မို့မငြိမ်းရဲ့ တိုင်းကျိုးပြည်ပြုသီချင်းနဲ့ ပတ်သက်ပြီး ပြောကြဆိုကြရင် ၁၉၅၃ ခုနှစ်ကရေးစပ်ခဲ့တဲ့ “လူချွန်လူကောင်း” သီချင်းကိုပဲ ပြောဖြစ်ကြတယ်။ ပြောရလောက်အောင်လည်း သီချင်းဗျုပ္ပတ်နဲ့ အကြောင်းအရာရော၊ သံစဉ်ရော ကောင်းမွန်လှတာကိုး …။ ဒါကြောင့်လည်း ဒီကနေ့အထိ စွဲစွဲမက်မက် သီဆို တီးမှုတ်နေကြရတဲ့ သီချင်းဖြစ်နေတာပေါ့။
အလားတူ ဒီကနေ့အထိ ခေတ်မီဆဲဖြစ်ပြီး သီဆိုတီးမှုတ်နေကြတဲ့ သီချင်းတွေရှိသေးတယ်။ ဒါပေမယ့် တိုင်းရေးပြည်ရာ အခြေအနေကြောင့် မဖြစ်မနေ ရေးစပ်သီဆိုရတဲ့ သီချင်းပေပဲလို့ ဘယ်သူမှ သိပ်မသိကြပါဘူး …။
တကယ်တော့ … မန္တလေးဆိုတာ အနုပညာနဲ့ တည်ဆောက်ခဲ့တဲ့မြို့ပါ။ သီချင်းသံတွေနဲ့ တာဝတိံသာဆီ ပင့်တင် ထားခဲ့တဲ့မြို့ပါ။ ဒါကြောင့်လည်း မြန်မာမင်း နေပြည်တော် အဆက်ဆက် မန္တလေးရတနာပုံမ် နေပြည်တော်လောက် ထီးဘွဲ့၊ နန်းဘွဲ့၊ မြို့ဘွဲ့တွေ မများခဲ့ဘူးလို့ ပညာရှင်တွေ သုံးသပ်ကြတာပါ။ သီချင်း ဂီတနဲ့ မြို့တော်ကို တည်ဆောက်တယ်၊ သီချင်းဂီတနဲ့ ထီးနန်း တည်ဆောက်တယ်၊ သီချင်း ဂီတနဲ့ တိုင်းသူပြည်သား စိတ်ဓာတ်မြှင့်တင်တယ်။ သီချင်း ဂီတနဲ့ ဘုရင်ထီးဘုရား အမြော်အမြင်ကို တည့်မတ်တယ်။ သီချင်း ဂီတနဲ့ ယိုင်နဲ့မှုတွေ တည့်မတ်တယ်။ သီချင်း ဂီတနဲ့ ကျိုးကြောင်း ဆင်ခြင်စေခဲ့တယ်။ ဆိုလိုတာက လူရဲ့ပင်မ ဇစ်မြစ်ဖြစ်တဲ့ နှလုံးသားကိုပဲ ထိရောက်စွာ သိမ်းသွင်းခဲ့တဲ့ သဘောပါပဲ။ စိတ်မဏ္ဍိုင်ကတဆင့် ရုပ်ကိုပြုပြင်စေတဲ့ သဘော …။
ဒီလို သီချင်း ဂီတနဲ့ ပျော်ရွှင်ကြည်နူးနေတဲ့ မန္တလေးမြို့ကြီးကို ၁၉၄၂ ခုနှစ် ဧပြီ ၃ ရက် (၁၃၀၃ ခုနှစ် နှောင်းတန်ခူး လဆုတ် ၄ ရက် သောကြာနေ့) နံနက် ၁၁ နာရီအချိန်မှာ ဂျပန်လေယာဉ်အစင်း ၈၀ ခန့်က တမြို့လုံး ပိုက်စိပ်တိုက် ဗုံးကြဲလိုက်တာနဲ့ အပျော်များကိုရုတ်ခြည်း သွန်မှောက်လိုက်ပြီး တုန်လှုပ်ခြောက်ခြားဖွယ် အနိဋ္ဌာရုံများ ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာ ပါတော့တယ်။ အစဉ်အဆက် ကိုယ့်ဥခွံ ကျဉ်းကျဉ်းလေးထဲမှာပဲ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ် ပျော်ပျော် နေတတ်တဲ့ မန္တလေးသူ မန္တလေးသားများအဖို့ ဂျပန်လေတပ်ကြီး ချီတက်တာကိုပဲ ကောင်းကင်ဘား ဆပ်ကပ် ပြလေသလား ထင်မှတ်မှားပြီး လက်ခုပ်လက်ဝါး တီးကာ ပျော်ပျော်ကြီးကြည့်ကြရာက မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲ မီးလောင်ဗုံးတွေ စက်သေနတ်တွေနဲ့ ဒရစပ် ပစ်ခတ်ပါမှ “တကယ် ပစ်တာဟ၊ တကယ်ပစ်တာဟ၊ ပြေးကြဟ၊ ရှောင်ကြဟ” လို့ အော်ဟစ် ပုန်းအောင်းကြလို့ … သေလိုက်ကြတာကလည်း သောက်သောက်လဲတဲ့။ ဒီလိုနဲ့ မေလ ၁ ရက် (၁၃၀၄ ခုနှစ် ကဆုန်လဆုတ် ၃ ရက် သောကြာနေ့) မှာ ဂျပန်တွေ မန္တလေးတမြို့လုံး သိမ်းပိုက်ပါတော့တယ်။
စစ်ရဲ့ အနိဋ္ဌာရုံကို သုံးနှစ်သုံးမိုးမျှ သေကွဲကွဲကြ၊ ရှင်ကွဲကွဲကြနဲ့ နဖူးတွေ့ ဒူးတွေ့ခံစားကြရပြီး ၁၉၄၅ ခု မတ်လ ၂၁ ရက် (၁၃၀၆ ခု၊ တန်ခူးလဆန်း ၉ရက်၊ ဗုဒ္ဓဟူးနေ့) မှပဲ ဂျပန်လက်အောက်က မန္တလေးမြို့ကြီး လွတ်မြောက်ခဲ့ပြီး … အရပ် ရှစ်မျက်နှာ ထွက်ပြေးကြတဲ့ မန္တလေးသူ မန္တလေးသားတွေ “ပြည်တော်ဝင်” နိုင်ကြတာ မဟုတ်ပါလား …။
စစ်ကြီးပြီးပေမယ့် စစ်ဒဏ်ရာဒဏ်ချက်က နှလုံးသည်းပွတ်ကို ဆွဲကိုင်လှုပ်ရမ်း ခံစားစေတော့ … မိမဲ့၊ ဖမဲ့၊ အလုပ်မဲ့၊ အကိုင်မဲ့၊ အိုးမဲ့၊ အိမ်မဲ့ ဖြစ်ကြရတော့ ပညာမဲ့၊ ဉာဏ်မဲ့၊ အသိမဲ့ကြတာ မဆန်းပါဘူး …။ ကမ္ဘာပေါ်က မည်သည့်နိုင်ငံ၊ မည်သည့်တိုင်းပြည်၊ မည်သည့်နေရာဒေသ၊ မည်သည့်လူမျိုးဖြစ်စေ … “စစ်” ဆိုတာနဲ့ ဒီ အနိဋ္ဌာရုံတွေ၊ ဒီဆိုးကျိုးတွေ ခံစားကြရသူချည်းပါ။ ဒီတော့ စစ်ကြီးအပြီး မန္တလေးမှာ လူငယ်လူရွယ် လူလတ် ကျားမ မဟူ စိတ်ဓာတ်တွေ ပျက်စီးကုန်ပါပြီ။ ရွှံ့ထဲဗွက်ထဲ၊ ရေထဲမှာ အိုးမဲ့ အိမ်မဲ့ ဖြစ်ကြပေမယ့် အဝတ်အစား၊ အပျော်အပါးက မလျှော့ကြပါဘူး။ ပိုဆိုးတာက အလောင်းအစား၊ အသောက်အစားတွေပါ ပိုကဲလာတာမျိုးပါ။ မန္တလေးသူ ကုမ္မာရီလေးတွေ ကလည်း အလုပ်မရှိ၊ စားစရာမရှိသာ ဖြစ်တာ … ညနေစောင်းတာနဲ့ နှုတ်ခမ်းနီ ပါးနီဆိုး၊ အဝတ်အစား အပြိုင်ဝတ်ပြီး ဓာတ်ရှင် သွားကြ၊ ပွဲလမ်းသွားကြတော့ တာပါပဲ …။ အပျော်အပါးနောက်က ငွေကြေးက ဖဝါးခြေရာထပ်မျှ မလိုက်နိုင်တော့ လွယ်ကူတဲ့ ငွေရှာလမ်းတွေဆီ ရောက်ကြတော့တာပါပဲ။
မန္တလေးသား လုလင်ပျိုများကလည်း စစ်တပ်တွေဆီက ကျန်ရစ်ခဲ့တဲ့ နိုင်ငံခြား အရက်မျိုးစုံသောက်၊ ဘိန်းရှူ၊ အပျော် အပါးလိုက်၊ လောင်းကစားဝိုင်းထဲ အချိန်ကုန်ကြလေတော့ … လူတွေလည်း ရှူနာရှိုက်ကုန်း ခါးချိ သာခွေယိုင် ဖြစ်လို့ပေါ့ …။
ကိုင်းဗျာ … ဒီကိုကို၊ ဒီမမတွေနဲ့ ဘယ်နှယ့်လုပ်ပြီး တိုင်းပြည် လွတ်လပ်ရေး ဆောင်ရွက်နိုင်မှာတုံး။ “ဒို့လူလေးများ ဆိုသလေ” ဆိုရင် အရက်ဆိုင်၊ ဖဲဝိုင်းနဲ့ ပြည့်တန်ဆာအိမ်တွေထဲက “တော်သလိုရော်သလို ကြည့်လုပ်ကြတာပေါ့” ဆိုတဲ့ ညောင်နာနာ အသံတွေပဲ ထွက်လာမှာမဟုတ်လား …။ ဒီတော့… အမြော်အမြင်ရှိတဲ့ မြို့မိမြို့ဖတွေ၊ ပညာရှင် ကြီးတွေ ခေါင်းချင်းဆိုင် ကြရတော့တယ်။ “ဒီပုံစံနဲ့ ဆိုရင် မလွယ်ဘူး မောင်ရေ့” ဆိုတာမျိုးပေါ့လေ။
ကိုင်း …. ဒီလူငယ်တွေကို အဲဒီဆိုင်၊ အဲဒီဝိုင်း၊ အဲဒီအိမ်တွေက ဆွဲထုတ်ရမယ်။ ပထမဆုံး သူတို့ စိတ်ဓာတ်တွေ ပြင်ရမယ်။ နီးစပ်ရာ ရပ်ကွက်တိုင်း အသင်းအဖွဲ့၊ အစည်းအရုံးတွေ ဖွဲ့စည်းပြီး ကျားမ ဟူသမျှ ကာယဗလ လိုက်စားပြီး အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး အဆင့်ကို ဆောင်ရွက်ကြရမယ်။ ဒါမှသာ လွတ်လပ်ရေး တိုက်ပွဲအတွက် “ပုခုံးနဲ့ လက်ပြင်၊ ကြောချင်က သံချောင်း” ဖြစ်တော့မှာပေါ့ ဆိုပြီး … ၁၉၄၅ ခု ဒီဇင်ဘာလ ၂၉ ရက် (၁၃၀၇ ခု နတ်တော်လဆုတ် ၁၀ ရက် စနေနေ့) မှာ “အထက်ဗမာနိုင်ငံ ကိုယ်လက်ကျန်းမာရေး အသင်းကြီး၏ ကာယဗလပြပွဲ” ကို မန္တလေးမြို့လယ် ၈၂ လမ်းနဲ့ ၈၃ လမ်းကြား၊ ၃၁ လမ်းနဲ့ ၃၁ လမ်းကြားက နေသူရိန် ဇာတ်ရုံကြီးမှာ ကျင်းပခဲ့တယ်။ မန္တလေး ထုံးစံအတိုင်း ဆိုင်းနဲ့ဝိုင်းနဲ့၊ အဆိုနဲ့အကနဲ့၊ ကဇာတ်နဲ့ ပြဇာတ်နဲ့ ပါပဲ။ ထုံးစံအတိုင်း မြို့မငြိမ်းတို့ ဦးရင်လေးတို့ ဦးစီးပြီး မြို့မ တီးဝိုင်းနဲ့ပါပဲ။
တီးဝိုင်း နာမည်ကိုတော့ “ကရဝိက် (သ) မြူးဆစ်” နဲ့ “ညှင်းတွဲ့တွဲ့” တီးဝိုင်းလို့ တပိုင်းစီမှာ နာမည်ပေးခဲ့တယ်။ ပထမပိုင်း အစီအစဉ်ရဲ့ ပဏာမအဖြစ် “အိုလံပစ်” ဆိုတဲ့ သီချင်းကို တီးမှုတ်တယ်။ အမျိုးသားများ ကိုယ်လက်ကြံ့ခိုင်ရေး အတွက် မြို့မငြိမ်းက ရည်ရွယ်စပ်ဆိုတာပါ။ အဲဒီအချိန် ဇေယျာမောင်၊ ရွှေမန်းမောင်ဘွဲ့ရတဲ့ စစ်ကိုင်းသား ကိုလှမောင် (ရုပ်ရှင်မင်း သား ဇေယျ) တို့၊ ကိုဘသိန်းတို့ ဦးဆောင်ပြီး ကာယဗလမောင်များ ပါဝင်တဲ့ သရုပ်ပြမှုပါ။ “အိုလံပစ်” သီချင်းက မြန်မာလေးခင်းနဲ့ ဗိန်းမောင်းသံတွေ ကြားရသူတိုင်း ကြက်သီးမွေးညင်း ထစရာပေါ့။ ဒီကနေ့အထိ သီဆိုကြဆဲ သီချင်းပါပဲ။
နောက်အစီအစဉ်မှာ သီချင်း ၁ အဖြစ် အမျိုးသမီးများ၏ ကျန်းမာရေးလေ့ကျင့်ခန်း သရုပ်ပြ ဖြစ်တယ်။ “လူ့တသက်တာ ဖြစ်လာခိုက်ဝယ်၊ စိတ်ကိုချမ်းသာခြင်းဟာ ကျန်းမာခြင်းနဲ့ ပြည့်စုံခြင်းသာ အရင်းခံဖြစ်တယ် …” အစချီတဲ့ သီချင်းပါ။ သုံးပိုဒ်ပါတယ်။ ဒီနေရာမှာ ဆရာမြို့မငြိမ်း ခေတ်မီပုံကို ပြောပြပါမယ်။ သီချင်း တတိယပိုဒ်မှာ … “တို့နေစာလှုံမယ်၊ ဘောဇဉ်ခဲဖွယ် ကန့်သတ်စားမယ်၊ လတ်ဆတ်ကောင်းရာဝယ်၊ သူ့လိုရင်းအနက်၊ သူ့ပရိုတင်း အချက်၊ တွင်းထွက်ဆား၊ အဆီသကြား ကစီ၊ ကာဗိုဟိုက်ဒြိတ်၊ ဓာတ်ဗီတာမင် မျှလျှင်၊ အသက်ရှည်မယ်” လို့ ရေးစပ်ခဲ့တယ်။
သီချင်း ၂ မှာက အခုထိ ထင်ရှားကျော်ကြားနေတဲ့ “ယဉ်တကိုယ်မယ်” သီချင်းကို ဆရာမြို့မငြိမ်းက ရေးစပ်ပေးခဲ့တယ်။
“သန်မာထွားကျိုင်းပြီး ကမ္ဘာသူလယ် လျှောက်သွားမယ် အလွန်တင့်တယ် …” ဆိုတဲ့သီချင်းပါ။ ဒီသီချင်းရဲ့ ဒုတိယပိုဒ် မှာလည်း အလွန်ခေတ်မီလှတဲ့ ဆရာမြို့မငြိမ်းရဲ့စကားလုံး ကပ်သီးကပ်သပ်တွေကို တွေ့ရသေးတယ်။ “ယဉ်မူနှောင်းနွဲ့နွဲ့၊ ယဉ်တကိုယ်မယ်၊ ဟိုခေတ်ဝယ်၊ ယဉ်ကျေးတယ်၊ နူးညံ့ပျော့ပြောင်းသွယ်၊ ထွာဆိုင်လေးသစ် ငယ်၊ လူဗိုလ်ပုံလယ်၊ ထိုခါးကို၊ လေတိုးရင်၊ ကျိုးမှာလွန်စိုးတယ်…” တဲ့။ ဆိုကြသမျှကတော့ “ထွာဆိုင်လေးသေးငယ်…” ချည်းပါပဲ။ မိန်းကလေး တယောက်ရဲ့ စံချိန်မီအလှနဲ့ ပတ်သက်ပြီး ခေတ်မီစွာ စပ်ဆိုခဲ့တာပါ။ “ထွာဆိုင်” ဆိုတာ မြန်မာ့ အတိုင်းအထွာအရ တတောင်ပါ။ တတောင်က ၁၈ လက်မရှိပါတယ်။ လက်လေးသစ်က ၄ လက်မပါ။ ဒီတော့ “ထွာဆိုင်လေးသစ်” ဟာ ၁၈+၄= ၂၂ လက်မပါပဲ။ ကျန်းမာသန်စွမ်းတဲ့ မိန်းကလေးတယောက်ရဲ့ အတိုင်းအထွာဟာ ၃၆၊ ၂၂၊ ၃၇ … ဆိုတဲ့ အချိုးနဲ့ ကိုက်ညီစေတာပါပဲ။
နောက်သီချင်း ၃ ကတော့ “အလံတော်ဒရိမ်း” ပါတဲ့ …။ ဒီသီချင်းမှာလည်း ၄ ပိုဒ်ပါတယ်။ “ခုန်လွှား လန်းဆန်း၊ ခပ်ကြမ်းကြမ်း ကောင်းပါတယ်။ (ဗမာ) ၃ လုံမယ်ကစားပြီး လေ့လာကာရယ်၊ ကိုယ်လက်လှုပ်ရှား ခွန်အားကြီး ကြောင်းကိုကွယ်၊ မချူမခြာ မာမာသန်သန် ကိုယ်ရည်သွေး ပြချင်တယ်…” စတဲ့စာသားတွေဖြစ်တယ်။
ဒီပွဲတော်ကြီးလည်း ပြီးရော မန္တလေးရဲ့ ရပ်ကွက်တိုင်းမှာ ကိုယ်ကာယ ကြံ့ခိုင်ရေးအသင်းတွေ၊ အလေးမအသင်းတွေ အလျှိုအလျှို ပေါ်ပေါက်လာပြီး ကျားမ မရွေး လူငယ်တွေ ကိုယ်ကာယဗလနဲ့ ကျန်းမာရေးကို လိုက်စားကြတော့တာ ပါပဲ။ အကြောင်းခြင်းရာ ဇစ်မြစ်မသိသူတွေကတော့ အများတကာ လွတ်လပ်ရေး တိုက်ပွဲအတွက် ဓားသွေးကြချိန်၊ မန္တလေးက သီချင်းဆိုတီးမှုတ် ကခုန်နေကြလေရဲ့လို့ အပြစ်တင်ကြသတဲ့။