝင်း ရှိစဉ်က သူ့သားသမီးတွေကို ပညာတတ်တွေဖြစ်အောင် ကြိုးစားဖို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့သလို သူ့သား အပေါ်မှာလည်း မျှော်လင့်ချက် ကြီးခဲ့တယ်လို့ ဒေါ်ခင်လှိုင်ကြူက ဆိုပါတယ်။ ဦးတင်မောင်ဝင်း အဖမ်းခံရစဉ်တုန်းက သူတို့ရဲ့ သားဖြစ်သူဟာ ၉ တန်း ကျောင်းသားဖြစ်ပြီး စာတော်သူ တဦး ဖြစ်တယ်လို့ သိရပါတယ်။
ဦးတင်မောင်ဝင်း မတရား ဖမ်းဆီးထောင်ချခံခဲ့ပြီး ထောင်ထဲမှာပဲ သေဆုံးခဲ့ရမှုအပေါ် သားဖြစ်သူက စိတ်ထိခိုက်ခဲ့ရပြီး ပညာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်ခဲ့တဲ့ အတွက် ခင်ပွန်း ဆုံးပါးမှုကြောင့် နာကြင်ခံစားခဲ့ရသလို သားဖြစ်သူ အတွက်လည်း သောက ပွေခဲ့ရတယ်လို့ ဒေါ်ခင်လှိုင်ကြူက ငိုရင်း ပြောပါတယ်။
“ဦးခင်ညွန့်ကတော့ သူလုပ်ခဲ့တဲ့အကြောင်းတွေ ပြန်မေးရင် သူ့လက်နဲ့ လုပ်တာမဟုတ်ဘူး၊ သူလုပ်တာ မဟုတ်ဘူးလို့ ပြောမှာပေါ့၊ ဒါပေမယ်လို့ သူ့ရဲ့ လက်ညှိုးညွှန်ရာတွေနဲ့ လူတွေ ဘယ်လောက် ဒုက္ခရောက်ခဲ့ရလဲ။ သူ့လက်မှာ သွေး မစွန်းပေမယ့်၊ သူ့ခန္ဓာကိုယ်က ထွက်တဲ့ သွေးတွေကတော့ အညစ်အကြေးတွေနဲ့ ပါပဲ” လို့ သူက ဆက်ပြောပါတယ်။
ခင်ပွန်း ဖြစ်သူ ဦးတင်မောင်ဝင်းဟာ ဖဆပလ အစိုးရ လက်ထက် အထက်တန်းကျောင်းသား ဘဝကတည်းက ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂမှာ ပါဝင်ခဲ့ပြီး ၁၉၆၂ စစ်အာဏာ သိမ်းမှုကိုလည်း ဆန့်ကျင်ခဲ့သူ ဖြစ်ပါတယ်။ ကျောင်းသား လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တဲ့ အတွက် ၁၉၆၄ ခုနှစ်မှာ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရဖူးပြီး ဦးခင်ညွန့် တန်ခိုးထွားတဲ့အချိန် ထောင်ကျ စဉ်မှာတော့ ထောင်တွင်းမှာပဲ သေဆုံးခဲ့ရပါတယ်။
ဦးခင်ညွန့်လက်ထက်မှာ ထောက်လှမ်းရေး အဖွဲ့တွေက နိုင်ငံရေးသမားတွေကို ဖမ်းဆီးပြီးတဲ့အခါ ရက်ရက်စက်စက် ညှဉ်းပန်း တာတွေ လုပ်တဲ့အပြင် ထောင်ထဲမှာပဲ ဘဝတွေ သေဆုံးသွားအောင် ဥပဒေ အမျိုးမျိုးတပ်ပြီး နှိပ်ကွပ်ခဲ့တာတွေလည်း ရှိတယ်လို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်နွှယ်မှုနဲ့ ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ ဦးဘမျိုးသိန်းက ပြောပါတယ်။
“ခေါင်းစွပ် အမည်းကြီး စွပ်ထားပြီးတော့ အမျိုးမျိုး ကန်ကျောက် ရိုက်နှက်ပြီးတော့ မေးကြတယ်၊ နားရင်း နှစ်ဘက်ကို ညှပ်ပြီးတော့ ရိုက်တယ်၊ မတ်တပ်ရပ် အနေအထားမှာ ခြေဖျားထောက်၊ လက်နှစ်ဘက်ကွေးပြီး ဆိုင်ကယ်မောင်းတဲ့ပုံ အကြာကြီး နေခိုင်းတယ်။ ကျနော်ဆိုရင် စ အဖမ်းခံရတုန်းက ထောက်လှမ်းရေး ၆ မှာ ၁ လကျော်လောက် ခံလိုက်ရတယ်” လို့ ဦးဘမျိုးသိန်းက ဖြစ်စဉ်တွေကို ပြန်ရှင်းပြပါတယ်။
ဦးဘမျိုးသိန်းဟာ ၁၉၉၀ ပြည့်နှစ်မှာ PDF နဲ့ ဆက်နွှယ်မှုနဲ့ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၇ နှစ် ချခံခဲ့ရပါတယ်၊ လွတ်ရက် မစေ့ခင်မှာဘဲ အထင်ကရ သတင်းစာဆရာကြီး ဦးဝင်းတင်တို့နဲ့အတူ “ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆိုင်ရာ အစီရင်ခံစာ” ကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးထံ လိပ်မူပြီး လျှို့ဝှက် ပို့ပေးမှု၊ ထောင်တွင်း လူ့အခွင့်အရေး လှုပ်ရှားမှု တွေကြောင့် ထောင်ထဲမှာ အနှစ် ၂၀ ခန့် နေလိုက်ရပြီး ၂၀၁၀ ပြည့်နှစ်မှာ လွတ်မြောက်လာခဲ့တာပါ။
၂၀၀၉ ခုနှစ်မှာ သူ့ကို အာဏာပိုင်တွေက လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် လွတ်မြောက်ဖို့ အခွင့်အရေး တကြိမ် ရရှိခဲ့ပေမယ့် ပုဒ်မ ၄၀၁ ကို လက်မှတ်မထိုးတဲ့ အတွက် အာဏာပိုင်တွေက လွှတ်မပေးခဲ့ပါဘူး။
“ထောင်ကျတဲ့ အတွက် လွတ်လပ်မှုတွေ၊ အချိန်တွေ ဆုံးရှုံးတာပေါ့ဗျာ။ အဆိုးဆုံးကတော့ ထောင်ကျနေတဲ့ အချိန်မှာ ကျနော့် မိခင် ဆုံးသွားတယ်၊ ကျနော်လည်း နောက်မှသိရတာ၊ ထောင်ကထွက်လာတော့လည်း နေစရာမရှိဘူး။ ကိုယ်တည်းခိုတဲ့ နေရာတွေကို လိုက် ပြဿနာ ရှာတာတွေ၊ ဖိအားပေးတာတွေ ခံခဲ့ရတယ်ဗျ။ ဘဝဆိုရင်လည်း သုညကနေ ပြန်စရတယ်၊ ဒါတွေကို ဦးခင်ညွန့်က မခံစားရပါဘူး” လို့ ဦးဘမျိုးသိန်းက သူ့အကြောင်းတွေ ရှင်းပြပါတယ်။
ဦးခင်ညွန့် နေအိမ်အကျယ်ချုပ်က လွတ်လာပြီးတဲ့ နောက်ပိုင်း သတင်းမီဒီယာတွေနဲ့ တွေ့ဆုံတဲ့အခါ သူ့လက်ထက်တုန်းက လုပ်ခဲ့တဲ့ ကိစ္စတွေဟာ သူ့အလိုကျ လုပ်ခဲ့တာမဟုတ်ဘဲ အထက်ကပေးတဲ့ တာဝန်အရ လုပ်ဆောင်ခဲ့ရတာဖြစ်တယ်လို့ ပြောဆိုပါတယ်။
အဲဒီလို ပြောဆိုမှုအပေါ် ဦးဘမျိုးသိန်းက “တာဝန်အရ လုပ်တယ်ဆိုတာကိုတော့ လက်ခံလို့ မရဘူးဗျ။ တာဝန်ဆိုတာ ဘာ တာဝန်လဲပေါ့၊ နိုင်ငံနဲ့ လူမျိုး တိုးတက်ရာ တိုးတက်ကြောင်း အတွက် လုပ်ဆောင်နေတဲ့လူတွေကို စနစ်တကျ ပိတ်ပင်တဲ့၊ ဖိနှိပ်နှိပ်ကွပ်တဲ့ ဟာကို တာဝန်လားလို့ မေးရမလို ဖြစ်နေတာပေါ့ဗျာ။ အခုအချိန်မှာ သူ့အနေနဲ့ အမြင်ပြောင်းလာတယ် ဆိုရင်တော့ လက်ခံပါတယ်၊ ဒါပေမယ့် သူလုပ်ခဲ့တဲ့ အမှားတွေအတွက် တိုင်းသိ၊ ပြည်သိ ဝန်ချတောင်းပန်ဖို့တော့ လိုတာပေါ့” လို့ ဆိုပါတယ်။
ဦးခင်ညွန့်ဟာ အကျဉ်းကျခဲ့တယ် ဆိုပေမယ့် သူကိုယ်တိုင် ဖမ်းဆီး ထောင်ချခဲ့တဲ့လူတွေ အကျဉ်းကျရတဲ့ ပုံစံတွေနဲ့ မတူညီသလို ထောင်က ထွက်လာတဲ့ အနေအထား တွေကလည်း ကွာခြားလွန်းပြီး နိုင်းယှဉ် ပြစရာတောင် မရှိဘူးလို့ အထင်ကရ သတင်းစာ ဆရာကြီး လည်းဖြစ် နိုင်ငံရေးလောကမှာ ထင်ရှားသူ တဦးလည်းဖြစ်တဲ့ ဦးဝင်းတင်က ပြောပြပါတယ်။
“ကွာခြားပုံက နှိုင်းစရာတောင် မရှိသလောက်ဘဲ။ ကွာခြားချက်က ၂ မျိုးရှိတယ်၊ တမျိုးက အကျဉ်းကျ ခံရတဲ့ကာလမှာ နိုင်ငံရေး အကျဉ်းသားတွေက ဒုက္ခ၊ သောကတွေ ခံစားရတယ်။ သူ (ဦးခင်ညွန့်) နဲ့ ယှဉ်ရင် သာဝတိံသာနဲ့ ငရဲပြည်လို ကွာတယ်၊ နိုင်ငံရေး အကျဉ်းသားတွေက အကျဉ်းထောင်က လွတ်လာတဲ့ အခါမှာလည်း ကိုယ့်ကိုယ်ကိုယ် ပြန် တည်ဆောက်ဖို့၊ ဂုဏ်သိက္ခာရှိရှိ အိန္ဒြေမပျက် လူရာသူရာဝင် နေနိုင်ဖို့ ဆိုတာ အတော့်ကို ခဲယဉ်းတယ်။ သူ (ဦးခင်ညွန့်) လွတ်လာတော့ တခမ်းတနားကြီး နေနိုင်တယ်” လို့ ဦးဝင်းတင်က ထောက်ပြ ပြောဆိုပါတယ်။
ဦးဝင်းတင်က သူ့ရဲ့ ကျန်းမာရေး စရိတ်၊ စာမူခနဲ့ တခြား အလှူငွေတွေထဲကနေပြီး လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား တွေကို သူကိုယ်တိုင် ကူညီ စောင့်ရှောက် ပေးနေတာ ဖြစ်တာကြောင့် ဦးခင်ညွန့်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အကြား ထောင်တွင်း၊ ထောင်ပြင် ကွာခြားလွန်းလှတဲ့ အခြေအနေတွေကို လက်တွေ့ တွေ့မြင်နေရတယ်လို့ ဆိုပါတယ်။
ဦးဝင်းတင် ကိုယ်တိုင်ကလည်း ဦးခင်ညွန့် လက်ထက်မှာ နှစ်ရှည်ထောင်ဒဏ် ကျခံခဲ့ရတဲ့ အကျဉ်းသား တဦးဖြစ်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ပြန်လွှတ်ပေးခဲ့တာပါ။ အာဏာပိုင်တွေက သူ့ကို နေအိမ်အရောက် အတင်းအကျပ် ပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။
ဦးခင်ညွန့် လက်ထက် မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နေအိမ်အကျယ်ချုပ် ကျစဉ် ကာလမှာ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့် ပိတ်ပင်ခံရမှုတွေ၊ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် ဆောင်ရွက်မှုမျိုးတွေ ရှိတယ်ဆိုပြီး သတင်း မီဒီယာတွေနဲ့ တွေ့ဆုံတဲ့ အခါမှာ ပြောဆိုခဲ့ဖူးတာတွေလည်း ရှိခဲ့ပါတယ်။
ဦးခင်ညွန့်ကတော့ မကြာသေးခင်က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံတုန်းက သူ့အနေနဲ့ နိုင်ငံရေး လုပ်ငန်းတွေ လုပ်တော့မှာ မဟုတ်ဘဲ လူမှုရေး လုပ်ငန်းတွေ လုပ်ဆောင်ပြီး အေးအေးချမ်းချမ်း နေသွားလိုကြောင်း အခုဖွင့်လှစ်တဲ့ ဆိုင်တွေနဲ့ ပတ်သက် ပြီးတော့လည်း အေးအေးချမ်းချမ်း နေထိုင်ဖို့ ဖွင့်လှစ်တာ ဖြစ်တဲ့အကြောင်း ပြောပါတယ်။
“ဘဘ အေးချမ်းတဲ့ ဘဝကို တည်ဆောက်ချင်တယ်ကွယ်။ အခုလည်း အေးချမ်းပါတယ်။ ဒီထက်ပိုပြီး အေးချမ်းအောင်လို့ ဒါလေးကို ထူထောင်လိုက် ရင်တော့ ပိုပြီးအေးချမ်းမယ် ဆိုပြီးတော့ မျှော်မှန်းချက်နဲ့ ဒါလေးကို တည်ဆောက်ရတာ ဖြစ်တယ်” လို့ ဆိုင်ဖွင့်ရတဲ့ ရည်ရွယ်ချက်ကို ဦးခင်ညွန့်က ပြောပါတယ်။
ဒီဆိုင်ကို ဖွင့်လိုက်တဲ့ ရည်ရွယ်ချက်ဟာ လူထုနဲ့ပြန်ပြီး ထိတွေ့ပြီး နိုင်ငံရေး လောကထဲကို ဝင်ဖို့မဟုတ်ဘူး လို့တော့ ဦးခင်ညွန့်က ပြောပေမယ့် ဝေဖန်သူ တချို့ကတော့ ဒီဆိုင်ကို ဘန်းပြပြီး ပြည်တွင်း ပြည်ပ ထောက်လှမ်းရေး ကွန်ရက်တွေနဲ့ ဆက်သွယ်ဖို့ အတွက် လွယ်ကူအောင် ပြုလုပ်တာလို့ ပြောဆိုနေကြ တာတွေလည်း ရှိပါတယ်။